← Chapters

နေရာတိုင်းမှာ အလောင်းတွေ + မြေအောက်ကမ္ဘာ Cp (1)

Vol. 40 Ch. 395

နေရာတိုင်းမှာ အလောင်းတွေ + မြေအောက်ကမ္ဘာ Cp (1)

Vol. 40 Ch. 395

ကုကျစ်စုန့် ကျန်ရှိနေသော လူများအား မျက်လုံးတစ်ချက်ဝေ့၍ ကြည့်လိုက်သည်။

ထိုအချိန်တွင် ကျန်နေသေးသော ချန်ချင်းဂိုဏ်းမှ တောက်ကျန့်များမှာ ကြောက်ရွံ့ထိတ်လန့်ခြင်းအား ခံစားလိုက်ရသည်။

သူတို့ရှေ့မှ မိန်းမငယ်လေးသည်က စိတ်ထင်ရာစိုင်းတတ်သူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

လုံးဝ ရူးသွပ်နေသူတစ်ဦးပင်!

သူမက သူတို့ဂိုဏ်းကိုလည်း မကြောက်၊ တစ်ဂိုဏ်းလုံးနှင့် တစ်ယောက် ရင်ဆိုင်ရမည်ကိုပင် အမှုမထားဘဲ ယုံကြည်ချက် အပြည့်ပင် ဖြစ်နေသေးသည်။

ထိုအချက်အား ခံစားရပြီးနောက် တောက်ကျန့်များသည်လည်း အရှုံးပေးကာ ခွင့်လွှတ်ပေးရန် အော်ဟစ်တောင်းပန်နေခဲ့ကြသည်။

ကုကျစ်စုန့်က အညှာအတာ ကင်းမဲ့စွာပင် သူတို့ကျုးလွန်ခဲ့သော အပြစ်များအပေါ် အခြေခံ၍ သူတို့၏ ကျင့်ကြံမှုစွမ်းအားများကို နှုတ်ယူပစ်ခဲ့သည်။

အနိမ့်ဆုံးအပြစ်ပေးခံရသူက သူ၏ ကျင့်ကြံမှုမှ အဆင့်၂ဆင့်သာ ဖျက်ဆီးခံလိုက်ရသော်လည်း နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်ခဲ့ရသည်။

သို့သော် အနီးအနားမှ ကျင့်ကြံမှုအားလုံး ဆုံးရှုံးလိုက်ရသူများ၊ ဒန်ထျန်ပါ ဖျက်ဆီးခံလိုက်ရသူများအား ကြည့်လိုက်ပြီးနောက် သူ အနည်းငယ် စိတ်သက်သာရာရသွားခဲ့ရသေးသည်။

သူတို့၏ ကျင့်ကြံမှုများ ဖျက်ဆီးခံရခြင်းဖြင့် အပြစ်ဒဏ်က မပြီးဆုံးသေး။

ကုကျစ်စုန့် သူမအား ပထမဆုံး ခြိမ်းခြောက်ပြောဆိုခဲ့သည့် လူငယ်လေးအား ကြည့်ကာ ပြုံးလိုက်မိသည်။

သူသည်က ကျင့်ကြံမှုအဆင့်ဖျက်ဆီးခံရခြင်းတွင် အဆင့်အနည်းဆုံးလည်းဖြစ်သည်။

သူမ စကားကို တစ်လုံးချင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

“ကျွန်မကလေ… ကျွန်မကို နည်းနည်းလေး ထိခိုက်ထား၊ ပြောဆိုထားရင်ကို လက်စားပြန်ချေတတ်တဲ့ စိတ်ဓာတ်သေးသိမ်တဲ့ လူမျိုးပဲ၊ ဒါပေမဲ့ တစ်ချိန်တည်းမှာ ကျွန်မက သတိကြီးကြီးထားတတ်တဲ့ အားနည်းပြီးနူးညံ့တဲ့ အမျိုးသမီးငယ်လေးလေ”

ဝိဉာဉ်ဆိုင်ရာအထူးဌာနသားများ: “???”

သရဲတစ္ဆေများ: “???”

တောက်ကျန့်များ: “???”

သူမက အားနည်းပြီးနူးညံ့တယ်ပေါ့?!

“ခုနက ဒီကတောက်ကျန့်လေးက သူ သေလို့ သရဲဖြစ်သွားရင်တောင် ကျွန်မကို အလွတ်မပေးဘူးလို့ ပြောလိုက်တယ်၊

ရှင်တို့တွေ အကုန်လုံးလည်း ကျွန်မကို စိတ်ထဲမှာ အငြိုးအတေးတွေ ထားနေကြမှာပဲမလား?”

