← Chapters

နေရာတိုင်းမှာ အလောင်းတွေ + မြေအောက်ကမ္ဘာ Cp (2)

Vol. 40 Ch. 396

နေရာတိုင်းမှာ အလောင်းတွေ + မြေအောက်ကမ္ဘာ Cp (2)

Vol. 40 Ch. 396

တစ္ဆေသန္ဓေသားအများစုက ကုကျစ်စုန့်၏ စွမ်းအားဖြင့် ဖိနှိပ်ခံထားရပြီးနောက် တုန်ရီနေခဲ့ကြပြီး မရုန်းကန်ကြတော့ပေ။

ကုကျစ်စုန့်၏ စွမ်းအားဖြင့် နွေးထွေးသော ‘ကပ်ပါးမိခင်’၏ ဝမ်းဗိုက်အတွင်းမှ ဆွဲထုတ်ခံခဲ့ရသည်။

တချို့သော လက်မလျှော့သည့် တစ္ဆေသန္ဓေသားများသည်က ထွက်မသွားချင်သောကြောင့် အတင်းရုန်းကန်ကာ ကပ်ပါးခန္ဓာကိုယ်၏ နှလုံးအား ဆွဲကိုင်ထားခဲ့ကြသည်။

ထိုကဲ့သို့ ခေါင်းမာသော၊ လူကိုသာ အန္တရာယ်ပြုချင်သော တစ္ဆေသန္ဓေသားများအား နားချရန်ဆိုသည်မှာ အဓိပ္ပာယ်မရှိချေ။

ကုကျစ်စုန့် စွမ်းအားကို တိုးမြှင့်၍ သူတို့၏ တစ္ဆေခန္ဓာကိုယ်အား ဖျက်ဆီးပစ်လိုက်တော့သည်။

ဆယ်မိနစ်အတွင်း ကျိန်စာတိုက်ခံထားရသော ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များ၏ ဝမ်းဗိုက်များအတွင်းတွင် တစ္ဆေသန္ဓေသားများ မရှိကြတော့ပေ။

ကုကျစ်စုန့် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

“တစ္ဆေသန္ဓေသားတွေကိုတော့ ဖြေရှင်းပြီးသွားပြီ.. ဒါပေမယ့် ရှင်တို့ ဆုံးရှုံးလိုက်ရတဲ့ စွမ်းအင်နဲ့ သွေးကတော့ ပြန်မရနိုင်တော့ဘူး..နောက်ပိုင်းမှာလဲ ရှင်တို့က အားနည်းနေလိမ့်မယ်

ယန်မီးတောက်ကလည်း အရင်လောက် အားကောင်းမှာမဟုတ်တော့ဘူး၊ ဒါက ရှင်တို့ကို မကောင်းဆိုးဝါးဝိဉာဉ်တွေ အခွင့်အရေးယူနိုင်ဖို့လည်း လွယ်ကူစေတယ်

ဒီတော့ ကိုယ့်ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်ပေးဖို့ လိုလိမ့်မယ်”

သူတို့၏ ပိန်ပါးနေပြီဖြစ်သော ဝမ်းဗိုက်များကို ထိလိုက်ရင်း ဤရက်များအတွင်း စိတ်ရော၊ ကိုယ်ပါ ညှင်းပန်းနှိပ်စက်ခံခဲ့ရသော အဖွဲ့ဝင်များမှာ လဲကျမတတ်ပင် ဖြစ်သွားခဲ့ရသည်။

သူတို့၏ မျက်ဝန်းများတွင်လည်း မျက်ရည်များဝိုင်းနေခဲ့ကြကာ ကျေးဇူးတင်စကားများကို အဆုံးမသတ်မိုင်ခဲ့ပေ။

