SSS အဆင့် စက္ကူထုတ်စက်နှင့် SSS အဆင့် စက္ကူ
Vol. 3 Ch. 44
“အဘိုးယွမ်... အဘိုးက အစပ်စားနိုင်လား။”
“အစ်ကိုကျန်း... ဟို ငါးစွပ်ပြုတ်ပန်းကန်လုံးအသေးလေးက ကလေးအတွက်ပါ။ ဒါနဲ့ အစ်ကိုရော အစပ်စားနိုင်လား။”
ရှောင်းယီသည် သူတို့နှစ်ဦးကို ကြိုတင်မေးမြန်းလိုက်၏။
“စားနိုင်တာပေါ့။ ငါက အစပ်မပါရင် ထမင်းမဝင်ဘူးကွ။”
လောင်ယွမ်က ရယ်မောရင်း ပြောလိုက်သည်။
“မင်းဆီမှာ ငရုတ်သီးတွေ ရှိတာလား။ မျိုးစေ့တွေကို သေချာသိမ်းထားဦးနော်။ အထဲက ငရုတ်စေ့လေးတွေကို။”
“ဟုတ်ကဲ့... သိမ်းထားပြီးပါပြီ။ စားသောက်ပြီးရင် ငရုတ်သီး ဘယ်လိုစိုက်ရမလဲဆိုတာ အဘိုး ကျုပ်ကို သေချာ သင်ပေးဦးနော်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းကလည်း ပြန်ဖြေလာခဲ့သည်။
“ငါက အနည်းဆုံးတော့ သာမန်လူတွေထက်တော့ စပ်တာကို ပိုပြီးခံနိုင်ရည်ရှိတယ်။ ကျေးဇူးပဲ။”
“အစ်ကိုကျန်း... အားနာနေစရာ မလိုပါဘူး။ အခုတလော ပင်လယ်ငါးတွေ အများကြီး ဖမ်းမိနေတာဆိုတော့ အားလုံးက ငြီးငွေ့မသွားသရွေ့တော့ ထမင်းစားတိုင်း စားမယ်ဆိုရင်တောင် ကုန်မှာ မဟုတ်ပါဘူး။”
ရှောင်းယီက ထိုသို့ဆိုကာ ငရုတ်သီးများကို အပိုင်းပိုင်း ပိုင်းဖြတ်ပြီး ငါးစွပ်ပြုတ်အိုးထဲသို့ ပစ်ထည့်လိုက်တော့၏။
ဟင်းကျက်သွားသောအခါ ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့ဆီသို့ တစ်အိုးစီ ပို့ပေးလိုက်သည်။
[ငါးစွပ်ပြုတ်] ၂ ကီလိုဂရမ်၊ [ကျိုချက်ပြီးသား ရေ] ၅၀၀ မီလီလီတာ လဲလှယ်မှု- မရှိ။
ကျန်းယွင်ထျန်းသည် ဘာမှထပ်မပြောတော့ဘဲ တိုက်ရိုက် လက်ခံလိုက်၏။ သို့သော် ယွမ်နွန်မှာမူ ပို့ပေးလိုက်သော ပစ္စည်းများကို ကြည့်ရင်း မျက်ရည်များပင် ဝဲတက်လာခဲ့သည်။ လွန်ခဲ့သော နှစ်ရက်ခန့်က သူသည် သေရတော့မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် မတော်တဆ ရှောင်းယီ၏မေးခွန်းကို ဖြေကြားပေးခဲ့ရာမှ သူ၏ကံကြမ္မာမှာ မြေလှန်သကဲ့သို့ ပြောင်းလဲသွားခဲ့၏။ ရှောင်းယီနှင့် ရှိနေသမျှ ကာလပတ်လုံး သူသည် စားဝတ်နေရေးအတွက် ပူစရာမလိုတော့သလို လုံခြုံရေးမှာလည်း အတိုင်းအတာတစ်ခုအထိ အာမခံချက် ရှိသွားခဲ့ပြီဖြစ်သည်။
“မင်းကို တကယ့်ကို ကျေးဇူးတင်ပါတယ်။”
ယွမ်နွန်က စိတ်ရင်းဖြင့် ပြောလိုက်၏။
“အဘိုးယွမ်ကလည်း... အားနာစရာ မလိုပါဘူး။ ခဏနေရင် ငရုတ်သီး စိုက်ပျိုးနည်းကို အဘိုးဆီကပဲ ကူညီတောင်းရမှာပါ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“မြန်မြန်စားလိုက်ဦး ငါးစွပ်ပြုတ်က အေးသွားရင် ညှီနံ့ နည်းနည်း ထွက်လာလိမ့်မယ်။”
ထိုအချိန်တွင် ကျန်းယွင်ထျန်းဆီမှ လဲလှယ်မှုတစ်ခု ရောက်ရှိလာခဲ့သည်။
“【ပေါင်မုန့်】 ၅၀၀ ဂရမ် လဲလှယ်မှု- မရှိ။”