လူများက စိတ်ထဲတွင် မည်သို့ပင်တွေးသည်ဖြစ်စေ အပြင်ဘကာမှာတော့ ကြောက်လန့်တုန်လှုပ်စွာဖြင့် ခေါင်းကို တွင်တွင်ရမ်းကြသည်။

သူတို့တွင် အငြိုးအတေးထားချင်စိတ်လည်းမရှိပါကြောင်း၊ ဂိုဏ်းသို့ပြန်ရောက်လျှင် ယခုအဖြစ်အပျက်များကိုလည်း ဖုံးကွယ်ပေးထားမည်ဖြစ်ကြောင်း ကတိကဝတ်ပင် ပြုနေခဲ့ကြသည်။

ကုကျစ်စုန့်ကတော့ လေသံတိုးတိုးလေးဖြင့် ထိုလူတွေ၏ အကြောက်အကန်ငြင်းဆိုစကားများကို မကြားရသည့်အလား ဆက်ပြောလာခဲ့သည်။

“ဒီတော့ ကျွန်မကိုယ်ကျွန်မ ကာကွယ်နိုင်ဖို့အတွက်.. တကယ်လို့များ ရှင်တို့တွေ နောက်ထပ်မကောင်းမှုလုပ်တာဖြစ်ဖြစ်၊ ကျွန်မကို မကောင်းကြံတာမျိုးတွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စာချုပ်တစ်ခု ချုပ်ထားချင်တယ်”

ပြောပြောဆိုဆိုပင် သူမက လက်ချောင်းထိပ်ကို ကိုက်ဖောက်၍ သွေးစက်အနည်းငယ် ညှစ်ချလိုက်သည်။

အစီအရင်အသက်ဝင်လာပြီးသည်နှင့် ပဋိညာဉ်စည်းမျဉ်းစည်းကမ်းများအတွင်းမှ အနိမ့်ဆုံးစည်းမျဉ်းက လေထဲတွင်‌ ပေါ်လာခဲ့သည်။

“ကျွန်မ စိတ်သက်သာရာရအောင် ဒါလေးတော့ လက်မှတ်ထိုးပေးကြပါဦးနော်”

တောက်ကျန့်များမှာ ထိုစာချုပ်အား မြင်လိုက်ရသည်နှင့် ဒေါသထောင်းခနဲထွက်သွားကြသည်။

သူမအား အော်ဟစ်ဆဲဆို၍ ‘စုန်းမ’ဟု လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောဆိုချင်စိတ်များ တဖွားဖွားပေါ်လာခဲ့ကြသည်။

ထိုအရာသည်က သခင်နှင့်ကျွန်စာချုပ်ပင် ဖြစ်ပေသည်။ တစ်ဖက်လူ၏ အတွေးများ၊ လှုပ်ရှားမှုများကို ထိန်းချုပ်ထားနိုင်သော မမျှတသည့် စာချုပ်တစ်ခုပင်။

ကုကျစ်စုန့်သာ အလိုရှိပါက သူတို့လုပ်ကိုင်သည့်အရာအားလုံးကို မြင်တွေ့နိုင်သည်။

သူတို့တွင် ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ဟူ၍ မရှိနိုင်တော့ပေ။

ထို့အပြင် သူတို့က ကုကျစ်စုန့်အား မကောင်းကြံစိတ်ရှိလျှင်၊ သူမကို သတ်ဖြတ်ရန် ကြံစည်ခဲ့လျှင် သူမက ကြိုတင်၍ သိရှိထားနိုင်သည်။

သူမ သတိမထားမိပါကလည်း ကုကျစ်စုန့်သေဆုံးသည်နှင့် သူတို့လည်း လိုက်ပါသေဆုံးရမည်ဖြစ်သည်။

မည်သူမျှ တစ်သက်လုံး ကျေးကျွန်တစ်ယောက်အဖြစ် မနေထိုင်ချင်သကဲ့သို့ အသက်အန္တရာယ်အတွက် နေ့နေ့ညည စိုးရိမ်ပူပန်မနေချင်ကြပေ။