သူတို့က ကုကျစ်စုန့်အား ကယ်တင်ရှင်နတ်သမီးတစ်ပါးအလား ကြည့်နေခဲ့မိကြသည်။

အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်ပြီးနောက် သေဆုံးသွားသူများ၏ အလောင်းကိုကောက်ရန် အချိန်ကျလာခဲ့သည်။

အဖွဲ့ဝင်များအတွက် အသက်ပေးသွားခဲ့သော ဝိဉာဉ်ဆိုင်အရာအထူးအဖွဲ့ဝင်ဖြစ်စေ၊ ထျန်ယွင်ကျေးရွာအတွင်းမှ ပျောက်ဆုံးသွားသော ရွာသား ၁၀၀ကျော်ပင်ဖြစ်စေ သူတို့၏ ဝိဉာဉ်များက ပျောက်ဆုံးသွားသော်လည်း ခန္ဓာကိုယ်များသည် တစ်နေရာရာတွင် ကျန်ရှိနေရဦးမည်။

သူတိုအနေဖြင့် သူတို့အား အိမ်ကိုပြန်ပို့ပေးမည့် လူများကို စောင့်ဆိုင်းနေကြဆဲပင်။

ကုကျစ်စုန့် စိတ်ထဲတွင်တော့ ခန့်မှန်းထားမိပြီးဖြစ်ပေသည်။

သူမ၏ လက်နှစ်ဖက်အား ယှက်၍ မှော်လက်နက်ဖြစ်သော အဖြူ၊အနက် ဝေ့ချီကျောက်တုံးငယ်များနှင့် ကျမ်းစာရွက်များအား အသုံးပြုလိုက်ပြီး ဖွဲ့စည်းပုံတစ်ခု ပြင်ဆင်လိုက်သည်။

သူမက အနီးအနားရှိ ယန်ချန်အပါအဝင် သက်ရှိလူများအား ကာကွယ်ပေးနိုင်ကာ ငရဲမှ မကောင်းဆိုးဝါးဝိဉာဉ်များအား ထိန်းချုပ်ထားနိုင်သည့် ကျမ်းစာရွက်များကိုလည်း ပြင်ဆင်လိုက်သည်။

သူတို့ အရှေ့သို့ဆက်လျှောက်လာကြပြီးနောက် အရှေ့မှ ပြိုလဲနေသည့် လမ်းကြောင်းငယ်တစ်ခုကိုတွေ့လို့ရသည်။ ထိုလမ်းက မြေအောက်မှ ငရဲအတွင်းသို့ ညွှန်ပြနေခဲ့လေသည်။

မီးပွားများ၊ မီးတောင်ချော်ရည်များသည်က လှေကားထစ်များပေါ်တွင် စီးဆင်းနေခဲ့ပြီး ပတ်ပတ်လည်တွင်လည်း ချော်ရည်များ ဝိုင်းနေခဲ့သည်။

ဤနေရာက ‘ငရဲ၏ တံခါးဝ’ပင်။

ကုကျစ်စုန့်မျက်နှာက ပုံမှန်အတိုင်းပင် ရှိနေခဲ့သည်။

“အောက်ကိုဆင်းပြီး သွားကြည့်ကြတာပေါ့”

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်များမှာ ငရဲဆယ့်ရှစ်ထပ်နှင့် ထောင်ပေါင်းများစွာသော ငရဲငယ်များ ရှိကြောင်း သိထားကြသော်လည်း သူတို့ကိုယ်တိုင် တနေ့နေ့တွင် ခြေချနိုင်လိမ့်မည်ဟု တွေးမထားခဲ့ဖူးပေ။

ကျောက်တုံးများကိုပင် အရည်ဖျော်နိုင်သည့် ချော်ရည်များကိုကြည့်ကာ တွေဝေနေခဲ့မိကြသည်။

တစ်ဖက်တွင်တော့ တောက်ဓမ္မပညာတွင် အတွေ့အကြုံအနည်းငယ်မျှမရှိသော ယန်ချန်က မျက်တောင်ပင် တစ်ချက်မခတ်ခဲ့ပါချေ။

