← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

လီဟုန်ကျွင့်မှာ အထည်ချုပ်စက်ရုံ၌ နှစ်ပေါင်းနှစ်ဆယ်နီးပါး အလုပ်လုပ်ခဲ့ပြီး ကေဒါဝင်းတွင် နေထိုင်ခဲ့သည်။

ထို့ကြောင့် သူ့အနေဖြင့် ထိုကေဒါများနှင့် ဆက်ဆံရေးကောင်းရှိနေပေလိမ့်မည်။

သို့မဟုတ်လျှင် နောက်ပိုင်း၌ ဒါရိုက်တာ လျို့ချင်းကျွင့်၏မိသားစုမှ သားနှင့် သူ၏ သမီးဖြစ်သူက လက်ထပ်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် လီရှန်းအနေဖြင့် သူ့ထံမှ အိမ်ကို ပြန်လည်ရယူရန်အတွက် ရေရှည်စီမံကိန်းတစ်ခု လိုအပ်သည်။

အဓိက အရေးကြီးသည်မှာ လီဟုန်ကျွင့်ကို တည်ငြိမ်အောင် ထိန်းချုပ်ရန်ပင်။

အချိန်သိပ်မကြာခင် ထုန်လင်းက လီဟုန်ကျွင့်နှင့်အတူ ပြန်ရောက်လာခဲ့လေသည်။

သူမကက တရုတ်ဂေါ်ဖီထုပ်နှင့် ဝက်သားစတူးပါရှိသော ထမင်းဘူး နှစ်ဘူးကိုလည်း ကိုင်ဆောင်လာရန် မမေ့ခဲ့ပေ။

ဤ စက်ရုံဝန်းအတွင်း သူမ၏ အလွန်ကောင်းမွန်ပြီး ကြင်နာတတ်သော မိထွေးဟူသော ဂုဏ်သတင်းအား သေချာပေါက် ထင်ရှားနေစေခဲ့သည်။

အပြန်လမ်းတစ်လျှောက်လုံးတွင် သူမက လီဟုန်ကျွင့်ထံ၌ လီရှန်းတစ်ယောက် အမှားကျူးလွန်ခဲ့သောကြောင့် ကျောင်းမှ ပြန်လာခဲ့ရသည်ဟု ပြောခဲ့ကာ တစ်ဖက်လူကို လီရှန်းကို ဒေါသထွက်စေရန် လိမ္မာပါးနပ်စွာ လမ်းညွှန်ပေးနေခဲ့သည်။

လီဟုန်ကျွင့်အနေဖြင့် မူလက လီရှန်း အိမ်သို့ ပြန်လာသည်ကို ကြားသိသောအခါတွင် အနည်းငယ်လောက် ပျော်ရွှင်ခဲ့သည်။ သို့သော်လည်း ယခုမူ ဇနီးသည်ဖြစ်သူ၏ စကားများကို ကြားရပြီးနောက်တွင် ဒေါသများဖြင့်သာ ပြည့်နှက်နေပြီး အိမ်သို့ အလျင်အမြန် ပြန်ကာ ထိုကောင်မစုတ်လေးကို သေသည်အထိ ရိုက်နှက်လိုနေခဲ့သည်။

သူ၏မိသားစုကို မနစ်နာစေရန်အတွက် ကာကွယ်ရန် ထိုဆိုးသွမ်းသည့် မိန်းကလေးကို ထုတ်ပယ်သင့်ပါက ထုတ်ပယ်ပစ်ရမည်ပင်။

ထို့ကြောင့် သူ အိမ်ထဲသို့ ဝင်ရောက်ပြီးနောက် လီရှန်းကို မြင်သောအခါတွင် စကားတစ်ခွန်းမျှ မပြောဘဲ ဘေးနားရှိ တုတ်ကို ကောက်ယူလိုက်ပြီး လီရှန်းကို လက်ညှိုးထိုးလျှက် ကျယ်လောင်စွာ မေးလိုက်သည်။

“ပြောစမ်း! မင်း အပြင်မှာ ဘယ်လိုအမှားတွေ လုပ်ခဲ့တာလဲ”

