← Chapters

အစစ်အမှန်နှင့် အတုအယောင် ပန်းချီများ + ပူးတွဲစုံစမ်းစစ်ဆေးမှု (1)

Vol. 40 Ch. 400

အစစ်အမှန်နှင့် အတုအယောင် ပန်းချီများ + ပူးတွဲစုံစမ်းစစ်ဆေးမှု (1)

Vol. 40 Ch. 400

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့များမှ ဗီဒီယိုမှတ်တမ်းများအား အကြိမ်ပေါင်းများစွာ ကြည့်ရှု့စစ်ဆေးခဲ့သော်လည်း ဝိဉာဉ်များ၊ တစ္ဆေသရဲများအား မတွေ့ခဲ့ရပေ။

သက်သေများအားလုံးမှ ညွှန်ပြနေသည်မှာ ဤအဖြစ်အပျက်သည် ‘မတော်တဆမှု’တစ်ခုသာလျှင် ဖြစ်သည်ပင်။

ဗီဒီယိုများ၊ ဓာတ်ပုံများအား ကြည့်ရှုပြီးနောက် ကုကျစ်စုန့် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ရှင်တို့ စိတ်ထင်တာမှန်တယ်.. ဒါက သာမန်ကိစ္စရပ်မဟုတ်ဘူး”

ဗီဒီယိုထဲတွင် မကောင်းဆိုးဝါးဝိဉာဉ်များကို မမြင်ရသော်လည်း ကားမောင်းနေသော လူ၏ မျက်နှာတစ်ခုလုံးသည် ‘အနက်ရောင်သေဆုံးခြင်း’အငွေ့အသက်များ အပြည့်ဖုံးနေခဲ့ပြီး အင်မတန်အားကောင်းလွန်းလှသည်။

ဤအဖြစ်အပျက်သည်က သဘာဝအတိုင်း သေဆုံးရခြင်းမဟုတ်ချေ။

“ဖန်းချန်းအနုပညာတက္ကသိုလ်က သေတဲ့ နောက်တစ်ယောက်ကရော?”

ဝိဉာဉ်ဆိုင်ရာအထူးဌာနအဖွဲ့ဝင်က နောက်ထပ်လူတစ်ယောက်၏ ဓာတ်ပုံကို ထုတ်ကာ ကုကျစ်စုန့်အား ပြလိုက်သည်။

“ဒီတစ်ယောက်ပါ”

ဓာတ်ပုံထဲမှ လူသည်က သာမန်မျက်နှာကျရှိကာ၊ ထူးခြားသည့်အချက်အလက်မရှိသော်လည်း အသက်မကြီးသေးသော လူငယ်တစ်ဦးဖြစ်သည်။

ကုကျစ်စုန့်အမြင်အရ သူသည်က အသက်၂၀ကျော်ခန့်သာ ရှိဦးမည်ပင်။

“အန်းမို၊ ဖန်းချန်းအနုပညာတက္ကသိုလ်က ပထမနှစ်ကျောင်းသား၊ သူသေဆုံးရတဲ့ အကြောင်းအရင်းက ရုပ်ထုတစ်ခုက ခေါင်းပေါ်ကို ပြုတ်ကျလို့…”

ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်၏ ရှင်းပြချက်များအရ ဖန်းချန်းအနုပညာတက္ကသိုလ်တွင် ပန်းပုမေဂျာလည်း ရှိသည်။ အတန်းပြီးဆုံးချိန်တွင် ဌာနတွင်းမှ ကျောင်းသားများ၏ လက်ရာရုပ်ထုများအား ပလာစတာဖြင့် အချောသတ်ပြီးနောက် လေသလပ်၍ အနံ့အသက်များ ပျောက်ရန် ဝရန်တာတွင် ထားတတ်ကြသည်။

ကျောင်းစာသင်ခန်း၏ ဝရန်တာတွင် သံပန်းများ ပတ်လည်ကာရန်ထားပြီး ပန်းအိုးများ၊ ပန်းပင်များ တင်ထားလေ့ရှိသည်။

