သတ္တုပြားပေါင်း တစ်သောင်းနီးပါးနှင့် ငါးစွပ်ပြုတ်စပ်စပ်ကလေး
Vol. 3 Ch. 43
တိလင်းချင်းလုံသည် သူ့ဂိုဏ်းချုပ်၏ စိုးရိမ်မှုကို ရိပ်မိပုံရပြီး အကြံပြုလိုက်သည်။
“ပစ္စည်းသေတ္တာတွေထဲက သတ္တုပြား ထွက်လာဖို့ အခွင့်အလမ်းက သိပ်မများဘူးဆိုပေမဲ့ သိပ်လည်း မနည်းပါဘူး။ အနည်းဆုံးတော့ သောက်ရေသန့် ထွက်လာဖို့ထက် ပိုသေချာတယ်။ သတ္တုပြားတွေနဲ့ ရေကို လဲတာက အရှုံးမရှိတဲ့ အလုပ်ပါ။ တကယ်လို့ တခြား အခြေအနေတွေကို စိုးရိမ်တယ်ဆိုရင်တော့ ရှိသမျှ အကုန်မလဲဘဲ အချို့ကိုပဲ အရင်လဲပြီး ကျန်တာကို သိမ်းထားလို့ ရပါတယ်။”
တိလင်းထျန်းရှားသည် ထိုသုံးသပ်ချက်ကို သဘောကျသွားကာ ခေါင်းညိတ်ပြီး အမိန့်ပေးလိုက်၏။
“ကောင်းပြီ...တိလင်းအင်ပါယာထဲမှာ ရှိသမျှ သတ္တုပြားတွေရဲ့ ၅၀ ရာခိုင်နှုန်းကို ရေအရင်းအမြစ်နဲ့ အရင်လဲလိုက်။ ကျန်တဲ့ ထက်ဝက်ကိုတော့ ဒီအတိုင်းပဲ ထားလိုက်ဦး။”
“ဟုတ်ကဲ့ပါ။”
တိလင်းချင်းလုံက တုံ့ပြန်လိုက်ပြီးနောက် တာဝန်များကို ခွဲဝေပေးလိုက်သည်။
“ဈေးကွက်ခန်းမကို အမြဲတမ်းစောင့်ကြည့်ဖို့ လူ ၃ ယောက် ထားလိုက်။ ဟိုဘက်က ရေထုတ်ရောင်းတာနဲ့ အကုန်ဝယ်လိုက်။ ငါတို့မှာ လဲလှယ်ဖို့အတွက် သတ္တုပြား ၄၇၅ ခု အဆင်သင့်ရှိတယ်။”
ရှောင်းယီ ယခင်တင်ထားခဲ့သော ရေအုပ်စု နှစ်စုမှာ ဈေးကွက်ထဲတွင် ကုန်သွားပြီဖြစ်၏။ ထို့ကြောင့် သူသည် နောက်ထပ် အုပ်စု ၅၀ ထပ်တင်လိုက်သည်။ ထိုအခိုက်တွင် အများသုံးချန်နယ်ရှိ တုံ့ပြန်မှုများကို သွားမကြည့်ရသေးခင်မှာပင် ဈေးကွက်ခန်းမတွင် အားလုံး ရောင်းထွက်သွားပြီဖြစ်ကြောင်း ပြလာခဲ့၏။
“ဒီလောက်တောင် မြန်တာလား။”
ရှောင်းယီ အံ့သြသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ရောင်းထွက်သွားခြင်းမှာ မယုံနိုင်စရာပင်။ သို့သော် နောက်အခိုက်တွင် သူသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားခဲ့၏။
အင်အားစုတစ်ခုခုက ရေများကို သိမ်းကျုံးဝယ်ယူနေခြင်း ဖြစ်ရမည်။
“ဒါက တိလင်းအင်ပါယာအဖွဲ့ ဖြစ်ဖို့များတယ်။ ဒါဆို မင်းတို့ ရေဘယ်လောက်အထိ ဝယ်နိုင်မလဲ ကြည့်ကြသေးတာပေါ့။”
ရှောင်းယီ ပြုံးလိုက်၏။
