← Chapters

အတွင်း၌ အစာခြေဖျက်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ နည်းစနစ်များ

Vol. 3 Ch. 35

အတွင်း၌ အစာခြေဖျက်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ နည်းစနစ်များ

Vol. 3 Ch. 35

“ဟုတ်တယ်။ ဒီသူဌေးကြီးတွေက ရေချိုရင်းမြစ်တစ်ခုကို ရှာတွေ့သွားတာပဲဖြစ်ရမယ်။”

“ကျုပ်တို့အားလုံးက ရှားလူမျိုးတွေချည်းပဲဆိုတော့ နည်းလမ်းလေးတွေ မျှဝေပေးပါ။”

“သူဌေးကြီးများကို မျှဝေပေးဖို့ လေးလေးနက်နက် တောင်းဆိုပါတယ်။ ကျုပ် သူဌေးကြီးရဲ့ဂိုဏ်းထဲကိုလည်း ပူးပေါင်းနိုင်ပါတယ်။”

ရှောင်းယီသည် သူတို့၏ဆွေးနွေးမှုများကို လုံးဝဂရုမစိုက်အားဘဲ ဆုဝမ် ပို့ပေးလာသည့် သတင်းအချက်အလက်များကြောင့် အနည်းငယ် အံ့အားသင့်နေခဲ့သည်။

“ဒါက ဘယ်လိုကံတရားမျိုးလဲ။ မင်း နောက်ထပ်တဲတစ်လုံး ထပ်ရလာပြန်ပြီ။”

ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်၏။

ဆုဝမ်က ရယ်မောပြီး ပြန်ဖြေလာခဲ့သည်။

“ဘုရားသခင်က ငါ့ကို မိုးရေထဲမှာ မအိပ်စေချင်ဘူးထင်တယ်။ ဒီတဲကိုရော...အုတ်မြစ်ကျောက်နဲ့ လဲလို့ရမလား။”

ဆုဝမ်သည်လည်း ရှောင်းယီ ဈေးကွက်တွင် အုတ်မြစ်ကျောက်များ အဆက်မပြတ် စုဆောင်းနေသည်ကို သိထား၏။ သူမသည် ယခင် တဲတစ်လုံးရှိနေသေးသည်ဖြစ်ရာ ၎င်းနှင့်ပင် လုံလောက်နေပြီဖြစ်သည်။ ဤအပိုတဲတစ်လုံးကို အုတ်မြစ်ကျောက်များနှင့် လဲလှယ်နိုင်ပြီး အလွန်လည်း လူကြိုက်များမည်ဖြစ်သည်။

ရှောင်းယီသည် အနည်းငယ်စဉ်းစားကြည့်လိုက်ပြီးနောက် ကျန်းယွင်ထျန်းနှင့် ယွမ်နွန်ထံသို့ စာပို့လိုက် ၏။

“ကျုပ်မှာ အပိုတဲတစ်လုံးရှိတယ် ခင်ဗျားတို့ ဘယ်သူလိုအပ်လဲ။”

“အတွင်းပိုင်းမှာ အရင်ခြေဖျက်ကြည့်ရအောင်။”

ရှောင်းယီက ဆုဝမ်ကိုပြောလိုက်သည်။

“ကောင်းပြီ”

ဆုဝမ်က ပြန်ဖြေလိုက်ပြီး ထိုတဲကို ရှောင်းယီထံသို့ လဲလှယ်ပေးလိုက်၏။

ကျန်းယွင်ထျန်းသည် ထိုတဲကို မြင်လိုက်ရသည်နှင့် ၎င်းကို ယူလိုက်ရန် တွေးလိုက်မိသော်လည်း ရှောင်းယီ၏စာကို မြင်လိုက်ရသောအခါ ယွမ်နွန်လည်းပါဝင်ထားသည်ကို သိလိုက်ရသည်။

သူဆောက်ထားခဲ့သည့် ရိုးရှင်းသော သစ်သားတဲလေးကိုကြည့်လိုက်ပြီးနောက် ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်၏။

“ယွမ်နွန်ကို ပေးလိုက်ပါ။”

သူသည် ကလေးကို ကိုယ်တိုင်ထိန်းကျောင်းနေခြင်းဖြစ်ရသော်လည်း ကလေးသည် ယခုအချိန်တွင်ကျန်းမာဝဖြိုးနေပြီး မိုးလေဝသဒဏ်မှကာကွယ်ရန်အတွက်လည်း သစ်သားတဲတစ်ခု ရှိပေသည်။ ယွမ်နွန်ကို ပေးလိုက်သည်က ပို၍သင့်တော်သည်။

