သတ္တုပြားများ သမိုင်းဝင်ပစ္စည်း ဖြစ်သွားတော့မည့်အရေး
Vol. 3 Ch. 45
“နင် ငါ့ကို သတ္တုပြားတွေ စုခိုင်းတာ ဒါကြောင့်ကိုး။”
ဆုဝမ်သည် ရှောင်းယီအား အံ့အားသင့်စွာ ကြည့်လိုက်မိ၏။
သူသည် အမြဲတမ်း အနာဂတ်ကို ကြိုမြင်နိုင်သည့် ပရောဖက်တစ်ဦးကဲ့သို့ပင် အရေးကြီးသော အချက်အလက်များကို ကြိုတင်ရရှိနေတတ်သည်။
“ကောင်းပြီ... လူတွေ သတိမထားမိခင်မှာ နောက်ထပ် ရနိုင်သလောက်လေး မြန်မြန် ထပ်ပြီးစုဆောင်းထားလိုက်ဦး။”
ရှောင်းယီက လျှို့ဝှက်ချက်တစ်ခုရှိနေသည့် အလား ပြုံး၍ ပြန်ပြောလိုက်သည်။ ဆုဝမ်က ခေါင်းညိတ်ပြကာ ဗီဒီယိုကောကို ပိတ်လိုက်တော့လေသည်။
ယွမ်နွန်မှာမူ SSS အဆင့် အိမ်သာသုံးစက္ကူထုပ်ကို ကြည့်ပြီး မှင်တက်နေဆဲပင်။ ဤသည်မှာ သူ မြင်ဖူးသမျှထဲတွင် အဆင့်အမြင့်ဆုံးပစ္စည်းဖြစ်သော်လည်း အသုံးအဆောင် ပစ္စည်းသက်သက်သာ ဖြစ်နေခဲ့သည်။
အသုံးအဆောင် ပစ္စည်းတွေမှာတောင် ဒီလောက် ထူးခြားတဲ့ အာနိသင်တွေ ရှိနိုင်လို့လား။
သူ ထိတ်လန့်သွားသော်လည်း ရှောင်းယီထံသို့ စာပြန်ပို့လိုက်သည်။
“ဒါတွေက အရမ်း များလွန်းတယ်။ ငါ ဒီလောက် အများကြီး မလိုပါဘူး။”
“ရပါတယ်။ ဒီပစ္စည်းတွေက ကျုပ်ဆီမှာ အများကြီး ရှိတယ်။ စိတ်ကြိုက် သုံးလိုက်ပါ။ သူက ဘက်တီးရီးယားတွေကိုတောင် ကာကွယ်ပေးနိုင်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ယွမ်နွန်သည် မယုံနိုင်လောက်အောင် ဖြစ်နေခဲ့သော်လည်း နောက်ဆုံးတွင် “ကျေးဇူးတင်ပါတယ်” ဟုသာ ဆိုလိုက်ရတော့၏။
ကျန်းယွင်ထျန်းသည်လည်း စာပြန်လာခဲ့သည်။
“ကျေးဇူးပါပဲ။ ပြီးခဲ့တဲ့ ရက်တွေမှာ ငါ့ကလေးရဲ့ တင်ပါးကို ဆေးဖို့ သောက်ရေသန့်တွေကို သုံးနေရတာ။ အခု သောက်စရာတောင် ကုန်တော့မယ်။”
ကလေး၏ နုနယ်သော တင်ပါးကို သစ်ခေါက်နှင့် သုတ်၍ မရသဖြင့် ဖခင်ဖြစ်သူ ကျန်းယွင်ထျန်းမှာ အဖိုးတန်ရေများကိုသာ အသုံးပြုနေရခြင်း ဖြစ်သည်။
“အားနာစရာ မလိုပါဘူး။ ဒါနဲ့ တစ်ခု သတိပေးချင်တာက ဒီစက္ကူက ပိုးသတ်နိုင်စွမ်း အားကောင်းတယ်။ ဒဏ်ရာတစ်ခုခုရရင် ပိုးမဝင်အောင် ဒါနဲ့ အုပ်ထားလို့ ရတယ်။”
“ကောင်းပြီ... ကျေးဇူးအများကြီးတင်ပါတယ်။”
မွန်းလွဲပိုင်းသို့ ရောက်ရှိလာသောအခါ ရှောင်းယီ ဈေးကွက်ခန်းမတွင် တင်ထားသော ရေများမှာ ဖြည်းဖြည်းချင်း ရောင်းထွက်နေဆဲပင်။ ထိုအချိန်တွင် အများသုံးချန်နယ်၌ တစ်စုံတစ်ယောက်က စတင် ပြောဆိုလာခဲ့သည်။
“ဒီနေ့ ငါ ပစ္စည်းသေတ္တာ ၃ လုံး ဖမ်းမိခဲ့တာ တစ်လုံးမှ သတ္တုပြား ပါမလာဘူး။”
