← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

လီရှန်း ကျန်းယွဲ့နှင့် ဟဲထန်တို့၏ ယခင်ဘဝမှ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုများကို ပြန်လည်တွေးတောလိုက်မိသည်။ ထိုကိစ္စများက ဤအခြေအနေအတွင်း ဖြစ်တည်ခဲ့သောအိမ်ထောင်ရေးမှ စတင်ခဲ့သည်ဟု ထင်ရသည်။

နောက်ပိုင်းတွင် သူတို့ ရန်ဖြစ်တိုင်း သူမ(လီရှန်း)၏နာမည်ကို ဆွဲထုတ်၍ ပြောဆိုခဲ့ကြသည်။

သူမအနေဖြင့် သူတို့၏ ဆက်ဆံရေးထဲတွင် တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း လူတိုင်းကတော့ ဟဲထန်မှ သူမကို အလွန်ချစ်သောကြောင့် သူ၏ ဇနီးအပေါ်တွင် သွေးအေးရက်စက်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သည်ဟုသာ ယူဆခဲ့ကြသည်။

ထိုလူများမှာ ဟဲထန်ကို သစ္စာမတည်ကြည်သည့်လူတစ်ယောက်အဖြစ် အပြစ်မတင်ခဲ့ကြဘဲ လီရှန်းကိုသာ တစ်ခြားအမျိုးသမီး၏ ခင်ပွန်းသည်ကို သွေးဆောင်ဖြားယောင်းသော မကောင်းဆိုးဝါးမဟု အပြစ်တင်ခဲ့ကြသည်။

သူမ သေဆုံးသွားခဲ့သည်အထိ ဤဂုဏ်သတင်းကို မသန့်စင်နိုင်ပေ။

ကျန်းယွဲ့သည် ထိတ်လန့်သွားသည်။

“မည်းမှောင်နေတဲ့ တိမ်တွေ ဖယ်ခွာသွားတဲ့အချိန်ကိုရောက်ရင် လရောင်ကို မြင်နိုင်လိမ့်မယ်”

လီရှန်းက ကျန်းယွဲ့၏ ပခုံးကို ပုတ်လိုက်သည်။

“တစ်ခါတလေမှာ အလျင်လိုလွန်းတာကလည်း မကောင်းလှဘူး၊ တခြားသူကိုလည်း ထိခိုက်စေနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်စေနိုင်တယ်”

သူမ၏ ယခင်ဘဝတွင် ထိုနည်းလမ်းဖြင့် အသတ်ခံခဲ့ရသည် မဟုတ်ပါလား။

“ပြောရရင် နင်က ငါ့ကို ပင်းချန်ဆီကို ခေါ်သွားဖို့အတွက် တကယ်ကူညီပေးချင်တာရော ဟုတ်ရဲ့လား”

လီရှန်းက ထောက်ပြလိုက်လေသည်။

“နင် ဘယ်လိုအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”

ကျန်းယွဲ့က အဓိကပြဿနာကို ထောက်ပြခံရသောကြောင့် ဒေါသထွက်သွားခဲ့ရသည်။

“ငါက ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ နင့်ကို ဆင်းရဲဒုက္ခပင်လယ်ကနေ ကယ်တင်ချင်ခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးတော့ နင်က ငါ့ကို ဒီလိုမျိုး ပြောလာတယ်..

ဒါ တကယ်ပဲ ခွေးက ကယ်တင်တဲ့သူကို ပြန်ကိုက်တာနဲ့ တူနေတာပဲ၊ နင် မသွားချင်ရင်လည်း ထားလိုက်တော့.. နင့် မိထွေးက နင့်ကို အနိုင်ကျင့်တာကိုသာ နင် လက်ခံနေလိုက်”

“အင်း.. ငါ မသွားပါဘူး”

လီရှန်း ခေါင်းညိတ်လိုက်ပြီး သူမ၏ ပုံစံက စိတ်သက်သာရာရနေပုံရသည်။

“ပြီးတော့ ငါ မလက်ထပ်ချင်သရွေ့ ဘယ်သူကများ ငါ့ကိုလက်ထပ်ခိုင်းနိုင်မှာလဲ”

