← Chapters

စိတ်အားထက်သန်စွာ ရှင်းပြရခြင်း အကြောင်းရင်းနှင့် အဖွဲ့ဝင်ဝင်ခွင့် သတ်မှတ်ချက်များ

Vol. 3 Ch. 38

စိတ်အားထက်သန်စွာ ရှင်းပြရခြင်း အကြောင်းရင်းနှင့် အဖွဲ့ဝင်ဝင်ခွင့် သတ်မှတ်ချက်များ

Vol. 3 Ch. 38

“အဲလိုတော့ မပြောနဲ့လေ။ ဒီမနက်စောစောတင် တစ်ယောက်ယောက်က အရင်းအမြစ်တွေရဖို့ အုတ်မြစ်ကျောက်တွေနဲ့ လဲနေတာ သုံးခါတောင် ရှိပြီ။ ကျုပ် စောင့်ကြည့်နေတာ။”

“မင်းက ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် အားယားနေတာလဲ။”

“ကျုပ်ရဲ့ကျွန်းက ၁၀ စတုရန်းမီတာ ရှိနေပြီလေ။ ဒီလို ဖြစ်နေတာတောင် ကျွန်းက နစ်မြုပ်နေဦးမယ်ဆိုရင်တော့ ကျုပ်ရဲ့ကံကြမ္မာပဲလို့ မှတ်လိုက်တော့မယ်။”

“သူဌေး ကျုပ်ကို အုတ်မြစ်ကျောက် နှစ်ခုလောက် ခဏချေးလို့ ရမလား။”

“သွားစမ်းပါ... အုတ်မြစ်ကျောက် လိုချင်ရင် ကိုယ့်ဘာသာကိုယ် ပိုက်ကွန်ပစ်ပြီး ဖမ်း။”

“အားလုံး စဉ်းစားကြည့်ဖူးလား...။ ပထမ ၆ ရက်တုန်းက ကျွန်းက ဘာလို့ မနစ်တာလဲ။ အခုမှ ဘာလို့ ရုတ်တရက်ကြီး နစ်လာတာလဲ။”

ထိုမေးခွန်း ထွက်ပေါ်လာပြီးနောက် အများသုံးချန်နယ်တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွား၏။ သို့သော် ခဏအကြာတွင် ဆွေးနွေးမှုများ တရစပ် ပြန်လည် စီးဆင်းလာတော့လေသည်။

“ဟုတ်သားပဲ... ဘာလို့လဲ။ တစ်ယောက်ယောက် ရှင်းပြပေးနိုင်မလား။”

“ကျုပ်မှာတော့ သီအိုရီတစ်ခု ရှိတယ်။ အားလုံး မြင်တဲ့အတိုင်းပဲ။ ဒီကမ္ဘာကြီးက ဂိမ်းတစ်ခုလိုပဲ။ ပထမ ၆ ရက်က လူသစ်တွေအတွက် အချိန်ပေးထားတာ။ ဒါပေမဲ့ အဲဒီ အချိန်ကုန်သွားပြီဆိုရင်တော့ အခက်အခဲက တိုးလာတာပဲ။”

ရှောင်းယီသည် ထိုသူ၏ အိုင်ဒီကို ကြည့်လိုက်၏။

တိလင်းထျန်းရှား (ဧကရာဇ် လောကသို့ ကြွချီခြင်း)

အစောက မေးခွန်းထုတ်ခဲ့သူမှာလည်း သူပင် ဖြစ်သည်။

“ဘာ ပထမ ၆ ရက်က အတွေ့အကြုံယူတဲ့ ကာလပဲရှိသေးတယ် ဟုတ်လား။ အဲဒါဆိုရင်တောင် ငရဲအဆင့် အတွေ့အကြုံယူတဲ့ ကာလပဲ ဖြစ်ရမယ်။”

“ဟုတ်တယ်။ အဲဒီ ၆ ရက်အတွင်းမှာတင် လူဘယ်လောက်တောင် ပြုတ်သွားခဲ့လဲ။”

