← Chapters

နေရာတိုင်းမှာ အလောင်းတွေ + မြေအောက်ကမ္ဘာ Cp (3)

Vol. 40 Ch. 397

နေရာတိုင်းမှာ အလောင်းတွေ + မြေအောက်ကမ္ဘာ Cp (3)

Vol. 40 Ch. 397

ကုကျစ်စုန့်တစ်ယောက် မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများ၏ ထူးဆန်းသော လက်မှတ်ထိုးခိုင်းခြင်းများအား လိုက်လျောပေးလိုက်ပြီးနောက်တွင် သူမအား ပေးလာသည့် ထူးဆန်းသော လက်ဆောင်များကို ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

သရဲမတစ်ကောင်က သူ၏အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ရင်း ယန်ချန်ကို မကြာခဏ ကြည့်လိုက်ပြီးနောက် မေးခွန်းထုတ်လိုက်သည်။

“မစ်စတာယန်လည်း ကျွန်မကို လက်မှတ်ထိုးပေးလို့ရမလား? တမန်တော်ကုရဲ့ နာမည်ဘေးမှာတင် ထိုးလိုက်လို့ ရပါတယ်”

ထို့နောက်တွင်တော့ ယန်ချန်တစ်ယောက် နူးညံ့သော အသံဖြင့် သရဲမက သူမ၏ ဦးခေါင်းကို ကိုင်ကာ ကုကျစ်စုန့်နှင့် သူ၏ လက်မှတ်နှစ်ခုအကြားတွင် အသည်းပုံလေးတစ်ခု ရေးဆွဲနေသည်ကိုမြင်လိုက်ရသည်။

သူအတွေးလွန်နေစဉ်မှာပင် အမျိုးသမီးသရဲမှ ကုကျစ်စုန့်အား လှမ်းပြောလိုက်သည်အား ကြားလိုက်ရပြန်သည်။

“တမန်တော်ကု၊ ဒီကိုလာတာက သတို့သမီးကို ပြန်လာယူတာမဟုတ်လား? အခု အောင်မြင်သွားပြီးဆိုတော့ ကျွန်မတို့တွေ ကျန်တဲ့ ပွဲအစီအစဉ်တွေ ဆက်လုပ်ကြရအောင်လေ?”

သူမ၏ စကားဆုံးသည်နှင့် ဘေးနားမှ တစ္ဆေများထံမှလည်း ဆူဆူညံညံအသံများ ထွက်လာခဲ့ကြသည်။

“ဟုတ်တာပေါ့၊ တစ္ဆေဘုရင်အတွက် လက်ဆောင်တွေ၊ ပူဇော်ပသပစ္စည်းတွေပေးဖို့ ကျွန်တော်တို့တွေ အကောင်းဆုံး ဖယောင်းတိုင်အနီတွေနဲ့ လက်ဆောင်တွေ ပြင်ဆင်ထားတာ၊ ပြီးတော့ မင်္ဂလာပွဲပစ္စည်းတွေလည်း အကုန် အဆင်သင့်ပါပဲ!”

“အဲဒီအင်္ကျီအနီရောင်နဲ့တစ်ယောက် တမန်တော်ကုကို ကြည့်တဲ့အကြည့်တွေက အခြားလူတွေနဲ့ မတူဘူးနော်”

“အင်တာနက်ပေါ်က သရဲတွေပြောတာတော့ ဒီယန်ချန်က ကျိကျိတက်ချမ်းသာပြီး ရုပ်လည်းချောတယ်တဲ့”

“……”

ကုကျစ်စုန့်: “???”

သူတို့အားလုံးက ရုတ်တရက် သူမနှင့် ယန်ချန်တို့ကို ဘာလို့ချစ်သူတွေလို့ ထင်နေကြတာလဲ။

ကုကျစ်စုန့် သူမ၏ဘေးပတ်လည်မှ အင်မတန်အူမြူးနေကြသော သရဲများကိုကြည့်လိုက်ရင်း ယန်ချန်အား ပြန်ကြည့်လိုက်သည်။

“ဒီသရဲတစ္ဆေတွေက လျှောက်ပြီး ပြောနေကြတာ၊ သူတို့က အဲလိုပဲ ပြဿနာရှာရတာ ကြိုက်တယ်”