လီရှန်းတစ်ယောက် ပထမတော့ ကြောင်အသွားခဲ့ရသည်။ ထို့နောက်တွင် ဒေါသတကြီး ရယ်မောလိုက်မိလေသည်။

“ကျွန်မက ဘာအမှားတွေ လုပ်ခဲ့ရမှာလဲ၊ ပြီးတော့ ကျွန်မ အမှားလုပ်ခဲ့တယ်လို့ အဖေ့ကို ဘယ်သူပြောတာလဲ”

“ဒါဆို မင်း ဘာလို့ ခွင့်ယူပြီးလာခဲ့တာလဲ”

လီဟုန်ကျွင့်မှာ လီရှန်း ပြောသည့်စကားကို မယုံကြည်ခဲ့ပေ။ သူသည်က ထုန်လင်း ပြောသည်ကသာ မှန်ကန်သည်ဟု ခံစားခဲ့ရသည်။

ကောင်းပြီ၊ ဆိုရလျှင် ဤကောင်မလေးသည်က ကျောင်းမှ အလွယ်တကူ ခွင့်တောင်းဝံ့သည် မဟုတ်ပေ။

ထို့အပြင် သူမက ပုံမှန်အချိန်များတွင် အဖေဖြစ်သူကို လာတွေ့ဖူးသည်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။

ထို့ကြောင့် ယခု သူမ ရုတ်တရက် ပြန်ရောက်လာသည်က အပြင်ဘက်တွင် တစ်ခုခု ကျူးလွန်ခဲ့မိ၍သာ ဖြစ်မည်မှာ သေချာသည်။

သူ ရုတ်တရက် ပို၍ပင် ဒေါသထွက်လာခဲ့သည်။

“မင်း အခုချိန်ထိ အမှန်အတိုင်း မပြောသေးဘူးလား”

သူက တုတ်ကို ကိုင်မြှောက်လိုက်ပြီး သူမကို ရိုက်နှက်ရန် ကြံရွယ်လိုက်သည်။

လီရှန်းအနေဖြင့် ယခင်ဘဝတွင် အိမ်သို့ အနည်းငယ်သာ ပြန်လာခဲ့မိသောကြောင့် လီဟုန်ကျွင့်တွင် အကြမ်းဖက်ရန် စိတ်ဆန္ဒများ ရှိနေသည်ကို မသိခဲ့ပေ။

သူမ ကြောက်လန့်တကြားဖြစ်သွားခဲ့ရပြီး ချက်ချင်းပင် တစ်လှမ်းချင်း နောက်ဆုတ်လိုက်ရင်း အော်ဟစ်လိုက်သည်။

“ကျွန်မက ဘာကိုအမှန်အတိုင်း ပြောရမှာလဲ၊ ဒါက ကျွန်မ အိမ်ပါ၊ ကျွန်မက ဘာလို့ ပြန်လာလို့ မရတာလဲ၊ ပြီးတော့ ကျွန်မက အမှားလုပ်မိမှ ခွင့်ယူပြီးပြန်လာရမှာလား၊ ကျွန်မ နေမကောင်းရင်ရော ဘယ်လိုလုပ်မလဲ”

“မိထွေးရှိရင် ပထွေးရှိလိမ့်မယ်လို့ လူတွေက ပြောတာ အံ့ဩစရာ မဟုတ်ဘူး၊ တကယ်တော့ ရှေးဆိုရိုးက မှန်နေတာပဲ”

ဤစကားကို ပြောဆိုချိန်တွင် လီရှန်းတစ်ယောက် မျက်ရည်များ ကျဆင်းလာခဲ့သည်။

သူမက မျက်နှာကို ဖုံးအုပ်ထားခဲ့ပြီး ငိုကျွေးနေသော်လည်း စကားပြောခြင်းကိုတော့ မရပ်တန့်ခဲ့ပါချေ။

“ကျွန်မ ပြန်လာပြီးတဲ့နောက် အဖေကို ပထမဆုံးအနေနဲ့ မေးချင်တယ်၊ ဘယ်အရူးကများ ကျွန်မ အမှားလုပ်ခဲ့တယ်လို့ အပြင်မှာ ကောလဟာလဖြန့်တာလဲ”

