အခန်း (၅၀၃-၅၀၄)
Vol. 38 Ch. 503-504
အပိုင်း ၅၀၃ - သေမျိုးလောကများ
ယွမ်ရှောင်က နောက်သို့ လှည့်ကြည့်လိုက်ရာ ဟင်းလင်းပြင်အနက်ရောင်အတွင်း အပြာရောင် ကြယ်ကြီးတစ်လုံး မြင်လိုက်ရ၏။ ငရဲကိုးထပ်ကမ္ဘာ ကောင်းကင်ယံတွင် ကြယ်များ မြင်နိုင်သော်လည်း အမှန်တကယ်အားဖြင့် အတားအဆီးပေါ်မှ အလင်းစက်များ ဖြစ်ကြောင်း သူ ယခုလေးတင်မှ သိသွားခဲ့သည်။ အစစ်အမှန် ကြယ်ကြီးတစ်လုံး ထွက်ပေါ်လာသောအခါ လန်ရီသည် အမှန်တရားကို ချက်ချင်း နားလည်သွား၍ ကမ္ဘာပေါင်းများစွာ စုစည်းထားသော လောကတစ်ခု ဖြစ်ကြောင်း ပြောပြလိုက်၏။ ၎င်းက သူတို့ ကြီးပြင်းလာသော နယ်မြေဖြစ်ကာ အလွန်ဝေးကွာလာပြီ ဖြစ်သောကြောင့် သေးငယ်နေသယောင် ထင်မှတ်ရခြင်းပင်။
သေမျိုးလောကသည် ဧရာမ ကြယ်ကြီးတစ်လုံး ဖြစ်နေပြီး ကမ္ဘာပေါင်းများစွာ တည်ရှိနေကာ ရှေးဟောင်းအပျက်အစီးနယ်မြေက ၎င်းအတွင်း သွားလာနေခဲ့သည်။ စီရင်သူ လုအန်းက သူတို့ နေထိုင်သော လောကကို အပြာရောင်ကြယ် သေမျိုးလောကဟု ခေါ်ဆိုခဲ့ကြောင်း ယွမ်ရှောင် သတိရလိုက်၏။ လောကအတွင်း နေထိုင်သည့် မည်သည့်သက်ရှိမဆို မျက်မြင် မတွေ့ရလျှင် ဤအမှန်တရားကို လက်ခံနိုင်မည် မဟုတ်ပေ။ စကြဝဠာ၏ နက်နဲသော တည်ဆောက်ပုံက အံ့သြစရာကောင်းလွန်းသဖြင့် သူက မသိနားမလည်ဖြစ်နေခဲ့သည်။
"တကယ်လို့ ငါတို့လောကဟာ ကြယ်တစ်လုံးဆိုရင် မဟာတာအိုနယ်မြေကရော ဘာလဲ။ တခြားလောကတွေရော ကြယ်တွေပဲလား"
လန်ရီက ထိုအတွေးကို ထုတ်ပြောလိုက်ပြီး မကြာခင်မှာပင် ယွမ်ရှောင်က ဘေးဘက်သို့ အံ့သြတကြီး ညွှန်ပြနေသဖြင့် ကြည့်လိုက်သောအခါ အပြာရောင်ကြယ်ကြီးနှင့် မနီးမဝေးတွင် နောက်ထပ်ကြယ်တစ်လုံး မြင်ကွင်းအတွင်း ဝင်ရောက်လာ၏။ ၎င်းက ပို၍ ကြီးမားပြီး မိုးကြိုးများ တဖြတ်ဖြတ်လင်းလက်နေကာ သားရဲဟိန်းသံ သဲ့သဲ့ ထွက်ပေါ်နေသည်။
"ဒါက မဟာတာအိုနယ်မြေလား"
"မဟုတ်ဘူး။ နောက်ထပ် ကမ္ဘာပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ သေမျိုးလောကတစ်ခု ဖြစ်လောက်တယ်"
"ဘာလို့ ဒီလောက်သေချာနေရတာလဲ"
"ဓားယာဥ်က မဟာတာအိုနယ်မြေကို ဦးတည်နေပြီး ဒီကြယ်တွေနဲ့ ဝေးရာကို သွားနေတယ်။ အရွယ်အစား မတူပေမယ့် နောက်ထပ် ကြယ်တွေလည်း မြင်နေရတယ်။ တွေ့လား။ ဒီကြယ်တွေက သေမျိုးလောကတွေချည်း ဖြစ်နိုင်တယ်"