ခေတ္တမျှ ကြာပြီးနောက် ကုကျစ်စုန့်လည်း ဆူညံနေသည့် သရဲတစ္ဆေများကို အသံတိတ်ခိုင်းလိုက်ပြီး ယနေ့အဖြစ်အပျက်များအား ယမမင်းထံသို့ တင်ပြရန် ပြောဆိုရန်အတွက် ခေါင်းလှည့်လာချိန်တွင် ယန်ချန်က မျက်လွှာချလိုက်ပြီး တီးတိုးလေး ပြောလိုက်လေ၏။

“ကိုယ်က … ကိစ္စမရှိပါဘူး”

•

ညဉ့်လယ်ခေါင်မှ နောက်တစ်နေ့ မနက်ပိုင်းအထိ ထျန်ယွင်ရွာအနီးတွင် စောင့်ဆိုင်းနေခဲ့ကြသော ဝိဉာဉ်ဆိုင်ရာအဖွဲ့သားများမှာ အနည်းငယ်ပင်ပန်းနွမ်းနယ်နေကြပြီး စိတ်ပူနေကြသော်လည်း သတိကို မလျှော့ရဲကြပါချေ။

မနက် ၃နာရီခန့်တွင်တော့ သူတို့၏ခြေဖဝါးအောက်မှ မြေကြီးက တုန်ယင်သွားခဲ့ပြီးနောက် ရွာတစ်ရွာလုံး လွှမ်းခြုံထားသည့် ယင်စွမ်းအင်များလည်း တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။

ပျောက်ဆုံးနေခဲ့သော ရွာကြီးသည်လည်း မကြာခင် သူတို့၏ မျက်လုံးရှေ့တွင် ပေါ်လာခဲ့လေသည်။

သိပ်မကြာလိုက်ပါချေ။ ရွာထဲမှ မကောင်းဆိုးဝါးဝိဉာဉ်များ ထွက်လာခဲ့ကြသည်။

သို့သော် သူတို့က ရွာအဝင်ဂိတ်တံခါးဝမှ မထွက်နိုင်ခင်မှာပင် ကုကျစ်စုန့် ကြိုတင်ပြင်ဆင်ထားခဲ့သော တစ္ဆေသတ်ဖြတ်ခြင်းဖွဲ့စည်းပုံသည် မကောင်းဆိုးဝါးဝိဉာဉ်များအား ချက်ချင်း သုတ်သင်ပစ်လိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက်တွင်တော့ ရှုံ့မဲ့နေသောမျက်နှာများဖြင့် တောက်ကျန့်များက တစ်ယောက်ကို တစ်ယောက် တွဲထားခဲ့ကာ ရွာထဲမှ ထွက်လာခဲ့ကြသည်။

သူတို့သည်က ချန်ချင်းဂိုဏ်းမှ တောက်ကျန့်များပင်။

ပို၍ ထူးဆန်းသော အရာမှာ ထိုတောက်ကျန့်များ၏ ဝမ်းဗိုက်များသည်က ကိုယ်ဝန်သည်များကဲ့သို့ ဖောင်းကားနေခဲ့ကြသည်။

သူတို့ထဲတွင် ရွာထဲသို့ မောက်မာထောင်လွှားစွာ ဝင်သွားခဲ့သော ချန်ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်က ယခုအချိန်တွင်တော့ လုံးဝပြောင်းလဲနေခဲ့ပြီး အသက်မဲ့နေသကဲ့သို့ အားအင်လျော့နည်းနေခဲ့သည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များသည်လည်း စိတ်ပူပန်စွာဖြင့် ကုကျစ်စုန့်နှင့်အခြားအဖွဲ့ဝင်များအကြောင်း၊ သူတို့အဘယ်ကြောင့် ထွက်မလာရသေးကြောင်း မဝံ့မရဲမေးခဲ့ကြသည်။

ချန်ချင်းဂိုဏ်းမှ လူများ၏ မျက်နှာသည် ပို၍ ရှုံံ့တွသွားကြပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ဖြေခဲ့လေသည်။

“စိတ်ပူမနေနဲ့၊ သူတို့တွေ ဘာမှ မဖြစ်ဘူး!”