“ကျွန်မ.. မိန်းကလေးတစ်ယောက် ဘယ်လို အမှားများလုပ်နိုင်မှာလဲ”

“တစ်ယောက်ယောက်ကသာ ဒီစကားကို ကြားသွားရင် ကျွန်မ ဆက်ပြီး အသက်ရှင်နိုင်နေဦးမှာလား”

သူမက ထုန်လင်း၏ အမည်ကို တိုက်ရိုက် ထုတ်ဖော် မပြောခဲ့သော်လည်း ထုန်လင်းတစ်ယောက် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားခဲ့ရသည်။

လီဟုန်ကျွင့်ကတော့ ဤစကားကို ကြားပြီးနောက် ထုန်လင်းကို သံသယဖြင့် ကြည့်မိသည်။

ထုန်လင်းကတော့ စိတ်ထဲမှကျိန်ဆဲနေခဲ့ပေပြီ။

ဇနီးမောင်နှံနှစ်ဦးစလုံး စကားမပြောကြပေ။ ဤအချိန်တွင် ဒါရိုက်တာ လျို့ချင်းကျွင့်၏ အသံက တံခါးဝမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“လောင်လီ ဘာဖြစ်နေတာလဲ၊ ကလေးက အခုလို ပြန်လာဖို့ အချိန်လေးရလာတာက အရမ်းကို ရှားပါးလွန်းတယ် ၊ဒါကို မင်း သူမရောက်လာတာနဲ့ သူမကို ငိုအောင် လုပ်နေတာပဲ”

ဒါရိုက်တာလျို့၏ အသံကိုကြားလျှင် လီရှန်းက မျက်နှာကို ဖြတ်ခနဲ လှည့်ကြည့်ရင်း ရေရွက်လိုက်သည်။

“ဒါက အမျိုးသမီးတွေကို ဖိနှိပ်တာပဲ”

“အာ.. မင်း ဘာလို့ တုတ်ကို ကိုင်ထားသေးတာလဲ”စွမ်းလီဖန်သည်လည်း ဒါရိုက်တာလျို့၏ နောက်မှ ခေါင်းပြူထွက်လာကာ လီဟုန်ကျွင့် လက်ထဲမှ တုတ်ကို မြင်သောအခါ အံ့ဩသွားရပြီး ဝင်ပြောလာလေ၏။

“ဒါက ... ကလေးက အမှားလုပ်မိရင် စကားနဲ့ ပြောပြလို့ရနေတာပဲလေ၊ ဘာလို့ သတ်မယ်ဖြတ်မယ် လုပ်နေရတာလဲ ၊ ကောင်မလေးကလည်း မငယ်တော့ဘူး၊ သူမမှာလည်း ဂုဏ်သိက္ခာနဲ့ မျက်နှာ ရှိသေးတယ်”

ဒါရိုက်တာလျို့က နှစ်လှမ်းလောက် အမြန်လျှောက်ကာ လီဟုန်ကျွင့် လက်ထဲမှ တုတ်ကို ဆွဲယူလိုက်ပြီး ထောင့်တစ်နေရာသို့ ပစ်ချလိုက်သည်။

စွမ်းလီဖန်ကလည်း လီရှန်း၏လက်ကို ဆွဲယူကာ လေသံကို နူးညံ့၍ ပြောလိုက်လေသည်။

“သမီးလေး၊ ပြောစရာ ရှိရင် ကောင်းကောင်းမွန်မွန် ပြောလို့ရတယ်လေ၊ ဘာလို့ အဖေနဲ့ ရန်ဖြစ်ရတာလဲ”

ပြီးနောက် သူမက လီဟုန်ကျွင့်ကို ကြည့်လိုက်သည်။

“လောင်လီ၊ ဒါ ရှင်မှားတာပဲ၊ ပြဿနာရှိရင် အေးအေးဆေးဆေး ဖြေရှင်းရမှာပေါ့၊ ရှင် ဒီလို အော်ဟစ်နေရင် သူများတွေ ရယ်စရာလုပ်လာမှာကို မကြောက်ဘူးလား”

“တော်တော့”