“ဟုတ်တယ်။ ငါလည်း ၂ လုံး ဖမ်းမိခဲ့တယ်။ သတ္တုပြား မပါဘူး။ ဒါပေမဲ့ 【သံ)】 ဆိုတာကြီးတော့ ရလာတယ်။”
“ကျုပ်လည်း သတ္တုပြား မရဘူး။ 【ကြေးနီ 】 ပဲရတယ်။”
“ဘာဖြစ်တာလဲ။ နောက်ပိုင်း သတ္တုပြားတွေ ထပ်မထွက်လာတော့ဘူးလို့ ဆိုလိုတာလား။”
“ဖြစ်နိုင်ခြေ အရမ်းများတယ်။ အဲဒါကြောင့် သူဌေးတွေက သတ္တုပြားတွေကို အငန်းမရ လိုက်ပြီးစုဆောင်းနေကြတာကိုး။”
ထိုစကားဝိုင်းကို မြင်သောအခါ တိလင်းထျန်းရှား ရင်ထိတ်သွားပြီး ချက်ချင်းပင် နယ်မြေအုပ်ချုပ်သူ ၄ ဦးထံသို့ စာပို့လိုက်၏။
“ဒီနေ့ ပစ္စည်းသေတ္တာထဲကနေ သတ္တုပြား ရတဲ့သူ ရှိ၊ မရှိ အဖွဲ့ဝင်တွေကို ချက်ချင်း မေးကြည့်ကြစမ်း။”
နယ်မြေအုပ်ချုပ်သူများသည်လည်း ချက်ချင်း စုံစမ်းကြတော့သည်။ မကြာမီ ပြန်ရလာသော အဖြေများကြောင့် တိလင်းထျန်းရှား မျက်နှာပျက်သွားခဲ့၏။ တစ်ယောက်မှ သတ္တုပြား မရခဲ့ကြဘဲ သီးခြားသတ္တုအမျိုးအစားများသာ ရရှိခဲ့ကြသည်။
သူသည် လက်သီးကို တင်းတင်းဆုပ်ကာ ဆဲဆိုလိုက်၏။
“တောက်... ဒါက တကယ့်ကို ကလိမ်ကကျစ်ကျတာပဲ။”
“ဈေးကွက်ခန်းမမှာ ရေနဲ့ သတ္တုပြားတွေ လဲနေတဲ့လူ... အခုချက်ချင်း ထွက်လာခဲ့စမ်း။ မင်းက ငါတို့ဆီကနေ သတ္တုပြားတွေ အများကြီး လိမ်ယူသွားတာပဲ။ အသုံးဝင်တဲ့ သတင်းတစ်ခုခုတော့ ပြန်ပြောသင့်တယ် မဟုတ်ဘူးလား။”
တိလင်းထျန်းရှားက အများသုံးချန်နယ်တွင် အော်ဟစ်လိုက်သည်။ သူသည် အများပြည်သူဘက်က ရပ်တည်သယောင် ဟန်ဆောင်ကာ ရှောင်းယီအား သတင်းတစ်ခုခု ထုတ်ဖော်ပြောပြရန် ဖိအားပေးလိုက်ခြင်းဖြစ်သည်။
ရှောင်းယီသည် ထိုစကားဝိုင်းကို မြင်သောအခါ သက်ပြင်းချလိုက်မိ၏။ သတ္တုပြားများ ထပ်ရတော့မည် မဟုတ်မှန်း သိလိုက်ရသဖြင့် ဈေးကွက်ခန်းမရှိ ရေများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ အသက်ရှင်ကျန်ရစ်သူ အားလုံး အခြေအနေကို ရိပ်မိသွားကြပြီ ဖြစ်သော်လည်း ဤတစ်ဝက်တစ်ပျက်သော အချိန်အတွင်း ရှောင်းယီသည် သတ္တုပြား ၁၉၃ ခု ထပ်မံ ရရှိခဲ့သေးသည်။
မူလရှိပြီးသား ၉,၇၈၅ နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၉,၉၇၈ ခု ရှိနေပြီဖြစ်သည်။ ရှောင်းယီအနေဖြင့် ဤပမာဏအပေါ် အတော်လေး ကျေနပ်နေပြီဖြစ်သည်။
တိလင်းထျန်းရှားနှင့် ပတ်သက်၍မူ ရှောင်းယီက အာရုံစိုက်မနေတော့ပေ။ ရေနှင့် သတ္တုပြားများ လဲလှယ်ခြင်းမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှသာ ဖြစ်ခြင်းဖြစ်၏။ ယခုမှ အခြေအနေကို ရိပ်မိလာခြင်းမှာ ၎င်းတို့၏ တုံ့ပြန်မှု နှေးကွေးခြင်းကြောင့်သာ ဖြစ်သည်။
