ဘုရားသခင်ရောက်ရှိလာလိမ့်မယ်(2)
Vol. 40 Ch. 399
‘ကိုးခုမြောက်- ဘုရားသခင်က လူတိုင်းကို ချစ်ခင်မြတ်နိုးပြီး ဘဝရဲ့ ပျော်ရွှင်ခြင်းကို သင်ကြားပေးတယ်…’
ကျန်အရာများသည်လည်း ‘ဘုရားသခင်’အား ချီးမွမ်းခန်းဖွင့်ထားသည့်အရာများသာ ဖြစ်သည်။
အတိုချုံးပြောရပါက သူမအတွက် နားလည်နိုင်ရန် ခက်သော်လည်း ထိုစာသားများကိုကြည့်ကာ စိတ်မသက်မသာဖြစ်စေသည့်အရာများအား ခံစားလိုက်ရသည်။
အင်တာနက်ရဲများ၏ အတွင်းကျကျ စစ်ဆေးတွေ့ရှိချက်များအရ သူတို့ရှာတွေ့နိုင်ခဲ့သည့် တစ်ခုတည်းသော အရာသည်က ထို အနာဂတ်ဟောသူ၏ နာမည်ပြောင်သာလျှင် ဖြစ်ခဲ့သည်။
‘တီတီယာ’
သို့သော် ရဲအရာရှိများ မည်သို့ပင် ကြိုးစားအားထုတ်၍ သူ၏ အိုင်ပီလိပ်စာနှင့် အခြားအချက်အလက်များကို ရှာဖွေသော်ငြား ရှာ၍ မရနိုင်ခဲ့ပေ။
အတော်ဆုံး၊ အထူးချွန်ဆုံး ကွန်ယက်နည်းပညာကျွမ်းကျင်သူများပင် ထိုအရာအား လုပ်ဆောင်ရန် မဖြစ်နိုင်ခဲ့ချေ။
ထို့အပြင် ဝိဉာဉ်ဆိုင်ရာ အထူးအဖွဲ့နှင့် အင်တာနက်ရဲအရာရှိများသည် အနာဂတ်ဟောသူ၏ အချက်အလက်ကို ရှာမတွေ့နိုင်ခဲ့သော်ငြား လူတစ်ယောက်အား ရှာတွေ့ခဲ့သည်။
“အဲ့လူရဲ့ နာမည်က ဟိုင်မင်တဲ့၊ ဒီနှစ်ဆို အသက် ၄၇နှစ်ရှိပြီ၊ ဘာလို့ သူ့ကိုပဲ အဓိက ထားပြီးပြောရလဲဆိုတော့ သူ့ကို စစ်ဆေးနေတဲ့အချိန်မှာ သူက အနာဂတ်ဟောသူအယောင်ဆောင်ထားတဲ့သူဖြစ်ကြောင်း ရှာတွေ့ခဲ့ရလို့ပဲ”
ကုကျစ်စုန့် ဟိုင်မင်၏ စစ်ဆေးချက်ဖိုင်အား ဖတ်ကြည့်လိုက်သည်။ ဖိုင်တွင်းမှ ဓာတ်ပုံအရ သူသည် ဝတ်စုံပြည့်၊ နက်ကတိုင်ဖြင့် ဝတ်ဆင်ထားပြီး ပြုမူနေထိုင်ပုံလည်း သေသပ် သပ်ရပ်သည်။
တစ်ချက်ကြည့်လိုက်မိပါက သူသည် ‘အောင်မြင်သည့်လူတစ်ယောက်’ဟု ထင်မှတ်စေရသည်။
ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ သူသည်က အမှန်တကယ်လည်း အောင်မြင်သည့် လူတစ်ယောက်ပင်။
“ဖန်းချန်းရဲ့ အနုပညာတက္ကသိုလ်က ဒီနိုင်ငံရဲ့ အနုပညာလောကမှာဆိုရင် နာမည်အကြီးဆုံး ကျောင်းလေးခုထဲက တစ်ခုပဲ၊ ဒီမြို့က အရမ်းလည်း မကြီးသလို အရမ်းလည်း မစည်ကားပေမဲ့ ဖန်းချန်းအနုပညာတက္ကသိုလ်က အနုပညာကျောင်းသားတွေအကုန်လုံးက အမှတ်တွေ မြင့်ပြီး အရည်အချင်းလည်း ရှိကြတယ်လေ”
