အခန်း (၃၉၃)
Vol. 40 Ch. 393
(393)
သက်လတ်ပိုင်းတောက်ကျန့်၏ တစ်ကိုယ်လုံးတွင် ဝန်းရံနေသော သွေးကြွေးများကြောင့် ကုကျစ်စုန့် ဓားကို ဆွဲထုတ်ခဲ့ရခြင်းပင် ဖြစ်သည်။
သူမအနေဖြင့် ‘စိတ်ဝိဉာဉ်ရှာဖွေခံနေရသော ဝိဉာဉ်’အား ထိန်းချုပ်ထားခြင်းဖြစ်သောကြောင့် ထိုလူ၏ မှတ်ဉာဏ်အတွင်းမှ အပြစ်မဲ့ အမျိုးသား၊ အမျိုးသမီးများ၊ ကလေးငယ်များ၏ နာကျင်စွာ အော်ဟစ်ငိုကြွေးသံများကို အတိုင်းသား ကြားနေခဲ့ရသည်။
သူမ၏ မျက်နှာသည်လည်း တစထက်တစ ပို၍ တင်းမာလာခဲ့ပြီး ဝိဉာဉ်စွမ်းအားသည်လည်း ပို,ပို၍ ပြင်းထန်လာခဲ့သည်။
ဦးခေါင်းအား တင်းတင်းဆွဲညှစ်ခံထားရသည့် တောက်ကျန့်၏ ဝိဉာဉ်မှာလည်း ပုံပျက်ပန်းပျက် ဖြစ်နေပေပြီ။
ထိုဝိဉာဉ်သည်က နောက်ဆုံးတစ်ကြိမ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ကုကျစ်စုန့်လက်ထဲမှာပင် စိစိညက်ညက်ကြေအောင် ဖျစ်ညှစ်ခံလိုက်ရကာ မြေအောက်ကမ္ဘာတွင် ပြာမှုန်များကဲ့သို့ ပြန့်ကြဲသွားခဲ့သည်။
ထိုလူနှင့်ပတ်သတ်၍ နောက်ထပ် မည်သူမျှ စောဒဂမတက်ကြတော့ချေ။
မကောင်းဆိုးဝါးဝိဉာဉ်၏ လက်ထဲတွင် အသက်ဆုံးရှုံးခဲ့ရသော ဝိဉာဉ်ဆိုင်ရာ အထူးဌာနမှ အဖွဲ့သားနှစ်ဦးအပြင် ချန်ချင်းဂိုဏ်းနှင့်အတူ လိုက်ပါလာခဲ့သော အငယ်ဆုံးဂိုဏ်းဝင်တစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်။
မည်သည့်အရာကိုမျှ မသိနားမလည်နိုင်သော ဂိုဏ်းသားတချို့၏ မျက်လုံးများသည် ပြူးကျယ်ကာ မျက်နှာများသည်လည်း ပြာနှမ်းနေခဲ့ကြသည်။
သူတို့တွင် ရုန်းကန်စရာ ခွန်အားလည်း မရှိတော့သည်ကြောင့် မလှုပ်မယှက်ဖြင့် နှုတ်မှသာ တတွတ်တွတ် ရေရွတ်နေခဲ့ကြသည်။
“ဘယ်လိုလုပ်ပြီး… ဘယ်လိုလုပ်ပြီး အခုလို ဖြစ်ရတာလဲ…”
ဝိဉာဉ်ဆိုင်ရာ အထူးဌာနသားများမှာတော့ အံကိုကြိတ်၊ မျက်ရည်ကိုထိန်း၍ အော်ဟစ်လိုက်မိသည်။
“ဒီလိုခွေးမျိုးကတော့ သေကိုသေသင့်တယ်! သူ ဒီလောက် ယုတ်မာရက်စက်တာတွေကို လုပ်ခဲ့တာ သေတာတောင် နည်းသေးတယ်!”
