← Chapters

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း။ ၁၇၈

လုချွမ်းသည် ပုံမှန်အတိုင်းပင် ဇွန်ဘီရုပ်သေးများကို စေခိုင်းကာ ရရှိလာသော ဆင့်ကဲသားရဲအလောင်းများကို ဖယ်ရှားရှင်းလင်းစေသည်။

သို့သော် သူ၏ စိတ်အာရုံမှာမူ တလှုပ်လှုပ်နှင့် တွန့်လိမ်နေဆဲဖြစ်သော သွေးရောင်နွယ်ပင်ဆီသို့သာ ရောက်ရှိနေတော့သည်။

သူသည် ဖြတ်တောက်ယူဆောင်လာသော ထိုနွယ်ပင်စလေးကို ရှေ့တွင်ချကာ သေချာစွာ အကဲခတ်နေမိသည်။ နွယ်ပင်ပေါ်ရှိ အကြောများသည် လူ့ခန္ဓာကိုယ်ထဲမှ သွေးကြောများနှင့် အလွန်ပင် တူလှသည်။

အကယ်၍သာ အဝါရောင်နဂါးတောင်တွင် သူကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ပါက တိရစ္ဆာန်တစ်ကောင်ကောင်၏ ကိုယ်ခန္ဓာမှ ပြုတ်ကျကျန်ရစ်ခဲ့သော အင်္ဂါအစိတ်အပိုင်းတစ်ခုဟုပင် ထင်မှတ်မှားစရာရှိသည်။

အဝါရောင်နဂါးတောင်မှ ဖြတ်တောက်လာခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း ဤနွယ်ပင်စလေးမှာ လှုပ်ရှားနိုင်စွမ်းရှိနေဆဲဖြစ်သည်မှာ အံ့ဩစရာပင်။ ယခင်ကလောက် အားပြင်းပြင်းနှင့် တွန့်လိမ်ခြင်းမရှိတော့သော်လည်း ၎င်းတွင် အသက်စွမ်းအားကျန်ရှိနေသေးကြောင်းမှာ ထင်ရှားလှသည်။

"ဒီကောင်ရဲ့ အသက်စွမ်းအားက တကယ့်ကို အံ့ဩစရာပဲ... အပင်တစ်ပင်က ဒီလောက်အထိ ဖြစ်နိုင်ပါ့မလား"

လုချွမ်းသည် တွန့်လိမ်နေသော နွယ်ပင်စကိုကြည့်ရင်း သူ၏ စိတ်ထဲတွင် အကြံအစည်သစ်တစ်ခု ပေါ်ပေါက်လာသည်။ သူသည် ထိုနွယ်ပင်ကို မီးရှို့ဖျက်ဆီးပစ်မည့်အစား ခြံဝင်း၏ အပြင်ဘက်စပ်ရှိ မြေကွက်လပ်ဆီသို့ ယူဆောင်သွားပြီး ခြံစည်းရိုးတစ်လျှောက်တွင် တိုက်ရိုက် စိုက်ပျိုးလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

နွယ်ပင်စလေး၏ ရှင်သန်နိုင်စွမ်းမှာ ကုန်ဆုံးသွားပြီလားဟု လုချွမ်း စိုးရိမ်မိသည်။ ထို့ကြောင့် သူသည် ဇွန်ဘီရုပ်သေးတစ်ကောင်ကို စေခိုင်းကာ လတ်ဆတ်သော ဆင့်ကဲသားရဲသွေး တစ်ပုံးကို ယူဆောင်လာစေပြီး စိုက်ပျိုးထားသည့် မြေဆီလွှာပေါ်သို့ လောင်းချလိုက်သည်။

အဝါရောင်နဂါးတောင်၌ ဤနွယ်ပင်များသည် အသွေးအသားကို မြင်သည်နှင့် မည်မျှအထိ ရူးသွပ်သွားတတ်သည်ကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ တောဝက်ကြီး၏ ခန္ဓာကိုယ်မှာ ခဏအတွင်းမှာပင် ဝါးမြိုခြင်းခံခဲ့ရသည်။