“ဒီဟိုင်မင်ကလည်း တကယ့်လူတော်ပါ၊ သူက ကျွန်တော်တို့နိုင်ငံရဲ့ အနုပညာလောကမှာဆိုရင် နာမည်ကြီးပန်းချီဆရာတစ်ဦးပဲ
ပြီးတော့ ဖန်းချန်းအနုပညာတက္ကသိုလ်မှာဆိုရင်လည်း ဒုတိယအဆင့် ပရော်ဖက်ဆာတစ်ဦးလေ”
အနာဂတ်ဟောပြောသူက နာမည်ကြီးလာသောကြောင့် အယောင်ဆောင်သူများ၊ အတုခိုးသူများလည်း များပြားလှသည်။
သို့သော် ထိုလူများထဲတွင် ဟိုင်မင်သည်က အဆင့်အတန်းမြင့်ကာ အနည်းငယ်ထူးခြားသော ပထမဆုံးအယောင်ဆောင်သူ ဖြစ်သည်။
ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင် ဆက်ပြောသည်။
“ကျွန်တော်တို့တွေ စစ်ဆေးနေတုန်းက သူ့ကို တကယ့် အနာဂတ်ဟောသူလို့တောင် ထင်ခဲ့မိကြတာ”
“ဘာလို့လဲဆိုတော့ သူက အနာဂတ်ဟောသူ ‘တီတီယာ’ရဲ့ အကောင့်ထက် ၇ရက်နောက်ကျမှ စတာဖြစ်ပြီး သူက အနာဂတ်ဟောသူဆိုတဲ့ နာမည်ကိုသုံး၊ အနာဂတ်ဟောသူရဲ့ စကားပြောပုံ၊ ရေးသားပုံကို တိတိကျကျ ဟန်တုပြီးတော့မှ အင်တာနက်ပေါ်မှာ ဟောပြောချက်တွေ တင်ခဲ့တာလေ”
“ကျွန်တော်တို့ စစ်ဆေးတုန်းက သူရေးထားတာနဲ့ တကယ့် အနာဂတ်ဟောသူရေးထားတဲ့စာတွေမှာ တော်တော်လေး ဆင်တူတဲ့ အရေးအသားမျိုးရှိနေတာဆိုတော့ သူ့ကို အစတုန်းကဆို တကယ့် အနာဂတ်ဟောသူလို့ပဲ ထင်ထားခဲ့ကြတာ”
“တကယ့် အနာဂတ်ဟောသူ?”
ကုကျစ်စုန့် အနည်းငယ်အံ့အားသင့်စွာ မေးလိုက်သည်။
“သူမဟုတ်တာရော သေချာရဲ့လား?”
“သေချာသလောက်ပါပဲ”
“ပထမအချက်က တကယ့် အနာဂတ်ဟောသူက အမည်မသိဖြစ်ပြီးတော့ အခုထိ ခြေရာခံလို့ရတာဆိုလို့ ‘တီတီယာ’ဆိုတဲ့ နာမည်ပြောင်ပဲ ရှိတယ်လေ
ဟိုင်မင်သုံးတဲ့ အမည်မသိအကောင့်ကကျတော့ သူ့ရဲ့ ကိုယ်ပိုင်အကောင့်၊ ပြောရရင် မတူတဲ့ အကောင့်တစ်ခုပဲ”
“အဲဒီအကောင့်ကနေပြီးတော့ သူ့ရဲ့ အိုင်ပီလိပ်စာတွေ၊ အချက်အလက်တွေကိုလည်း ခြေရာခံလိုက်လို့ ရတယ်”
“ပြီးတော့ အဲ့ဒီအကောင့် ၂ခုက ၇ရက်လောက် ခြားပြီးမှ ပေါ်လာတာ.. သူတို့တင်ထားတဲ့ ပို့စ်တွေမှာ တူတဲ့အချက်တွေတော့ ရှိပေမယ့် ပြောဆိုတဲ့စတိုင်နဲ့ အသေးစိတ်အချက်အလက်တွေကျတော့ ကွဲပြားနေတယ်
အဲဒီအကောင့်နှစ်ခုက တစ်ယောက်တည်းမဟုတ်တာ အရမ်းသိသာလွန်းနေပါတယ်”
အဖွဲ့ဝင်က စကားပြောနေရင်းပင် အနာဂတ်ဟောသူနှစ်ဦး၏ ပို့စ်များကို ယှဉ်ပြထားသည့် ဖိုင်အား ထုတ်၍ ကုကျစ်စုန့်ကို ပြလိုက်သည်။