ယွမ်ရှောင်က ထပ်မံ ပေါ်ပေါက်လာသော ကြယ်သုံးလုံးကို ညွှန်ပြကာ ရှင်းပြလိုက်သည်။ သူ ထင်ထားသည့်အတိုင်း ဓားယာဥ် ခရီးဆက်လာသည်နှင့်အမျှ ကြယ်များ ပို၍ တွေ့လာရပြီး အပြာရောင်ကြယ်ကြီးမှာ အစက်အပြောက် အဖြစ်သာ မြင်ရတော့၏။ အစပိုင်းတွင် ကြယ်ငါးလုံးသာ မြင်ခဲ့ရသော်လည်း တစ်စတစ်စ များပြားလာကာ စကြဝဠာအတွင်း ပြည့်နှက်နေသဖြင့် ကြယ်ကောင်းကင်ပမာ ထင်မှတ်ရသည်။ ငယ်စဥ်က သူတို့ မြင်ခဲ့ရသည်မှာ အလင်းစက်များ ဖြစ်သော်လည်း လက်တွေ့တွင် သေမျိုးလောကများသည် ဟင်းလင်းပြင်၌ ကြယ်အဖြစ် သီးခြား တည်ရှိနေကြ၏။ သူ၏စိတ်ထဲတွင် ထင်မှတ်ထားသည်မှာ သေမျိုးလောကနှင့် မဟာတာအိုနယ်မြေသည် နှစ်ထပ် မျှော်စင် ပုံစံမျိုး ဖြစ်သော်လည်း စကြဝဠာအနှံ့ ကြယ်များ ပြည့်နှက်နေသောကြောင့် စဥ်းစားနိုင်သည်ထက် ကျော်လွန်သွားသည်။
"အစ်ကို အရှေ့ကို ကြည့်လိုက်"
ထိုအခိုက်အတန့်တွင် လန်ရီသည် မျက်လုံးအဝိုင်းသားနှင့် ဓားယာဥ် ဦးတည်ရာသို့ ကြည့်နေရင်း အံ့သြမင်သက်နေ၏။ ယွမ်ရှောင် ကြည့်လိုက်သောအခါ တောက်ပလွန်းသည့် အလင်းရောင်ကြောင့် မျက်စိကျိန်းစပ်သွားကာ နေသားတကျဖြစ်သောအခါတွင်မှ နေလုံးကြီးတစ်ခု မြင်နိုင်ခဲ့သည်။ ပတ်ဝန်းကျင် စကြဝဠာ၏ အမှောင်ထုကို နေရောင်ခြည်များက ထွန်းလင်းစေကာ ချီစွမ်းအင် စီးကြောင်းများစွာသည် မျက်နှာပြင်အထက်တွင် ရောယှက်နေကြ၏။
"မဟာတာအိုနယ်မြေက နေမင်းကြီးလား။ တိတိကျကျ ပြောရရင် တကယ်ကိုကြီးမားတဲ့ နယ်မြေဓာတ်လုံး ဖြစ်နေတာပဲ"
ယွမ်ရှောင်က အသက်ပြင်းပြင်းရှူ၍ ကောက်ချက်ဆွဲလိုက်ပြီး အကွာအဝေးကို မခန့်မှန်းနိုင်သောကြောင့် အရွယ်အစားကိုမူ မပြောတတ်ချေ။ နေရောင်ခြည်ကြောင့် မျက်နှာပင် ရွှေရောင်သန်းနေပြီး အတွေ့အကြုံမရှိသော လူငယ်စုံတွဲမှာ ကြီးမားကျယ်ဝန်းလှသော မဟာတာအိုနယ်မြေကို ငေးကြည့်နေမိသည်။ သို့သော် အချိန်ခဏအတွင်း ယွမ်ရှောင်၏ မျက်လုံးများ၌ အနိုင်ယူသိမ်းပိုက်လိုစိတ် သိသိသာသာ ထွက်ပေါ်လာ၏။ ၎င်းမှ ကြည့်လျှင် မရေမတွက်နိုင်သော သေမျိုးလောကများသည် ကြယ်သာသာ ဖြစ်သောကြောင့် ကြယ်တစ်လုံး ပျောက်ကွယ်သွားမည်ကို ဂရုစိုက်မည် မဟုတ်ချေ။ အပြာရောင် ကြယ်လောကသည် မကြာမီ ကြယ်သေတစ်လုံး ဖြစ်လာနိုင်ပြီး မှီတင်းနေထိုင်သော သက်ရှိများ မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားပေလိမ့်မည်။ ခါးသီးရက်စက်သော အမှန်တရားကြောင့် မဟာတာအိုနယ်မြေနှင့် နီးကပ်လာသည့်အခါ သူ၏ ဆုံးဖြတ်ချက် ခိုင်မာလေးနက်လာ၏။
"ကြယ်တစ်လုံး သေသွားတာကို ဘယ်အင်မော်တယ်မှ ဂရုစိုက်နေမှာ မဟုတ်ဘူး"