လတ်ဆတ်သော အသွေးအသားမှာ ဤနွယ်ပင်များအတွက် အကြီးမားဆုံးသော ဆွဲဆောင်မှုဖြစ်ကြောင်း သူ ယူဆထားသည်။

မြေပေါ်သို့ လောင်းချလိုက်သော သားရဲသွေးများသည် မြေဆီလွှာကို အာဟာရဖြစ်စေရုံသာမက သွေးရောင်နွယ်ပင် အပိုင်းအစလေးကိုလည်း တိုက်ရိုက် စုပ်ယူနိုင်စေမည်ဖြစ်သည်။ လုချွမ်းမှာ ကံစမ်းကြည့်သည့် သဘောသာ ဖြစ်သော်လည်း အကယ်၍သာ အမှန်တကယ် အောင်မြင်ခဲ့ပါက အဝါရောင်နဂါးတောင်မှ နွယ်ပင်များကိုပါ ခြံဝင်းအတွင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရန် သူ စီစဉ်ထားသည်။

နွယ်ပင်တစ်ပင်တည်းမှာ အင်အားမကြီးမားသော်လည်း ၎င်းတို့ အစုလိုက်အပြုံလိုက် ပေါက်ရောက်လာပါက ဖြစ်ပေါ်လာမည့် စွမ်းအားမှာ အံ့မခန်းလှပေ။

ဤနွယ်ပင်တောသည် ခြံဝင်းအတွက် အပိုဆောင်း အကာအကွယ် အလွှာတစ်ခု ဖြစ်လာမည်သာမက ဇွန်ဘီများသည် အသက်မဲ့သဖြင့် ဤနွယ်ပင်များကြားတွင် လွတ်လပ်စွာ သွားလာနိုင်သော်လည်း ကျူးကျော်လာမည့် မည်သည့် သက်ရှိသတ္တဝါမဆို ဤသွေးရောင်နွယ်ပင် တံတိုင်းကြီး၏ ဝါးမြိုခြင်းကို ခံရမည်ပင်။

ဤနည်းလမ်းသည် လူသားအင်အား သုံးစွဲစရာမလိုဘဲ ၂၄ နာရီပတ်လုံး အလိုအလျောက် ကာကွယ်ပေးမည့် စနစ်တစ်ခုပင်။

လုချွမ်း၏ မျက်စိထဲတွင် ခြံဝင်းတစ်ခုလုံးကို သွေးရောင်နွယ်ပင်များက ပိုက်စိပ်တိုက် ဖုံးလွှမ်းထားပြီး မည်သည့်ရန်သူမျှ မကပ်ရဲသော မြင်ကွင်းကို မြင်ယောင်ကြည့်ရင်း ကျေနပ်နေမိသည်။ ဤသည်မှာ သူ၏ ချင်းရွှေခြံဝင်းကို ကမ္ဘာပျက်ကပ်အတွင်း အလုံခြုံဆုံးသော နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာစေရန် ခြေလှမ်းသစ်တစ်ခုပင်။

အကယ်၍ ရန်သူများအနေဖြင့် သူ၏ခြံဝင်းကို တိုက်ခိုက်လိုပါက ပထမဦးစွာ ဤသွေးဆာနွယ်ပင်တံတိုင်းကြီးကို ဖြတ်ကျော်ကြရပေလိမည်။ ယခင်က အဝါရောင်နဂါးတောင်တွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများအရ သာမန်သတ္တဝါများသည် ဤနွယ်ပင်များကြားတွင် ကြာရှည်ခံမည်မဟုတ်ပေ။

လုချွမ်းထိန်းချုပ်ထားသော ဇွန်ဘီရုပ်သေးများသည် သေဆုံးပြီးသား အလောင်းများဖြစ်သဖြင့် ဤနွယ်ပင်များ၏ တိုက်ခိုက်မှုနယ်ပယ်အတွင်း အကျုံးမဝင်ပေ။ အကယ်၍သာ ခြံဝင်းအပြင်ဘက်တွင် ဤသွေးရောင်တံတိုင်းကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့လျှင် ချင်းရွှေခြံဝင်း၏ ခံစစ်စွမ်းရည်မှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားမည်မှာ အသေအချာပင်။