ဝိဉာဉ်ပြာမှုန်အားလုံး လွင့်စင်သွားချိန်တွင် တစ်ချိန်လုံး မျက်နှာသုန်မှုန်ကာ နှုတ်ဆိတ်နေခဲ့သော ချန်ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် စကားစလိုက်သည်။
သူ အလိမ်ခံလိုက်ရကြောင်း သိလိုက်ရချိန်တွင် ကုကျစ်စုန့်လက်ထဲ၌ သေဆုံးခဲ့ရသော သက်လတ်ပိုင်းတောက်ကျန့်နှင့် ပတ်သတ်သမျှအား စိတ်မဝင်စားတော့ချေ။
သူ့အား အသုံးချသည့်အတွက် ထိုလူ သေသင့်သည်ဟုသာ တွေးမိသည်။
ကုကျစ်စုန့်၏ မောက်မာထောင်လွှားသည့်ပုံစံကို ဘဝင်မကျသော်ငြား လက်ရှိအခြေအနေကြောင့် သူ၏ မိုးထိအောင် တက်နေသော မာနကို ‘မချချင်၊ချချင်’ဖြင့် အနည်းငယ်နှိမ့်ချကာ လေသံအေးအေးဖြင့် ပြောဆိုလိုက်သည်။
“မစ်စ်ကု၊ ဒီလူက ဒီလောက်တောင် ယုတ်ညံ့တဲ့အကြံမျိုး ကြံစည်နေတယ်ဆိုတာ ကျုပ်မသိခဲ့ရိုးအမှန်ပါ.
မင်းက ဒီလူသတ်သမား… ဒီယန်ချန်အတွက် ဒေါသထွက်နေတယ်ဆိုတာကို သိပါတယ်
အခု သူလည်း ဘာမှမဖြစ်ဘူးဆိုတော့ ခုနက တိရိစ္ဆာန်ကောင်ကို သတ်ပြီးတဲ့အတွက် ဒေါသဖြေလိုက်ပါတော့”
“ကျန်တဲ့ ကျုပ်တို့အဖွဲ့အားလုံးကလည်း အလိမ်ခံခဲ့ရတာလေ . ဒီတော့ အခု ကျုပ်တို့အားလုံး အဆင်ပြေအောင် မစ်စ်ကုနဲ့ ချန်ချင်းဂိုဏ်းနဲ့ မိတ်ဖွဲ့လိုက်ရအောင်ပါ အတိတ်က အဆင်မပြေခဲ့တာတွေကို ထားခဲ့ကြတာပေါ့”
အမြဲတစေ မုန်တိုင်း၏ ဗဟိုချက်နေရာတွင် ရောက်နေတတ်သော ယန်ချန်သည် မည်သို့သော် စန်းမျိုးရှိသောကြောင့် မြင်လိုက်သမျှ လူတိုင်းသည် သူ့အား သုတ်သင်နိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားအောင် လုပ်နိုင်စွမ်းရှိသည်ကို သူမ မသိပါချေ။
သို့သော် တောက်ဓမ္မဂိုဏ်းများမှ သူမအား အမြဲလိုလို ရန်လို၊ ရန်လုပ်တတ်သည်ကိုတော့ ကုကျစ်စုန့် ကျင့်သားရနေပြီဖြစ်သည်။
ချန်ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်စကားအား နားထောင်ပြီးနောက် သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
နှစ်ပေါင်းမည်မျှပင် ကြာမြင့်ပါစေ၊ ဤ ‘အဆင့်မြင့်ကာ မြင့်မြတ်သော’ ရှေးလူအိုကြီးများသည် တစ်ပုံစံတည်းပင်။
သူတို့သည်က အကူအညီတောင်းနေစဉ်မှာပင် မာန်မာနမလျှော့၊ အပေါ်စီးက ဖြစ်နေတတ်သည်မှာ ထူးခြားသည့်စွမ်းအင်တစ်ခုပင်လား မသိပါချေ။
သူ့စကား၏ အဓိပ္ပာယ်မှာ ‘မင်း ငါ့ကို ကူညီရင် ချန်ချင်းဂိုဏ်းက မင်းကို မျက်နှာသာပေးပြီး အတိတ်က ရန်ညှိုးတွေကို မေ့ပျောက်ပေးမည်’ ဟူ၍ပင်။
ထိုလူသည်က အင်မတန် ယုံကြည်ချက်ပြင်းထန်နေသည်လော၊ တုံးအလွန်းသည်လော သူမ နားမလည်နိုင်ပေ။
ကုကျစ်စုန့်မှ ချန်ချင်းဂိုဏ်းတစ်ခုလုံးအား စိန်မခေါ်ရဲ၊ ရန်မစရဲဟု ထင်နေပုံပေါ်သည်။
သို့သော် ကုကျစ်စုန့်က သူ့စကားအား လက်ခံလိမ့်မည်မဟုတ်ပေ။
သူမ ခပ်ယဲ့ယဲ့ ရယ်လိုက်ပြီးနောက် လက်ကိုယှက်ကာ မည်းနက်သော မျက်ဝန်းအစုံဖြင့် စေ့စေ့ကြည့်လိုက်သည်။
“အတိတ်ကို မေ့ပစ်ရမယ်? ဒီက ဒုဂိုဏ်းချုပ်က ကျွန်မကို အဲဒီလိုစကားမျိုးပြောရအောင် ဘာတွေများ ပြည့်စုံနေလို့လဲ?”