ကျန်းယွဲ့တစ်ယောက် လီရှန်း ထိုမျှ ခေါင်းမာသည်ကို မယုံကြည်ခဲ့ပေ။

“အိုး.. ဘယ်သူကများ လိမ်ပြောဖို့ကို မသိဘဲနေလို့လဲ”

“ဒါဆိုလည်း နင် စောင့်ကြည့်နေလိုက်ပေါ့”

လီရှန်း အနည်းငယ် စိတ်မရှည်တော့ပေ။

သူမက ယခုအချိန်တွက် အိမ်ပြန်ရန် စိတ်အားထက်သန်နေခဲ့ပြီး သူမ၏ အိမ်ကို ပြန်သွားရန် မစောင့်နိုင်တော့ပေ။

သူမအနေဖြင့် ထုန်လင်းက မည်သည့်အရာကို လုပ်ဆောင်နေကြောင်းကို သိချင်ရုံသာမက သူမ၏ အဘိုးကိုလည်း အလွန်အမင်းတွေ့ချင်နေခဲ့သည်။

ယခင်ဘဝတွင် သူမက ပင်းချန်သို့ လိုက်သွားခဲ့သော်လည်း သူမ၏ အဘိုးရှေ့တွင် သေဆုံးသွားခဲ့လေသည်။

သူမသည်ကား သူမ၏ အဘိုးကို “ဆံဖြူသူမှ ဆံနက်ကို ပို့ဆောင်ပေးစေ”ခဲ့မိသည်။

ထို့ကြောင့် သူမတွင် ကျန်းယွဲ့နှင့် ဤနေရာ၌ ရပ်ပြီး ရန်ဖြစ်စကားများနေရန် အချိန်မရှိသကဲ့သို့ စိတ်ရှည်သည်းခံမှုလည်း မရှိခဲ့ပေ။

ကျန်းယွဲ့ ဆက်လက် စည်းရုံးရန် ကြိုးစားနေစဉ်တွင် အတန်းခေါင်းလောင်း ထိုးသံကို ရုတ်တရက် ကြားလိုက်ရသည်။

ကျန်းယွဲ့တစ်ယောက် စိတ်မကျေမနပ်ဖြစ်သော်လည်း စာသင်ခန်းသို့ ပြန်သွားရတော့သည်။

လီရှန်းကတော့ ဆရာ၏ ရုံးခန်းသို့ သွားရောက်ကာ ခွင့်တောင်းခဲ့သည်။

ခွင့်တောင်းပြီးနောက်မှသာ လီရှန်းတစ်ယောက် သူမ၏ စာအုပ်များ စာသင်ခန်းထဲတွင် ကျန်ရစ်နေခဲ့သည်ကို သတိရမိလေသည်။

ယခုခေတ်တွင် စာအုပ်များ ဝယ်ယူရန် ခက်ခဲပြီး ပျောက်ဆုံးသွားပါက အလွန် ဒုက္ခရောက်နိုင်သောကြောင့် လီရှန်းတစ်ယောကာ အိမ်ပြန်ရန် စိတ်အားထက်သန်နေသော်လည်း စာအုပ်များပြန်ယူရန် စာသင်ခန်းသို့ ပြန်သွားခဲ့ရပြန်သည်။

စာသင်ခန်းထဲမှ ထွက်လာသောအချိန်တွင်ပင် သူမအနေဖြင့် အတွင်းဘက်မှ အသံများ ကြားနေရဆဲဖြစ်ပေ၏။

သင်ခန်းစာများကို ပို့ချသော ဆရာက ဂရုမစိုက်သကဲ့သို့ ကျောင်းသားများကလည်း သူမကို ဂရုစိုက်ရဲခြင်း မရှိတော့ပေ။

ကျောင်းမှ ထွက်ခွာပြီးနောက် လီရှန်းတစ်ယောက် သူမ၏ မှတ်ဉာဏ်များမှ အိမ်အပြန်လမ်းကို ရှာဖွေကာ ပိုင်မာခရိုင် အထည်အလိပ်စက်ရုံ၏ ဝန်ထမ်းအိမ်ရာသို့ တည့်တည့်လျှောက်သွားခဲ့သည်။

