← Chapters

လူတွေတောင်ဗိုက်မဝသေးဘူး ကြက်တွေကို အစာကျွေးနေရပြီ၊ စိုက်ပျိုးမွေးမြူရေးကျွမ်းကျင်ပညာရှင်များ

Vol. 3 Ch. 33

လူတွေတောင်ဗိုက်မဝသေးဘူး ကြက်တွေကို အစာကျွေးနေရပြီ၊ စိုက်ပျိုးမွေးမြူရေးကျွမ်းကျင်ပညာရှင်များ

Vol. 3 Ch. 33

ရှောင်းယီသည် ချက်ချင်းပင် ကြက်ခြံဆီသို့ ပြေးသွားလိုက်ပြီး ကြက်ခြံအတွင်း၌ အဝါရောင်ကြက်ပေါက်လေးနှစ်ကောင် လှည့်ပတ်ပြေးလွှားနေသည်ကို တွေ့ရှိခဲ့ရသည်။ သူတို့သည် မြေကြီးကို အချိန်နှင့်အမျှ ကုတ်ခြစ်နေကြပြီး အစာရှာနေဟန်ရှိသည်။

ရှောင်းယီရောက်လာသည်ကို တွေ့သောအခါ ကြက်ပေါက်လေးနှစ် ကောင်သည် သူ့ဆီသို့ တစ်ကောင်ပြီးတစ်ကောင် ရောက်လာကြလေသည်။ သူတို့သည် ရှောင်းယီကို ကြောက်မနေကြချေ။

သူတို့သည် ရှောင်းယီကိုတွေ့သောအခါ ပိုမိုကာပင် အဆက်မပြတ် အော်ဟစ်လာကြပြီး အလွန်ဆာလောင်နေဟန်ရှိသည်။

စနစ်၏အသိပေးချက်မှတစ်ဆင့် ရှောင်းယီသည် ဤကြက်ပေါက်လေးနှစ်ကောင်သည် အထီးတစ်ကောင်နှင့်အမတစ်ကောင်ဖြစ်ကြောင်း သိလိုက်ရသည်။

သူ၏ကိုယ်ပိုင်ကြက်အုပ်ကို မွေးမြူရန်မှာ အဆင်ပြေပေသည်။ သို့သော် သူတို့ကို ဘာကျွေးရမည်ဆိုသည်မှာ အလွန်ပြင်းထန်သော ပြဿနာတစ်ရပ် ဖြစ်သည်။

ဂျုံများသည် ရင့်မှည့်တော့မည်ဖြစ်သော်လည်း ဤအချိန်တွင် ထိုအရာဖြင့် ကြက်များကို ကျွေးမွေးရန်မှာ မဖြစ်နိုင်ပေ။ သူကိုယ်တိုင်စားရန်ပင် ဝန်လေးနေပြီး စိုက်ပျိုးမှုကို ဆက်လက်ချဲ့ထွင်ရမည် ဖြစ်သည်။

“ငါဘာလုပ်ရမလဲ။”

ရှောင်းယီက တွေးလိုက်မိသည်။

“ဟုတ်ပြီ စနစ် လက်မှတ်ထိုးဝင်မယ်။”

“ကောင်းကင်နှင့်မြေကြီးကိုဆုတောင်းပါတယ် ကြက်အစာရရှိပါစေ။”

ရှောင်းယီက ဆုတောင်းလိုက်သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ပြောင်းဖူးမျိုးစေ့ (S အဆင့်) 10။”

“မျိုးစေ့တွေ ထပ်ရပြန်ပြီ။”

ရှောင်းယီ အကူအညီမဲ့သွားခဲ့သည်။ လက်ရှိအချိန်တွင် သူသည် မျိုးစေ့များ လိုအပ်နေသော်လည်း ကြက်ပေါက်လေးများက ပို၍အရေးကြီးနေပေသည်။

စနစ်သည် အရေးကြီးသောအရာများကို ခွဲခြားသိမြင်နိုင်စွမ်း မရှိချေ။

S အဆင့် ပြောင်းဖူးမျိုးစေ့များကို ကြက်ပေါက်လေးများအား တိုက်ရိုက်ကျွေးရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ၎င်းသည် အလွန်အမင်းဖြုန်းတီးရာရောက်ပြီး ရှောင်းယီ၏အမြင်အတွင် ဤပြောင်းဖူးမျိုးစေ့များသည် ပြောင်းဖူးခင်းကြီးကို ကိုယ်စားပြုပေသည်။