“ရှင်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးတွေကြောင့် အန္တရာယ်တွင်းထဲဆွဲခေါ်ခံခဲ့ရတဲ့ ယန်ချန်၊ ရှင်တို့လုပ်ရပ်ကြောင့် အသက်နဲ့ပါ ပေးဆပ်လိုက်ရတဲ့ အခြားအဖွဲ့၊
နောက်ပြီးတော့ လူယုတ်မာတွေရဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့၊ ရှင်တို့ ကာကွယ်ပေးရမဲ့ အပြစ်မဲ့ရွာသားတွေကရော?
‘အတိတ်ကို မေ့လိုက်ရအောင်’ဆိုပြီး ပြောရအောင် ရှင်တို့က ဘာတွေများ အသုံးကျတာ လုပ်ခဲ့လို့လဲ?
ရှင်တို့ အခုချိန်မှာ လုပ်နိုင်တာက ဒူးထောက်၊ နဖူးနဲ့ မြေကြီးထိအောင် ဦးညွှတ်ပြီးတော့ အဲဒီလူတွေဆီကနေ ခွင့်လွှတ်မှုတောင်းခံနေရမှာ”
“ရှင်တို့တွေက တော်တော်ကြီးကို ဘဝင်မြင့်လွန်းတာပဲ!”
သူတို့၏ အရှက်မရှိမှုအား ထုတ်ဖော်ပြောဆိုခံလိုက်ရသောကြောင့် ဒုဂိုဏ်းချုပ်၏ မျက်နှာ နီမြန်းသွားခဲ့သည်။
ယခင်က ရှာဖွေဖော်ထုတ်နိုင်ခဲ့သော သူလျှိုလေးဦးအနက်မှ အငယ်ဆုံးလူသည်က သူကိုယ်တိုင် ငယ်ငယ်ကတည်းက ချန်ချင်းဂိုဏ်းအတွင်းသို့ သက်ရှိကမ္ဘာမှ ခေါ်ဆောင်လာခဲ့သူဖြစ်သည်။
ထိုသူသည်က လွန်ခဲ့သော ဆယ်စုနှစ်ကျော်က သက်ရှိကမ္ဘာတွင် လူအိုကြီး၏ အချစ်ရေးဇာတ်လမ်းအရှုပ်အထွေးများမှ မွေးဖွားလာသူလည်းဖြစ်သည်။
လူအိုကြီး တောင်ပေါ်မှ ထွက်လာချိန်တွင် ချောမောလှပသည့် သာမန်အမျိုးသမီးတစ်ဦးအား တွေ့မြင်လိုက်ရသည်။
တိုင်းပြည်အား စတင်ထူထောင်ကာစ အချိန်ဖြစ်သောကြောင့် လူအိုကြီး၏ စိတ်ထဲတွင် သူကဲ့သို့သော ကျင့်ကြံသူတစ်ဦးက သူမကဲ့သို့ သာမန်အမျိုးသမီးတစ်ဦးအား ချစ်မြတ်နိုးမိသွားခြင်းဆိုသည်မှာ သူမအတွကာ မင်္ဂလာတစ်ပါးဟု သတ်မှတ်သင့်သည်ဟု တွေးခဲ့မိသည်။
ထို့ကြောင့် ဒုဂိုဏ်းချုပ်က ထိုအမျိုးသမီးအား ဇွတ်အတင်းချစ်ရေးဆို၍ အချိန်တိုခန့် ဖိအားပေးကာ နေထိုင်ခဲ့ကြသည်။
အမျိုးသမီး ကိုယ်ဝန်ရှိလာချိန်တွင် သူသည် ဂိုဏ်းမှ အမိန့်အား လက်ခံရရှိခဲ့ပြီးနောက် ထိုအမျိုးသမီးအား တစ်ချက်မျှပင် ပြန်မကြည့်ဘဲ စွန့်ပစ်ခဲ့သည်။