“ဒါကြောင့် ရှေ့လျှောက် ပိုပြီးခက်ခဲလာနိုင်တယ်။ အခုနှုန်းအတိုင်းဆိုရင် တစ်နေ့ကို ၁ စတုရန်းမီတာ နစ်မှာဆိုတော့ အားလုံးက ကိုယ့်ကျွန်း မနစ်မြုပ်သွားအောင် တစ်နေ့ကို အုတ်မြစ်ကျောက် တစ်ခုတော့ မဖြစ်မနေ ဖမ်းမိဖို့ လိုလိမ့်မယ်။”

တိလင်းထျန်းရှားက ဆက်ပြောသည်။

“တောက်... ဒါဆို ငါတို့တော့ သေပြီပေါ့။ ပထမ ၆ ရက်လုံးမှာ ငါ အုတ်မြစ်ကျောက် ၃ ခုပဲ ရခဲ့တာ။ အခု တစ်နေ့ကို တစ်ခုဆိုရင် ငါ သေဖို့ပဲ ပြင်ထားလိုက်တော့မယ်။”

“အစ်ကိုကြီး... အဲဒါ တကယ်ပဲလား။ ကျုပ် ကြောက်နေပြီ။”

“သူဌေးကြီးတွေ ရှိလားဗျာ။ ကျုပ်ကို တစ်ချက်လောက် ခေါ်ထားပေးပါ။ ကျုပ်က ဧည့်ခန်းထဲမှာလည်း နေတတ်တယ်။ မီးဖိုချောင်မှာလည်း ကျွမ်းကျင်တယ်။ အိပ်ရာထဲမှာလည်း အတော်ဆုံးပါပဲ။”

“ငါ အရင်က ပြောခဲ့သလိုပဲ... သူများကို အားကိုးတာထက် ကိုယ့်ကိုယ်ကိုယ် အားကိုးတာ ပိုကောင်းတယ်။ အားလုံးပဲ ပစ္စည်းသေတ္တာတွေကို မိအောင် ဖမ်းဖို့ပဲ အာရုံစိုက်ကြပါ။”

တိလင်ထျန်းရှားသည် အရာအားလုံးကို ထွင်းဖောက်မြင်နေရသူတစ်ဦးကဲ့သို့ ဆုံးမစကား ဆိုလိုက်၏။

“ဒါပေမဲ့ ကျုပ် မိအောင် မဖမ်းတတ်ဘူးလေ။ သူဌေးကပဲ နည်းစနစ်လေးတွေ သင်ပေးလို့ ရမလား။”

“ခင်ဗျားတို့က ဒီလောက်တောင် ရိုးရိုးသားသားနဲ့ တောင်းဆိုနေမှတော့ ကျုပ် စေတနာနဲ့ ပြောပြပေးလိုက်ပါ့မယ်လေ။”

သူက ဆိုလိုက်သည်။

“တကယ်တော့ ပစ္စည်းသေတ္တာ မိ၊ မမိ ဆိုတာ အချက် ၃ ချက်ပေါ်မှာ မူတည်တယ်။”

“ပထမအချက်က ပစ္စည်းသေတ္တာ မျောလာတဲ့ လမ်းကြောင်းပဲ။ ဒါက ကမ္ဘာ့စည်းမျဉ်းတွေအရ ပုံသေပဲ။ သီအိုရီအရတော့ ပိုက်ကွန်ပစ်နိုင်တဲ့ အကွာအဝေးထဲမှာ အနည်းဆုံး ရိက္ခာသေတ္တာ တစ်ခုတော့ ရှိနေတတ်တယ်။”

“ဒုတိယအချက်က မင်းတို့လက်ထဲက ကိရိယာတွေ ကောင်း၊ မကောင်းဆိုတာပဲ။ ဥပမာ - အစက ပေးထားတဲ့ စုတ်ပြတ်နေတဲ့ ပိုက်ကွန်နဲ့ဆိုရင် ပစ္စည်းသေတ္တာကို ဖမ်းမိရင်တောင် အပေါက်ထဲကနေ ပြန်ပြီးလျှောကျသွားနိုင်တယ်။”