ဒါရိုက်တာလျို့က မျက်မှောင်ကြုတ်ကာ စွမ်းလီဖန်ကို ဆူလိုက်သည်။

စွမ်းလီဖန်က နှုတ်ခမ်းကို မဲ့ကာ မျက်လုံးလှန်ပြလိုက်သည်။

“ကိစ္စမရှိပါဘူး၊ ကလေးက သူ့အဖေနဲ့ အခန့်မသင့်လို့ စကားနည်းနည်းလောက် များရုံတင်ပါ”

ထုန်လင်းက အချိန်ကိုက်ပင်အလျင်အမြန် ဝင်ရောက် ဖြန်ဖြေပေးလိုက်သည်။

လီရှန်းအနေဖြင့် ထုန်လင်းကို ဤကဲ့သို့ ညှိနှိုင်းကာ ပြသနာကို တိမ်ပါးစေမည်ကို မလိုလားခဲ့ပေ။

သူမက ချက်ချင်းပင် နစ်မွန်းပြီး မကျေနပ်သော ပုံစံကို ဟန်ဆောင်ကာ အသံကို ပိုမိုကျယ်လောင်စွာ ပြောလိုက်သည်။

“ဘာလို့ ကိစ္စမရှိရမှာလဲ၊ အပြင်မှာ ကိုယ့်ကို အပုပ်ချပြီး အမှားကြီး လုပ်ထားတယ်ဆိုပြီးပြောနေရင် ဘယ်သူကများ ပျော်နိုင်မလဲ”

ဤသို့ ပြောရင်း သူမက မျက်ရည်ဝိုင်းသော မျက်လုံးများဖြင့် ဒါရိုက်တာလျို့ကို စိုက်ကြည့်လိုက်သည်။

“ဉီးလေးလျို့၊ ဒီအခြေအနေကို ဝင်ပြီး ပြောပေးပါဉီး၊ ကျွန်မက အဖေနဲ့ ဆွေးနွေးစရာရှိလို့ ကျောင်းကနေ နေ့တစ်ဝက် အားလပ်ခွင့်ယူပြီး ပြန်လာခဲ့တာ၊ ဒါပေမဲ့ အဖေက ရုတ်တရက် ပြန်ရောက်လာပြီး ကျွန်မကို ရိုက်မယ်လို့ ပြောတယ်၊ အပြင်မှာ ကျွန်မက ကြီးမားတဲ့ အမှားလုပ်ခဲ့တယ်တဲ့”

“ကျွန်မ ဘယ်လို အမှားလုပ်ခဲ့မိလည်းဆိုတာ ကျွန်မတောင် မသိဘူး”

လီရှန်းက ထုန်လင်းကို ဒေါသတကြီး ကြည့်ကာ ဆက်ပြောလိုက်သည်။

“တစ်ယောက်ယောက်က ကျွန်မအဖေရဲ့ရှေ့မှာ ကျွန်မရဲ့အကြောင်းတွေကို မကောင်းပြောထားတာသေချာတယ်”

“ဒါက...”

ထုန်လင်းတစ်ယောက် ဒါရိုက်တာလျို့ကို ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။

“အမှန်ပါပဲ၊ တကယ်တော့ ကျွန်မ‌ ပြောလိုက်မိတာပါ၊ ကျွန်မက ဒီကလေးကို စိတ်ပူတယ်လေ၊ သူမက အရင်တုန်းက အခုလိုမျိုး ရုတ်တရက် ပြန်မလာတတ်ဘူးမလား၊ ဒါကြောင့် အခုလို ရုတ်တရက် ပြန်လာတော့ ကျွန်မ စိတ်ပူပြီး အတွေးလွန်မိတာပါပဲ”

ထို့နောက် သူမက လီရှန်းကို စိတ်ရင်းအပြည့်ရှိနေသော မျက်နှာဖြင့် တောင်းပန်လိုက်သည် ။

“ရှန်းရှန်း.. စိတ်မဆိုးပါနဲ့၊ အန်တီ မှားသွားတာပါ.. အန်တီ သမီးကို နားလည်မှုလွဲခဲ့တယ်”

ထုန်လင်းက ဤသို့ ပြောလိုက်လျှင် သူမ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။