အရာအားလုံးကို မျက်မြင် နားလည်သွားသောအခါ လန်ရီ၏ စကားသံ တိုးညှင်းသွားသည်။
"အင်မော်တယ်တွေကို သေမျိုးလောကဆီ ဆင်းသက်တာကို တားမြစ်ထားတယ်မလား။ ကောင်းကင်ရုံးတော်က အဲ့လောက် မဆိုးနိုင်ပါဘူး။ အကောင်းဘက်က တွေးကြည့်ရအောင်"
ယွမ်ရှောင်က သူမကို ပွေ့ဖက်၍ ကြင်နာစွာ နှစ်သိမ့်ပေးလိုက်၏။ နေမင်းထံ ဦးတည်နေသော ခရီးစဥ်က အဆုံးသတ်သို့ ရောက်ရှိလာကာ အချိန်တစ်ခုအကြာတွင် ဓားယာဥ်အရှေ့၌ နေရောင်ခြည်ကိုသာ မြင်နိုင်ပြီး မဟာတာအိုနယ်မြေတစ်ခုလုံး မမြင်ရတော့ပေ။ သူတို့က အတွင်း၌ ရှိနေသော်လည်း မြင့်မားသော အပူချိန်ကို ခံစားနေရပြီး ခိုးဝင်လာခဲ့သောကြောင့် ယာဥ်ကို ဗြောင်ကျကျ မောင်းနှင်ဝင်ရောက်သွားရန် မဖြစ်နိုင်ချေ။
"ဘယ်လိုလုပ်ကြမလဲ"
"ယာဥ်ကို စွန့်ပစ်ပြီး ဘေးကင်းကင်း ဝင်နိုင်ဖို့ နည်းလမ်း ရှာရမယ်"
ယွမ်ရှောင်၏ မြင်ကွင်း၌ ကြယ်မျက်နှာပြင်အထက်တွင် တလိမ့်လိမ့် ထွက်ပေါ်နေသော မီးလျှံများ ရှိသည်။ ဤကား လန်ရီအတွက် ပထမဆုံးအကြိမ် ခိုးကြောင်ခိုးဝှက် လုပ်ဖူးခြင်း ဖြစ်သောကြောင့် မကောင်းမှုလုပ်ရန် မနေတတ်မထိုင်တတ် ဖြစ်နေရှာသည်။ ဓားယာဥ်က ကောင်းကင်တွင် ရပ်တန့်သွားကာ တံခါးဖွင့်လိုက်သောအခါ ယွမ်ရှောင်နှင့် လန်ရီ ထွက်ပေါ်လာ၍ သားရဲလေးများကို ကိုယ်စီ သိမ်းဆည်းလိုက်ကြ၏။
"စီရင်သူလု ခင်ဗျားအတွက် ကျုပ် လက်စားချေပေးမယ်"
သူက ရိုးရိုးရှင်းရှင်း ကြုံးဝါးကာ မောင်းသူမဲ့နေသော ယာဥ်ကို မဟာတာအိုနယ်မြေထံ ဆက်လက် ဝင်ရောက်သွားစေသည်။ ကောင်းကင်သည် မီးပင်လယ်ကြီးပမာ ထင်မှတ်ရပြီး မီးတောက်များက ရေလှိုင်းပမာ တဝုန်းဝုန်း ရိုက်ခတ်နေသည်။ ဤနေရာမှ နောက်သို့ လှည့်ကြည့်လိုက်လျှင် သေမျိုးလောကများသည် အစက်အပြောင်များသဖွယ် သေးငယ်၍ အားနည်းပုံပေါက်နေကြောင်း မြင်ရပေလိမ့်မည်။
"သွားကြစို့"
ယွမ်ရှောင်က လန်ရီ၏ လက်ကို ဆွဲကိုင်၍ ဆင်းသက်လိုက်သောအခါ အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ ထူးခြားဆန်းကျယ်သော စွမ်းအားတစ်ခု အလိုအလျောက် ဖြစ်ပေါ်လာ၍ သူတို့ကို ထိန်းချုပ်သွားကာ လုံးဝ လှုပ်ရှားမရ ဖြစ်သွားစေခဲ့၏။
"အဆုံးမဲ့တာအို၊ ကောင်းကင်လမ်းကြောင်း ပွင့်လာပြီ။ တက်လှမ်းလာသူတွေကို ကြိုဆိုဂုဏ်ပြုပါတယ်"
နားကွဲမတတ် ကျယ်လောင်သော ကြေညာသံ ထွက်ပေါ်လာကာ ကြယ်က ကိုယ်တိုင် စကားပြောနေသကဲ့သို့ပင်။ ယွမ်ရှောင်က အစွမ်းကုန် အားထုတ်၍ လန်ရီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ရှေ့သို့ တွန်းပို့ခံလိုက်ရပြီး လက်လွတ်သွားမည်ကို အစိုးရိမ်လွန်နေကြ၏။
