အခန်း (၃၉၂)
Vol. 40 Ch. 392
*(392)
သူမ လက်ကိုမြှောက်လိုက်ပြီးနောက် လက်ချောင်းငါးချောင်းအား ခပ်တင်းတင်း လက်သီးဆုတ်လိုက်သည်။
ဇောက်ထိုးချိတ်ဆွဲခံထားရကာ အသက်မရှိတော့သည့် တောက်ကျန့်၏ ကိုယ်ထဲမှ ဝိဉာဉ်အား သူမ ဆွဲထုတ်လိုက်ခြင်းဖြစ်ပေသည်။
ထိုဝိဉာဉ်သည်က သေဆုံးသွားသော ကိုယ်ထဲ၌ ပုန်းအောင်းနေသော သက်လတ်ပိုင်းတောက်ကျန့်၏ ဝိဉာဉ်ပင်။
ထိုအရာအား မြင်ရပြီးနောက် ချန်ချင်းဂိုဏ်းမှလူများက ကုကျစ်စုန့်မှ သူတို့ဂိုဏ်းသား၏ ဝိဉာဉ်အား တစ်ခုခုလုပ်တော့မည်ဟုထင်လိုက်ကြသည်။
သူတို့အားလုံး ဒေါသတကြီးဖြစ်နေခဲ့ကာ မုန်းတီးစိတ်များ ပြည့်နေခဲ့ကြသည်။ ဇောက်ထိုးချိတ်ခံထားရသည့် ခန္ဓာကိုယ်များသည်လည်း တစ္ဆေကြိုးများ၏ တုပ်နှောင်မှုမှ လွတ်မြောက်လိုလွတ်မြောက်ငြား ရမ်းခါနေခဲ့ကြပြီး ကုကျစ်စုန့်အား တိုက်ခိုက်ချင်နေကြသည်။
သို့သော် ထိုလူများ၏ ဒေါသက စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်လေသည်။ ယခုအချိန်တွင်တော့ သူတို့သည် ပါးစပ်အဟောင်းသား၊ မျက်ဝန်းများမှာလည်း မယုံကြည်နိုင်စွာ ပြူးကျယ်လာခဲ့သည်။
သူတို့၏ စီနီယာအစ်ကိုကြီးကိုယ်ထဲမှ ဆွဲထုတ်လိုက်သော ဝိဉာဉ်သည်က မှင်အလား မည်းနက်နေခဲ့ပြီး အနီရင့်ရောင် မကောင်းဆိုးဝါးဝိဉာဉ်အရိပ်အယောင်များပင် ရောနှောနေခဲ့သည်။
ထိုအရာသည် ဂိုဏ်းတွင်းမှ နူးညံ့၍ ကြင်နာတတ်သည်ဟု ထင်ထားခဲ့သော သူတို့အစ်ကိုကြီးနှင့် လုံးဝ ကွဲပြားနေခဲ့သည်။
သာမန်လူများ၏ ဝိဉာဉ်သည်က အဖြူရောင်ဖျော့ဖျော့သာရှိသည်။
အသက်ရှိစဉ်က သာမန်လိမ်လည်မှုများ၊ တရားမဝင်သည့်အရာများ အနည်းငယ်ပြုလုပ်မိသော်လည်း အခြားလူများ၏ အသက်ကို အန္တရာယ်မပြုခဲ့ပါလျှင် ထိုလူများ၏ ဝိဉာဉ်သည် သေဆုံးပြီးချိန်တွင် မီးခိုးရောင်ဖျော့ဖျော့သာ ရှိသည်။
သို့သော် သူတို့သည်က အင်မတန် ရက်စက်ကြမ်းကြုတ်သည့်အရာများ၊ ဥပမာဆိုရလျှင် လူသတ်မှု၊ မူးယစ်ဆေးဝါးရောင်းချမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု အစရှိသော အခြားလူများ၏ အသက်အိုးအိမ်၊ မိသားစုများအား ပျက်စီးစေသည့် အရာများ ပြုလုပ်ခဲ့ပါလျှင် သူတို့၏ ဝိဉာဉ်သည် မကောင်းဆိုးဝါးစွမ်းအင်၏ အရောင်ဆိုးခြင်းခံရပြီး ရွံ့နွံကဲ့သို့ အရောင်၊ ရံဖန်ရံခါ သွေးရောင်များ ရောနှောနေတတ်သည်။