လီဟုန်ကျွင့်သာမက ဒါရိုက်တာလျို့၏ မျက်နှာအမူအရာများပါ ပိုမို ပြေလျော့လာခဲ့သည်။

လွန်ခဲ့သော ဘဝ၌လည်း ဤသို့ပင် ဖြစ်ခဲ့လေသည်။

ထုန်လင်းသည်ကား ညှိနှိုင်းဆောင်ရွက်ရာ၌ အလွန်ပင် ထူးချွန်ခဲ့သည်။ သူမဘက်ကို ပြန်လည်ပတ်သက်လာသောအခါတိုင်း သူမက လူတိုင်းရှေ့တွင် သူမ(လီရှန်း)ကို တောင်းပန်လေ့ရှိသည်။

ထို့ကြောင့် လီရှန်းကသာ ခွင့်မလွှတ်ဘဲ နောက်ထပ် ပြောဆိုနေဦးမည်ဆိုပါက သူမ၏ ‘မသိနားမလည်မှု’ အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

လီရှန်းအနေဖြင့် ယခင်က ၎င်းကို မည်သို့ကိုင်တွယ်ရမည်ကို မသိခဲ့သော်လည်း ယခုအခါ ကောင်းစွာသိရှိနေခဲ့ပြီဖြစ်သည်။

ထို့ကြောင့် သူမက နှာခေါင်းရှုံ့ကာ ဝမ်းနည်းချင်ဟန်ဆောင်ခဲ့ပြီး မည်သို့မျှ မပြောရဲသကဲ့သို့ ခေါင်းငုံ့ကာ လက်ချောင်းများကို ကုတ်ခြစ်နေခဲ့သည်။

“ဒါဆို အဖေ့ကို ရှင်းရှင်းလင်းလင်း ပြောပေးပါလား၊ ကျွန်မ အမှားလုပ်လို့ ပြန်လာတာမဟုတ်ဘူးလို့ ရှင်းပြပေးပါ၊ နောက်ပြီး အိမ်နီးချင်းတွေကိုလည်း ပြန်ပြီးရှင်းပြပေးရမယ်လေ၊ ခုနက အော်ဟစ်ပြောဆိုခဲ့လို့ အိမ်နီးချင်းတွေလည်း ကြားခဲ့မှာပဲ..

ကျွန်မက ဒီလောက်တောင် အရွယ်ရောက်နေပြီ၊ ဂုဏ်သိက္ခာသာ ပျက်စီးသွားရင် နောင်အနာဂတ်မှာ ဘယ်လိုများ အသက်ရှင်ရမှာလဲ”

ထုန်လင်း၏ မျက်နှာပေါ်မှ အပြုံးသက ရုတ်တရက် ခဲသွားခဲ့သည်။

အိမ်နီးချင်းတွေကို လိုက်လံရှင်းပြစေချင်တာလား ?

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

သူမအတွက်လည်း ရှက်စရာကောင်းသွားမှာပေါ့။

သို့သော်လည်း လီဟုန်ကျွင့်နှင့် ဒါရိုက်တာလျို့တို့ နှစ်ဦးစလုံးက သူမကို စိုက်ကြည့်နေသောကြောင့် သူမက ခေါင်းမာစွာဖြင့် ခေါင်းငြိမ့်လိုက်ရသည်။

“ကောင်းပါပြီ၊ နေ့လယ်စာ စားပြီးသွားရင် တစ်အိမ်တက်ဆင်း ရှင်းပြလိုက်မယ်”

“ဒါဆို ခွင့်လွှတ်လိုက်ပါ့မယ်”

လီရှန်းက လက်ခံသွားသည့် အမူအရာဖြင့် ခေါင်းငြိမ့်လိုက်သည်။

နင် ခွင့်လွှတ်တာကို ဘယ်သူက လိုချင်နေလို့လဲ?!

ထုန်လင်းတစ်ယောက် နှလုံးသားထဲတွင် သွေးအန်နေခဲ့သည်။သို့သော်လည်း လီရှန်းက ထုန်လင်းကို လွှတ်မပေးခဲ့သေးပါချေ။

All Chapters