"ဝှစ်"
ထိုအရှိန်နှုန်းက ဓားယာဥ်ကို စီးနင်းသည်ထက် ပို၍ မြန်ဆန်နေပြီး မြင်ကွင်းများ တရိပ်ရိပ် ဖြတ်ကျော်လာကာ ပတ်ဝန်းကျင်ရှိ တိမ်တိုက်များနှင့် မီးတောက်များ မျက်တောင်တစ်ခတ်သာ မြင်နိုင်၏။ ခဏအတွင်း သူတို့ ရှေ့မှောက်၌ တောက်ပသော ရောင်စုံ စွမ်းအင်ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး မဟာတာအိုနယ်မြေ၏ ဝင်ပေါက် ဖြစ်ပုံရသည်။ မရေမတွက်နိုင်အောင် များပြားသော တိမ်တိုက်များနှင့် မီးလျှံများက ပတ်ပတ်လည်၌ လှည့်ပတ်ရွေ့လျားနေကာ ကျယ်လောင်သော အသံကြီးဖြင့် မြည်ဟီးနေခဲ့လေသည်။
အပိုင်း ၅၀၄ - ဟင်းအိုး
ယွမ်ရှောင်နှင့် လန်ရီသည် ရောင်စုံဝဲကတော့အတွင်း မျက်တောင်တစ်ခတ်အတွင်း ဆွဲယူခံလိုက်ရပြီး ကခုန်နေသော ဖဲကြိုးများအကြား သာယာနာပျော်ဖွယ် ဂီတသံများ ပျံ့လွင့်လာ၏။ တောက်ပလွန်းသော မြူခိုးများကို ကျော်ဖြတ်ပြီးနောက် သူတို့ကို ချုပ်နှောင်ထားသည့် စွမ်းအား ရုတ်တရက် ပျောက်ကွယ်သွားသော်လည်း ကြီးစိုးနိုင်လွန်း၍ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။ မဟာတာအိုနယ်မြေသည် ရှေးဟောင်းအပျက်အစီးနယ်မြေထက် များစွာ သာလွန်ပြီး ရင်ဆိုင်ရမည့် စိန်ခေါ်မှုများမှာ သာမန်ထက် လွန်ကဲပေလိမ့်ဟု သူ ကောင်းကောင်းကြီး နားလည်ထား၏။ ထို့နောက် သူတို့က ကျောက်စိမ်းဖြူ စင်မြင့်တစ်ခုအထက် ဆင်းသက်နိုင်ခဲ့ပြီး ကြီးမားကျယ်ပြန့်သော ဖိအားအောက်တွင် အချစ်ငှက်မောင်နှံပမာ တစ်ယောက်လက်တစ်ယောက် တွဲထားခဲ့ကြသည်။
ခိုင်မာသော ဆုပ်ကိုင်မှုကြောင့် စိတ်တည်ငြိမ်သွားကာ ရှေ့တွင် မြင့်တက်သွားသော ခမ်းနားထည်ဝါသည့် လှေကားများ ရှိပြီး ထိပ်ဆုံးတွင် နန်းတော်ကြီးတစ်ခု စောင့်ကြိုနေ၏။
"တက်လှမ်းသူတို့ အဆင့်အတန်းရယူဖို့ ပြင်ဆင်ကြ"
နန်းတော်အတွင်းမှ ကြင်နာသနားတတ်သော အသံမျိုး ထွက်ပေါ်လာသောကြောင့် နှစ်ယောက်လုံး ကြောင်အမ်းအမ်း ဖြစ်ကုန်သည်။ သူတို့က ခိုးဝင်လာခြင်း ဖြစ်သော်လည်း တက်လှမ်းလာသော အင်မော်တယ်အဖြစ် သတ်မှတ်ခံလိုက်ရသဖြင့် လန်ရီ စိုးရိမ်စွာ မေးလိုက်၏။
"အစ်ကို ဘယ်လိုလုပ်ကြမလဲ"
"ကိစ္စမရှိဘူး။ ရေလိုက်ငါးလိုက် နေကြတာပေါ့။ တစ်ခုခုဆိုရင် ငါတို့ ထွက်ပြေးနိုင်တယ်"