ကျန်းယွင်ထျန်းသည် စစ်မြေပြင်တွင် ရက်စက်ပြီး သနားကြင်နာမှု ကင်းမဲ့လှသော်လည်း မိသားစုနှင့်မိတ်ဆွေများအတွက်မူ အလွန်အမင်း သည်းခံနိုင်စွမ်းရှိသူဖြစ်သည်။

ရှောင်းယီသည် ကျန်းယွင်ထျန်း၏အဖြေကို မြင်လိုက်ရသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်မိ၏။

“တခြားဘယ်သူလိုသေးလဲဆိုတာ ကြည့်လိုက်ပါဦး။ ဒီမှာ ရာသီဥတုက ကောင်းနေတုန်းဆိုတော့ ငါ ဒါကို သုံးဖြစ်မယ်မထင်ဘူး။”

ယွမ်နွန်က ပြန်ဖြေလာခဲ့သည်။

“တခြားသူတွေ လက်လျှော့သွားပြီဆိုတော့ ဒါက ခင်ဗျားအတွက်ပဲ။”

ရှောင်းယီက ပြောလိုက်၏။

“[တစ်ယောက်အိပ်ရွက်ဖျင်တဲ] ၁ - လဲလှယ်မှုမရှိပါ။”

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။”

ယွမ်နွန်းသည် သူ့ကို ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် လဲလှယ်မှုကို သဘောတူလိုက်သည်။

လဲလှယ်မှုပြီးဆုံးပြီးနောက် ရှောင်းယီသည် ဈေးကွက်ကို ပြန်ကြည့်လိုက်၏။ သူနောက်မှတင်လိုက်သည့် ရေနွေးအစုံ ၄၀ အားလုံးလည်း ရောင်းထွက်သွားပြီဖြစ်သည်။ ယခင်တင်ထားသည့် ၂ဝ စုံထဲမှ ၃ စုံပါ ရောင်းထွက်သွားခဲ့သည်။

“ရရှိသည့်ပစ္စည်းများ - [အုတ်မြစ်ကျောက်] ၄၃။”

“တကယ်ပဲ ဖောက်သည်တွေကို သူတို့အမြတ်ထွက်နေတယ်လို့ခံစားရအောင်လုပ်ဖို့လိုအပ်တယ်။”

ရှောင်းယီက ရေရွတ်လိုက်ပြီး ရေနွေး ၅၅ မီလီလီတာနှင့် အုတ်မြစ်ကျောက်ကို လဲလှယ်ရန် အစုံ ၄၀ ကို ထပ်မံတင်သွင်းလိုက်သည်။

ထိုသို့တင်သွင်းပြီးနောက် ရှောင်းယီသည် သူ၏တိုက်ခန်းအပြင်သို့ ထွက်လာခဲ့၏ ။ တံခါးဝရှိ ဆလတ်ပင်များသည် အစေ့ထုတ်လုပ်ပြီးဟန်ရသည်။

သူသည် ဆလတ်ပင်၏အလယ်မှ ထိုးထွက်နေသည့်အညွန့်ကို ဂရုတစိုက်ခူးဆွတ်လိုက်ပြီးနောက် အညွန့်ထဲမှ ချွန်ထက်သောအစေ့များကို ထုတ်ယူလိုက်၏။

“ရရှိသည့်ပစ္စည်းများ - ဆလတ်စေ့ ၂၃။”

“ဒီဂဏန်းက ဘာလို့ မ၊ကိန်းဖြစ်နေတာလဲ။”

ရှောင်းယီက စနစ်သတိပေးချက်ကိုကြည့်ပြီး မေးလိုက်သည်။

“လူတစ်ဦးချင်းစီရဲ့ နည်းလမ်းကွာခြားမှုကြောင့် ရရှိတဲ့ပစ္စည်းတွေလည်း အနည်းငယ်ကွာခြားနိုင်တယ်။”

စနစ်က ပြန်ဖြေလာခဲ့သည်။

“မင်းက ငါ့နည်းလမ်းက ဆိုးရွားနေတယ်လို့ပြောလိုက်တာပေါ့ ဟုတ်လား။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး ဆလတ်ပင်အားလုံးကိုရိတ်သိမ်းကာ အစေ့များကို ပြန်ချစိုက်လိုက်၏။

“ရရှိသည့်ပစ္စည်းများ - ဆလတ် ၅ဝဝဂရမ်။”