ပထမလူ၏ ပို့စ်များသည်က တိကျပြတ်သားရှင်းလင်း၍ ဟောပြောချက်၏ အချိန်၊နေရာနှင့် အဖြစ်အပျက်များအား ဖော်ပြထားသည်။
ဒုတိယတစ်ခုသည် ဟိုင်မင်အကောင့်မှ တင်ထားသော ပို့စ်ဖြစ်သည်။
သေသေချာချာလုပ်ယူထားသော ဟန်ဆောင်ထားခြင်းဖြစ်သောကြောင့် စကားပြောဆိုဟန်သည် တစ်ပုံစံတည်းနီးပါး တူညီသည်ဟု ထင်ရသည်။
သို့သော် တချို့သော စကားအလှည့်အဝှက်များသည်က ကိုယ့်ကိုယ်ကိုယ် ‘ထူးခြား’သည့် ပုံစံပေါက်စေရန် အတင်းလုပ်ယူထားသည့် ဟန်ပေါ်နေခဲ့သည်။
အင်တာနက်အသုံးပြုသူအများစုသည်လည်း ထိုအချက်ကို သတိပြုမိကာ ပြောဆိုဝေဖန်ခဲ့ကြသည်။
သို့သော် အင်တာနက်ပေါ်မှ လူအများ ထင်မထားခဲ့သည်မှာ ထို ဟောပြောချက်ပို့စ်နှစ်ခုကို ရေးသားသူသည် တစ်ယောက်တည်းမဟုတ်ကြောင်းပင်။သူတို့ထင်ကြေးပေးခဲ့ကြသည်မှာ နောက်တစ်ကောင့်သည်လည်း အနာဂတ်ဟောသူ၏ အကောင့်ဖြစ်ကာ သူ၏ ဟောပြောချက်အား အတည်ပြုရန် သဲလွန်စပေးနေခြင်းဟုသာ ထင်ခဲ့ကြသည်။
ဝိဉာဉ်ဆိုင်ရာ အထူးဌာနအဖွဲ့ဝင်တစ်ဦးမှ ပြောလိုက်သည်။
“ရဲတွေက ဟိုင်မင်ကို ရှာတွေ့ပြီးတော့ ချက်ချင်း စုံစမ်းစစ်ဆေးဖို့ သွားခဲ့ကြတယ်၊
ဒါပေမဲ့ သူက နည်းနည်းမှတောင် စိတ်လှုပ်ရှားနေတဲ့ ပုံမပေါ်ဘူး၊ သူပြောတာက သူ့မှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ အိပ်မက်တွေ မက်တယ်တဲ့
ပြီးတော့ ရဲတွေ သူ့ကို လာရောက်စစ်ဆေးလိမ့်မယ်လို့လည်း ကြိုပြီးသိထားလို့ အိမ်မှာစောင့်နေခဲ့တာတဲ့”
ထိုစကားကို ဆိုနေသည့်အချိန်တွင် ဟိုင်မင်သည်က အင်မတန် ကျေနပ်နေဟန်ပေါ်ပြီး ရဲအရာရှိများကိုလည်း မခန့်လေးစားပြုကာ ကြည့်နေခဲ့သည်။
ရဲများက သူ့အား မယုံကြည်ခဲ့ကြပေ။ သို့သော်လည်း သူ၏ အချက်အလက်များကို စစ်ဆေးခဲ့ကြပြီး နေ့စဉ်ဘဝအား စောင့်ကြည့်ခဲ့ကြနောက်တွင် ထိုဟိုင်မင်သည်က အမှန်တကယ်ပင် ဥပဒေအား လိုက်နာသည့် လူတစ်ဦးဖြစ်နေခဲ့သည်။
သူက နေ့စဉ် အလုပ်သို့ သွား၍ ညစာ,စားပြီးချိန်တွင် အိမ်သို့ ပြန်ကာ အိပ်စက်အနားယူတတ်သည်။
သူ၏ ပို့စ်များက ဆက်တိုက်တင်နေဆဲဖြစ်သော်ငြား ထူးဆန်းသည့် အရာမရှိခဲ့ပေ။
ထိုအချက်ကြောင့် လူအများက တစ်ဖက်လူမှ အမှန်တကယ်ပင် အနာဂတ်အား ကြိုမြင်သည့် အိပ်မက်များ မက်နိုင်သည်လားဟူ၍ စဉ်းစားစရာဖြစ်နေခဲ့သည်။