ထို့ကြောင့် သူတို့အားလုံး စာချုပ်တွင် လက်မှတ်မထိုးချင်ကြ။

သို့သော် လက်မှတ်မထိုးပါကလည်း နောက်တစ်ရက်နေထွက်သည်ကို မြင်တွေ့နိုင်မည်ဟု အာမ,မခံနိုင်တော့ပေ။

ဆုတ်လည်းဆူး၊ စားလည်းရူးမည့် အခြေအနေမျိုးကြောင့် သူတို့တွင် လက်မှတ်ထိုးရုံမှအပ ရွေးချယ်စရာမရှိခဲ့ကြတော့ချေ။

စာချုပ်အောင်မြင်သွားပြီးနောက် တောက်ကျန့်အများစု၏ မျက်နှာများက တိမ်အည်များဖုံးလွှမ်းနေသကဲ့သို့ မည်းမှောင်နေခဲ့ကြသည်။

ကုကျစ်စုန့် စိတ်ချမ်းသာစွာ ပြောလိုက်သည်။

“ရှင်တို့ရဲ့ ကျင့်ကြံမှုက ကျွန်မထက် အဆင့်မြင့်သွားရင် ဒီစာချုပ်ကို ဖယ်ပစ်လိုက်လို့ ရပါတယ်”

သူတို့ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ၊ သူမကတော့ ပျော်ရွှင်နေခဲ့သည်။ဤတောက်ကျန့်များ ကပ်ဆိုးကို ဖြတ်ကျော်ရမည့်အဆင့်အထိ ရောက်ရှိလာသည့်အချိန်တွင် သူမသည်လည်း ‌နောက်ဆုံးအဆင့်ကို အောင်မြင်နေပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း သေချာပေါက်သိထားသောကြောင့် ယုံကြည်ချက်အပြည့်ရှိနေခဲ့သည်။

ကုကျစ်စုန့်သည်က ယခင်ကတည်းက လူကောင်းတစ်ယောက်မဟုတ်ခဲ့ပေ။

သူမက ဤစာချုပ်၏ အဖြေအား တာဝန်အရသာ ပြောပြခဲ့ခြင်းဖြစ်ပြီး ဤလူများတွင်တော့ အောင်မြင်နိုင်သည့် အခွင့်အရေး လုံးဝမရှိနိုင်ပေ။

ဤလူများအတွင်းမှ တစ်ဦးက ရုတ်တရက် ကောင်းကင်ဘုံ၏ ရွေးချယ်ခြင်းကိုခံရကာ အထက်သို့ တက်လှမ်းနိုင်မည်ဆိုလျှင်ပင် ထိုလူမအောင်မြင်မီ သူမ၏လက်ဖြင့် ရအောင် သုတ်သင်ရှင်းလင်းလိုက်မည်ဖြစ်သည်။

သူမအား ခြိမ်းခြောက်လာမည့် မည်သို့အရာမျိုးကိုမှ အလွတ်ပေးလိမ့်မည်မဟုတ်ပေ။

မျက်နှာဖြူဆုတ်နေသည့် တောက်ကျန့်များကို ကြည့်ကာ သူမ ဆက်ပြောလိုက်သည်။

“ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအကုန်လုံးကို ရှင်တို့တွေ ကျွန်မအတွက်နဲ့ ဖုံးထားပေးစရာမလိုပါဘူး ၊ ဂိုဏ်းတွေကို ဖြစ်ခဲ့သမျှ အကုန်ပြောပြလိုက်လို့လည်း ကိစ္စမရှိဘူး”

အံ့အားသင့်နေသော တောက်ကျန့်များအား ကြည့်၍ သူမ ပြောလိုက်သည်။

“ရှင်တို့ရဲ့ ဂိုဏ်းကို ကျွန်မဆီက စကားပါးပေးပါ.. အိမ်ရှေ့က နှင်းထုကို ကြိုတင်ရှင်းလင်းထားပြီး ရှင်တို့တွေရဲ့ လက်တွေကို တခြားမှာပဲ နေရာလွှဲထားလိုက်ကြပါလို့”

“မဟုတ်ရင်တော့ တခြားလူတွေ ဝင်ပါလာပြီး ရှင်တို့ရဲ့ အိမ်တံခါးကို သန့်ရှင်းရေးလာလုပ်ပေးတဲ့အချိန်မှ အပြစ်မတင်ကြနဲ့ လို့”

“သေချာတာပေါ့၊ ရှင်တို့ရော အခြားတောက်ကျန့်တွေထဲကရော ဒီနေ့ဖြစ်ခဲ့တာတွေ ဒါမှမဟုတ် ကျွန်မနဲ့ ပတ်သတ်ပြီး မကျေနပ်တာတစ်ခုခုရှိခဲ့ရင် အချိန်မရွေး လာခဲ့လို့ရပါတယ်”

သူမဒစကားအား နားထောင်နေရင်းပင် ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ အဖွဲ့ဝင်များလည်း ထိတ်လန့်တုန်လှုပ်သွားမိကြသည်။

သူမ၏ စကားအဓိပ္ပာယ်မှာ တောက်ဓမ္မဂိုဏ်းများအားလုံးကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းပင် မဟုတ်ပါလော?