ထို့နောက် သူတို့က လှေကားအဆုံးသတ်သို့ တက်လာကြပြီး နန်းတော်ရှေ့ ရောက်သောအခါ တက်လှမ်းခြင်း ဝင်ပေါက်ဟု ရေးထွင်းထားသော ရွှေရောင်စာလုံးများကို တွေ့ခဲ့သည်။ ၎င်းတို့ကို ကြည့်လိုက်ရုံဖြင့် ကိုယ့်ကိုကိုယ် အခက်အခဲများ ကျော်ဖြတ်၍ အမှန်တကယ် တက်လှမ်းလာသူများအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေသည်။ သူတို့က တိတ်တဆိတ် ဝင်ရောက်လိုက်ကြသောအခါ မြင်ကွင်း ပြောင်းလဲသွားပြီး ကြီးကျယ်ခမ်းနားသော တက်လှမ်းခြင်းနန်းတော်အတွင်း ရောက်ရှိသွားကြ၏။
"ဒီတာအိုမိတ်ဆွေလေးနှစ်ယောက်က သိပ်ငယ်တာပဲ"
"သေမျိုးလောကရဲ့ ပါရမီရှင်တွေလား"
ဝင်လိုက်သည်နှင့် တပြိုင်နက် အကြည့်ပေါင်းများစွာ ကျရောက်လာပြီး ဝတ်စားဆင်ယင်မှု အမျိုးမျိုးနှင့် အသွင်အပြင်မျိုးစုံ ရှိသော လူပေါင်းတစ်ရာနီးပါး ရှိနေခဲ့သည်။ အားလုံးက သက်လတ်ပိုင်းအရွယ်နှင့်အထက် ဖြစ်ကြပြီး အစစ်အမှန် အင်မော်တယ်များ ဖြစ်ကာ ပြောဆိုဆက်ဆံပုံအရ မာနထောင်လွှားသူများ မဟုတ်သဖြင့် တက်လှမ်းလာသူများ ဖြစ်ပေလိမ့်မည်။
"မိတ်ဆွေလေး လာ လာ"
ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော်လည်း မျက်နှာထား နုပျိုကာ တက်ကြွလန်းဆန်းသော အစိမ်းရောင်ဝတ် အဘိုးအိုတစ်ယောက်က ဖိတ်ခေါ်သည်။
"ဂါရဝပြုပါတယ် အကြီးအကဲ"
ယွမ်ရှောင် ရှေ့တိုးလာသောအခါ သူက ကိုယ့်ကိုကိုယ် မိတ်ဆက်၏။
"လိုက်ဖက်ညီတဲ့ စုံတွဲလေးပဲ။ ငါက ချင်းရွှမ်ပါ။ အစ်ကိုကြီးလို့ ခေါ်ချင် ခေါ်နိုင်တယ်"
"အဘိုးကြီး ဒီကလေးတွေက ခင်ဗျားမြေးအရွယ်လောက် ရှိတယ်။ ဘာကို အစ်ကိုကြီး ခေါ်စေချင်နေတာတုန်း။ ငါက မိုတောက်ယွမ်၊ တွေ့ရတာ ဝမ်းသာပါတယ်"
နောက်တစ်ယောက်က ဝင်ပြောလိုက်ပြီး ဧကရာဇ် ဝတ်ရုံတစ်ခု ခြုံလွှမ်းထားသဖြင့် သေမျိုးလောကမှ ဘုရင်တစ်ပါး ဖြစ်နိုင်သည်။ အခြားကျင့်ကြံသူများကလည်း ရင်းရင်းနှီးနှီး မိတ်ဆက်ခဲ့ကြပြီး ယွမ်ရှောင်နှင့် မျိုးရိုးအမည်ချင်း တူသူ တစ်ယောက်ပင် ရှိနေခဲ့၏။
"မောင်လေးနာမည်က ယွမ်ရှောင်လား။ ငါက ယွမ်ရီပါ"
သူမက အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားကာ မျက်နှာထား တည်ငြိမ် လေးနက်၍ တစ်ခုခုကို စောင့်ဆိုင်းရန် စိတ်မရှည်တော့ဟန်ဖြင့် တစ်ကိုယ်တော် ကွဲထွက်နေသည်။
"ဒီမိန်းကလေးက ရေခဲလို အေးစက်တယ်။ သူ့ သဘောထားကို စိတ်မရှိပါနဲ့။ မိတ်ဆွေလေး ဒီအဘိုးကြီး နားမလည်ဘူး။ မင်းတို့မှာ အင်မော်တယ်ဝိညာဥ် မတွေ့ရဘူး။ ဘယ်လိုလုပ် အတားအဆီးကို ဖြတ်လာနိုင်တာလဲ"
"အဘိုးကြီး သူ့ကိစ္စနဲ့သူ ရှိမှာပေါ့။ ဘာတွေ စပ်စုနေတာလဲ"