ဝိဉာဉ်ဆိုင်ရာ အထူးဌာနဝင်လည်း ဖိုင်ကို ပိတ်လိုက်ပြီးနောက် သက်ပြင်းချသည်။
“ဒီဟိုင်မင်က အမှန်တကယ် အနာဂတ်ဟောသူဖြစ်နိုင်နေတယ်ဆိုတော့ ဒီအချက်ကိုလည်း သေချာပေါက် ဖယ်ပစ်လိုက်လို့တော့ မရသေးဘူး
သူ့က သရုပ်ဆောင်အရည်အချင်းကလည်း ကောင်းပြီး၊ အမှန်တရားကိုလည်း ဖုံးကွယ်ထားနိုင်တာပဲလေ၊
သူက အကောင့်နှစ်ခုကို တပြိုင်တည်းသုံးနေပြီး ကျွန်တော်တို့ကို အရူးလုပ်နေတာလည်း ဖြစ်နိုင်တာပဲ
ဒီတော့ ဒီကိစ္စမှာ သူက အဓိက သံသယရှိသူ ဖြစ်နေတုန်းပဲ၊ သူ့ကို အချိန်တိုင်းစောင့်ကြည့်နေတာကို ကျွန်တော်တို့ ရပ်တော့ မရပ်သေးဘူး”
အရာရှိများ ဟိုင်မင်အား သံသယဝင်နေဆဲဖြစ်ရသည့် အချက်တစ်ခုမှာ ‘သေဆုံးခြင်းဟောကိန်း’တွင် သေဆုံးသွားခဲ့သော လူများအတွင်းမှ နှစ်ဦးသည်က အနုပညာနယ်ပယ်မှဖြစ်ပြီး ဖန်းချန်းအနုပညာတက္ကသိုလ်မှ ဆရာတစ်ဦးနှင့် ကျောင်းသားတစ်ဦး ဖြစ်သည်။
ပထမဆုံး ကားအက်ဆီးဒင့်ဖြစ်သည့် မိသားစုမှ အမျိုးသားဖြစ်သူက အသက် ၅၁နှစ်အရွယ်ဖြစ်ပေသည်။ သူသည်လည်း တိုင်းပြည်၏ အနုပညာနယ်ပယ်တွင် နာမည်ကျော်ပန်းချီဆရာတစ်ဦးဖြစ်သည်။
သူ့တွင် အဆက်အသွယ်များလည်း ကောင်းကောင်းရှိသည်။ သူ၏ နာမည်ကို အင်တာနက်ပေါ်တွင် ရှာဖွေကြည့်ပါက ပြည်တွင်းနှင့် ပြည်ပ ဆုတံဆိပ်များ ရရှိထားသည်ကိုလည်း တွေ့နိုင်သည်။
ထိုလူ၏ ဖန်းချန်းအနုပညာတက္ကသိုလ်မှ ရာထူးသည်လည်း ပထမအဆင့် ပရော်ဖက်ဆာတစ်ဦးဖြစ်သောကြောင့် ဟိုင်မင်ထက် တဆင့်ပိုမြင့်သည်။ သူတို့နှစ်ဦးက လုပ်ဖော်ကိုင်ဖက်များဖြစ်ကြပြီး ရုံးခန်းဧရိယာထဲတွင် မကြာခဏဆုံတတ်ကြသည်။
ကားအက်ဆီးဒင့်ဖြင့် သေဆုံးရမည့်နေ့တွင် ထိုပရိုဖက်ဆာမှာ ဆေးရုံ၌ ခွဲစိတ်မှုခံယူထားသော အိမ်မှ သက်ကြီးပိုင်းမိသားစုဝင်တစ်ဦးက အခြေအနေမသက်မသာဖြစ်ကြောင်း ကြားခဲ့ရသည်။
ထို့ကြောင့် မိသားစုနှင့်အတူ မနက်အစောပိုင်းတွင် ဆေးရုံသို့ သွားရန် ထွက်လာခဲ့ကြခြင်းဖြစ်သည်။
အဖြစ်ဆိုးက သူတို့မိသားစု ဖန်းချန်းမြစ်ကူးတံတားသို့ ဖြတ်ကျော်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းပင်။