သို့သော် သေသေချာချာပြန်၍ စဉ်းစားကြည့်လိုက်ချိန်တွင် အဆင့်(၁)ဂိုဏ်း၏ ဒုဂိုဏ်းချုပ်ကိုယ်တိုင်ပင် သူမလက်ထဲတွင် အလွယ်တကူ ရှုံးနှိမ့်ခဲ့ရသည်။

ကုကျစ်စုန့် ပညာမာန မောက်မာသည်မှာ ဖြစ်သင့်သောအရာတစ်ခုပင်။

“ဪ ပြီးတော့ ရှင်တို့ရဲ့ဗိုက်ထဲက ကလေးနဲ့ သန္ဓေသားသရဲက အကောင်အထည်တောင် ဖြစ်နေပြီနော်.. မြန်မြန်လေး ပြန်ပြီး စီနီယာတွေကို အကူအညီတောင်းပြီး ဖယ်ခိုင်းလိုက်ကြပါဦး

ဒီ ကိုယ်ချင်းစာစိတ်မရှိတဲ့ လူအိုကြီးရောပဲ”

“မဟုတ်ရင် အသက်အန္တရာယ်ရှိနိုင်တယ်”

သစ်ပင်အိုကြီးအလား အိုမင်းရင့်ရော်နေသည့် ဒုဂိုဏ်းချုပ်၏ မျက်ဝန်းများထဲတွင် အမုန်းတရားများသာ ပြည့်နှက်နေသောကြောင့် ကုကျစ်စုန့် သတိပေးလိုက်သည်။

“ရှင်ရဲ့ ကျင့်ကြံခြင်းတွေ မရှိတော့ပေမဲ့ ရှင့်မှာ နှစ်တွေအများကြီးလေ့ကျင့်ထားတဲ့ ခန္ဓာကိုယ်နဲ့ သက်တမ်းနည်းနည်းတော့ ရှိနေသေးတယ်”

“ဒါပေမယ့် ဗိုက်ထဲက သန္ဓေသားသရဲလေးက ဝါးမျိုစရာ ဝိဉာဉ်စွမ်းအင်မရှိတော့ဘူးဆိုရင် အဲဒီကျန်နေသေးတဲ့ သက်တမ်းကိုပါ စားပစ်လိမ့်မယ်”

“တကယ်လို့ ရှင်သာ ဂိုဏ်းကို ပြန်မရောက်လိုက်နိုင်ဘဲ သန္ဓေသားသရဲစားတာ ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ၊ ဒါဆိုရင်တော့ ကံဆိုးတာပဲ”

ချန်ချင်းဂိုဏ်းမှ တောက်ကျန့်များက တစ်ယောက်ကိုတစ်ယောက်တွဲကာ မြေအောက်ကမ္ဘာမှ တရွေ့ရွေ့ ထွက်ခွာသွားချိန်မှသာလျှင် ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ အဖွဲ့သားများလည်း အသိစိတ်ပြန်ကပ်လာခဲ့ကြသည်။

သူတို့အနေဖြင့် ကုကျစ်စုန့် မျက်မုန်းကျိုးသည့် တစ်ဖက်မှ မဟုတ်သောကြောင့် ဝမ်းသာနေမိကာ သက်ပြင်းအကြိမ်ကြိမ်ချမိကြပြန်သည်။

သူမမှလွဲ၍ ဂုဏ်မောက်သော ချန်ချင်းဂိုဏ်းအား ဤမျှ အရှက်ကွဲ၊မျက်နှာပျက်အောင် လုပ်နိုင်သည့်လူမရှိခဲ့ဖူးပေ။