“နောက်ဆုံးအချက်ကတော့ ကိရိယာကို သုံးတတ်၊ မသုံးတတ်ဆိုတာပဲ။ သုံးတတ်ရင် အခွင့်အရေး ရှိမယ်။ မသုံးတတ်ရင်တော့ ကံတရားပဲ။”

“ဒီ ၃ ချက်ထဲမှာ ပထမအချက်ကို ကျုပ်တို့ ပြောင်းလဲလို့ မရဘူး။ ဒါကြောင့် ဒုတိယနဲ့ တတိယအချက်ကိုပဲ ကြိုးစားကြည့်လို့ ရမယ်။”

“အဲ့ဒါကြောင့် ပိုကောင်းတဲ့ ပိုက်ကွန်တွေကို လဲလှယ်တာ ဒါမှမဟုတ် ငှားရမ်းတာမျိုးတွေ လုပ်ကြပါ။ ပြီးရင် ပိုက်ကွန်ပစ်တဲ့ အတတ်ပညာကို သေသေချာချာ လေ့ကျင့်ပါ။ နောက်ဆုံး ပစ္စည်းသေတ္တာ မျောလာတဲ့ လမ်းကြောင်းကို သေချာကြည့်ပြီး အချိန်ကိုက် ပစ်လိုက်မယ်ဆိုရင် မိမှာပါ။”

“အကြီးအကဲ ပြောတာ မှန်လိုက်တာ။ ကျုပ်လည်း ပိုကောင်းတဲ့ ပိုက်ကွန် တစ်ခုလောက် သွားငှားဦးမယ်။”

တိလင်းထျန်းရှား၏ ရှင်းပြချက်ကြောင့် ဈေးကွက်ခန်းမတွင် ပိုက်ကွန်ငှားရမ်းခြင်းမှာ အလွန်ပင် ရေပန်းစားလာခဲ့သည်။

“တကယ်လို့ တိလင်းအင်ပါယာထဲကို ဝင်မယ်ဆိုရင်တော့ ကျုပ်တို့ရဲ့ အတွင်းပိုင်း ငှားရမ်းခက ဈေးကွက်ပေါက်ဈေးရဲ့ တစ်ဝက်ပဲ ရှိမယ်။”

သူက စကားအဆုံးတွင် ထပ်မံဖြည့်စွက်လိုက်လေသည်။

ရှောင်းယီ ကြောင်အသွား၏။

“ဪ... သူ ဒီလောက် စိတ်အားထက်သန်စွာ ရှင်းပြနေတာ လူစုချင်လို့ကိုး။”

ဤနည်းဖြင့် လူအများအပြားသည် ထိုသူ၏ အဖွဲ့အစည်းထဲသို့ ဝင်ရောက်သွားကြပေလိမ့်မည်။

“တကယ်လား ကောင်းလိုက်တာ။ ကျုပ် လင်းအင်ပါယာအဖွဲ့ထဲ ဝင်ချင်တယ်။”

“ကျုပ်လည်း ဝင်မယ်။”

“ကျွန်မလည်း ဝင်ပါရစေ။”

တိလင်းထျန်းရှားသည် စာရင်းပေးနေသူများကို ကြည့်ကာ ဆက်ပြောလိုက်၏။

“စာရင်းပေးချင်တဲ့သူတွေက ခန်းမသခင် ၄ ယောက်ကို သူငယ်ချင်းအဖြစ် အပ်လိုက်ပါ။ သူတို့ရဲ့ နာမည်တွေ တိလင်းချင်းလုံ၊ တိလင်း ပိုင်ဟူ၊ တိလင်းဟင်္သာပြဒါးနီနဲ့ တိလင်းရွှမ်းဝူတို့ ဖြစ်ပါတယ်။ သူတို့က ဝင်ခွင့် သတ်မှတ်ချက်တွေကို ပြောပြပါလိမ့်မယ်။”