“မင်းဆီမှာ ကြက်တွေကိုကျွေးလို့ရတဲ့ အစာဘာရှိလဲ။”

ရှောင်းယီသည် ဆုဝမ်နှင့် ကျန်းယွင်ထျန်းတို့ထံသို့ ချက်ချင်းစာတစ်စောင် ပို့လိုက်သည်။

“ဟင် နင့်မှာ ကြက်တွေရှိ‌လို့လား။”

ဆုဝမ်သည် ထိုမေးခွန်းကို မေးလိုက်ပြီးနောက် ထိုစကားလုံးများသည် အနည်းငယ် မရှင်းမလင်း ဖြစ်နေသည်ဟု ခံစားလိုက်ရပြီး မျက်နှာတစ်ပြင်လုံးနီရဲလာကာ မြန်မြန်ပြန်ပြင်ပြောလိုက်သည်။

“ဟင့်အင်း အခုတော့ ငါ့လက်ထဲမှာ ဘာအစာမှ မရှိသေးဘူး။ မနေ့က နင်ပေးထားတဲ့ ငါးကင်ပဲရှိတယ်။”

ထိုသို့ပြောပြီးနောက် သူမသည် ဘာမှဆက်မပြောတော့ပေ။ ရှောင်းယီသည် ကြက်အစာပြဿနာအပေါ်တွင်သာ အာရုံစိုက်နေခဲ့ပြီး သူမ၏စကားလုံးများအတွင်းရှိ မရှင်းမလင်းဖြစ်နေမှုကို သတိမထားမိခဲ့ပေ။

“ငါ့ဆီမှာတော့ ပေါင်မုန့်ပဲရှိတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“အခုမှပေါက်တဲ့ ကြက်ပေါက်လေးတွေက ပေါင်မုန့်စားလို့ရလောက်လား။”

ရှောင်းယီက မေးလိုက်သည်။

ကျန်းယွင်ထျန်းက အံ့အားသင့်သွားခဲ့ပြီး ပြန်ဖြေလိုက်သည်။

“မင်း ငါ့ကို ကြက်သားစားခိုင်းရင်တော့ ငါစားနိုင်တယ်။ ဒါပေမယ့် ကြက်မွေးတာကိုတော့ ငါတကယ်နားမလည်ဘူး။”

ရှောင်းယီသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“ငါခဏ‌နေရင် မင်းဆီကို ငါးကင်တစ်ခု ပို့ပေးလိုက်မယ်။ မင်းရဲ့ပေါင်မုန့်ကို ငါ့ကိုပေးပါ။”

“ကောင်းပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ထို့နောက် သူသည် ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကို အများသုံးချန်နယ်သို့ ပြောင်းလိုက်ပြီး အများသုံးချန်နယ်တွင် စာတစ်စောင် ရေးတင်လိုက်သည်။

“ကြက်တွေအတွက် အစာ ဒါမှမဟုတ် အစာကျွေးလို့ရတဲ့အရာ ဘယ်သူ့ မှာရှိလဲ။ ရှိတယ်ဆိုရင် ကျုပ်ကို သီးသန့်ဆက်သွယ်ပေးပါ။”

ယခုအချိန်တွင် အများသုံးချန်နယ်သည် နောက်တစ်ကြိမ် ပြန်လည်စည်ကားလာပြန်၏။

“ဒါကဘာလဲ လူတွေတောင် ဗိုက်ပြည့်အောင်မစားရသေးတာကို မင်းက ကြက်တွေကို ကျွေးမလို့လား။”

“ဒါက လူချမ်းသာတွေရဲ့ကမ္ဘာလား။ ငါ့မှာတော့ တစ်ရက်ခွဲလောက် ရေနဲ့အစာအတွက် ပြေးလွှားနေရတယ်။ အစ်ကိုကြီး မင်း ငါ့ကို စားစရာနဲ့ သောက်စရာသာ ဆုချမယ်ဆိုရင် ငါ မင်းကိုကူညီပြီး တီကောင်တွေ ရှာပေးနိုင်ပါတယ်။”

“မင်း ဘာတွေတွေးနေတာလဲ။ ဒီလိုသဲကန္တာရမြေကြီးမှာ သစ်ပင်တစ်ပင်တောင် မရှိတာ တီကောင်ဆိုရင် ပြောမနေနဲ့တော့။”