ရှောင်းယီသည် ဆုဝမ်နှင့် အခြားနှစ်ဦးထံသို့လည်း စာပို့လိုက်၏။
“အခုဆို ဘယ်သူမှ သတ္တုပြားတွေ ထုတ်ရောင်းတော့မှာ မဟုတ်ဘူး။ အရောင်းစာရင်းတွေကို ဖျက်လိုက်ကြတော့။”
“ဟက်... ငါတို့ဆီက သတ္တုပြတွေ လိမ်ယူသွားပြီးတော့မှ ထွက်မလာရဲတော့ဘူးလား။ တကယ့်ကို ကြွက်လို ပုန်းနေတဲ့ ကောင်ပဲ။”
တိလင်းထျန်းရှား ဆက်လက် ရန်စနေ၏။ အခြားသူများလည်း ဝိုင်းပြောကြတော့သည်။
“ဟုတ်တယ်။ ဘာလို့ ဈေးနည်းနည်း တက်နေတာလဲလို့ တွေးနေတာ။ မင်းက အတွင်းသတင်းတွေ သိထားလို့ကိုး။”
“ငါတို့အားလုံးက ရှားပြည်ထောင်ရဲ့ နိုင်ငံသားတွေချည်းပဲ။ မင်း လိမ်ယူထားတဲ့ သတ္တုပြားတွေကို အခုချက်ချင်း ပြန်ပေးစမ်း။ မဟုတ်ရင် မင်းအတွက် နေရာ ရှိမှာ မဟုတ်ဘူး။”
“တောက်... ဒီလိုလူမျိုး ရှိရလား။ အပြင်ထွက်လာခဲ့စမ်း။ မင်းကို ငါ အပိုင်းပိုင်း ပိုင်းပစ်မယ်။”
“ဟက်... တစ်ချို့လူတွေကတော့ ရှက်တတ်ပုံ မရဘူးပဲ။ သူတို့ အရောင်းစာရင်း တင်တုန်းက မင်းတို့ကို အတင်းအဓမ္မ လဲခိုင်းလို့လား။ မင်းတို့ကသာ ပစ္စည်းရဲ့ အရေးပါပုံကို မသိတာ။ သူတို့က သိတယ်လေ။ ဒါပေမယ့် ဘာလို့ မင်းတို့ကို လာပြောပြနေရမှာလဲ။”
“ငါထင်တာတော့ အပေါ်က လူက သတ္တုပြားတွေ လိုက်ဝယ်နေတဲ့ လူလိမ်ပဲ ဖြစ်ရမယ်။”
“ဟုတ်တယ် မင်းကများ ထွက်ပြောရဲသေးတယ်။ အားလုံး ဝိုင်းဆဲကြစမ်း။”
“မင်းတို့ကတော့ တကယ် အားနေတာပဲ။ ထားလိုက်ပါတော့။ ငါ့ကို လူလိမ်လို့ ထင်ရင်လည်း ထင်ကြပေါ့။ ဒီအချိန်မှာ အားနေရင် ပစ္စည်းသေတ္တာတွေ သွားဖမ်းပြီး အုတ်မြစ်ကျောက်ရှာကြတာက ပိုအကျိုးရှိလိမ့်မယ်။ ဆဲချင်သလောက်သာ ဆဲနေကြ။ အဲဒီ သတ္တုပြားတွေ ပြန်ရလာမလား ကြည့်ကြတာပေါ့။”
တိလင်းထျန်းရှား မျက်မှောင်ကျုံ့သွား၏။ သူ ထိုလူကို ရှာချင်သော်လည်း လက်တွေ့မှာ မဖြစ်နိုင်ပေ။ သူသည် တိလင်းချင်းလုံ ဆီသို့ စာပို့လိုက်သည်။
“အဖွဲ့ဝင်တွေဆီမှာ ရှိသမျှ သတ္တုပြား အကုန်လုံးကို စုစည်းပြီး သိမ်းထားလိုက်။”
စုစည်းသိမ်းဆည်းမည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် တိလင်းထျန်းရှားထံသို့ လဲလှယ်ပေးရန်သာ ဖြစ်သည်။ တိလင်းချင်းလုံသည် ခဏတာကြောင်အသွားပြီးနောက် သတိပေးလိုက်၏။
“ဂိုဏ်းချုပ်... အခုလို လုပ်ရင် အဖွဲ့ဝင်တွေ မကျေမနပ် ဖြစ်သွားနိုင်ပါတယ်။”
“မကျေနပ်ရင် အဖွဲ့ထဲက ထွက်သွားနိုင်တယ်။”
တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။ တိလင်းထျင်းလုံသည် အမိန့်ကို နာခံရန်သာ တတ်နိုင်တော့၏။ သို့သော် ရလဒ်မှာ စိတ်ပျက်စရာပင်။ သတ္တုပြား တစ်ခုမှ ရမလာခဲ့ပေ။ အဖွဲ့ဝင်တိုင်းသည် သူတို့တွင် မရှိတော့ကြောင်း၊ ရေနှင့် အကုန်လဲလှယ်ပြီးသားဖြစ်ကြောင်း သို့မဟုတ် သုံးပြီးသားဖြစ်ကြောင်းသာ အကြောင်းပြခဲ့ကြ၏။ အမှန်လား၊ အလိမ်လားဆိုသည်ကိုမူ ယခုအချိန်တွင် ခွဲခြားရန် မဖြစ်နိုင်တော့ပေ။
ဤအခြေအနေကို တိလင်းထျန်းရှားထံသို့ တင်ပြလိုက်သောအခါ သူသည် ဒေါသတကြီးနှင့် လက်ထဲရှိ ပုဆိန်ဖြင့် ဘေးနားက သစ်ပင်ကို ခုတ်ချလိုက်တော့သည်။
“ကျေးဇူးကန်းတဲ့ လူတွေ။”
သူသည် ဆဲဆိုသော်လည်း ဘာမှ မတတ်နိုင်ပေ။
ရှောင်းယီသည်မူ သတ္တုပြားများကို သူ၏ သိုလှောင်ရုံထဲတွင် သိမ်းဆည်းထားလိုက်၏။ ဤသတ္တုပြားများသည် နောင်တစ်ချိန်တွင် မမျှော်လင့်ထားသော အကျိုးကျေးဇူးများ ပေးလာလိမ့်မည်မှာ သေချာပေသည်။
အလုပ်အားလုံး ပြီးသွားသောအခါ ရှောင်းယီသည် မနက်က ကျန်းယွင်ထျန်း ပေးထားသော ပေါင်မုန့်များကို အမှုန့်ကြိတ်ကာ ငါးခြောက်မှုန့်များနှင့် ရောပြီး ကြက်ပေါက်လေးများကို အစာကျွေးလိုက်၏။
“ကျိ... ကျိ... ကျိ”
ရှောင်းယီ လာနေသည်ကို မြင်သည်နှင့် ကြက်ပေါက်လေးများသည် အတင်းအော်မြည်နေကြတော့သည်။
“အစားအစာက မလောက်သေးဘူး ထင်တယ်။”
ရှောင်းယီ ရေရွတ်လိုက်၏။ ပေါင်မုန့်အမှုန့်နှင့် ငါးမှုန့်များက ကြက်ပေါက်လေးများ၏ အခြေခံ လိုအပ်ချက်ကိုသာ ဖြည့်ဆည်းပေးနိုင်ခြင်း ဖြစ်သည်။ သို့သော် ကြက်ပေါက်လေးများမှာ အံ့သြဖွယ် ကောင်းလောက်အောင်ပင် လျင်လျင်မြန်မြန် ကြီးထွားလာကြ၏။ ၎င်းတို့၏ အရွယ်အစားမှာ ခဏချင်းအတွင်း သိသိသာသာ ကြီးလာပြီး နှစ်ပတ်ခန့် မွေးထားသည့် ကြက်များကဲ့သို့ပင် ဖြစ်လာခဲ့သည်။
သူသည် ဆလတ်ရွက်အချို့ကို ရိတ်သိမ်းထားသဖြင့် ကြက်ပေါက်လေးများကို ကျွေးလို့ရမလားဟု သိလိုလာခဲ့သည်။
“လောင်ယွမ်... ကြက်ပေါက်လေးတွေကို ဆလတ်ရွက် ကျွေးလို့ရလား။”
သူက မေးလိုက်၏။
“ရတာပေါ့။ ဒါပေမဲ့ ခုမှ ပေါက်တဲ့ ကြက်ပေါက်လေးတွေက အစာခြေစနစ် သိပ်မကောင်းသေးဘူး။ ဆလတ်ရွက်တွေကို အတုံးသေးသေးလေးတွေ မြင်အောင် လှီးပြီးမှ ကျွေးရမယ်။”
လောင်ယွမ်က ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။”
ရှောင်းယီသည် ချက်ချင်းပင် ဆလတ်ရွက်များကို ဓားဖြင့် အစိပ်အစိပ်ဖြစ်အောင် လှီးဖြတ်ကာ ကျွေးလိုက်တော့လေသည်။ အခုချိန်မှာတော့ သူစားဖို့ထက် ကြက်ပေါက်လေးများ ကြီးထွားဖို့ကိုသာ ဦးစားပေးနေရခြင်း ဖြစ်သည်။