“ဘာ...သတ်မှတ်ချက်တွေ ရှိသေးတာလား။”

“ဒါပေါ့။ တိလင်းအင်ပါယာက နောင်တစ်ချိန်မှာ ဒီလောကမှာ အင်အားအကြီးဆုံး ဖြစ်လာမှာ။ ဘယ်သူမဆို ဝင်လို့ရတာ မဟုတ်ဘူး။”

သူက ပြန်ဖြေလာခဲ့သည်။

ရှောင်းယီတစ်ယောက် ထိုလူ လူစုနေသည်ကို ကြည့်နေစဉ် သူ၏ သီးသန့်ချန်နယ်မှ အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။

“တီ... တီ... ဆုဝမ်က ခေါ်ဆိုမှု တောင်းဆိုနေပါတယ်။”

“ချိတ်ဆက်လိုက်ပါ။”

“အများသုံးချန်နယ်က စကားဝိုင်းတွေကို မြင်လား။”

ဆုဝမ်၏ မျက်နှာလှလှလေးသည် စခရင်ပေါ်၌ ထွက်ပေါ်လာ၏။

“မြင်တယ်။ ဘာဖြစ်လို့လဲ။”

ရှောင်းယီက ပြန်မေးလိုက်သည်။

“ဟို တိလင်းထျန်းရှားဆိုတဲ့လူ ပြောတာက အနာဂတ်မှာ တစ်နေ့ကို ကျွန်းက ၁ စတုရန်းမီတာစီ နစ်သွားနိုင်တယ်ဆိုတော့ ငါ စိုးရိမ်လို့ပါ။”

ဆုဝမ်က ပြောလိုက်၏။

“ဒါက သူ့ရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ။ တကယ်တမ်း အဲဒီလို ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒီနေ့ကုန်တဲ့အထိ စောင့်ကြည့်ကြတာပေါ့။ စိတ်မပူပါနဲ့။ လောလောဆယ် အရေးကြီးဆုံးက ပစ္စည်းသေတ္တာတွေ မိအောင် ဖမ်းဖို့ပဲ။”

ရှောင်းယီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

အခြားသူများသည် ခန့်မှန်းချက်များကိုသာ အားကိုးနေရခြင်းဖြစ်သော်လည်း သူ့ဆီတွင်မူ ပို၍ တိကျသော စနစ်၏ အသိပေးချက်များ ရှိနေသည် မဟုတ်ပါလော။ ရှောင်းယီ၏စကားကို ကြားလိုက်ရသောအခါ ဆုဝမ် စိတ်သက်သာရာ ရသွားခဲ့သည်။ ရှောင်းယီ၏စကားများမှာ သူမကို အမြဲတမ်း စိတ်အေးချမ်းစေ၏။

“ကောင်းပါပြီ။ ဒါဆို ငါ ပစ္စည်းသေတ္တာတွေ သွားဖမ်းလိုက်ဦးမယ်။”

ဆုဝမ်သည် ဖုန်းချလိုက်ပြီး ကမ်းစပ်သို့ လျှောက်သွားလိုက်၏။

ဆုဝမ်နှင့် စကားပြောပြီးနောက် ရှောင်းယီသည် အများသုံးချန်နယ်သို့ ပြန်ကြည့်လိုက်သည်။

“ဘာ တိလင်းအင်ပါယာလဲ။ အလကား လူလိမ်တွေ။ အဖွဲ့ဝင်ကြေးက အုတ်မြစ်ကျောက် တစ်ခုတဲ့။ ပြီးတော့ ၁၀ ရက်တစ်ခါ အုတ်မြစ်ကျောက် တစ်ခုစီ ထပ်ပေးရဦးမှာတဲ့။”

“အုတ်မြစ်ကျောက်တင် မကဘူး။ သစ်သား၊ ကျောက်တုံး၊ မှန်၊ ပလတ်စတစ်နဲ့ သတ္တုစတွေလည်း ၁၀ ရက်တစ်ခါ ပေးရဦးမှာတဲ့ဟ။”