သူတို့၏ ချစ်ခင်လေးစားရသော စီနီယာအစ်ကိုကြီး၏ ကိုယ်ထဲမှ ကုကျစ်စုန့် ဆွဲထုတ်လိုက်သည့် ဝိဉာဉ်သည်က မည်းနက်နေသော အနက်ရောင်သာဖြစ်သည်။
ထိုနေရာတွင် ရှိနေကြသော တောက်ကျန့်တိုင်း အနက်ရောင်ဝိဉာဉ်၏ အဓိပ္ပာယ်အား ကောင်းကောင်းသိသည်။
ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက တံထွေးမျိုချကာ တီးတိုးပြောလိုက်မိသည်။
“ဘယ်လောက်တောင်များ အပြစ်တွေ လုပ်ခဲ့တာပါလိမ့်…”
“ဟုတ်တယ်၊ တောက်ဓမ္မဂိုဏ်းသားတွေက အမြဲတမ်း ‘ဖြောင့်မတ်ပြီး သန့်စင်ရမယ်၊ မကောင်းမှုကို ဖြိုခွင်းပြီး အန္တရာယ်ကို သုတ်သင်ရမယ်’ဆိုတာ သူတို့ရဲ့ တာဝန်ဆိုပြီး အော်နေတတ်ကြတာမလား
ဘယ်သူထင်ထားမှာလဲ? သူတို့က သူတို့ရဲ့ အပေါ်ယံ အယောင်ဆောင် အရေခွံအောက်မှာတော့ နံစော်နေလိမ့်မယ်လို့?”
သူသည်က ဝိဉာဉ်ဖြစ်နေပြီဖြစ်သောကြောင့် သက်လတ်ပိုင်းတောက်ကျန့်အနေဖြငရ့ ကုကျစ်စုန့်၏ စွမ်းအင်အား ပို၍ အာရုံခံစားနေမိသည်။
သူက ကြောက်လန့်လွန်းသောကြောင့် တုန်ရီနေခဲ့ပြီး ချမ်းသာပေးရန်သာ တောင်းဆိုနေခဲ့သည်။
ကုကျစ်စုန့်၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေခဲ့လေသည်။
သူမက လေထဲတွင် ထိန်းချုပ်ခံထားရသော ဝိဉာဉ်၏ ဦးခေါင်းကို ဆုတ်ကိုင်လိုက်ပြီးနောက် သဘာဝလွန်လောကတွင် တားမြစ်ထားသည့် ‘ဝိဉာဉ်ရှာဖွေခြင်းနည်းလမ်း’အား အသုံးပြုလိုက်သည်။
ရုတ်တရက် သက်လတ်ပိုင်းတောက်ကျန့်ကြီး၏ မျက်နှာမှာ အားပြင်းလွန်းသည့် အရာတစ်ခုကြောင့် ရှုံ့တွသွားခဲ့သည်။
မြေအောက်ကမ္ဘာတစ်ခုလုံးတွင် စူးရှသည့်အော်သံများ ပြည့်နှက်သွားသည်မှာ ငရဲပြည်အထိပင် ကြားရနိုင်ုေသည်။
လည်ပင်းလှည့်၍ ကြည့်လာခဲ့သော သရဲများပင် ကြက်သီးထသွားခဲ့ရသည်။
ချန်ချင်းဂိုဏ်းသားတစ်ဦးက မနေနိုင်စွာ ဝင်ပြောလိုက်မိသည်။
“တော်ပါတော့! စီနီယာအစ်ကိုကြီး ဘာပဲလုပ်ခဲ့လုပ်ခဲ့ သူက ငါတို့ ချန်ချင်းဂိုဏ်းကပဲလေ
အပြစ်ပေးတယ်ဆိုရင်လည်း ငါတို့ပဲ..”