သူက ကုကျစ်စုန့်ကိုသာ ၁၀၀ရာခိုင်နှုန်းယုံကြည်ထားပြီး ခြေလှမ်းစလှမ်းလိုက်ကာ ကုကျစ်စုန့်၏နောက်မှ ချော်ရည်ငရဲအတွင်းသို့ လိုက်သွားခဲ့သည်။

သူ၏ ခြေထောက်များက ဆူပွက်နေသော ချော်ရည်လှေကားထစ်ပေါ်သို့ ခြေချလိုက်ချိန်တွင် ယန်ချန် အနည်းငယ် အံ့ဩသွားရသည်။

သူ့၏ခြေထောက်အောက်မှ အပူချိန်သည်က ခပ်နွေးနွေးသာဖြစ်ပြီး ပူလောင်ခြင်းအလျဉ်းမရှိပေ။

သူ တစ်ခုခုအား တွေးလိုက်မိပြီးနောက် ခေါင်းကိုလှည့်ကာ နောက်ပြန်ကြည့်လိုက်မိသည်။

ထင်ထားသည့်အတိုင်းပင် သူတို့နောက်မှ ထပ်ချပ်မကွာ လိုက်လာခဲ့ကြသော သရဲတစ္ဆေများက ‘ငရဲတံခါးဝ’ရှေ့တွင်သာ ရပ်ကျန်နေခဲ့ကြပြီး အထဲသို့ ခြေမချရဲကြပေ။

တောက်ပညာမြင့်မားသော သရဲကြီးများသာလျှင် သူတို့ကိုယ်သူတို့ အားကောင်းသော တစ္ဆေစွမ်းအင်ဖြင့် ‘ငရဲဂိတ်တံခါးဝ’မှ ပြင်းထန်အားကောင်းသော မီးတောက်များ၏ အရှိန်အဟုန်မှ လောင်ကျွမ်းမသွားစေအောင် ကာကွယ်နိုင်စွမ်းရှိသည်။

ဤ ‘ငရဲမီး’၏ ဦးတည်ချက်သည်က သက်ရှိလူသားများမဟုတ်။

ဝိဉာဉ်များအတိက်သာဖြစ်သည်။

မကောင်းမှုများစွာ ကျုးလွန်ခဲ့ကြပြီး ဘဝတစ်လျှောက်လုံးတွင် မကောင်းမှုစွမ်းအင်များ၏ ဖုံးလွှမ်းခံထားရသော မိစ္ဆာတစ္ဆေများက ဤငရဲငယ်တွင် အပြစ်ဒဏ်ကျသင့်ရန် အမိန့်ချခံရသည်။မကောင်းဆိုးဝါးတစ္ဆေများ၏ ကျုးလွန်ခဲ့သော အပြစ်ဒဏ်ကြီးမားလေလေ၊ ‘ငရဲမီး’လောင်ကျွမ်းခံရသည့်အချိန်တွင် ပို၍ နာကျင်ခံစားရလေလေဖြစ်သည်။

သူမတို့အဖွဲ့ ငရဲထဲသို့ တဖြည်းဖြည်းလျှောက်လာခဲ့ကြပြီးနောက် ဝိဉာဉ်ကိုယ်အား လောင်ကျွမ်းခံနေရသည့် မကောင်းဆိုးဝါးတစ္ဆေများ၏ အော်ဟစ်သံများကိုကြားလာရသည်။