ဤတစ်ကြိမ်တွင် ရှောင်းယီသည် အုပ်စု ၁၀၀ ကို တမင်တကာ တင်လိုက်သည်။ အဓိကက အင်အားစုတစ်ခုက အမှန်တကယ် ဝယ်နေခြင်း ဟုတ်၊ မဟုတ် စမ်းသပ်လို၍ဖြစ်ပြီး ရလဒ်မှာ ယခင်အတိုင်းပင် ချက်ချင်း ကုန်သွားခဲ့ပြန်သည်။
“သေချာသွားပြီ။”
ကြီးမားသော အဖွဲ့အစည်းတစ်ခုက ရေကို သိုလှောင်နေခြင်းမှာ အသေအချာပင်။
“ဒါဆိုရင် ငါလည်း အားနာမနေတော့ဘူး။ မင်းတို့ဆီမှာ ရှိသမျှ သတ္တုပြားတွေကို အကုန်ယူရမှာပေါ့။”
ရှောင်းယီ စိတ်လှုပ်ရှားလာခဲ့သည်။ သူသည် အုပ်စု ၁၀၀ စီကို တရစပ် တင်လိုက်ရာ အကုန်လုံး မျက်စိတစ်မှိတ်အတွင်း ရောင်းထွက်သွားခဲ့သည်။
ရှောင်းယီ အမှန်တကယ်ပင် တုန်လှုပ်သွားရ၏။
တိလင်းအင်ပါယာက ဒီလောက်များပြားတဲ့ သတ္တုပြားတွေကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် စုဆောင်းနိုင်ရတာလဲ။
သေချာသည်မှာ အဖွဲ့ဝင်ဦးရေ များပြားခြင်းကြောင့် ဖြစ်လိမ့်မည်။ လူတစ်ယောက်က တစ်ခုစီ ပေးလျှင်ပင် စုစုပေါင်း ပမာဏက အံ့မခန်း ဖြစ်နေမည် မဟုတ်ပါလား။
ထပ်လာမယ်။
ဘာပဲဖြစ်ဖြစ် ရှောင်းယီအတွက် ရေသည် အလကားနီးပါးပင်ဖြစ်၏။ အလွန်ဆုံးကုန်လျှင် ရေနွေးအိုးတည်ရန် သစ်သားအနည်းငယ်သာ ကုန်မည်ဖြစ်သည်။
သူ နောက်ထပ် အုပ်စု ၁၀၀ တင်လိုက်သောအခါ ဤတစ်ကြိမ်တွင် ၂၅ အုပ်စုသာ ချက်ချင်း ရောင်းထွက်သွားပြီး ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။
“ဟက်... ငါက အများကြီး ထပ်ဝယ်နိုင်ဦးမယ် ထင်နေတာ။”
ရှောင်းယီသည် နှုတ်ခမ်းသပ်လိုက်ရင်း မကျေမနပ် ဖြစ်သွားခဲ့၏။ ချက်ချင်း ရောင်းထွက်သွားသည့် ခံစားချက်က အလွန် ဇိမ်ရှိလှသည် မဟုတ်ပါလား။ သို့သော် ခဏအကြာတွင် အရောင်းအဝယ်များ ပြန်လည်မြန်ဆန်လာခဲ့သည်။
အများသုံးချန်နယ်တွင်လည်း ပြန်လည် ဆူညံလာတော့၏။
“အခုနက ဘာဖြစ်သွားတာလဲ။ အုပ်စု ၁၀၀ လုံး ဘယ်လိုလုပ်ပြီး ချက်ချင်း ပျောက်သွားတာလဲ။”
“ဟုတ်ပဗျာ။ ကျုပ် နှစ်အုပ်စုလောက် ဝယ်မလို့ဟာကို။”
“ငါ့မှာ အတွင်းသတင်းရှိတယ်။ တိလင်းအင်ပါယာက ရေတွေကို အကုန် လိုက်သိမ်းနေတာတဲ့။”
“တကယ်လား။ ဘယ်သူက ဒီလောက် အင်အားကြီးပြီး သတ္တုပြားတွေ အများကြီး ရှိနေတာလဲလို့ ကျုပ် တွေးနေတာ။”
“ရေက တကယ် အရေးကြီးပုံရတယ်။ တိလင်းလို အဖွဲ့ကြီးတောင် ငြိမ်မနေနိုင်ဘဲ လိုက်ဝယ်နေရတယ်ဆိုတော့။”