ရှောင်းယီသည် ဆလတ်ရွက်တစ်ရွက်ကို ချိုးယူပြီး သူ၏ပါးစပ်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။

“ဂျွတ် ဂျွတ်”

“အရသာရှိတယ်။”

သူသည် အချိန်တိုင်း ပင်လယ်ငါးများကိုသာ စားနေခဲ့ရပြီး ဟင်းသီးဟင်းရွက်များ လုံးဝမစားခဲ့ရသောကြောင့် အငန်ဓာတ်လွန်ကဲကာ လည်ချောင်းဝတွင် သလိပ်များဖြင့် တစ်ဆို့အစ်မွန်းမတတ်ပင် ခံစားနေခဲ့ရ၏။

၎င်းသည် အဆင့်အနိမ့်ဆုံးဆလတ်ဖြစ်သော်လည်း အလွန်အရသာရှိလှသည်။

ရှောင်းယီသည် သူ၏သီးသန့်ချန်နယ်ဖွင့်လိုက်ပြီး ဆုဝမ်ထံသို့ ၁ဝဝဂရမ်၊ ကျန်းယွင်ထျန်းနှင့် ယွမ်နွန်းထံသို့ ၅၀ဂရမ်စီ ပို့ပေးလိုက်၏။

ဤအစေ့များကို ဆုဝမ်ပစ္စည်းသေတ္တာဖွင့်ရာမှ ရရှိခဲ့သည့်အတွက် သူမကို ပိုပေးသည်မှာ သဘာဝကျပေသည်။

“အားလုံးပဲ မြည်းကြည့်ကြပါဦး။ ဒါတွေကို ကျုပ် အခုလေးတင် ရိတ်သိမ်းထားတာ။ နည်းနည်းနွမ်းနေပေမယ့် အရသာကောင်းတယ်။”

ရှောင်းယီသည် သူတို့သုံးဦးအား သက်သက်စီး စာတိုပို့လိုက်ရ၏။

“ဒါက တော်တော်လေးအဆင်မပြေဘူး။ ဂရုဖွဲ့ပြီး စကားပြောလို့ရရင် ကောင်းမယ်။”

ရှောင်းယီက ရေရွတ်လိုက်သည်။

ဆုဝမ်သည် ဆလတ်ရိတ်သိမ်းမှုကို မြင်လိုက်ရပြီး အံ့အားသင့်သွားခဲ့သည်။ သူမသည် ရှောင်းယီ စိုက်ပျိုးထားသည်ကို သိထားခဲ့သော်လည်း ရိတ်သိမ်းချိန်သည် တိုတောင်းလွန်းလှသည်ကိုအံ့အားသင့်သွားခဲ့ခြင်းဖြစ်၏။

“အရမ်းကောင်းတာပဲ။ ငါ နောက်ဆုံးတော့ အရသာပြောင်းစားလို့ရပြီ။”

ဆုဝမ်က ပြန်ဖြေလိုက်သည်။

သို့သော်လည်း ကျန်းယွင်ထျန်းသည်မူ တုန်လှုပ်နေခဲ့၏။

“မင်း ဒါကို ဘယ်တုန်းကစိုက်လိုက်တာလဲ။ မင်းမှာ မြေဆီလွှာရှိတာလား။ ဒီလောက်မြန်မြန်ရိတ်သိမ်းလို့ရတယ်ပေါ့။”

“ဒီအစေ့က တခြားမိတ်ဆွေတစ်ယောက်ဆီက ရခဲ့တာ။ မြေဆီလွှာကတော့ သေချာပေါက် ရှိတာပေါ့။ မဟုတ်ရင် မင်းရဲ့အုန်းသီးမျိုးစေ့ကို ငါတောင်းခဲ့မှာမဟုတ်ဘူး။ အဲ့ဒါကလည်း နောက်နှစ်ရက်၊သုံးရက်လောက်နေရင် ရိတ်သိမ်းလို့ရပြီ။”

ရှောင်းယီ ပြန်ဖြေလိုက်သည်။

“ကျေးဇူးတင်ပါတယ်။”

ကျန်းယွင်ထျန်းက လဲလှယ်မှုကို လက်ခံလိုက်၏။

ယွမ်နွန်သည် ချက်ချင်းပင် စာပြန်ပို့လာခဲ့ပြီး သူ၏အသံသည်လည်း အနည်းငယ်စိုးရိမ်နေခဲ့သည်။