“အမှန်ပဲ။ မင်း တကယ်ပဲ တီကောင် ရှာတွေ့ခဲ့တယ်ဆိုရင် မင်းမှာအစကတည်းက စားစရာတွေရှိနေမှာပေါ့။”

“အပေါ်ကလူ တီကောင်က စားလို့ရလို့လား။ မရွံဘူးလား။”

“စားလို့ရတာပေါ့ကွ။ တီကောင်တွေမှာ ပရိုတင်းဓာတ်၊ အဆီနဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ အများကြီးပါတယ်။ အမိုင်နိုအက်ဆစ်တွေ၊ ဗီတာမင်တွေနဲ့ အခြားသတ္တုဓာတ်တွေလည်း ပါသေးတယ်။ အကောင်းဆုံးက သူတို့ကို အစိမ်းစားလိုက်မယ်ဆိုရင် အရည်ရွှမ်းပြီးတော့ တစ်ကိုက်ကိုက်လိုက်တာနဲ့ ပါးစပ်ထဲမှာ မြေကြီးရဲ့သင်းရနံ့တွေ ပြည့်နှက်သွားလိမ့်မယ်။”

“အိုး တော်ပါတော့ဗျာ။ ကျုပ် အခုလေးတင် နောက်ဆုံးလက်ကျန် ပေါင်မုန့်တစ်ခု စားတာ။ စားပြီးပြီးချင်း ပြန်အန်မထွက်ချင်ဘူး။”

“အဆင်ပြေပါတယ်။ မင်း အန်ထုတ်လိုက်ရင် နောက်ထပ် ထပ်စားလို့ရတယ်လေ။”

“ထွီ ထွီ ထွီ”

ရှောင်းယီမေးထားခဲ့သော မေးခွန်းသည် စာတိုများကြား ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှောင်းယီ၏ သီးသန့်ချန်နယ်တွင် စာတိုများ အဆက်မပြတ် ထွက်ပေါ်လာနေပြီး အများစုမှာ ရေနှင့်အစာများ တောင်းနေကြခြင်းဖြစ်ကာ ရှောင်းယီလိုချင်သည့်အရာကိုမူ မည်သူမျှ မပေးနိုင်ခဲ့ကြပေ။

ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး သီးသန့်ချန်နယ်ကို ပိတ်ရန် လုပ်လိုက်သည်။

“တကယ်ပဲ ဘာမှမရှိဘူးတော့ဆိုရင် ပေါင်မုန့်ကိုပဲ တိုက်ရိုက်ကျွေးရတော့မှာပဲ။ ဘာပြောပြော ပေါင်မုန့်က ဂျုံနဲ့လုပ်ထားတာပဲလေ။”

ထို့နောက် သူသည် သီးသန့်ချန်နယ်အား ပိတ်လိုက်ရန် အဆင်သင့်ဖြစ်နေစဉ် သူ့ဆီသို့ ရောက်ရှိလာသော သီးသန့်စာတစ်စောင်က သူ၏အာရုံကို ဆွဲဆောင်သွားခဲ့၏။

“အခုမှပေါက်တဲ့ ကြက်ပေါက်လေးတွေက ပိုပြီးနုနယ်ကြတယ်။ အပူချိန်ကို ဂရုတစိုက် ထိန်းသိမ်းပေးပါ။ အထူးသဖြင့် ပြုပြင်ထားတဲ့အစာတွေကို ကျွေးရမယ်။ အချိုးအစားကိုတော့ ငါသိတယ်ဆိုပေမယ့် အခုအခြေအနေမှာ အဲဒီလိုမလုပ်နိုင်တော့ဘူး။ ပစ္စည်းသေတ္တာထဲက ပေါင်မုန့်ကို အပိုင်းသေးသေးလေးတွေဖြစ်အောင် လုပ်ပြီးသာ ကျွေးလိုက်ပါ။ အခြားအခြေအနေတွေရှိလာခဲ့ရင် ပင်လယ်ငါးကို အခြောက်လှန်းပြီး အပိုင်းသေးသေးလေးတွေဖြစ် အောင် လုပ်ပြီး နည်းနည်းချင်းစီ ကျွေးလို့ရတယ်။ မှတ်ထားပါ...ကြက်ပေါက်လေးတွေ သောက်တဲ့ရေက ကျိုချက်ထားတဲ့ရေပဲဖြစ်ရမယ်။ ဒါမှ ကြက်တွေ နာမကျန်းမဖြစ်မှာ။”