ထို့နောက် စကားတစ်ခွန်းမှ ဆက်မပြောဘဲ ထွက်ခွာသွားခဲ့ကြသည်။

သူတို့အားလုံး တစ်နာရီကျော် ဆက်လက်စောင့်ဆိုင်းနေခဲ့ကြပြီး မနက်အာရုဏ်တက်ချိန်နီးသည်ထိ ရွာအတွင်းမှ လှုပ်ရှားမှု မတွေ့ရပေ။

စိတ်ပူနေသော အဖွဲ့ဝင်များက ထျန်ယွင်ကျေးရွာအတွင်းသို့ ဝင်ရောက်ရှာဖွေရန် ပြင်ဆင်နေကြချိန်မှာပင် သူတို့ခြေဖဝါးအောက်မှ ပထဝီမြေကြီးက နောက်တစ်ကြိမ် ထပ်မံလှုပ်ခတ်သွားပြန်သည်။

ယခုတစ်ကြိမ် လှုပ်ရှားမှုက လွန်ခဲ့သော နှစ်နာရီခန့်က ယင်စွမ်းအင်များ ပျောက်ဆုံးသွားသည့်အကြိမ်ထက် ပို၍ ပြင်းထန်ပြီး ငလျင်လှုပ်သည့်အလား ဆင်တူသောကြောင့် သူတို့ ပို၍ စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။

ကောင်းကင်က နေရောင်အစပျိုးကာစအချိန်ဖြစ်ပြီး အရှေ့မှ ခရမ်းရောင်လေထု လွင့်လာပေပြီ။ရွာထဲသို့ ပြေးဝင်သွားသော အဖွဲ့ဝင်များမှာ နက်ပြာရောင်ကောင်းကင်၏ အလင်းရောင်ကို အားပြု၍ ရွာအတွင်းသို့ လှမ်းကြည့်လိုက်ကြလေသည်။

ထို့နောက်တွင်တော့ သူတို့မျက်စိရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် စကားများ ဆွံ့အသွားခဲ့ပြီး ကျောရိုးတစ်လျှောက်လုံး စိမ့်သွားခဲ့ရသည်။

ရွာအလယ်မှ မြေကြီးက အက်ကွဲနေခဲ့ပြီး ရွာလယ်လမ်းမကြီးအား ခွဲထုတ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။

အကျယ်ဆုံးနေရာက မီတာဝက်ခန့်ရှိပြီး အကျဉ်းဆုံးနေရာမှာ ၂၀၊၃၀စင်တီမီတာခန့်သာရှိသည်။ ငလျင်ကြီးလှုပ်ပြီး ကျန်ရစ်သည့် အက်ကွဲကြောင်းများဖြင့် အသွင်တူလှသည်။

ယင်စွမ်းအင်၏ တိုက်စားခြင်းခံထားရပြီး အရိုးအသားခန့်သာ ကျန်သည်အထိ ပုတ်သိုးနေပြီဖြစ်သော အလောင်းများက ထိုအက်ကွဲကြောင်းများအတွင်းမှ ထွက်ပေါ်လာခဲ့လေသည်။

အရေအတွက် တစ်ရာကျော်သည့် အလောင်းများသည်က ပြန့်ကျဲသည့် နေရာတွင် ပြန့်ကြဲ၊ စုပုံသည့်နေရာတွင်လည်း စုပုံနေခဲ့သည်မှာ ကမ္ဘာပေါ်တွင် ငရဲအား မျက်ဝါးထင်ထင် မြင်တွေ့နေရသကဲ့သို့ပင်။

“ဒါ… ဒါကြီးက ဘာတွေလဲ?!”

“ကုတောက်ကျန့်ပဲ! သူတို့တွေ အကုန်ပြန်လာကြပြီ!”

မျက်စိလျှင်သည့် အဖွဲ့သားတစ်ဦး၏ အသံကြောင့် လူတိုင်းက မြေပေါ်တွင် ပုံနေသော အလောင်းပုံကြီးထံမှ အာရုံလွှဲလိုက်နိုင်ပြီး မလှမ်းမကမ်းတွင် ကုကျစ်စုန့်နှင့် အဖွဲ့ဝင်များအား မြင်တွေ့လိုက်ရသည်။

ဖြစ်စဉ်မှာ ကုကျစ်စုန့်က နေထွက်လာတော့မည့်အချိန်၊ ရုတ်တရက်ရောက်ရှိလာသော ခရမ်းရောင်လေထုအား အသုံးချ၍ ယင်နှင့်ယန်အား ခေတ္တပြောင်းလဲနိုင်သည့် ဖွဲ့စည်းပုံတစ်ခု စီရင်လိုက်ခြင်းပင်။