“ဒါက ငါတို့ကို ဂုတ်သွေးစုပ်နေတာပဲ။”

“မှန်တယ်၊ အဲ့ဒီအဖွဲ့ကို ဝိုင်းပြီး သပိတ်မှောက်ကြစို့။ ဘယ်သူမှ မဝင်ကြနဲ့။”

“ဟက်... မင်းတို့ကို ဘယ်သူက အတင်းဝင်ခိုင်းလို့လဲ။”

တိလင်းထျန်းရှားက ပြန်လည်တုံ့ပြန်လိုက်သည်။

“၁၀ ရက်အတွင်းမှာတောင် အုတ်မြစ်ကျောက် တစ်ခု ပိုအောင် မရှာနိုင်ဘူးဆိုရင် မင်းတို့ အဆင့်မြင့် ပိုက်ကွန်တွေ ငှားပြီး ဘာလုပ်မှာလဲ။ အပျော်ကြည့်ဖို့လား။”

“ငါတို့ အဖွဲ့က ဒီလို အသုံးမကျတဲ့သူတွေကို အလိုမရှိဘူး။ မဝင်ချင်တဲ့သူတွေ ထွက်သွားကြ။”

ထိုစကားကို ကြားလိုက်ရသောအခါ လူအများအပြားသည် သူပြောတာလည်း ဟုတ်သားပဲဟု တွေးလိုက်မိကြ၏။ အဖွဲ့သည် ပိုမိုကောင်းမွန်သည့် ပိုက်ကွန်များ ပေးထားခြင်းဖြစ်သောကြောင့် အဖိုးအခ ပေးရသည်မှာ သဘာဝပဲ မဟုတ်ပါလော။ သို့သော် အချို့ကမူ ထိုင်ဆဲနေကြဆဲပင်။

“တောက်... သွေးအစုပ်ခံချင်တဲ့သူတွေ သွားကြပေါ့။ ဒါက ဗြောင်ကျကျ ခေါင်းပုံဖြတ်တာပဲ။ ငတုံးတွေပဲ ဝင်လိမ့်မယ်။”

“မှန်တယ်။ တိလင်းအင်ပါယာက အရင်းရှင်တွေရဲ့ ရုပ်ဆိုးဆိုးမျက်နှာဖုံးတွေပဲ။”

ထိုဆဲဆိုနေကြသူများကို ကြည့်ရင်း ရှောင်းယီ ခေါင်းခါယမ်းမိလိုက်၏။ တိလင်းထျန်းရှားလုပ်ဆောင်နေသည်မှာ ပုံမှန် စီးပွားရေးဆန်သော လုပ်ရပ်သာဖြစ်သည်။ မည်သူ့ကိုမှ အတင်းအကျပ် မလုပ်သရွေ့တော့ ထိုအရာမှာ ပြဿနာ မဟုတ်ပေ။

ထိုအရာသည် ကြိုက်သည့်သူကပေး၊ ပေးချင်သည့်သူကယူ ဆိုသည့် သဘောသာဖြစ်သည်။ ဆဲနေမည့်အစား ပစ္စည်းသေတ္တာဖမ်းရန် အချိန်ပေးလိုက်သည်က ပိုမကောင်းပေဘူးလား။

ရှောင်းယီ အခန်းထဲမှ ထွက်လာခဲ့၏။ တံခါးဝတွင် ဝမ်ချိုင်ဆွဲလာသော ပစ္စည်းသေတ္တာ ၅ လုံး ရှိနေပြီ ဖြစ်သည်။

“S အဆင့် အိမ်မွေးတိရစ္ဆာန်ဆိုတဲ့အတိုင်း တကယ့်ကို အားသန်တာပဲ။”

ရှောင်းယီသည် ထိုသို့ရေရွတ်လိုက်ရင်း သေတ္တာအားလုံးကို ဖွင့်လိုက်တော့လေသည်။

“ရရှိသည့် ပစ္စည်းများ - ...”

All Chapters