ထိုနေ့ အတန်းပြီးချိန်တွင် ပန်းပုဌာနမှ ကျောင်းသားများက သူတို့၏ လက်ရာများအား ထုံးစံအတိုင်း ဝရန်တာသို့ ရွှေ့ပြောင်းခဲ့ကြသည်။

တချို့သော လက်သီးဆုပ်ခန့်အရွယ်သာရှိသည့် ပလာစတာလက်ရာများကိုတော့ ဝရန်တာနံရံတွင် တင်ထားခဲ့ကြသည်။

ကျောင်းတွင်း၌ လူမကြောက်တတ်သလို နေရာတကာ တက်၍ ခုန်ပေါက်ဆော့တတ်သော လမ်းဘေးကြောင်များလည်း ရှိတတ်သောကြောင့် တချို့ကျောင်းသားများကတော့ သူတို့၏ ရုပ်ထုများအား စာသင်ခန်းထဲသို့ ယူသွားတတ်ကြသည်။

ထိုနေ့က တိုက်ဆိုင်စွာပင် စာသင်ခန်းအတွင်းမှ ကြောင်တစ်ကောင်က ရုတ်တရက် တစ်ခုခုအား ထိတ်လန့်သွားခဲ့သောကြောင့် အမွှေးများပင် ထောင်တက်လာခဲ့သည်။

ထို့နောက် ချက်ချင်း ဝရန်တာနံရံပေါ်သို့ ခုန်တက်လိုက်သောကြောင့် ဝရန်တာပေါ်တွင် တင်ထားသည့် ပန်းအိုးအား တိုက်မိသွားခဲ့လေသည်။

ထိုပန်းအိုးက ပလာစတာရုပ်ထုငယ်လေးတစ်ခုနှင့်အတူ ဝရန်တာမှ ပြုတ်ကျသွားခဲ့သည်။

လေးလွှာက အလွန်မြင့်မားသည့် နေရာမဟုတ်သော်ငြား ထိုပလာစတာရုပ်ထုငယ်သည် သူငယ်ချင်းများနှင့်အတူ နေ့လည်စာစားရန် ကန်တင်းသို့ သွားနေခဲ့သော အန်းမို၏ နောက်စေ့အား တည့်တည့်ထိမှန်သွားခဲ့သည်။

အန်းမိုက နေရာမှာပင် အသက်ဆုံးရှုံးခဲ့ရသည်။

အန်းမို၏ ဦးခေါင်းနောက်ပိုင်းမှာ ချိုင့်ဝင်သွားပြီးနောက် ကြေမွသွားခဲ့လေသည်။ သွေးပျစ်ပျစ်များ နေရာအနှံ့ပြန့်ကျဲသွားခဲ့ပြီးနောက် နေရာတွင်ပင် သေပွဲဝင်ခဲ့ရသည်။

အန်းမို၏ အဖြစ်ဆိုးအား မျက်ဝါးထင်ထင် ကြုံတွေ့၊ မြင်တွေ့လိုက်ရသော သူငယ်ချင်းများသည်လည်း ထိုဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာများပင် ရခဲ့ရသည်။

ရက်အနည်းငယ်ကြာပြီးနောက် သူငယ်ချင်းတစ်ဦးက ကျောင်းထွက်၍ စိတ်ရောဂါအထူးကု ဆရာဝန်ဖြင့် ဆေးကုသမှုခံယူခဲ့ရသည်။

ထိုအဖြစ်အပျက်သည်လည်း လူထုအလယ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လူသတ်သမားက ‘ကြောင်တစ်ကောင်’သာ ဖြစ်နေခဲ့သည်။

အန်းမိုသေဆုံးမှု၏ နောက်ဆုံးရလဒ်မှာတော့ ကျောင်းက သေဆုံးသွားသော ကျောင်းသား၏ မိသားစုဝင်များအား လျော်ကြေးပေးခဲ့ပြီးနောက် ကြောင်ကိုလည်း ဆေးထိုး၍ သတ်ပစ်ခဲ့သည်။

ထိုအချိန်မှစ၍ စာသင်ဆောင်များအတွင်းသို့ ကြောင်များ အဝင်မခံတော့သကဲ့သို့ ကျောင်းသားများသည်လည်း ဝရန်တာပေါ်တွင် ပစ္စည်းများ တင်ထားခွင့်မရှိတော့ပေ။