သူ့စကားမဆုံးသေးမီ ကုကျစ်စုန့်သည် ‘ပြန်လည်သရုပ်ဖော်ခြင်းကျမ်းစာရွက်’အား အသုံးပြု၍ သက်လတ်ပိုင်းတောက်ကျန့်၏ ဝိဉာဉ်အတွင်းမှ သူမရှာဖွေတွေ့ရှိသည့် မှတ်ဉာဏ်များအား အားလုံးမြင်နိုင်ရန် ချပြလိုက်သည်။
ပထမဆုံးမြင်ကွင်းမှာ ထိုလူ ချန်ချင်းဂိုဏ်းအား သစ္စာဖောက်နေသည့် မြင်ကွင်းပင်ဖြစ်သည်။
သက်လတ်ပိုင်းတောက်ကျန့်က အပြင်အဖွဲ့တစ်ခုထံမှ ဝင်စီးခံထားရသော စပိုင်ဖြစ်နေခဲ့ပြီး အမည်မသိ တောက်ကျန့်များအဖွဲ့တစ်ခုမှ ငှားရမ်းထားသူတစ်ဦးလည်းဖြစ်သည်။
သူသည်က ဂိုဏ်းအတွင်းမှ ဖွဲ့စည်းပုံများ၏ အားနည်းချက်ကို ဖော်ထုတ်ပြခဲ့ပြီးနောက် သူနှင့်အတူ လေ့ကျင့်ဖော်များ၊ ဂိုဏ်းသားများ သွားရောက်မည့် နေရာနှင့်အချိန်တို့အား အမည်မသိရသည့် အဖွဲ့အစည်းထံသို့ အချက်အလက်များ အကုန်ပေးပို့နေခဲ့သည်။
ကုကျစ်စုန့် ရယ်မောလိုက်မိသည်။
“ကြည့်ရတာ ရှင်တို့ရဲ့ ချစ်ရသော စီနီယာအစ်ကိုကြီးက ချန်ချင်းဂိုဏ်းအပေါ်တော့ သစ္စာမရှိဘူးနော်”
ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ လူများလည်း အချင်းချင်း တီးတိုးပြောနေခဲ့ကြသည်။
“ဘုရားရေ၊ ဒါကြီးက တောက်ဓမ္မဂိုဏ်းရဲ့ အဓိကဂိုဏ်းကြီးတွေထဲကဆိုပေမယ့် ရန်သူတွေတိုက်ခိုက်ခံရတာ ဇကာပေါက်လိုတောင် ဖြစ်နေပြီ”
ချန်ချင်းဂိုဏ်းမှ ဒေါသထွက်နေသူများလည်း ကြက်သေ,သေနေခဲ့ကြသည်။
သို့သော် မြင်တွေ့နေရသည့်အရာများသည် မပြီးသေးပါချေ။
သက်လတ်ပိုင်းတောက်ကျန့်၏ အော်ဟစ်သံများအကြားမှ မြင်ကွင်းသည် ပြောင်းလဲသွားပြန်သည်။
ထိုတောက်ကျန့်သည်က အကြိမ်များစွာ သီးခြားနေထိုင်၍ လေ့ကျင့်ခဲ့သော်လည်း ‘ရွှမ်အဆင့်’၏ ငါးဆင့်မြောက်အား မကျော်ဖြတ်နိုင်သေးပေ။
နောက်ဆုံးတွင်တော့ သူသည်က မျက်နှာဖုံးတပ်ထားသော ပြင်ပအဖွဲ့အစည်းမှ လူများ၏ ဆွဲဆောင်ခြင်းခံလိုက်ရပြီးနောက် အနီရင့်ရောင် ဆေးတစ်လုံးအား သောက်သုံးခဲ့သည်။
ထိုဆေးလုံးအား သောက်ပြီးနောက် သူတစ်ကြိမ်တည်းဖြင့် အဆင့်တက်နိုင်သွားခဲ့သည်။
ဆေးလုံး၏ စွမ်းအင်ကို အရသာခံမိပြီးနောက် သူ့ရင်ထဲမှ မကောင်းသည့် အတွေးအကြံများသည်လည်း အထိန်းအချုပ်မရှိတော့ပေ။
နောက်ထပ်မြင်လိုက်ရသော မြင်ကွင်းသည်က ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှလူများအား ဒေါသထွက်စေကာ လက်သီးပင် ကျစ်ကျစ်ပါအောင် ဆုတ်ထားမိကြပြီး ချန်ချင်းဂိုဏ်းသားများမှာလည်း ပြောစရာစကားများပင် ဆွံ့အနေခဲ့ကြသည်။