အနည်းငယ်စဉ်းစားမိပြီးနောက် ယခုကိစ္စများအား လူသိရှင်ကြားဖြစ်သွားသည့်အချိန်တွင် နိုင်ငံ၏ သဘာဝလွန်အသိုင်းအဝိုင်းတွင်လည်း မုန်တိုင်းကြီးကြီး ဖြစ်ပေါ်လာလိမ့်မည်အား ကြိုတင်ခန့်မှန်း၍ ရနိုင်သည်။

ကုကျစုန့် ဗိုက်များ ဖောင်းကားနေသည့် ဝိဉာဉ်ဆိုင်ရာအထူးဌာနအဖွဲ့ဝင်များအားလုံးကို ရှေ့တိုသို့လာရန် အချက်ပြလိုက်သည်။

“ရှင်တို့တွေရဲ့ ဗိုက်ထဲက မကောင်းဆိုးဝါးသန္ဓေသားကို ဖယ်ပေးမယ်၊ ဒါက နည်းနည်းတော့ နာမှာဖြစ်လို့ သည်းခံပေးကြပါဦး”

စကားဆုံးသည်နှင့် သူမက လက်ချောင်းနှစ်ချောင်းအား ပူးယှက်ကာ ဓားပုံစံ အသွင်ဖော်လိုက်ပြီးနောက် လက်ကိုမြှောက်၍ အဖွဲ့ဝင်များ၏ သွေးနှင့် စွမ်းအင် စီးဆင်းရာ သွေးကြောမှတ်များအား ပိတ်ဆို့ပစ်လိုက်သည်။

ထို့နောက် အဖွဲ့ဝင်များထဲမှ တစ်ဦး၏ ဝမ်းဗိုက်ပေါ်သို့ သူမ လက်ဖဝါးတင်ထးလိုက်သည်။

သူမ၏ လက်ဖြင့် ထိလိုက်သည်နှင့် စေးထိုင်းသော တစ္ဆေစွမ်းအင်များက ထိုလူငယ်လေး၏ အသွေးအသားမှ စိမ့်၍ ထွက်လာခဲ့သည်။

သက်ရှိလူတစ်ဦး၏ ဝမ်းဗိုက်ထဲတွင် နေရာယူထားသော တစ္ဆေသန္ဓေသားသည်က သူ၏ ‘စားနပ်ရိက္ခာများ’ ပိတ်ဆို့ခံလိုက်ရပြီး သွေးစုတ်၍ မရနိုင်တော့သောကြောင့် နေမထိ၊ထိုင်မသာဖြစ်ကာ သူတွယ်ကပ်နေသော ခန္ဓာကိုယ်၏ ဝမ်းဗိုက်ထဲတွင် လူးလိမ့်နေခဲ့သည်။ဝိဉာဉ်ဆိုင်ရာအထူးဌာနအဖွဲ့သားများသည်‌‌က ခေါင်းညိတ်နိုင်ဆဲဖြစ်သည်။ ကုကျစ်စုန့် သတိပေးထားသကဲ့သို့ ‘နာကျင်ခြင်း’က အနည်းငယ်ခန့်သာ ဖြစ်နိုင်ကြောင်း တွေးနေခဲ့ကြသည်။

မကြာလိုက်၊ ဝမ်းဗိုက်အတွင်းမှ အူများကို ဆွဲလိမ်ခံလိုက်ရသကဲ့သို့ ပြင်းထန်သည့် နာကျင်မှုကြောင့် မူးမေ့လဲမတတ်ပင် ဖြစ်သွားခဲ့ရပြီး ကျောပြင်တွင်လည်း ချွေးစေးများ ရွှဲနစ်နေခဲ့သည်။

တစ္ဆေသန္ဓေသား၏ အငြိမ်မနေနိုင်ခြင်းအား အာရုံခံလိုက်မိပြီးနောက် ကုကျစ်စုန့် လက်ဖဝါးအား ဖိချလိုက်သည်။

ချက်ချင်းပင် တစ်ချိန်လုံး ဖောရောင်နေခဲ့သော ယင်စွမ်းအင်များသည်က ရုတ်တရက် မမြင်နိုင်သော လက်တစ်စုံ၏ ဆွဲကာ ဖိနှိပ်ခြင်းခံလိုက်ရသည့်အလား တဖြည်းဖြည်း ကျုံ့သွားခဲ့သည်။ နောက်ဆုံးတွင်တော့ လက်သီးဆုပ်ခန့်အရွယ်ရှိသည့် နက်ပြာရောင် တစ္ဆေသန္ဓေသားအသွင်ပေါ်လာခဲ့သည်။

All Chapters