ကျန်းနန်မြို့ပြခရိုင်ရှိ အားကစားကွင်းကြီးအတွင်း၌မူ မြင်ကွင်းမှာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေသည်။ အလွန်ကျယ်ဝန်းလှသော နေရာဖြစ်သော်လည်း ဇွန်ဘီအရေအတွက်မှာ အဆမတန် များပြားလွန်းသဖြင့် တစ်ကောင်နှင့်တစ်ကောင် ပူးကပ်ကြပ်ညပ်နေတော့သည်။

ဂါးးးးဂူးးဂါးးး

ဇွန်ဘီများ၏ မရပ်မနား ဟိန်းဟောက်သံများသည် အားကစားကွင်းအတွင်း ပဲ့တင်ထပ်နေပြီး အပြင်မှ ဖြတ်သွားသူ မည်သူမဆို ထိုအသံကို ကြားရရုံနှင့်ပင် ကြက်သီးတဖြန်းဖြန်း ထသွားနိုင်လောက်သည်။ အားကစားကွင်း၏ ပြတင်းပေါက်များမှတစ်ဆင့် ချောင်းကြည့်မည်ဆိုပါက အတွင်းပိုင်းတစ်ခုလုံးတွင် ဇွန်ဘီများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ကျွီ...

ထိုစဉ် အားကစားကွင်း၏ တစ်ခုတည်းသော တံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ တံခါးပွင့်သံကို ကြားသည်နှင့် အတွင်းမှ မရေမတွက်နိုင်သော ဇွန်ဘီများသည် အလင်းရောင်ရှိရာ ထွက်ပေါက်ဆီသို့ အသည်းအသန် တိုးဝှေ့ပြေးထွက်လာကြတော့သည်။

အတွင်း၌ ဇွန်ဘီများ အလွန်ကြပ်ညပ်နေပြီး ၎င်းတို့အချင်းချင်း အပြင်းအထန် သတ်ဖြတ်ဝါးမြိုနေကြသော်လည်း ကျန်ရှိနေသော အရေအတွက်မှာ အလွန်များပြားနေဆဲပင်။

ဒုန်း... ဒုန်း... ဒုန်း...

သို့သော် ဇွန်ဘီအုပ်ကြီး ထွက်ပေါက်ဝသို့ ရောက်ရှိလာချိန်မှာပင် ၎င်းတို့အားလုံးမှာ အမြောက်ဆန်ဖြင့် အပစ်ခံလိုက်ရသကဲ့သို့ အနောက်ဘက်သို့ လွင့်စင်ထွက်သွားကြတော့သည်။ ထွက်ပေါက်ဝတွင်မူ အင်အားကြီးမားလှသော ဆင့်ကဲဇွန်ဘီရုပ်သေးများက ခံစစ်အဖြစ် တည်ရှိနေပြီး မည်သည့်သာမန်ဇွန်ဘီမျှ အပြင်သို့ မထွက်နိုင်ရန် တားဆီးပိတ်ဆို့ထားခြင်းပင်။

အားကစားကွင်း၏ ထွက်ပေါက်ဝတွင် မားမားမတ်မတ် ရပ်နေသည်မှာ ဧရာမ ကိုယ်ထည်ကြီးနှင့် ဧရာမဇွန်ဘီ ၁ ပင် ဖြစ်သည်။ ၎င်း၏ ပြင်းထန်လှသော စွမ်းအင်ဖိအားကြောင့် အပေါက်ဝရှိ ဇွန်ဘီများမှာ တုန်ရင်နေကြရသည်။ ဒေါသကြီးပြီး ရန်လိုသော ဗီဇရှိသည့် ဧရာမဇွန်ဘီသည် မည်သည့်ဇွန်ဘီအပေါ်တွင်မျှ ဂရုဏာထားလေ့မရှိပေ။