“ဒါဆို ကျုပ်တို့လည်း ဘာကိုစောင့်နေဦးမှာလဲ။ မြန်မြန် ဝယ်ကြစို့။”
“ကျုပ်လည်း ဝယ်ချင်တာပေါ့။ ဒါပေမဲ့ ကျုပ်မှာ သတ္တုပြား တစ်ခုမှ မရှိဘူး။ သူဌေး တခြား ပစ္စည်းတွေနဲ့ လဲပေးလို့ မရဘူးလား။”
ရှောင်းယီ၏ ရေမှာ ပို၍ပင် ရောင်းကောင်းလာတော့သည်။ ဆုဝမ်နှင့် အခြားနှစ်ဦးမှာလည်း တိုင်ပင်ပြီးနောက် ၎င်းတို့လက်ထဲရှိ အခြေခံပစ္စည်းများကို သတ္တုပြားနှင့် လဲရန် တင်သွင်းလိုက်ကြ၏။ သို့သော် ၎င်းတို့၏ ပစ္စည်းများမှာ သာမန်မျှသာ ဖြစ်သဖြင့် ဝယ်မည့်သူ မရှိသလောက်ပင်။
ရှောင်းယီသည်မူ ရေနွေးများကို အဆက်မပြတ် ကျိုချက်နေရသည်။ အအေးခံထားသမျှ ရေများမှာ ကုန်သလောက် ဖြစ်နေပြီ ဖြစ်သည်။ တစ်နာရီကျော်ခန့် အလုပ်ရှုပ်ပြီးနောက် အရောင်းအဝယ်မှာ ပြန်လည်နှေးကွာသွားခဲ့၏။
“ဟူး... မနက် ၃ နာရီတောင် ထိုးတော့မယ်။ နောက်ဆုံး အုပ်စု ၁၀၀ တင်ပြီးရင် အိပ်တော့မယ်။”
ရှောင်းယီ သက်ပြင်းချလိုက်မိသည်။ နောက်ဆုံး အုပ်စုကို တင်သွင်းပြီးသည်နှင့် သူသည် အိပ်ရာပေါ်သို့ လှဲချလိုက်ကာ ချက်ချင်းပင် အိပ်ပျော်သွားတော့လေသည်။
နောက်တစ်နေ့ နိုးလာသောအခါ နေမှာ အတော်မြင့်နေပြီဖြစ်၏။ စနစ်၏ အဆိုအရ မနက် ၉ နာရီခွဲ ရှိနေပြီဖြစ်သည်။ ရှောင်းယီ မျက်နှာသစ်ပြီးနောက် ဈေးကွက်ခန်းမကို အရင်စစ်ဆေးကြည့်လိုက်၏။ မနေ့ညက တင်ထားသော ရေများမှာ ကုန်သွားပြန်လေပြီ။
ယခုအချိန်တွင် ရှောင်းယီ၏လက်ဝယ်ရှိ သတ္တုပြားစုစုပေါင်းမှာ ၉,၇၈၅ ခု ရှိနေပြီ ဖြစ်သည်။ တစ်သောင်း ပြည့်ရန်ပင် မဝေးတော့ပေ။
“အခုချိန်မှာ ငါ့ထက် သတ္တုပြား ပိုများတဲ့သူ ရှိမှာမဟုတ်တော့ဘူး။”
ရှောင်းယီ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စွာ တွေးရင်း အခန်းအပြင်သို့ ထွက်လာခဲ့သည်။
“နေကလည်း ထိုးလိုက်တာ။”
ရှောင်းယီသည် နေရောင်ကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။ သို့သော် ကျွန်း၏အခြေအနေကို မြင်လိုက်ရသောအခါ သူ ကြောင်အသွားရ၏။ မူလက လဟာပြင် ဖြစ်နေသော ကျွန်းပေါ်တွင် သစ်ပင်များနှင့် ကျောက်တုံးများစွာ ပေါ်ထွက်နေခဲ့သည်။ ယခင်ကကဲ့သို့ ခြောက်သွေ့နေခြင်း မဟုတ်ဘဲ အသက်ဝင်ကာ လှပနေ၏။
“တကယ် မဆိုးဘူးပဲ။”
ရှောင်းယီ သစ်ပင်နှင့် ကျောက်တုံးများကို ကြည့်ကာ ပြောလိုက်သည်။ ၎င်းတို့သည် အလိုအလျောက် ငါးဖမ်းပိုက်ကွန်၏ လမ်းကြောင်းကို မပိတ်ဆို့ထားသရွေ့ သူ ခုတ်လှဲမည် မဟုတ်ပေ။ ထိုသို့ ထားရှိမှသာ ၎င်းတို့ ဆင့်ကဲပြောင်းလဲလာပြီး အရင်းအမြစ်သစ်များ ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။
ဝမ်ချိုင်သည် သစ်ပင်နှင့် ကျောက်တုံးများကြားတွင် ဟိုဟိုဒီဒီ ပြေးလွှားရင်း နမ်းရှုပ်နေ၏။ ဤအရာများ ရုတ်တရက် မည်သို့ထွက်ပေါ်လာသလဲဆိုသည်ကို သူလည်း သိချင်နေပုံရသည်။
“ဝမ်ချိုင်... ငါးတွေ အကုန် သယ်လာပြီးပြီလား။”
ရှောင်းယီက လှမ်းခေါ်လိုက်၏။
“ဝုတ် ဝုတ်”
ဝမ်ချိုင်သည် အမြီးနန့်ရင်း ရှောင်းယီဆီသို့ ပြေးလာလေသည်။ ငါးများကိုမူ အခန်းတံခါးရှေ့က လွတ်နေသည့်နေရာတွင် ပုံထားခဲ့သည်။
“ဒီလောက်တောင် များတာလား။”
ရှောင်းယီ ကြည့်လိုက်ရာ အနည်းဆုံး ငါးအကောင်ရေ ၅၀ ခန့် ရှိနေ၏။ သာမန်အဆင့် ငါးများသာ ဖြစ်သော်လည်း အရေအတွက်မှာ မနည်းလှပေ။
ရှောင်းယီသည် ငါးအချို့ကို သန့်စင်ကာ အပြင်ဘက်ရှိ မီးဖိုဆီသို့ ယူဆောင်သွားလိုက်သည်။ အခန်းထဲတွင် လျှပ်စစ်မီးနှင့် ဂက်စ် မရှိသေးသဖြင့် အပြင်ဘက်တွင်သာ ချက်ပြုတ်ရခြင်းဖြစ်သည်။ ထို့နောက် အခန်းဝရှိ သစ်သားအိုးထဲမှ ငရုတ်သီးတစ်တောင့်ကို ဆွတ်ကာ မြည်းကြည့်လိုက်သည်။
“ရှူး... စပ်လိုက်တာ!”
ရှောင်းယီ လျှာထုတ်ကာ ပြောလိုက်မိ၏။ ဤငရုတ်သီး ဤမျှအထိ စပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူသည် ငါးစွပ်ပြုတ်အချိုတစ်အိုးကို ချက်လိုက်သည်။ ထို့နောက် ပလတ်စတစ် ဇလုံကြီးတစ်လုံးထဲတွင် စွပ်ပြုတ်များကို ထည့်ကာ ဆုဝမ်ဆီသို့ ပို့ပေးလိုက်ပြီး ပန်းကန်လုံးအသေး တစ်လုံးကိုမူ ငါးတစ်ပိုင်းထည့်ကာ ကျန်းယွင်ထျန်းဆီသို့ ပို့ပေးလိုက်သည်။
ဆုဝမ်သည် ငါးစွပ်ပြုတ်ကို ရရှိသောအခါ အလွန် ဝမ်းသာသွားခဲ့၏။
“ရှောင်းယီက ငါ့အပေါ်မှာ တကယ် ကောင်းတာပဲ။”
ဆီမပါသော်လည်း ဆားပါဝင်ပြီး အပေါ်တွင် ဆလတ်ရွက်နှစ်ရွက်ပါ ထည့်ပေးထားသဖြင့် ဤသည်မှာ ဆုဝမ်အတွက် ဒီကမ္ဘာကို စရောက်ကတည်းက အကောင်းဆုံးသော အစားအစာ ဖြစ်နေတော့သည်။