ပို၍ တိုက်ဆိုင်သည့်အရာမှာ အန်းမိုသည်က ကားအက်ဆီးဒင့်ဖြင့် သေဆုံးခဲ့ရသော ပရော်ဖက်ဆာ၏ တပည့်ဖြစ်နေခဲ့သည်။

သူ၏ ထူးခြားသော ပုံစံနှင့် အဖြစ်ဆိုးများအား ကြိုတင်ခန့်မှန်းနိုင်သော ‘သေခြင်းမှတ်စု’များကြောင့် အရာအားလုံးသည် ပုံမှန်မဟုတ်တော့ဘဲ ဝေဝါး၍ရှုပ်ထွေးလာခဲ့သည်။

ရဲအရာရှိများက ဟိုင်မင်အား သူ ထိုဆရာတပည့်နှစ်ဦး၏ သေဆုံးခြင်းအား ခန့်မှန်းခဲ့ခြင်းရှိမရှိနှင့် ၊ ထိုဆရာတပည့်နှစ်ဦး သေဆုံးခဲ့ရခြင်းအား မည်သို့ထင်မြင်ကြောင်း မေးခွန်းထုတ်ခဲ့ရာတွင် ဟိုင်မင်၏ မျက်နှာအမူအယာသည်က ပုံမှန်မဟုတ်ဘဲ၊ အနည်းငယ် ထူးဆန်းနေခဲ့သည်။

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင် မေးလိုက်မိသည်။

“ကုတောက်ကျန့်! ဒီဟိုင်မင်က တစ်ခုခု ထူးဆန်းနေတာတော့ သေချာတယ်၊ ကျွန်တော်ထင်တာကတော့ ဒီသေသွားတဲ့ လူတွေက သူနဲ့ တစ်ခုမဟုတ်တစ်ခု ဆက်ကို ဆက်စပ်နေတယ်”

ကုကျစ်စုန့် မျက်ခုံးပင့်လိုက်မိသည်။

“ဘာလို့ အဲဒီလောက်‌‌ သေချာနေရတာလဲ?”

“ဒါကြီးတွေက အရမ်းကို တိုက်ဆိုင်လွန်းနေတယ်လေ၊ ပြီးတော့ ဒီဟိုင်မင်က နှစ်ငါးဆယ်လောက် တစ်သက်လုံး ပုံမှန်ဘဝနဲ့ နေလာတဲ့လူပဲ ၊ဘယ်လိုလုပ်ပြီး အခုအချိန်ကျမှ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ အိပ်မက်,မက်နိုင်သွားတာလဲ?”

“အခုပြစ်မှုရဲ့ ဦးတည်ချက်အရဆိုရင် ဒါက သူကျုးလွန်တယ်ဆိုတာ ဖြစ်နိုင်ချေအပြည့်ရှိတယ်

ကားအက်ဆီးဒင့်မှာ သေခဲ့တဲ့ ပရော်ဖက်ဆာက သူ့ထက် ပိုပြီးအဆင့်မြင့်တယ်လေ သူက သူနာမည်ပိုကြီးချင်၊ အဆင့်မြင့်ချင်တာနဲ့ လူတွေကို သတ်နေတာ ဖြစ်နိုင်တာပဲ”

“ဒါဆိုရင် ကျန်တဲ့သေဆုံးသူတွေကျတော့ရော??”

ကုကျစ်စုန့် မေးခွန်းထုတ်လိုက်သည်။

တတိယမြောက်သေဆုံးသူသည်က နယ်ခံစီးပွားရေးသမားတစ်ဦးဖြစ်ပြီး အိမ်ခြံမြေပွဲစားတစ်ဦးဖြစ်သောကြောင့် အနုပညာနယ်ပယ်ဖြင့် သက်ဆိုင်ခြင်းအလျဉ်းမရှိပေ။

စတုတ္တမြောက်သေဆုံးသူမှာလည်း ဖန်းချန်းမှ ရုပ်မြင်သံကြားသတင်းဌာနတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်ကာ အနုပညာနယ်ပယ်တွင် ဝင်ရောက်ပတ်သတ်ခြင်းမရှိခဲ့ပေ။