အပြင်သို့ ထွက်ပြေးရန် ကြိုးစားသမျှ ဇွန်ဘီများကို ဧရာမဇွန်ဘီက ပေါ့ပေါ့ပါးပါးပင် ကန်ထုတ်

လိုက်ရာ ထိုဇွန်ဘီများမှာ အမြောက်ဆန်များအလား အားကစားကွင်းအတွင်းသို့ လွင့်စင်ပြန်ကျသွားကြသည်။ လုချွမ်းသည် အားကစားကွင်းအတွင်း ဆင့်ကဲဇွန်ဘီများ အဆက်မပြတ် ပေါ်ထွက်လာစေရန်အတွက် မူလကတည်းက ဇွန်ဘီအုပ်ကြီးကို ပိတ်လှောင်ထားခြင်းဖြစ်သည်။

ယခုအခါ ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီဖြစ်သော ဧရာမဇွန်ဘီ၏ စွမ်းအင်များကို ထုတ်လွှတ်လိုက်သောအခါ သာမန်ဇွန်ဘီများမှာ အဆင့်အတန်း ကွာခြားမှုကြောင့် ကြောက်လန့်တုန်ရင်ကာ အားကစားကွင်း၏ အနက်ရှိုင်းဆုံးနေရာများသို့ ဆုတ်ခွာသွားကြတော့သည်။

လမ်းကြောင်းရှင်းသွားသည်နှင့် လုချွမ်းသည် အခြားဇွန်ဘီရုပ်သေးများကို စေခိုင်းကာ ဆင့်ကဲသားရဲသားများ တင်ဆောင်လာသည့် လှည်းများကို ထွက်ပေါက်ဝသို့ တွန်းပို့စေသည်။ ဧရာမဇွန်ဘီသည် ထိုအသားတုံးများကို အားကစားကွင်းထဲသို့ စတင်ပစ်ထည့်လိုက်ရာ ငတ်မွတ်နေသော ဇွန်ဘီအုပ်ကြီးမှာ ရူးသွပ်စွာ အလုအယက် ဝါးမြိုကြတော့သည်။

သားရဲသားများသည် ဇွန်ဘီများအတွက် သေစေနိုင်လောက်သော ဆွဲဆောင်မှုရှိရုံသာမက ၎င်းတို့၏ ဆင့်ကဲပြောင်းလဲမှုကိုလည်း များစွာ အထောက်အကူပြုစေသည်။ ဧရာမဇွန်ဘီ၏ မြင်ကွင်းမှတစ်ဆင့် လုချွမ်းသည် အတွင်းပိုင်းကို အကဲခတ်ကြည့်လိုက်ရာ ဇွန်ဘီအုပ်ကြားတွင် ပုံမှန်ထက် ထွားကျိုင်းပြီး သန်မာသော ဇွန်ဘီအချို့ ပေါ်ထွက်နေပြီဖြစ်သည်။

ထိုသန်မာသော ဇွန်ဘီများသည် အသားများကို ပိုမိုလုယူစားသောက်နိုင်ကြပြီး ဆင့်ကဲဖြစ်စဉ်မှာ သိသိသာသာ မြန်ဆန်နေသည်။

နှစ်ရက်အတွင်းမှာပင် ဆင့်ကဲဇွန်ဘီ အသစ်အချို့ကို သူ စတင်တွေ့ရှိနေပြီဖြစ်သည်။ "တကယ်ကို အလုပ်ဖြစ်တာပဲ ဒီနှုန်းအတိုင်းဆိုရင် နောက်တစ်လခွဲအတွင်းမှာ ဆင့်ကဲဇွန်ဘီ အကောင် ၁၀၀ ကျော်အထိ ထုတ်လုပ်နိုင်လိမ့်မယ်။ ဒါက တကယ့်ကို ဇွန်ဘီစက်ရုံ ကြီးပဲ"

လုချွမ်းသည် သူ၏ စီမံကိန်း အောင်မြင်မှုအတွက် အလွန်ပင် ကျေနပ်ဝမ်းမြောက်နေမိသည်။

All Chapters