ထိုအသံတို့က ဦးရည်ပင် ကျိန်းကာ ကြောက်လန့်ဖွယ်ရာကောင်းလွန်းလှသည်။

‘ငရဲဂိတ်တံခါးဝ’အား စောင့်ကြပ်နေသည့် တစ္ဆေက သံခရင်းခွတစ်ချောင်း ကိုင်ဆောင်ထားပြီး အရပ်မှာလည်း ခြောက်ပေကျော်ခန့် မြင့်သည်။ သူ၏ နဖူးတွင်လည်း မျက်လုံးတစ်လုံး ရှိနေပြီး ကုကျစ်စုန့်တို့အဖွဲ့အား မြင်ရပြီးနောက် သူ၏နျက်လုံးသုံးလုံးနှင့် စူးစူးဝါးဝါး စိုက်ကြည့်လာခဲ့သည်။

“မင်းတို့လို သာမန်သက်ရှိတွေက မြေအောက်ကမ္ဘာထဲကို ဘယ်လိုလုပ် ဝင်လာနိုင်တာလဲ?”

ကုကျစ်စုန့်၏ ဝိဉာဉ်က သူမခန္ဓာကိုယ်နှင့် သုံးပေခန့်အကွာသို့ ထွက်လာခဲ့ပြီး ‘မြေအောက်ကမ္ဘာမှ တမန်တော်’ အမှတ်အသားသည်လည်း သူမ၏ နဖူးတွင် အတိုင်းသား ပေါ်နေခဲ့သည်။

တစ္ဆေက ထိုအမှတ်ကို မြင်ရပြီးနောက် မျက်နှာအနည်းငယ် ပြေလျော့သွားခဲ့သည်။ ထို့နောက်‌ မေးခွန်းထုတ်လာခဲ့သည်။

“အိုး တမန်တော်ကိုး.. ဒီငရဲမှာ ဘာကိစ္စများ ရှိလို့ပါလဲ?”

ကုကျစ်စုန့်က ထျန်ယွင်ကျေးရွာမှ လူများ ပျောက်ဆုံးခြင်းကိစ္စအကြောင်း ရှင်းပြလိုက်ပြီးချိန်တွင် မျက်လုံးသုံးလုံးဖြင့် တစ္ဆေ ခေတ္တမျှ စဉ်းစားနေခဲ့သည်။

“ဒီကိစ္စနဲ့ ပတ်သတ်ပြီး ထင်မိတာတော့ ရှိတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အပေါ်က လူတွေ ရုတ်တရက်ကြီး သက်ရှိကမ္ဘာဆီ ဝင်ပေါက်ကို ဖွင့်ပစ်လိုက်တယ်လေ

မြေအောက်ကမ္ဘာမှ အပြစ်ဒဏ်ခံနေတဲ့ သရဲတစ္ဆေတချို့ကလည်း အဲဒါကို အခွင့်အရေးယူပြီး သက်ရှိကမ္ဘာထဲ ထွက်သွားပြီး ပြဿနာတွေ ရှာခဲ့ကြတာ

နောက်တော့ ငရဲပြည်ရဲ့ အလောင်းကန်ထဲကို အလောင်းတွေ အများကြီး ဆွဲလာကြတာ မြင်လိုက်ရတယ်”

“တမန်တော်အနေနဲ့ အဲဒီကို အရင်သွားပြီး ကြည့်လိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်”

နောက်ဆုံးတွင်တော့ ကုကျစ်စုန့်တို့အဖွဲ့က ဝိဉာဉ်ကြိုးများဖြင့် ချည်တုပ်ကာ ဇောက်ထိုးချိတ်ဆွဲထားခံရပြီးနောက် ငရဲမီး၏ လောင်ကျွမ်းခြင်းခံရကာ မည်းနက်၍ ပုံပျက်ပန်းပျက်ဖြစ်နေခဲ့သော သရဲတစ္ဆေများကို ကျော်လွန်လာခဲ့ပြီး မကောင်းဆိုးဝါးတစ္ဆေများ ဆွဲလာခဲ့သော အလောင်းပုံကြီးအနီးသို့ ရောက်လာခဲ့ကြသည်။