ထိုအချိန်တွင် အလုပ်သမားအားလုံး အလုပ်လုပ်နေကြဆဲဖြစ်ပြီး ညဆိုင်းအလုပ်လုပ်ခဲ့သော ရှေ့တန်းအလုပ်သမားအနည်းငယ်သာ အိမ်တွင် အနားယူနေကြသောကြောင့် အိမ်ရာတစ်ခုလုံးမှာ အလွန်ပင်တိတ်ဆိတ်နေခဲ့သည်။

သူမက အရှေ့ဘက်ရှိ ပြွန်ပုံစံ အဆောက်အအုံကို ကျော်ဖြတ်ကာ နောက်ဘက်ရှိ ခြံဝင်းငယ်လေးသို့ တည့်တည့်သွားခဲ့သည်။

လီမိသားစုသည်ကား အိမ်ရာဝန်း၏ ဒုတိယမြောက် အိမ်တွင် နေထိုင်သည်။

ဘယ်ဘက်တွင် စက်ရုံကော်မတီ ဒါရိုက်တာလျို့၏ နေအိမ်ဖြစ်ပြီး ညာဘက်တွင် ဒုတိယစက်ရုံမှူး ကျန်းချင်းတုန်၏ နေအိမ်ဖြစ်သည်။

လီရှန်း အဝေးမှနေ၍ မိထွေးဖြစ်သူ ထုန်လင်းက ဟင်းခွက်တစ်ခုကို ကိုင်ဆောင်ထားကာ ဒါရိုက်တာလျို့၏ ဇနီးသည် စွမ်းလီဖန်နှင့် ရယ်မောပြောဆိုရင်း အိမ်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်ရသည်။

လီရှန်း ရပ်တန့်သွားရသည်။သူမ ထို ခြံဝန်းလေးကို စိုက်ကြည့်လိုက်မိသည်။

သူမ၏ ယခင်ဘဝတုန်းက ဤကဲ့သို့ အခြေအနေကို အဘယ်ကြောင့် ထူးဆန်းသည်ဟု မခံစားရသနည်း။

သာမန် ပြုပြင်ရေးသမားတစ်ဦးဖြစ်သော လီဟုန်ကျွင့်က အရာရှိများ ပြည့်နေသော ဝန်ထမ်းခြံဝင်းအကွက်တွင် အဘယ်ကြောင့် နေထိုင်နိုင်ခဲ့သနည်း။

ယခုအချိန်တွင်တော့ သူမ သိသွားခဲ့ပေပြီ။

ထိုခြံဝင်းငယ်လေးသည်က သူမ၏ အမေရင်း ကျန်းဟုန်ကျန့်၏ ပိုင်ဆိုင်မှုသာ ဖြစ်ပေသည်။

“ဟေး.. ကြည့်လိုက်ဦး၊ အဲဒါ မင်းရဲ့ သမီးကြီး မဟုတ်ဘူးလား”

စွမ်းလီဖန်က ထုန်လင်း၏ လက်မောင်းကို ဆွဲ၍ တားဆီးလိုက်ကာ အိမ်ထဲသို့ ဝင်ခါနီးဖြစ်သည့် ထုန်လင်းကို ညွှန်ပြလိုက်သည်။

“မဖြစ်နိုင်ဘူး၊ အခုချိန်က သူမ စာသင်နေတုန်းပဲလေ”

ထုန်လင်းက မစဉ်းစားဘဲ ခေါင်းကိုခါရမ်းလိုက်သော်လည်း သူမ၏ မျက်လုံးများက မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိလျှင် အံ့သြတိတ်ဆိတ်သွားခဲ့လေသည်။

တစ်ဖက်မှ လာနေသူက အမှန်တကယ်ပင် လီရှန်း ဖြစ်နေခဲ့သည်။

သူမ၏ မျက်နှာပေါ်မှ အပြုံးမှာ ချက်ချင်း တောင့်ခဲသွားပြီး ထပ်မံ၍ ပြုံးနိုင်ခြင်းမရှိတော့ပေ။

“တကယ်ကြီး အဲဒီကောင်မလေးပဲ ”

စွမ်းလီဖန်မှာ ထုန်လင်းကို ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် စက်ဆုပ်မိသော်လည်း သူမ၏ မျက်နှာတွင် စိုးရိမ်သောအမူအရာတို့ရှိနေဆဲဖြစ်ကာ သူမကို မေးလိုက်လေသည်။