တစ်ဖက်လူက ချက်ကျလက်ကျပြောလာသည့်စကားများကို တွေ့လိုက်ရသောအခါ ရှောင်းယီသည် အခြား သူများ၏စာတိုများကို ပိတ်ဆို့လိုက်ပြီး ထိုသူနှင့် သီးသန့် စကားပြောလိုက်၏။

“ဒါဆို ကြက်ပေါက်တွေက ပေါင်မုန့်အပိုင်းသေးသေးလေးတွေ ကို စားလို့ရတယ်လို့ ဆိုလိုတာပေါ့။”

“ဟုတ်တယ်။”

ထိုလူက ပြန်ဖြေလာခဲ့သည်။

“ကောင်းပြီ ခင်ဗျားက ကျုပ်ရဲ့မေးခွန်းကို ဖြေပေးသွားပြီး။ ခင်ဗျားဘာလိုချင်လဲ။ အစာအစားလား၊ ရေလား။”

ရှောင်းယီက မေးလိုက်၏။

“ငါ ဘာမှမလိုချင်ပါဘူး။ ငါ့အသက်အရွယ်မှာ ခုခံနိုင်စွမ်းက အကန့်အသတ်ကိုရောက်နေပြီ။ အဲ့ဒါကို မင်းကိုယ်တိုင် သိမ်းထားပြီး အသက်ရှင်အောင်နေပါ။”

တစ်ဖက်လူ၏ စကားလုံးများမှာ လက်လျှော့တော့မည့်ဟန်ရှိသည်။

ရှောင်းယီ အနည်းငယ် မျက်မှောင်ကျုံ့လိုက်မိ၏။

“ခင်ဗျား ကြက်မွေးမြူနည်းကို သိလား။”

“ငါ့တစ်သက်လုံး လယ်သမားအဖြစ်နေလာခဲ့တာ။ ငါမသိဘဲ ဘယ်လိုနေမှာလဲ။”

တစ်ဖက်လူက ပြန်ဖြေလာခဲ့သည်။

“ဒီလိုဆို ခင်ဗျား ကျုပ်ရဲ့ မွေးမြူရေးအကြံပေး ဖြစ်လာပေးပါ။ ကျုပ် ခင်ဗျားကို တစ်ရက်ကို ငါးတစ်ကောင်နဲ့ ရေကျက်အေး ၅၀၀ မီလီ ပေးမယ်။”

ရှောင်းယီက ပြောလိုက်၏။

သူဤသို့လုပ်ရခြင်း၏ အကြောင်းရင်းမှာ အနာဂတ်တွင် မွေးမြူရေးတွင် ပြဿနာများ ရှိလာနိုင်သောကြောင့်ဖြစ်သည်။ သူကိုယ်တိုင် ပေါက်ကရတွေ လျှောက်လုပ်နေမည့်အစား နည်းပညာရှင်တစ်ဦး၏ အကူအညီကို ရယူခြင်းမှာ ပိုကောင်း၏။

ထို့အပြင် ကျွန်း၏ဧရိယာ ကျယ်ပြန့်လာသည်နှင့်အမျှ နေ့စဉ် ပင်လယ်ငါးများစွာ ရရှိလာမည်ဖြစ်သည်။ ပင်လယ်ငါးတစ်ကောင်၊ နှစ်ကောင်သည် တကယ့်ကို ပြဿနာမဟုတ်ပေ။ ရေကျက်အေးသည် လည်း ရေပိုက်ထဲမှရေကို ကျိုချက်ရုံဖြင့် ရရှိနိုင်၏။

ဟုတ်ပလသည်။ ရေပိုက်စနစ်သည် အလွန်အလုပ်ရှုပ်လှပြီး သူကိုယ်တိုင် ရေကန်ထဲသို့ ပင်လယ်ရေများ ခပ်ထည့်ပေးရန် လိုအပ်ပေသည်။

တစ်ချိန်တည်းမှာပင် တစ်ဖက်လူသည် အစပိုင်းတွင် သူ၏အစာနှင့် ရေကို မလိုချင်ဘဲ သူ့ကို အသက်ရှင်အောင်နေရန် ပြောခဲ့ခြင်းကလည်း ရှောင်းယီအား စိတ်လှုပ်ရှားစေခဲ့၏။

ထိုအချိန်တွင် စတုရန်းမီတာ ၄ မီတာသာရှိသော ကျွန်းငယ်လေးပေါ်တွင် သက်ကြီးရွယ်အိုတစ်ဦးသည် ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကိုမှီကာ လဲလျောင်းနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အလွန်အမင်း အားနည်းနေခဲ့သည်။