မိုတောက်ယွမ်က ချင်းရွှမ်ကို တံတောင်ဖြင့် တွတ်၍ သတိပေးလိုက်သည်။ သူတို့က စပ်စုလိုခြင်းသာ ဖြစ်၍ နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့ကြ၏။
"ကိစ္စမရှိပါဘူး။ ဒီလိုတွေ့ရတာ ကံပါလာလို့ပါ။ ဒီနယ်မြေကို ရောက်လာတဲ့ လူသစ်တွေ အချင်းချင်း ကူညီပြီး ရှေ့ဆက်ချင်ပါတယ်"
ယွမ်ရှောင်ကလည်း ယဥ်ကျေးစွာ တုံ့ပြန်ရင်း မေးခွန်းထုတ်လိုက်သည်။
"ကျုပ်တို့ ဘာကို စောင့်နေကြတာလဲ"
"မင်း မသိဘူးလား"
"တက်လှမ်းခြင်းက ရုတ်တရက် ဖြစ်သွားတာဆိုတော့ ဆရာက ဘာမှမပြောလိုက်ဘူး"
သူက နောက်ခံတစ်ခုခု ရှိနေဟန်ဆောင်လိုက်သောကြောင့် ချင်းရွှမ်သည် စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သည်။ သူတို့က တက်လှမ်းခြင်း ရေကန်အတွင်း ဝင်ရောက်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်ကာ နတ်ဆေးရည်ဖြင့် ရေချိုးသန့်စင်ရပေလိမ့်မည်။ ဤနည်းဖြင့် ဝိညာဥ်၌ နယ်မြေအမှတ်အသား ရေးထိုးကာ မဟာတာအိုနယ်မြေ၏ အင်မော်တယ်များအဖြစ် အသိအမှတ် ပြုခံရန် ဖြစ်၏။ သို့မဟုတ်လျှင် အစီအရင်များက လောင်ကျွမ်းပြာချပစ်မည် ဖြစ်သောကြောင့် မမျှော်လင့်ထားဘဲ နန်းတော်သို့ ရောက်ရှိလာခြင်းအပေါ် ယွမ်ရှောင် သက်ပြင်းချလိုက်မိသည်။ တက်လှမ်းခြင်း ရေကန်အတွင်း သန့်စင်ပြီးလျှင် အရာရှိတစ်ယောက် ဆင်းသက်လာကာ အရည်အချင်းကို စစ်ဆေးဿ အဆင့်အတန်း သတ်မှတ်ပေးပေလိမ့်မည်။ အရည်အချင်း မြင့်မားသူများက အဆင့်အတန်း ကောင်းကောင်း ရနိုင်ပြီး နိမ့်ပါးလျှင် အခြေခံက စရမည် ဖြစ်သော်လည်း ကောင်းကင်ရုံးတော်၏ ကံကောင်းခြင်းများကို ခံစားခွင့် ရှိပေသည်။ သူနှင့် လန်ရီက ခိုးဝင်လာသူများ ဖြစ်သောကြောင့် အရည်အချင်း စစ်ဆေးခြင်းတွင် အဖြစ်မှန် ပေါ်ပေါက်သွားနိုင်သည်။
"ဒီမှာ စောင့်နေတာ ဘယ်လောက်ကြာပြီလဲ"
"ငါက ပထမဆုံး ရောက်လာတာ။ ရှေ့အသုတ် ဝင်သွားတာ.အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းချိန်လောက် ကြာနေပြီ။ တစ်သုတ်ကို အယောက် တစ်ရာဆိုတော့ မကြာခင် ငါတို့ အလှည့် ရောက်တော့မှာပါ"
ချင်းရွှမ်က ယွမ်ရှောင်၏ မေးခွန်းတိုင်းကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေသည်။ လန်ရီ၏ အတွေးတွင် တက်လှမ်းလာသူများ မရှိဟု စီရင်သူ လုအန်း ပြောခဲ့ဖူးသောအကြောင်းကို သတိရသွားသဖြင့် မျက်မှောင်ကြုတ်နေစဥ် ကြိုဆိုမည့် အရာရှိ ရောက်လာခဲ့၏။ အရပ်ပုကွကွ အဘိုးအိုတစ်ယောက်ဖြစ်ပြီး ခေါင်းကြီးကြီး၊ နဖူးပြောင်ပြောင် ရှိကာ မျက်ခုံးမွေးဖြူများက ခြေထောက်အထိ ရှည်ကျနေသည်။