“သူမ ရုတ်တရက်ကြီး ပြန်လာတာလေ.. အချိန်က အရမ်းစောလွန်းမနေဘူးလား၊ သူမ တစ်ခုခု ဖြစ်ခဲ့တာ ဖြစ်လောက်မယ်”

ထုန်လင်း မျက်မှောင်ကြုတ်မိကာ မထိန်းနိုင်ဘဲ ပြောလိုက်မိလေသည်။

“သူမက ကျောင်းကိုသွားတာလေ.. ကျောင်းမှာ ဘာတွေများဖြစ်နိုင်မှာလဲ”

သို့သော် ခဏတာ တွေးပြီးနောက် သူမ၏ လက်ထဲမှ ဇလုံကို အလျင်အမြန် ချလိုက်ပြီး လီရှန်းဘက်သို့ လျှောက်သွားခဲ့သည်။

“ရှန်းရှန်း၊ နင် ဘာလို့ အခုချိန်ကြီး ပြန်လာတာလဲ”

“အင်း.. ကျွန်မ အဖေနဲ့ ပြောစရာ ရှိလို့ ပြန်လာတာ”

လီရှန်းက ပြန်ဖြေပြီးနောက် အိမ်ဘက်သို့ တည့်တည့် လျှောက်သွားခဲ့သည်။

“အဖေ ဘယ်အချိန် အလုပ်ဆင်းမှာလဲ”

ထိုကဲ့သို့ဟန်ပန်ကအမူအရာက ထုန်လင်းကို အံ့ဩသင့်သွားစေခဲ့သည်။

ယခင်အချိန်များတွင် လီရှန်းက အိမ်သို့ ပြန်လာတိုင်း ခြံစည်းရိုးဘေးနားတွင် ရပ်ပြီး စကားပြောရသည်ကိုသာ ပိုနှစ်သက်ခဲ့ပြီး အိမ်ထဲသို့ ဝင်ရဲခြင်းမရှိဖြစ်နေတတ်သည်။ ယခုဲ့သို့ ရဲတင်းနေခြင်းမရှိပါချေ။

လီရှန်း တံခါးဝသို့ ရောက်ချိန်တွင် စွမ်းလီဖန်နှင့် တွေ့ဆုံခဲ့လေသည်။

လီရှန်းက ယခင်ဘဝကကဲ့သို့ တိတ်ဆိတ်မနေတော့ဘဲ သူမကို ပြုံးရယ်ကာ နှုတ်ဆက်လိုက်သည်။

“အန်တီစွမ်း၊ ရက်အနည်းငယ်ကြာပြီးမှ ပြန်တွေ့ရတာကို အရင်ထက် ပိုပြီးငယ်သွားသလို နုပျိုနေတာပဲ”

စွမ်းလီဖန် အနည်းငယ် အံ့ဩသွားသော်လည်း အနည်းငယ်လည်း ဝမ်းသာသွားခဲ့သည်။

သူမက သူမ၏ မျက်နှာကို မသိစိတ်ဖြင့် ထိတွေ့လိုက်လေသည်။

“ဘယ်ကလာ ငယ်ရမှာလဲ၊ နင့်လိုကလေးမက ငါ့ကို ချော့မော့ဖို့အတွက် ချိုသာတဲ့စကားတွေတောင် ပြောတတ်နေပြီပဲ၊ ကျောင်းပိတ်ရက် ရလာခဲ့တာလား၊ ချင်းကျွင့်ရော ဘာလို့ နင်နဲ့အတူ မပြန်လာတာလဲ”

“ကျွန်မ အန်တီ့ကို ချော့မော့ဖို့လိမ်ညာပြောနေတာ မဟုတ်ပါဘူး”

လီရှန်းက ရယ်မောပြောဆိုပြီးနောက် သူမ၏ မေးခွန်းကို ဆက်လက်၍ ဖြေလိုက်သည် ။

“ကျောင်းက ပိတ်တာမဟုတ်ဘူး.. ကျွန်မ ခွင့်ယူပြီး ပြန်လာတာလေ၊ ဒါနဲ့ ဦးလေးလျို့ရော နေ့လယ်စာစားဖို့ အိမ်ကိုပြန်လာမှာလား”

“သူ ပြန်လာလိမ့်မယ်”