ရှောင်းယီထံမှ ပြန်လည်ရောက်ရှိလာသော သတင်းကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများတွင် မျှော်လင့်ချက်အလင်းရောင်များ အနည်းငယ် ထွက်ပေါ်လာခဲ့၏။ အကယ်၍ အသက်ရှင်နိုင်မည်‌ဆိုပါက မည်သူကသေချင်ပါမည်နည်း။

“ဒီလိုလုပ်တာက မင်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘူးလား။”

ထိုလူကြီးက ချီတုံချတုံဖြင့် မေးလိုက်သည်။

“စိတ်မပူပါနဲ့။ ကျုပ်ဘက်က ဒီလိုအခြေအနေမျိုး ကမ်းလှမ်းနိုင်တယ်ဆိုမှတော့ ကျုပ် တတ်နိုင်လို့ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ...ဒါဆို ငါ့ရဲ့အသက်ကို မင်းဆီရောင်းလိုက်မယ်။”

ထိုလူအိုကြီးက ပြောလိုက်၏။

ရှောင်းယီသည် တက်ကြွစွာဖြင့် တစ်ဖက်လူကို မိတ်ဆွေစာရင်းထဲသို့ ပေါင်းထည့်လိုက်သည်။

“တစ်ဖက်လူက သဘောတူလိုက်ပါပြီ။ သင်သည် ယွမ်နွန်ကို သူငယ်ချင်းအဖြစ် ထည့်သွင်းပြီးပါပြီ။”

“ယွမ်နွန်လား။”

ရှောင်းယီ အလွန်အံ့အားသင့်သွားခဲ့၏။ ထို့ကြောင့် ရှောင်းယီသည် ယွမ်နွန်ထံသို့ ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်လေသည်။ ယွမ်နွန်ဘက်မှ ခေါ်ဆိုမှုကို လက်ခံလိုက်ပြီးနောက် ဗီဒီယိုထဲရှိ လူအိုကြီးကိုကြည့်ကာ သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အလွန်ပီတိဖြစ်သွားခဲ့၏။

“ဆရာယွမ် ခင်ဗျားဖြစ်နေမယ်လို့ ကျုပ်မျှော်လင့်မထားခဲ့မိဘူး။”

ရှောင်းယီက အလောတကြီး မိတ်ဆက်လိုက်သည်။

“ဘာဆရာတဲ့လဲ။ ငါက အခုချိန်မှာ သေခါနီးလူအိုကြီးတစ်ယောက်ပါပဲ။”

လောင်ယွမ်က သူ၏ခေါင်းကိုခါယမ်းကာ ပြန်ဖြေလိုက်၏။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ခင်ဗျားက လူတွေကအများကြီးကို စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့နည်းပညာတွေကို တိုက်ကျွေးခဲ့တဲ့လူပါ။”

ရှောင်းယီက ထိုသို့ပြောလိုက်ပြီးနောက် ပစ္စည်းအချို့ ပို့ပေးလိုက်သည်။

“ရေသန့် (A အဆင့်) ၅၀ မီလီ၊ ရေနွေး ၅၀၀ မီလီ၊ ငါးကင် ၅၀၀ ဂရမ်။”

“ဒါ...ဒါက အရမ်းများလွန်းတယ်။”

ယွမ်လောင်သည် သူအိပ်မက်မက်နေသည်ဟုပင် ခံစားနေရ၏။

“ဆရာယွမ် ကျေးဇူးပြုပြီး လက်ခံပေးပါ။ အနာဂတ်မှာ ကျုပ် ခင်ဗျားကို အများကြီးဒုက္ခပေးရဦးမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဒီ A အဆင့်ရေသန့်က လူသားတွေရဲ့ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်တယ်။ ဒါက အများကြီးမဟုတ်ပါဘူး။ ဖြည်းဖြည်းချင်းပဲ စလိုက်ကြတာပေါ့။”

“ရေသန့်က လူတွေရဲ့ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်တာလား။”

လောင်ယွမ်သည် သူ၏အသိပညာများ စိန်ခေါ်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါက သိပ္ပံပညာနဲ့ ဆန့်ကျင်နေတယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမယ့် အခု ဒီကျွန်းပေါက် ဘယ်အရာကများ သိပ္ပံပညာနဲ့ ရှင်းပြလို့ရနိုင်လို့လဲ။”

All Chapters