ကားထဲမှ အကောင်းအတိုင်းရှိနေသော ကင်မရာ၊ ပတ်ဝန်းကျင်မှ စီစီတီဗီများ၊ အနီးအနားမှ လူများ၏ ရိုက်ကူးထားမှုများကြောင့် သိနိုင်သည်မှာ မိသားစုကားအက်ဆီးဒင့်ဖြစ်ရသည့် အဓိကအကြောင်းအရင်းက ကားဘရိတ်ဆီပိုက်ပေါက်ခြင်းကြောင့်ဖြစ်ပေသည်။
အဖြစ်ဆိုးမကြုံရသေးမှီ ကားပိုင်ရှင်သည်လည်း ထိုအကြောင်းအရာဖြင့် ပတ်သတ်၍ ပြောဆိုခဲ့သေးသည်။
‘ကားက ဘရိတ်ဆီနည်းနည်းယိုနေတယ်ထင်တယ်..ပြန်လာရင်တော့ ဝပ်ရှော့ကိုသွားပြီး စစ်ကြည့်ရဦးမယ်’
ရလဒ်မှာတော့ ဘရိတ်ဆီပိုက်က ကားပိုင်ရှင် ဘရိတ်အား အသည်းအသန် နင်းချလိုက်သည့်အချိန်တွင် ပေါက်ကွဲသွားခဲ့သည်။
ရဲသားများအား ထူးဆန်းသည်ဟု ခံစားရစေသည့်အချက်မှာ စစ်ဆေးတွေ့ရှိချက်များနှင့် မျက်မြင်သက်သေများအရ ကားပိုင်ရှင်က ရုတ်တရက် စိတ်ရူးပေါက်သွားခြင်းဖြစ်ပေသည်။
ကားပိုင်ရှင်အမျိုးသားက တံတားပေါ်သို့ မောင်းနှင်လာချိန်၌ ရုတ်တရက် အကြောင်းအရင်းမရှိ ကြောက်လန့်စွာ အော်ဟစ်လိုက်ပြီးနောက် ကားစတီယာတိုင်အား လှည့်ချလိုက်သောကြောင့် ဘေးမှကားများကို တိုက်မိသွားခဲ့သည်။
စီစီတီဗီ ကင်မရာမှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းအရ သူ၏ မျက်နှာသည် ကြောက်လန့်တကြားဖြစ်နေခဲ့ပြီးနောက် အင်မတန်ဆိုးရွားသည့်အရာတစ်ခုအား မြင်လိုက်ရသည့်အလား ရှုံ့တွနေခဲ့သည်။
ကားက သုံးကြိမ်တိုက်မိပြီးဖြစ်ကာ ကားပေါ်မှသူနှင့် သူ၏ ဇနီးသည်တို့ ဒဏ်ရာများ ရထားကြပြီဖြစ်သော်လည်း သူက လုံးဝမရပ်တန့်ခဲ့ပေ။
ဘေးမှ ဇနီးနှင့် သူ့နောက်မှ ကလေးဖြစ်သူတို့ စတီယာတိုင်အား ဆွဲလုကာ သူ၏ လက်များကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့ချိန်မှသာလျှင် သက်လတ်ပိုင်းအရွယ်အမျိုးသားလည်း ရုတ်တရက် လန့်နိုးလာခဲ့ပြီး ဘရိတ်အား အသည်းအသန် နင်းချလိုက်သည်။နောက်ဆုံးတွင်တော့ ဘရိတ်ဆီပိုက်ပေါက်ကာ သူတို့ကားသည်လည်း ထရပ်ကားကြီးတစ်စီးဖြင့် တိုက်မိပြီးနောက် မိသားစုဝင်လေးဦးလုံး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။
ထိုသို့ ထူးဆန်းသည့် အပြုအမူများကြောင့် ရဲသားများက မျိုးစုံ စုံစမ်းစစ်ဆေးခဲ့ကြပြီးနောက် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်မှာ ကားသည်က ပြင်ပလူပယောဂကြောင့် ပျက်စီးရခြင်းမဟုတ်၊ သူ့အလိုအလျောက် ပျက်စီးရခြင်းသာဖြစ်နေခဲ့သည်။