ထိုနေရာတွင် ရွာသားများ၏ အ‌လောင်းများက တောင်လိုပုံနေခဲ့သည်။ ကြောက်မက်ဖွယ်ရာ ပြူးကျယ်နေသော မျက်လုံးများ၊ ဝေဒနာခံစားနေရသော မျက်နှာများကြောင့် ဤရွာသူရွာသားများ မသေဆုံးမီက တွေ့ကြုံခဲ့ရသော နာကျင်မှုဝေဒနာများ၏ ပြင်းထန်မှုအား ခန့်မှန်း၍ ရနိုင်သည်။

ထိုမြင်ကွင်းအား မြင်လိုက်ရသော ဝိဉာဉ်ဆိုင်ရာအဖွဲ့သားများမှာ ပြောစရာစကားပင် ဆွံ့အနေခဲ့သည်။

ခေတ္တမျှ ကြာပြီးနောက် သူတို့ တစ်ခွန်းသာ ဆိုနိုင်သည်။

“ဒါက ရက်စက်လွန်းတယ်…”

ယခုအဖြစ်အပျက်သည်က တိုင်းပြည်တည်ထောင်ပြီးချိန်မှစ၍ ယခုအချိန်ထိ အဆိုးရွားဆုံးနှင့် အရက်စက်ဆုံး သဘာဝလွန်ဖြစ်ရပ်များမှ တစ်ခုဖြစ်သည်။

“ရှောင်မိသားစုက လူတွေနဲ့ အလောင်းတွေရောင်းတဲ့လူတွေက အရမ်းကို စက်ဆုတ်စရာကောင်းလွန်းတယ်၊ သူတို့တွေသာ ပူးပေါင်းပြီး အဲဒီကောင်မလေးကို သတ်မပစ်ခဲ့ရင် ဒီရွာသားတွေလည်း သေရမှာမဟုတ်ဘူး!”

ကုကျစ်စုန့်က စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်ပြောသည့်အတိုင်း အလောင်းအား ရောင်းသူနှင့် ဝယ်သူတို့သည်က ထျန်ယွင်ကျေးရွာတစ်ခုလုံးအား သတ်ဖြတ်ရှင်းလင်းပစ်ခဲ့သည့် သမီးကြီး၏ အဖြစ်ဆိုးမှ အဓိကတရားခံများဖြစ်ကြသည်။

သူတို့ရင်ထဲတွင် မကောင်းမှုများရှိနေခဲ့ပြီး ထိုအရာများသည်က တစ်နေ့တစ်ခြား တိုးပွားလာခဲ့ကာ နောက်ဆုံးတွင် ဤကပ်ဆိုးကြီး ပေါ်ပေါက်လာခဲ့ရခြင်းပင်။

သို့သော် ထိုအကောင်းအဆိုးမခွဲခြားနိုင်သော၊ လောဘကြီးသော၊ ရက်စက်သော လူဆိုးများနှင့်ယှဉ်လိုက်ပါက အမှန်တကယ် ငရဲသို့သွား၍ ဇောက်ထိုးချိတ်ဆွဲကာ ငရဲမီးပူလောင်သင့်သည့် လူမှာ ဤအဖြစ်အပျက်များ၏ နောက်မှ ‘တကယ့်ကြိုးကိုင်သူ’ဟုသာ သူမ တွေးမိသည်။

ထိုကြိုးကိုင်သူက လူသားများ၏ မကောင်းသော စိတ်များ၊ အတွေးများအား ပို၍ အားကောင်းလာစေပြီး ပြဿနာတစ်ခုပြီး တစ်ခု ဖြစ်ပေါ်စေသော ‘အနက်ရောင်မြူခိုး’သာလျှင် ဖြစ်ချေသည်။

*

မြေအောက်ကမ္ဘာထဲသို့ ဝင်ရောက်သွားသော ကုကျစ်စုန့်တို့အဖွဲ့က ခပ်မြန်မြန်ပင် ပြန်ထွက်လာခဲ့ကြသည်။