ဆေးလုံးအား မည်ကဲ့သို့သော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်းကို သူတို့အားလုံး ခန့်မှန်းနိုင်ကြသော်လည်း မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်အချိန်တွင် အံ့အားသင့်မိဆဲဖြစ်သည်။
တောင်ပိုင်းဒေသ လူကုန်ကူးမှုကြီးတွင် ပါဝင်ပတ်သတ်နေသော လူများက အဖမ်းဆီးခံထားရသည့် အမျိုးသား၊ အမျိုးသမီးများထဲမှ အသက်အရွယ်ကြီးသည်၊ ငယ်သည် မခွဲခြားဘဲ ဝိဉာဉ်စွမ်းအင်ရှိသော၊ ထူးခြားသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံအား ပိုင်ဆိုင်ထားသော လူများအား သီးသန့်ရွေးချယ်ထားခဲ့သည်။
ထို့နောက် ထိုလူများအား ပြင်းထန်သော ဖိအားကိုအသုံးပြု၍ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်စေကာ နာနာကျင်ကျင် သေဆုံးစေခဲ့ပြီးနောက် ထိုလူများ၏ စွမ်းအင်၊ ဝိဉာဉ်နှင့် သွေးတို့အား ရောနှော၍ ဖိချေပစ်ခဲ့သည်။
နောက်ဆုံးတွင်တော့ ထိုဆေးလုံးငယ်လေး ရရှိလာခဲ့သည်။
အသတ်ခံရသူများတွင် အင်မတန် ငယ်ရွယ်သေးသော ကလေးသူငယ်များ၊ အရွယ်ရောက်ခါစ မိန်းမပျို၊ လူပျိုလေးများလည်း ပါဝင်ကြသည်။
မကောင်းမှုလမ်းစဉ်အား ကျင့်သုံးသည့် တောက်ကျန့်များ၏ မျက်လုံးထဲတွင်တော့ ကလေးသူငယ်များနှင့် အပျို၊လူပျိုလေးများသည် အရည်အသွေးမြင့် ‘ဆေးဝါးကုန်ကြမ်း’များသာလျှင် ဖြစ်ခဲ့သည်။
ဤသက်လတ်ပိုင်းအရွယ် တောက်ကျန့်မှာလည်း ကနဦးတွင် တွေဝေနေခဲ့ရမှာမှ နောက်ဆုံးတွင်တော့ မက်မက်မောမော အသုံးပြုလာခဲ့သည်။
သူသည်က ‘ပါဝင်ပစ္စည်းများ’အား ရွေးချယ်ပေးခဲ့ရုံသာမက ‘ကုန်ပစ္စည်းထုတ်လုပ်ခြင်း’မှာပင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့သည်။
ထို့အပြင် တောင်ပိုင်းဒေသမှ တောက်ဓမ္မဂိုဏ်းဌာနတွင်လည်း ထိုဂိုဏ်းခွဲအတွက် ဖုံးဖိကာကွယ်ပေးခဲ့သည်။
သူ၏ မှတ်ဉာဏ်တစ်ခုတည်းမှပင် သိနိုင်သည်မှာ ချန်ချင်းဂိုဏ်းတွင် သူတို့ဖမ်းမိထားသော သူလျှို ၄ဦးသာမက၊ သူလျှိုအမြောက်အမြား ကျန်ရစ်နေသေးသည်။
ဖန်းချန်းမှ ထျန်ယွင်ကျေးရွာ၏ သဲလွန်စသည်လည်း ချန်ချင်းဂိုဏ်းထံသို့ တစ်ဖက်အဖွဲ့သားများမှ ‘မျှားခေါ်ရန်’ တမင်ချကြွေးခဲ့သည့် ‘ငါးစာ’တစ်ခုသာလျှင် ဖြစ်ပေဒ။
ထို့အပြင် သူ၏ မှတ်ဉာဏ်အတွင်းမှ မျက်နှာဖုံးတပ်ထားသောသူမှ ဆက်တိုက်ပြောဆိုနေခဲ့သည်မှာ မည်သို့သော နည်းလမ်းကိုဖြစ်စေ အသုံးပြု၍ ယန်ချန်အား အပါခေါ်ဆောင်လာရန်ဖြစ်သည်။
ယန်ချန်အား ဖန်းချန်းသို့ ခေါ်ဆောင်ကာ အသိစိတ်လွတ်စေပြီး ရက်စက်သည့်မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲနိုင်ရန်မှာ ဤခရီးတစ်ခုလုံး၏ အဓိကရည်ရွယ်ချက်ပင်ဖြစ်ပေသည်။