သူ၏ အလုပ်က မားကတ်တင်းအကောင့်အား ထိန်းသိမ်းရန်သာဖြစ်ပြီး နေ့စဉ်နေ့တိုင်း အင်တာနက်ပေါ်တွင် သတင်းအမှန်၊ သတင်းအမှားများ သောင်းခြောက်ထောင် ပို့စ်တင်၍ လူအများ အာရုံစိုက်ခံစေရန်နှင့် မှတ်ချက်များတွင် သူ့အား ဝိုင်း၍ ဆဲရေးတိုင်းထွာကြစေရန် လုပ်ဆောင်ရခြင်းသာဖြစ်သည်။

နောက်ဆုံးသေဆုံးသူမှာတော့ မနေ့တစ်နေ့ကမှ အသစ်တင်ထားသည့် ‘ဟောကိန်း’အရ သေဆုံးခဲ့ရသူဖြစ်သည်။

ယခုတစ်ကြိမ်တွင်တော့ ‘သေခြင်းမှတ်စု’က ယခင်ဟောကိန်းများကဲ့သို့ တိကျပြတ်သားမှုမရှိ၊ အင်တာနက်ပေါ်မှ လူများသည်လည်း ယခုတစ်ကြိမ်တွင် ‘အနာဂတ်ဟောသူ’၏ ဟောကိန်းမှ သေဆုံးသူသည် ဘယ်သူဘယ်ဝါဖြစ်သည်ဟု ကွဲကွဲပြားပြား မပြောနိုင်ခဲ့ကြပေ။

မေးခွန်းထုတ်ခံလိုက်ရသော ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့သည်လည်း ပြောစရာစကားများ ပျောက်ဆုံးနေခဲ့ကြသည်။

“တခြားသေဆုံးသူတွေနဲ့ ပတ်သတ်ပြီးတော့ သဲလွန်စတော့ မရှိသေးဘူး…”

ကုကျစ်စုန့် မျက်လုံးများအား မှေးစင်းကာ ကြည့်လိုက်သည်။

“ပြောရရင် ဒီကိစ္စက သဘာဝလွန်ပညာရဲ့ မူမမှန်တဲ့ စွမ်းအားတွေ ရောနေတာ မှန်ပေမဲ့ အရင်ဆုံး ရဲဌာနရဲ့ စစ်ဆေးမှု အရင်လုပ်သင့်တယ် ၊ ချက်ချင်း ဝိဉာဉ်ဆိုင်ရာအဖွဲ့ကို လွှဲပေးတာမျိုးမဟုတ်ဘဲနဲ့လေ”

“ရှင်တို့ရဲ့ တွေးခေါ်ပုံတွေက မျက်ကန်းတွေလိုမျိုး ဖြစ်နေပြီး တကယ့်အရေးပါတဲ့ အသေးစိတ်အချက်အလက်တွေကို သေချာအာရုံမစိုက်နိုင်ဘူးဖြစ်နေတယ်”

ယေဘုယျအားဖြင့် သဘာဝလွန်ကိစ္စရပ်များတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမရှိသော သာမာန်ရဲအရာရှိများအား မကောင်းဆိုးဝါးဝိဉာဉ်များ၏ တိုက်ခိုက်ခြင်းခံရပြီးနောက်တွင် ထိခိုက်ဒဏ်ရာရခြင်းမျိုး မဖြစ်စေရန်အတွက် ပြစ်မှုတစ်ခုတွင် သဘာဝလွန်ကိစ္စရပ်များနှင့် ဆက်နွယ်နေသည်ဟု ဆုံးဖြတ်ချက် ချပြီးသည်နှင့် ဝိဉာဉ်ဆိုင်ရာအထူးဌာနသို့ လွှဲပြောင်းအပ်နှံလိုက်ကြသည်။

သို့သော် ထိုကဲ့သို့သော အခြေအနေများတွင် ဆိုးကျိုးများလည်း ရှိတတ်သည်။

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်များက လုပ်ဆောင်နိုင်စွမ်းရှိသော်ငြား ပြစ်မှုများ စစ်ဆေးခြင်းနှင့် သံသယရှိသူများအား စုံစမ်းစစ်ဆေးခြင်းတို့တွင် ရဲအရာရှိများကဲ့သို့ လေ့ကျင့်ထားကြသူများ မဟုတ်ကြပေ။