“မင်းရိတ်ပြီးတာနဲ့ မစားပစ်လိုက်နဲ့နော်။ အပင်တစ်ပင်လောက် ချန်ထားပြီး အစေ့ထုတ်ထားဦး။”

“ဟုတ်ကဲ့ ကျုပ် သူတို့ကိုအစေ့ထုတ်ပြီးမှ ခူးလိုက်တာပါ။”

ရှောင်းယီ ပြန်ဖြေလိုက်သည်။

“ဒါဆို ကောင်းတယ် ကောင်းတယ်။”

ယွမ်နွန်းက သက်သာရာရသွားသောဟန်ဖြင့် သက်ပြင်းချလိုက်၏။

“ဒီနည်းလမ်းက မင်းမှာ မြေဆီလွှာရှိသရွေ့ ဟင်းသီးဟင်းရွက်အသစ်တွေကို ဆက်ပြီးစိုက်နိုင်စေတယ်။ ပြီးတော့ ဆလတ်ရဲ့ကြီးထွားချိန်ကလည်း တိုတောင်းတယ်။ စိုက်ခင်းကြီးတွေစိုက်ဖို့အတွက် အရမ်းသင့်တော်တယ်။”

“အမ် ဒါနဲ့ ကျုပ် မေးချင်တာတစ်ခုတော့ရှိတယ်။ ဆလတ်တစ်ပင်ကနေ အစေ့ဘယ်လောက်ထုတ်လုပ်နိုင်လဲ။”

ရှောင်းယီက မေးလိုက်၏။

“ပုံမှန်အားဖြင့် ပြောရရင် မြေတစ်ကွက်အတွက် ဆလတ်တစ်ပင်ပဲ လိုအပ်တယ်။ ပြီးတော့ အဲ့အပင်ကနေ ထွက်လာတဲ့အစေ့တွေကို မြေကွက်တစ်ခုလုံး ပြန်စိုက်နိုင်တယ်။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

“အာ...”

ရှောင်းယီ ဆွံ့အသွား၏။

သူသည် ဆလပ်နှစ်ပင်မှ အစေ့ ၂၃ ခုထွက်အောင်သာ လုပ်နိုင်ခဲ့သည်။ ထိုအရာသည် သူအများကြီး ဖြုန်းတီးလိုက်မိခြင်းပင်။

“ဘာမှားနေလို့လဲ။”

ယွမ်နွန်သည် နည်းနည်းထူးဆန်းနေသော သူ၏မျက်နှာအမူအယာကိုကြည့်ကာ မေးလိုက်၏။

“ဘာမှမဖြစ်ပါဘူး။ ကျုပ် သွားလိုက်ဦးမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီးနောက် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

“နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေဆီကနေအကြံဉာဏ်တွေကို ပိုပြီးတောင်းရမယ်ထင်တယ်။”

ရှောင်းယီသည် ထိုသို့ပြောလိုက်ပြီး ကျွန်း၏အစွန်းသို့ လျှောက်သွားလိုက်၏။ ထိုနေရာတွင် ပစ္စည်းသေတ္တာ ၅ လုံးရှိနေပြီဖြစ်သည်။

အားလုံး ဖွင့်လိုက်သည်။

“ရရှိသည့်ပစ္စည်းများ - အုတ်မြစ်ကျောက် ၃၊ အုတ် ၂၊ ပေါင်မုန့် ၅၀ဝဂရမ်။”

“ရရှိသည့်ပစ္စည်းများ - လေးနှင့်မြှားထုတ်လုပ်မှုပုံစံ ၁။”

“ရရှိသည့်ပစ္စည်းများ - သတ္တုပြား ၂၊ သစ်သား ၅၊ သားရေစက်ထုတ်လုပ်မှုပုံစံ ၁။”

“ရရှိသည့်ပစ္စည်းများ - ပဲပိစပ် (Aအဆင့်) ၅၊ ဖန် ၃၊ လီနင်ပိတ်စ ၂။”

“ရရှိသည့်ပစ္စည်းများ - ရာဘာ ၂၊ သတ္တုပြား ၅၊ ပလပ်စတစ် ၆။”

ရှောင်းယီသည် ထိုပစ္စည်းများကိုကြည့်ပြီး ရေရွတိလိုက်မိသည်။

“သားရေစက်ထုတ်လုပ်မှုပုံစံလား။ ဒါက ငါ့ကို ကျန်းနန်းသားရေစက်ရုံ တည်ထောင်ခိုင်းမလို့လား။ ပြီးတော့ သားရေလုပ်ဖို့ဆိုရင် အရင်ဆုံးအရေပြားတော့ ရှိရမယ်လေ။”