သူထွက်သွားချိန်တွင် အမျိုးသမီး၏ လက်ထဲသို့ ရွှေစ၊ငွေစ အနည်းငယ်ထည့်၍ ‘ကလေးကို ဖျက်ချရန်’စကားတစ်ခွန်းသာ ဆိုပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
ဒုဂိုဏ်းချုပ်၏ မျက်လုံးထဲတွင်တော့ သူမကဲ့သို့သော သာမန်အမျိုးသမီးတစ်ဦးက သူနှင့်အတူ ချန်ချင်းဂိုဏ်းသို့ လိုက်လာရန် အဆင့်မမှီခဲ့ပေ။
သူ လုံးဝ မတွေးခဲ့မိသည့်အချက်မှာ ထိုအချိန်၊ ထိုခေတ်၊ ထိုအခြေအနေမျိုးတွင် ကိုယ်ဝန် ၆လလွယ်ထားရပြီဖြစ်သော အမျိုးသမီးတစ်ယောက်သည် ဖျက်ချရန် အင်မတန်ခက်ခဲလွန်းလှသည်။
ထိုခေတ်အခါက ပတ်ဝန်းကျင်သည်က အတင်းအဖျင်းကို လွန်ကဲစွာ ပြောတတ်ကြသောကြောင့် အိမ်ထောင်မပြုရသေးမှီမှာပင် ကိုယ်ဝန်ရသွားခဲ့သော သူမ၏ ဘဝသည်က ကြင်နာမှုဟူ၍ မရှိ၊ ခက်ခဲကြမ်းတမ်းခဲ့ရသည်။
အတိုပြောရလျှင် ဆယ်စုနှစ်အနည်းငယ်ကြာမြင့်ပြီးနောက် လူငယ်လေးတစ်ဦးက ချန်ချင်းဂိုဏ်းတွင် ခိုလှုံရန် ရောက်ရှိလာခဲ့သည်။
ဒုဂိုဏ်းချုပ်က သူ၏ ဘိုးအေဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အဘွားဖြစ်သူ၏ ဘဝသည်က အင်မတန် ခက်ခဲနာကျင်ခဲ့ရကြောင်းလည်း ပြောဆိုခဲ့သည်။
ထိုလူငယ်လေးက အမှန်တကယ်ပင် သူ၏ မြေးဖြစ်ကြောင်း အတည်ပြုပြီးနောက် ဒုဂိုဏ်းချုပ်က သူ့အား ဂိုဏ်းထဲသို့ သွင်း၍ တောက်ဓမ္မပညာများ သင်ကြားပေးခဲ့သည်။
ထိုတရားမဝင်မြေးလေးသည် အင်မတန် အရည်အချင်းရှိသောကြောင့် ဒုဂိုဏ်းချုပ်ကလည်း သူ့အား အလွန်တန်ဖိုးထားခဲ့သည်။
မည်သူထင်ထားမည်နည်း? ထိုကလေးသည် ဂိုဏ်းအတွင်းသို့ ခိုလှုံရန် လာရောက်စဉ်မှစ၍ သူလျှိုတစ်ဦးသာဖြစ်နေခဲ့သည်။
သူသည်က အမုန်းတရားဖြင့် လာခဲ့ခြင်းပင်။
သူ၏ စွမ်းအင်များ ခပ်မြန်မြန်တိုးတက်လာရခြင်းသည်မှာလည်း သက်လတ်ပိုင်းရွှမ်ရှီကဲ့သို့ပင် လူသားများ၏ သွေး၊ ဝိဉာဉ်၊ ခန္ဓာတို့ဖြင့် ပြုလုပ်ထားသော ဆေးလုံးများ သောက်သုံးခဲ့သောကြောင့်ဖြစ်သည်။
မြေးဖြစ်သူ အဖမ်းဆီးခံလိုက်ရသောကြောင့် ဒုဂိုဏ်းချုပ်လည်း အင်မတန် အရှက်ရကာ ဒေါသထွက်သွားမိသည်။
သူ၏ သွေးဖြစ်သောကြောင့် သူ့ကိုပါ အလှောင်ပြောင်ခံရ၊ အကဲ့ရဲ့ခံရပြီး နာမည်ပျက်ရမည်ကို မလိုလားခဲ့ပေ။