သဲလွန်စရှာဖွေနိုင်စွမ်း၊ အမှုကောက်ချက်ချနိုင်စွမ်းတို့တွင်လည်း ရဲအရာရှိများထက် အားနည်းကြသည်။

တစ်ဖက်မှ ရန်သူက အစီအစဉ်ရှိကာ ဦးနှောက်သုံးတတ်သူဖြစ်နေခဲ့ပါက ခက်ခဲရှုပ်ထွေးသည့် အမှုတစ်ခုတွင်မူ ဝိဉာဉ်ဆိုင်ရာ အရာရှိများအတွက် ဖြေရှင်းရန် ခက်ခဲမည်ဖြစ်သည်။

ကုကျစ်စုန့်သည်လည်း ထိုအရာများကို နားမလည်ပါချေ။

သို့သော် သူမတွင် ကမ္ဘာပေါ်မှ မကောင်းသောအရာများအား မြင်နိုင်သည့်မျက်ဝန်းတစ်စုံရှိသည်။

သာမန်ပညာရှင်များ၏ မျက်လုံးထဲတွင် ပုံမှန်ဖြစ်ပြီး အန္တရာယ်မရှိသော အရာများသည် သူမအတွက်တော့ သဲလွန်စများပင်။

ဥပမာဆိုရလျှင်-

သေဆုံးသူများ၏ ဓာတ်ပုံများအား ကြည့်ရှုပြီးနောက် သူမက တစ်ဦးချင်းစီ၏ ဘဝကြောင်း၊ ကုသိုလ်၊ အကုသိုလ်များအား ခွဲခြမ်းစိတ်ဖြာ သိရှိပြီးဖြစ်သည်။

ယခု သေဆုံးသွားခဲ့ပြီးသူများ၏ မျက်နှာပေါ်တွင် မကောင်းမှုစွမ်းအင်များပင် ပေါ်နေခဲ့သည်။

တစ်နည်းဆိုရလျှင် လူတိုင်းသည်က ၁၀၀ရာခိုင်နှုန်း လူကောင်းများမဟုတ်ကြချေ။ သူတို့အားလုံးက ဘဝသက်တမ်းတွင် အခြားလူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှက်၍ ဖြစ်စေ ထိခိုက်စေမည့်တစ်စုံတစ်ခုအား ပြုခဲ့သူများ ဖြစ်ကြသည်။

မျက်နှာပေါ်တွင် ဖုံးလွှမ်းနေသော မကောင်းမှုစွမ်းအားအရ သူတို့၏ အချိန်က ကြာတော့မည်မဟုတ်။

ထိုအချက်များအရ ကုကျစ်စုန့် ခန့်မှန်းချက်ချနိုင်သည်မှာ ယခု ‘သေဆုံးခြင်းမှတ်စု’မှ ဟောကိန်းထုတ်ခဲ့ပြီး သေဆုံးသွားခဲ့သော လူများသည် လူတစ်ယောက်တည်း၊ ကိစ္စရပ်တစ်ခုတည်းကြောင့် မကောင်းမှုစွမ်းအားများ သက်ရောက်ခဲ့ခြင်းသာဖြစ်သည်။

သူတို့က ဟိုင်မင်ကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ ထိုအဖြစ်အပျက်ကြောင့်သာလျှင် ဖြစ်ပေသည်။

ဟိုင်မင်ကိုယ်တိုင်ပင် ထိုအဖြစ်အပျက်ကြောင့် သေဆုံးခြင်းများအား ခန့်မှန်းနိုင်စွမ်းရှိလာခြင်း ဖြစ်နိုင်သည်။

သူသည်လည်း ထိုဖြစ်ရပ်တွင် ပါဝင်သူတစ်ဦးဖြစ်နိုင်သော်လည်း သူ၏ အခန်းကဏ္ဍက မည်သည့်နေရာမှဖြစ်ကြောင်း သူမ မပြောနိုင်ပေ။

*

All Chapters