ထိုလူက ယန်ချန်ပြန်ပေးဆွဲခံရခြင်းအား အစပျိုးပေးခဲ့သူဖြစ်နေခဲ့သည်။
အဖွဲ့အား ဦးဆောင်မည့် ချန်ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်က ခေါင်းမာသည်၊ မောက်မာသည်၊ မာနကြီးသည်၊ ထို့အပြင် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ကိုလည်း မျက်မုန်းကျိုးနေသူဖြစ်ကြောင်းကို သူကောင်းကောင်းသိထားသည်။ ဒုဂိုဏ်းချုပ်က ရှေးရိုးဆန်၍ ရှေးမူစွဲနေသူတစ်ဦးလည်းဖြစ်သည်။
‘မကောင်းမှုအား ယူဆောင်လာသူ’ ယန်ချန်အား ငယ်စဉ်ကတည်းက သုတ်သင်ရန် အပြင်းအထန်တောင်းဆိုခဲ့သူများမှ တစ်ဦးလည်းဖြစ်ပေသည်။
ရှီမိသားစုနှင့် ယိယွမ်မိသားစုတို့၏ ဆုံးဖြတ်ချက်က ခိုင်မာပြတ်သားသည်။
အစိုးရ၏ သဘာဝလွန်ဝိဉာဉ်ဆိုင်ရာ အထူးအဖွဲ့မှာလည်း ဆုံးဖြတ်ချက်ပြတ်သားသောကြောင့် ထိုလူအိုကြီးများ၏ အမိန့်ကို လွန်ဆန်ကာ ယန်ချန်အား လွှတ်ပေးခဲ့ရသည်။
ထိုကိစ္စဖြင့် ပတ်သတ်၍ သူတို့လုံးဝမကျေနပ်ခဲ့ချေ။
ယခုအချိန် ယန်ချန်အား ‘တစ်ပါးသူလက်ထဲတွင် သတ်ဖြတ်နိုင်မည့်’ အကောင်းဆုံးအခွင့်အရေးပင်။
သက်လတ်ပိုင်းတောက်ကျန့်မှ ပြောလိုက်သည်။
“ယန်ချန်ကိုသာ ဖန်းချန်းကို ခေါ်သွားနိုင်မယ်ဆိုရင် ပထမအချက် ထျန်ယွင်ရွာထဲက မကောင်းဆိုးဝါးဝိဉာဉ်ကို ဖြိုခွဲနိုင်ပြီး ကျွန်တော်တို့ လုပ်ငန်းတွေ ဆက်လုပ်လို့ရမယ်
ဘယ်လိုပဲဖြစ်ဖြစ် သူ့အခြေအနေကိုက ဒီအတိုင်းပဲဖြစ်နေတာကို”
“ဒုတိယအချက်က တောက်ဓမ္မလောကကို တစ်ချိန်လုံး ရင်တမမဖြစ်စေပြီး အရင်ကတည်းက သေသင့်နေတဲ့လူလေ
သူသာ ထျန်ယွင်ရွာထဲမှာ အသိစိတ်လွတ်သွားပြီး မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်သွားမယ်ဆိုရင် ရှစ်ဖူက အဲကောင်လေးကို ရွာထဲမှာတင် သုတ်သင်ပိုင်ခွင့်ရှိတယ်
ဘယ်လိုအဆင့်က လူဖြစ်ဖြစ် ဘာမှ လာပြီး တားမြစ်လို့မရ၊ အပြစ်တင်လို့လည်း မရတော့ဘူးလေ”
“ဒါဆိုရင် ကျွန်တော်တို့က ထျန်ယွင်ရွာက ပြဿနာကိုလည်း ရှင်းနိုင်မယ် ဒီနိမိတ်ဆိုးကောင်ကိုလည်း ရှင်းပြီးသားဖြစ်သွားမယ်၊ တစ်ချက်ခုတ် နှစ်ချက်မပြတ်ဘူးလား?”
မူလကတည်းက ထိုအတွေးကို တွေးနေမိသော ဒုဂိုဏ်းချုပ်သည်လည်း သူ့လက်အောက်ငယ်သားက သူ့အား မကောင်းကြံလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့ကြောင့် ထိုအကြံအား လက်ခံခဲ့သည်။
သူက ယန်မိသားစုအိမ်သို့ သွားရောက်၍ ယန်ချန်အား ပြန်ပေးဆွဲလာခဲ့သည်။
ထိုလုပ်ရပ်ကြောင့်ပင် လူအများဒုက္ခကြုံတွေ့ခဲ့ရခြင်းပင် ဖြစ်ပေသည်။
*