ထို့ကြောင့် မြေးဖြစ်သူအား အပြစ်ဒဏ်ကျခံရမည့်နေရာမှ ဇွတ်အတင်းဆွဲထုတ်လာခဲ့သောကြောင့် သူ၏ မြေးက ကျသင့်ကျထိုက်သော အပြစ်ဒဏ်အား မကျခံရသေးပေ။
အစမှအဆုံးအထိ သူသည် သူ၏ သွေး၊ သူ၏ မျိုးဆက်က အင်မတန် မြင့်မြတ်သောကြောင့် မြေးဖြစ်သူ၏ လုပ်ရပ်များကို ခွင့်ပြုပေးလို့ရသည်ဟု ခံစားနေခဲ့ရသေးသည်။
တစ်ဖက်လူအား ကာကွယ်ပေးနေစဉ် သူ့မြေး၏ လက်ထဲတွင် သေဆုံးခဲ့ရသော သာမန်လူသားများ၏ နာကျင်မှုများ၊ ဝေဒနာများကိုလည်း တစ်ကြိမ်တစ်ခါမျှ ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိပါချေ။
ကုကျစ်စုန့်၏ အေးစက်သော စကားများကို ကြားရပြီးနောက် ချန်ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် အော်ဟစ် ဆူပူလိုက်သည်။
“မင်း! မင်း တော်တော် မိုက်ရိုင်းပါလား? မင်းကများ ငါ့ကို သင်ခန်းစာပေးချင်သေးတယ်?!”
ကုကျစ်စုန့်က သူ့ထက်ပို၍ အားကောင်းသည်ဟု တခါမျှ မတွေးခဲ့ဖူး။
ဤမိန်းမပျိုက မည်မျှပင် တတ်ကျွမ်းပါစေ၊ သူ့ထက်တော့ ပို၍ စွမ်းအားမကြီးနိုင်ပေ။
ယခုလက်ရှိအချိန်တွင် သူ အခြေအနေမဟန်သည်မှာ တစ္ဆေကြီး၏ တိုက်ခိုက်မှုခံရပြီးနောက် သူ၏ စွမ်းအင်များကို အသုံးမပြုနိုင်သောကြောင့်သာဖြစ်သည်။
သူက စွမ်းအားမဲ့နေသောကြောင့်သာလျှင် သရဲပေါင်းရာချီ၏ ကိုက်ဖြတ်ခြင်းခံထားရကာ ပိတ်မိနေခဲ့ခြင်းသာဖြစ်သည်။
ဤအမျိုးသမီးက မြေအောက်ကမ္ဘာမှ တမန်တော်ဖြစ်နေခဲ့သည်။
သူမ သရဲတစ္ဆေများအား ရှောင်ရှားနိုင်ခြင်းမှာလည်း မြေအောက်ကမ္ဘာမှ သရဲများဖြင့် ပနံသင့်ကာ ရင်းနှီးနေသောကြောင့်သာလျှင် ဖြစ်ပေသည်။
သူ့၏စကားမဆုံးမှီမှာပင် ကုကျစ်စုန့်လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။ယခုတစ်ကြိမ်တွင်တော့ ချန်ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်အား တုပ်နှောင်ထားသည့် တစ္ဆေကြိုးများအား ဖြတ်တောက်လိုက်သည်။
တစ်ဖက်လူ မြေပေါ်မှ ပြန်မထနိုင်ခင် သူမ၏ ဝိဉာဉ်စွမ်းအားဖြင့် လူအိုကြီး၏ လည်ပင်းကိုဆွဲကိုင်ကာ လေပေါ်သို့ မြှောက်လိုက်သည်။
*