စွမ်းလီဖန်က လီရှန်းကို ကြည့်ပြီး ပျော်ရွှင်နေခဲ့သည်။

“ဒါဆို ဦးလေးလျို့ ပြန်လာတဲ့အချိန်ကျရင် ကျွန်မ ဦးလေးလျို့ကို နှုတ်ဆက်ဖို့ လာခဲ့ပါဦးမယ်”

စွမ်းလီဖန်က ပြောလာသည်။

“ဒါဆို နင့်ဦးလေးကို ထမင်းစားပြီးရင် အပြင်မထွက်တော့ဖို့ ငါ ပြောထားလိုက်မယ်”

စွမ်းလီဖန်က လီရှန်းဘက်မှ သူမတို့ ဇနီးမောင်နှံများနှင့် မည်သည့် အကြောင်းအရာကို ပြောလိုသည်ကို မသိသော်လည်း ချက်ချင်း သဘောတူခဲ့သည်။

ဤသည်မှာ သူမ၏ “ဒါရိုက်တာကတော်” အဖြစ် လူအများနဲ့ ဆက်ဆံရေးကောင်းမွန်စေသည့် သံတမန်နည်းလမ်းသာ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အန်တီစွမ်း”

“ဟေး.. ဘာကျေးဇူးတင်စရာ ရှိလို့လဲ”

စွမ်းလီဖန်မှာ လီရှန်း၏ ချိုသာသော စကားများကို အလွန်ကျေနပ်သောကြောင့် ထုန်လင်းဘက်ကို မကျေမနပ်ကြည့်ကာ ပြောလိုက်ပြန်သည်။

“ထုန်လင်း၊ ရှန်းရှန်းက ရှားရှားပါးပါး ပြန်လာတာလေ၊ နင် ဘာလို့ ဘာလို့ ထမင်းဆိုင်ကနေ အသားဟင်းနှစ်ပန်းကန်လောက် သွားမဝယ်လိုက်တာလဲ .. ကလေးက ဒီတလော အတော်ဘေးပိန်ကျသွားတာ မတွေ့ဘူးလား”

ထုန်လင်းလည်း စိတ်ထဲမှ မကျေနပ်ချက်များကို အောင့်အီးသည်းခံကာ သူမ၏ နှုတ်ခမ်းများကို အပြုံးတစ်ခုအဖြစ် ကွေးညွတ်လိုက်လေသည်။

“ကျွန်မ အခုပဲ သွားတော့မလို့”

သို့သော်လည်း သူမ၏ စိတ်ထဲတွင်တော့ စွမ်းလီဖန်မှာ အပြင်ပန်းတွင် အပိုများ လုပ်ပြပြီး တခြားသူများကို ပါးစပ်နှင့်သာ မျက်နှာသာပေးနေသည်ဟု ခံစားရသည်။

အသားနှင့် ဟင်းသီးဟင်းရွက်များ ယခုအချိန်တွင် မည်မျှဈေးကြီးသည်ကို သူမက ထည့်တွက်တွေးတေားပေးနေလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း စကားများကို ပြောပြီးသားဖြစ်နေသောကြောင့် သူမ မည်မျှပင် စိတ်မကောင်းဖြစ်နေပါစေ ငွေကုန်ကျခံကာ ဝယ်ရပေလိမ့်မည်။ သို့မဟုတ်ပါက စက်ရုံတွင် သူမ၏ ဂုဏ်သတင်းက ပျက်စီးသွားမည်ဖြစ်သည်။ထုန်လင်းတစ်ယောက် တွေးမိလေလေ စိတ်ပျက်လာရလေလေဖြစ်ပြီး မိထွေးဖြစ်ရသည်က အလွန်ပင် ခက်ခဲလှကြောင်း တွေးနေခဲ့ရသည်။

စွမ်းလီဖန်က ထုန်လင်းအပေါ်တွင် သူမ၏ အာဏာကို ပြသပြီးနောက် လီရှန်းအား ထမင်းစားပြီးပါက သူတို့၏အိမ်သို လာရောက်ကစားရန် ဖိတ်ခေါ်ခဲ့သည်။

ထို့နောက်မှသာ သူမက အနောက်သို့ လှည့်ကာ အိမ်ထဲသို့ ပြန်သွားခဲ့လေသည်။

All Chapters