"ဂါရဝပြုပါတယ် အင်မော်တယ်"
တက်လှမ်းလာသူများက ထိုအဘိုးအိုကို ချက်ချင်း အရိုအသေပေးလိုက်ကြသည်။
"မလိုအပ်ဘူး။ ထကြ၊ ထကြ။ နောက်တစ်သုတ် မရောက်ခင် တံတားကို ဖြတ်ရအောင်"
တစ်ဖက်လူက အင်မတန် ဖော်ရွေနေသောကြောင့် အားလုံး တိတ်တဆိတ် အံ့သြသွားသော်လည်း နောက်မှ လိုက်ပါသွားကာ တံတားတစ်ခုအထက် ရောက်ရှိသွားကြ၏။ လန်ရီ၏ မျက်နှာက ပြဿနာတစ်ခု ဖြစ်လာနိုင်သောကြောင့် ကျားဖြူမျက်နှာဖုံး ဝတ်ဆင်ထားကာ ယွမ်ရှောင်နှင့်အတူ လူအုပ်အကြား ရောနှောနေသည်။ တက်လှမ်းခြင်းရေကန်ထံမှ သင်းပျံ့ချိုမြိန်သော ရနံ့တစ်ခု ထွက်လာပြီး ရေစီးသံကိုပင် ကြားနေရသဖြင့် တက်လှမ်းလာသူတိုင်း စိတ်လှုပ်ရှားကုန်သည်။ ထိုအခိုက်အတန့်တွင် ယွမ်ရီက ရုတ်တရက် ရှေ့ထွက်လာကာ ဒူးထောက်၍ မျက်ရည်များ တသွင်သွင် စီးကျရင်း တိုင်တည်လိုက်၏။
"ကျွန်မ တောင်းပန်ပါတယ် အင်မော်တယ်။ သေမျိုးလောကရဲ့ သက်ရှိတွေကို ကယ်တင်ပေးပါ"
"ကလေးမ ဘာတွေများ ဖြစ်ခဲ့တာလဲ။ အဘိုးကို ပြောပါ"
အဘိုးအိုက နောက်လှည့်လာပြီး သူမကို ညှင်သာစွာ ထူပေးကာ ကြင်နာစွာ ဖေးမသည်။
"ကျွန်မရဲ့ လောကကို အင်မော်တယ်တစ်ယောက် ဆင်းသက်လာပြီး ယိုယွင်းချီ ကပ်ဘေးကို ဖြစ်ပေါ်စေခဲ့တယ်။ တက်ကျမ်းကို အတင်းအကြပ် ကျင့်ကြံစေပြီး အသက်ဓာတ်တွေကို ဝါးမျိုခဲ့တယ်။ ကျွန်မက ကောင်းကင်ရုံးတော်ကို တိုင်ကြားနိုင်ဖို့ တစ်သက်လုံး အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပါတယ်"
"တကယ်လား။ ဒီကိစ္စကို ချက်ချင်း အစီအရင်ခံလိုက်မယ်။ ကောင်းကင်ရုံးတော်က စစ်ဆေးပြီး တရားခံကို ဥပဒေအရ အရေးယူမှာ သေချာတယ်"
အဘိုးအိုက တုန်လှုပ်သွားပုံရပြီး မျက်လုံးများပင် ပြူးကျယ်နေကာ သဘောထား မှန်ကန်ပုံရသောကြောင့် ယွမ်ရီသည် နဖူးမှ သွေးထွက်သည်အထိ တရစပ် ဦးညွှတ်နေမိသည်။ ဤစကားများကြောင့် ယွမ်ရှောင်ရော လန်ရီပါ ရင်ထိတ်သွားကြပြီး အပြာရောင် ကြယ်လောကနှင့် ထပ်တူညီနေသည် မဟုတ်ပါလော။ ထူးဆန်းသည်မှာ အဘိုးအိုသည် သူမကို နှစ်သိမ့်နေပုံရသော်လည်း မည်သည့်လောက ဖြစ်ကြောင်း တစ်ခွန်းမှ မမေးခဲ့ပေ။ ထိုအချက်ကို ယွမ်ရှောင် စဥ်းစားနေစဥ် တက်လှမ်းလာသူများ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်၍ အင်မော်တယ်များကြောင့် ဖြစ်ပျက်နေသည့် ကပ်ဘေးများအကြောင်း တိုင်ကြားခဲ့ပြန်၏။ ယွမ်ရီက ဦးဆောင်လိုက်သောအခါ အားလုံး သတ္တိမွေးကာ လိုက်ပါခဲ့ကြပြီး တစ်ယောက်ချင်းစီသည် လောကများ၏ မျှော်လင့်ချက်ကို သယ်ပိုးထားခြင်း ဖြစ်သည်။ နောက်ဆုံးတွင် မတ်တပ်ရပ်နေသူမှာ လေးငါးယောက်ခန့်သာ ကျန်ရစ်သောကြောင့် သေမျိုးလောကတိုင်း အင်မော်တယ်ကြောင့် ကပ်ဆိုက်နေပုံရသဖြင့် ယွမ်ရှောင်၊ လန်ရီနှင့် ကျန်လူများ ထိတ်လန့်ကုန်သည်။ အရာရာ အပေါ် ယုံကြည်ကိုးစားမှုက တိုက်ခိုက်ခံလိုက်ရသကဲ့သို့ ဖြစ်ပြီး အင်မော်တယ် အဘိုးအို၏ မျက်နှာထားမှာ ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ သူက တက်လှမ်းလာသူများအစား ဒေါသထွက်နေပုံရသော်လည်း အင်မတန် ဆိုးယုတ်၍ ရက်စက်သော အပြုံးမျိုး ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
"အင်မော်တယ် လမ်းကြောင်းကို ရောက်လာကြတဲ့ မိတ်ဆွေတို့ သေမျိုးလောကမှာ ဒီလိုပြစ်မှုတွေက ကောင်းကင်ရုံးတော်အတွက် အမျက်ထွက်စရာပဲ။ ငါ့လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေတယ်။ တက်လှမ်းခြင်း ရေကန်ထဲမှာ သန့်စင်ပြီးရင် ပြစ်မှုတိုင်ကြားဖို့ ရွှေပလ္လင်တော်ကို ခေါ်သွားပေးမယ်"
"ကျေးဇူးတင်ပါတယ် အဘိုး"
တက်လှမ်းလာသူများက မျှော်လင့်ချက်အပြည့် ဖြစ်နေသော်လည်း ကံကြမ္မာကား ပြက်လုံးတစ်ခုသာ။
"အစ်ကို ငါတို့ ရေကန်ထဲကို မဆင်းသင့်ဘူး"
လန်ရီ၏ စကားအဆုံးမှာပင် ခြေထောက်အောက်ရှိ တံတားက ရုတ်တရက် ပျောက်ကွယ်သွားကာ အထက်မှ အမိုးခုံးတစ်ခု ဖိချလာ၍ ရေကန်အတွင်း အားလုံး ပြုတ်ကျကုန်သည်။ ၎င်းက အိုးအဖုံးနှင့် ဆင်တူပြီး ရေကန်အတွင်း တွန်းချခံလိုက်ရသော တက်လှမ်းသူများမှာ ဟင်းချက်စရာများကဲ့သို့ ထင်မှတ်ရ၏။
"ဝုန်း"
ကျယ်လောင်သော အသံနှင့်အတူ အိုးကြီးက လုံးဝ ပိတ်ဆို့သွားကာ မျက်ခုံးဖြူ အင်မော်တယ်အိုကြီးသည် ခါးရှိ ဘူးသီးခြောက်အိုးကို ဖြုတ်ကာ ကျေနပ်စွာ မော့သောက်နေသည်။
"တောက် ဒီကောင်တွေကို ငါက သရုပ်ဆောင်ပြနေရတယ်"
သူက အိုးအဖုံးထက်တွင် တင်ပျဥ်ခွေထိုင်ရင်း ညည်းညူနေစဥ် နဂါးကြေးခွံ ချပ်ဝတ် အစောင့်တစ်အုပ် ရောက်ရှိလာကာ သတင်းပို့၏။
"သက်တော်ရှည်ကြီး နောက်ထပ် တက်လှမ်းလာသူတွေ ရောက်လာပြန်ပြီ။ သွားပြီး လမ်းပြပေးလိုက်ပါဦး "
"ထွီ သေမျိုးလောကတွေမှာ ဘာဖြစ်နေကြတာလဲ။ လမ်းဘေးခွေးတွေလို တက်လှမ်းသူတွေ အများကြီးပဲ။ ငါက အမြဲတမ်း ဟင်းချက်နေရတယ်။ စိတ်ပျက်စရာကောင်းလိုက်တာ"
သူက စက်ဆုပ်ရွံရှာစွာ တံတွေးထွေး၍ ဒေါသတကြီး ရေရွတ်နေခဲ့လေသည်။