ထို့နောက် မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများအား ရွာသားများ၏ အလောင်းများကို သယ်ဆောင်ကာ မြေပေါ်သို့ ပို့ခိုင်းခဲ့ခြင်းသာဖြစ်သည်။

သရဲတစ္ဆေရာပေါင်းများစွာက အလောင်းများအား သယ်ဆောင်လာခြင်းကြောင့် ဆူညံသံနှင့် မြေကြီးအက်ကွဲခြင်းတို့ ဖြစ်ပေါ်လာရခြင်းပင်။

နှစ်ဖွဲ့ဆုံတွေ့ပြီးနောက် ဝိဉာဉ်ဆိုင်ရာ အထူးအဖွဲ့ဝင်များ၏ ပြန်ပြောစကားအရ မြေပေါ်တွင် ကျန်ရစ်ခဲ့သည့် အဖွဲ့သားများမှာ ဤထျန်ယွင်ကျေးရွာခရီးက မည်မျှ ခက်ခဲကြမ်းတမ်းကြောင်းကို သဘောပေါက်သွားခဲ့ရသည်။

ချန်ချင်းဂိုဏ်းမှ တောက်ကျန့်များ၏ မျက်နှာများ အဘယ်ကြောင့် ထိုမျှ ရှုံ့မဲ့ရုပ်ဆိုးနေသည်ကိုလည်း နားလည်သွားခဲ့သည်။

တစ်ဖက်တွင် သူတို့က ချန်ချင်းဂိုဏ်း ချေမှုန်းခံလိုက်ရခြင်းအတွက် ဝမ်းသာမိသော်လည်း တစ်ဖက်တွင်တော့ အသက်ပေးလိုက်ရသည့် အဖွဲ့ဝင်များနှင့် သူတို့ရှေ့တွင် တောင်လိုပုံနေခဲ့သော အပြစ်မဲ့ရွာသားများ၏ အလောင်းကြောင့် စိတ်မကောင်းဖြစ်နေခဲ့ရသည်။

“ဒီလောက်ရွာသားတွေ အများကြီး အသတ်ခံလိုက်ရတယ်… နောက်လူတွေကို ဘယ်လိုတောင် ရှင်းပြရမလဲဆိုတာ မသိတော့ဘူး..”

“အရမ်းကြီး တွေးမနေနဲ့၊ အခုအရင်ဆုံး ဌာနချုပ်နဲ့ ရဲတွေကို အရင်ဆက်သွယ်၊ ရွာသားတွေရဲ့ အလောင်းကို အရင်သိမ်းဆည်းရမယ်၊ မဟုတ်ရင် အခုလို သဘာဝမဟုတ်ဘဲ လူအစုအပြုံလိုက်သေဆုံးတာကနေ မကောင်းတဲ့အရာတစ်ခုခု ပေါက်ဖွားလာလိမ့်မယ်”

မကြာမီပင် တိတ်ဆိတ်နေခဲ့သော ထျန်ယွင်ကျေးရွာမှာ ရဲကားများ၊ လာရောက်စစ်ဆေးသည့် အရာရှိများနှင့် ပြည့်နှက်သွားခဲ့သည်။

ထျန်ယွင်ကျေးရွာအတွင်းသို့ ဝင်ရောက်သွားသူများနှင့် ယန်ချန်တို့မှု နှစ်ရက်တိတိ မည်သည်ကိုမျှ မစားမသောက်ရသေးသောကြောင့် ခန္ဓာကိုယ်သည် အားနည်းနေခဲ့သည်။

ဖန်းချန်းဝိဉာဉ်ဆိုင်ရာအဖွဲ့က သူတို့အား အနားယူနိုင်ရန် နေရာစီစဉ်ရန် စဉ်းစားနေကြချိန်မှာပင် ယန်ချန်မှ အရင် စကားစလာခဲ့လေသည်။

“ကျွန်တော် စီစဉ်ပြီးပါပြီ”

ဝိဉာဉ်ဆိုင်ရာအဖွဲ့: “???”

“မစ်စတာယန် ဘယ်လိုများ စီစဉ်လိုက်တာပါလဲ?”