သူတို့ ပြန်မထွက်လာပါက အပြင်မှ ‘ဖွဲ့စည်းပုံ’အား စောင့်ကြပ်ရန် ကျန်ရစ်ခဲ့မည့် အဖွဲ့သားများ စိတ်ပူနေကြပေလိမ့်မည်။

နေ့တစ်ဝက်အတွင်းမှာပင် ကုကျစ်စုန့် မြေအောက်ကမ္ဘာတွင် စွမ်းအားပြနေသော ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စာရေးသားထားသော ပို့စ်များသည် မြေအောက်ကမ္ဘာ၏ အင်တာနက်ကွန်ယက်တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။

သရဲအများစုက သူမ၏ မပြောင်းလဲသော စိတ်ထား၊ ပြင်းထန်သည့် စွမ်းအားတို့အကြောင်းကို ပြောဆိုနေခဲ့ကြသော်လည်း သေဆုံးသည့် အချိန်မကြာသေးသော သရဲငယ်များက ကုကျစ်စုန့်နှင့် ယန်ချန်တို့၏ ဆက်ဆံရေးအကြောင်း အင်မတန် သိချင်နေခဲ့ကြသည်။သူတို့က ‘shipping’ ပညာတွင် တဖက်ကမ်းကျွမ်းကျင်သူများ ဖြစ်ကြပြီးနောက် အင်တာနက်ပေါ်တွင် ကမ္ဘာကြီးအကြောင်း အသစ်အဆန်းများ လေ့လာနေကြသူများ ဖြစ်ကြသည်။

အချိန်ခဏလေးမှာပင် သရဲပရိတ်သတ်များက ယန်ချန်၏ ဓာတ်ပုံအပေါ် အခြေခံ၍ အချစ်ဇာတ်လမ်းများ၊ fan art များ ရေးဆွဲထားကြပြီးဖြစ်သည်။

နောက်ဆုံးတွင်တော့ မြေအောက်ကမ္ဘာမှ ပရိတ်သတ်များမှာ သက်ရှိကမ္ဘာမှ ပရိတ်သတ်များထက် သာလွန်သည့်အရာတစ်ခု ရှိသွားခဲ့သည်။

ယန်ချန်၏ ဖြစ်တည်မှုအား သူတို့သာလျှင် သိကြသည်မဟုတ်ပါလား!

ထို့ကြောင့် ကုကျစ်စုန့် မြေအောက်ကမ္ဘာသို့ ပြန်ရောက်လာချိန်တွင် ချောင်းမြောင်းကြည့်ရှု့နေကြသော သရဲများက လက်ထဲ၌ မြေအောက်ကမ္ဘာဖုန်းများကို ကိုင်ဆောင်ထားကြပြီးနောက် တစုံတရာအား ခိုးကြည့်ကာ ပြုံးစိပြုံးစိ ဖြစ်နေကြသည်အား မြင်တွေ့လိုက်ရသည်။

သူမအား နှစ်ခါကြည့်လိုက်ပြီးနောက် သူမ၏နောက်ကိုလည်း ချောင်းကြည့်နေကြပြန်သည်။

နောက်ဆုံးတွင်တော့ နူးညံ့သိမ်မွေ့ဟန်ပေါ်သည့် သရဲကြီးတစ်ကောင်က ကုကျစ်စုန့်အနီးသို့ ပျံလွင့်လာခဲ့ပြီးနောက် သူကိုယ်တိုင်၏ ဦးခေါင်းအား ‘ဇွက်’ခနဲ ဆွဲဖြုတ်လိုက်သည်။

“တမန်တော်ကု၊ ကျွန်တော့်ကို လက်မှတ်လေး ထိုးပေးလို့ရမလား? ကျွန်တော့်ရဲ့ခေါင်းပေါ်မှာပဲ ထိုးလိုက်ပါ”

ကုကျစ်စုန့်: “…?”

All Chapters