သူ၏ကျွန်းမှာ ယခုအချိန်ထိ ဘာအရေပြားမျှ မရှိသေးချေ။

ဒါက ဘယ်လို စောက်အဓိပ္ပါယ်မရှိလိုက်သလဲ။

“အို ဟုတ်သားပဲ ငါ အရင်က ငါးမန်းတစ်ကောင်ကို သတ်ခဲ့သေးတယ်မဟုတ် လား။ ငါးမန်းအရေပြားတို့ ငါးဆီတို့ ဘာလို့မရခဲ့တာလဲ။”

ရှောင်းယီသည် ရုတ်တရက် တစ်စုံတစ်ခုမှားနေသည်ဟု ခံစားလိုက်ရသည်။

“ဘာလို့လဲဆိုတော့ သင့်ရဲ့ကိုင်တွယ်နည်းကြောင့်ပါ။”

စနစ်က ထပ်မံသတိပေးခဲ့လာ၏။

“အိုကေ မင်းက အစကတည်းက ငါ့နည်းလမ်းကို အထင်သေးနေတာပဲ။ ဒါကို ထပ်ပြီးအလေးအနက်ထားနေစရာမလိုပါဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထိုအချိန်က သူသည် ငါးမန်းကို လွှစက်ဖြင့်ရှစ်ပိုင်းပိုင်းခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူသည် ငါးမန်းအရေပြားကို မရရှိနိုင်ခဲ့ချေ။

ရှောင်းယီသည် လောလောလတ်လတ် ရရှိထားသည့်ပဲပိစပ်များကို A အဆင့်ပန်းအိုးထဲတွင် ထည့်စိုက်ပြီးနောက် ကျွန်းအထိန်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လျှောက်သွားလိုက်သည်။

ဈေးကွက်တွင် သူနောက်ဆုံးတင်ထားသည့်အစုံ ၄၀ ထဲမှ ၃၈ စုံရောင်းထွက်သွားပြီဖြစ်ပြီး ၂ စုံကျန်ရှိနေသေးသည်။

“ရရှိသည့်ပစ္စည်းများ - အုတ်မြစ်ကျောက် ၃၈။”

“အကန့်အသတ် ရောက်သွားပြီထင်တယ်။ လူတိုင်းက သူတို့လက်ထဲမှာ အုတ်မြစ်ကျောက်တွေ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြဦးမှာပဲ။”

ရှောင်းယီက တွေးလိုက်၏။

ညနေခင်းသို့ ရောက်ရှိလာသောအခါ ရှောင်းယီသည် ပစ္စည်းများကို ကျွန်းအထိန်းအမှတ်ကျောက်တိုင်အနီးသို့ ရွှေ့လိုက်သည်။ ပင်လယ်ရေသည် ကျွန်းအား မည်သို့နှစ်မြှုပ်ပစ်လိုက်မည်ကို သူမသိရသေးပေ။ အုတ်မြစ်ကျောက်ထည့်ထားတဲ့ပစ္စည်းများသာ ရေအောက်သို့ နစ်မြုပ်သွားခဲ့ပါက ကြီးမားသည့်ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။

ပင်လယ်ပြင်ကို ကြည့်ရှုလိုက်ပြီးနောက် ပစ္စည်းသေတ္တာများမရှိတော့ကြောင်း တွေ့သိလိုက်ရလေသည်။ ထို့ကြောင့် ရှောင်းယီသည် အလိုအလျောက်ငါးဖမ်းပိုက်ကို ပစ်မှတ်မရှိ ပစ်ထားခဲ့လိုက်ပြီး တိုက်ခန်းသို့ ပြန်လျှောက်သွားလိုက်၏။

“လူတိုင်းပဲ ကိုယ့်ရဲ့ပစ္စည်းတွေကို ကျွန်းအထိန်းအမှတ်ကျောက်တိုင်နားမှာ ဂရုတစိုက်စုပုံထားကြပါ။”

ရှောင်းယီက သတိပေးလိုက်သည်။

သူ သတိမပေးလျှင်ပင် လူတိုင်းသည် သူတို့၏ပစ္စည်းများကို ကျွန်းအထိန်းအမှတ်ကျောက်တိုင်အနီးသို့ ရွှေ့ထားကြမည်ဖြစ်သော်လည်း မတော်တဆဖြစ်လာမည်အား စိုးရိမ်ရ၏။

All Chapters