ယန်ချန်သည်က အနည်းငယ်ပင်ပန်းနေပုံပေါ်သော်ငြား သူ၏ လေသံမှာ ခပ်အေးအေးပင်။

“ယန်မိသားစုက ဖန်းချန်းမှာလည်း ရင်းနှီးမြှုပ်နှံထားလို့ ရုံးခွဲတွေ ရှိတယ်လေ၊ ပြီးတော့ ကျွန်တော်က အလုပ်ကိစ္စနဲ့ ခရီးသွားရင်သုံးဖို့အတွက် ဒီဘက်မှာ မြေကွက်တွေ ဝယ်ထားတာလည်း ရှိတယ်”

“ဒီမှာ အိမ်ကို တစ်နှစ်ပတ်လုံး သန့်ရှင်းရေးလုပ်ပေးဖို့ လူတွေလည်း ငှားထားတဲ၊ နေရာကလည်း လူခြေနည်းပါးတဲ့ နေရာမျိုးပဲ၊

ပြီးတော့ တောက်ဓမ္မဂိုဏ်းတွေကနေ ဝယ်ထားတဲ့ ကာကွယ်ရေးဖွဲ့စည်းပုံတွေနဲ့ အပြင်ကနေ ကာထားပြီးရှိတယ်၊ အဲဒီနေရာမှာ ဧည့်သည်ခန်းတွေလုံလုံလောက်လောက်လည်း ရှိတယ်”

“ကျွန်တော် အခုလေးတွင် ရုံးခွဲက လူတစ်ယောက်ကို ဖုန်းဆက်ထားပြီးပါပြီ၊ သူက ကျွန်တော်တို့ကို ချက်ချင်း လာကြိုဖို့ ကားလွှတ်လိုက်ပြီ၊ ဒီတော့ အဲဒီမှာ နားလိုက်ပေါ့၊

လိုတာတစ်ခုခုရှိရင်လည်း အိမ်မှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေကို ပြောလိုက်လို့ရတယ်”

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှ လူများအားလုံး: “……”

တအောင့်မျှကြာပြီးနောက် အဖွဲ့ဝင်ငယ်တစ်ဦး သက်ပြင်းချသည်။

“ပိုက်ဆံချမ်းသာတဲ့လူတွေများ မိုက်လိုက်တာ၊ အဲဒါက ဧည့်သည်ခန်း ၅ခန်းကျော်ပါတဲ့ ဗီလာကြီးပဲ ဖြစ်လိမ့်မယ်၊ မနာလိုလိုက်တာ!”

မကြာမီမှာပင် ယန်ချန်စီစဉ်ထားသော ကားရောက်ရှိလာခဲ့သည်။

ယန်ချန် ကားထဲသို့ ဝင်သွားပြီးနောက် ကားမှန်ကိုချလိုက်ပြီး အပြင်မှ ကုကျစ်စုန့်အား လှမ်းကြည့်လိုက်သည်။

“စုန့်စုန့်”

“ဟင်?”

ကုကျစ်စုန့် ခေါင်းလှည့်လာခဲ့သည်။

“ဘာဖြစ်လို့လဲ?”ယန်ချန် မျက်လုံးအကြည့်အား အနည်းငယ်လွှဲလိုက်သည်။

“သတိထားဦးနော်၊ ပြီးတော့ ကိုယ် မင်းအနားယူဖို့အတွက်လည်း နေရာစီစဉ်ထားပေးတယ်၊ ပင်ပန်းလာရင် အဲဒီကို အချိန်မရွေး သွားပြီး နားလိုက်လေ”

“အကောင်းဆုံးကြိုးစားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ သေသေချာချာ အနားယူလိုက်ပါဦး”

ကားငယ်လေးက တရွေ့ရွေ့ထွက်သွားပြီးနောက် ကုကျစ်စုန့် မျက်ခုံးပင့်လိုက်မိသည်။

မတိုင်ခင်က မြင်ကွင်းကို သူမ ရှင်းမပြနိုင်အောင် ရင်းနှီးနေသည်ဟုလည်း တွေးလိုက်မိသည်။

ခဏမျှကြာပြီးနောက် သူမ သတိရသွားခဲ့လေသည်။ အတိတ်တစ်ချိန်တုန်းကလည်း ယန်ဟွိုင်ရှန်းက ထိုကဲ့သို့ပင် အသေးစိတ်လေးများကိုပင် ဂရုစိုက်၍ တိတ်တဆိတ် ပြင်ဆင်ထားပေးလေ့ရှိသည်။

All Chapters