“အခုချိန်မှာ ကြက်ကို ကျွေးဖို့ တခြားစားစရာ မရှိသေးဘူး ထင်လို့။ ဒါကို ခုနကလေးတင် ဖမ်းမိထားတာ။”
“ဟုတ်တယ်။ အရင်က ပေါင်မုန့်တွေလည်း ကုန်တော့မှာပဲ။”
ရှောင်းယီက လဲလှယ်မှုကို လက်ခံလိုက်၏။
အချိန်အနည်းငယ် အတူတူ ဖြတ်သန်းပြီးနောက် လူတိုင်းမှာ တစ်ဦးနှင့်တစ်ဦး၏ စိတ်နေစိတ်ထားများကို သိရှိနေကြပြီဖြစ်ရာ အပိုအားနာစရာများ မလိုတော့ပေ။
နံနက်စာ စားပြီးနောက် ရှောင်းယီသည် မတ်မတ်ထိုင်ကာ တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်၏။
“စနစ်... လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့် ပစ္စည်း - စက္ကူထုတ်စက် (SSS အဆင့်)။”
စက္ကူထုတ်စက် (SSS အဆင့်): အခြေခံ ကုန်ကြမ်းများကို ထည့်သွင်းပေးရုံဖြင့် မတူညီသော စက္ကူအမျိုးအစားများကို အလိုအလျောက် ထုတ်လုပ်ပေးနိုင်သည်။
“ပစ္စည်းကောင်းပဲ။”
ရှောင်းယီသည် သူ၏ တင်ပါးကို မသိစိတ်ဖြင့် လှမ်းကိုင်လိုက်မိ၏။
“အခုတလော သစ်ခေါက်တွေကို သုံးနေရတာ နည်းနည်း များနေပြီ။”
ဒါဟာ ပထမဆုံးအကြိမ် S သုံးလုံးအဆင့် ပစ္စည်းတစ်ခုကို ရရှိခြင်းဖြစ်သည်။ သူသည် ၎င်းကို စနစ်အာကာသထဲမှ ချက်ချင်းထုတ်ယူကာ ဧည့်ခန်းထဲတွင် ထားရှိလိုက်၏။ စက်ကို ကြည့်ရင်း ရှောင်းယီက ရေရွတ်သည်။
“ဒီစက်ကလည်း လျှပ်စစ်မီး လိုအပ်နေဦးမှာလား မသိဘူး။”
“SSS အဆင့် ပစ္စည်းတွေက အလွန်ကြီးမားတဲ့ စွမ်းအင်သိုလှောင်မှု စနစ်ကို အသုံးပြုထားပါတယ်။ လက်ရှိ အားသွင်းထားတဲ့ ပမာဏနဲ့တင် နှစ်ပေါင်း ၁၀၀ တိုင်တိုင် အားပြန်သွင်းစရာမလိုဘဲ အသုံးပြုနိုင်တယ်။ ဒါ့အပြင် ဒီစက်မှာ အလင်းစွမ်းအင်ကနေ လျှပ်စစ်ကို ပြောင်းလဲပေးတဲ့ယူနစ် ပါရှိတဲ့အတွက် အလင်းရောင်ရှိရင် အလိုအလျောက် အားပြန်သွင်းနိုင်ပါတယ်။”
စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီက လက်မထောင်ပြလိုက်မိသည်။ SSS အဆင့် ပစ္စည်းဆိုသည့်အတိုင်း အမှန်တကယ်ကို စွမ်းအားကြီးလွန်းလှ၏။ အကယ်၍ သူပိုင်သမျှ အရာအားလုံးက SSS အဆင့်များသာ ဖြစ်နေလျှင် ဘယ်လောက်တောင် ကောင်းလိုက်မည်နည်း။
ရှောင်းယီသည် စက္ကူထုတ်စက်အနီးသို့ သွားကာ လေ့လာကြည့်လိုက်သည်။ စက်တစ်ခုလုံးက သိပ်မကြီးလှပေ။ တစ်ဖက်တွင် ကုန်ကြမ်းထည့်ရန် အပေါက်ကြီးတစ်ခု ပါရှိသည်။ သစ်သား၊ သစ်ခေါက်၊ သစ်ရွက် စသည်တို့ကို ထိုအပေါက်ထဲ ထည့်ပေးရုံဖြင့် စက်က ကျန်သည့်အရာများကို လုပ်ဆောင်ပေးမည်ဖြစ်သည်။ လိုချင်သည့် စက္ကူအမျိုးအစားကို ထိန်းချုပ်မျက်နှာပြင်တွင် ရွေးချယ်ပေးရုံသာလိုအပ်၏။
ရှောင်းယီ ထိန်းချုပ်မျက်နှာပြင်ကို ကြည့်လိုက်ရာ စက္ကူအမျိုးအစား စုံလင်လှသည်။
“စက္ကူဖြူ၊ အိမ်သာသုံးစက္ကူ၊ ကတ်ထူပြား၊ ပါကင်ထုတ် စက္ကူ...”
သူသည် တုံ့ဆိုင်းမနေဘဲ အိမ်သာသုံးစက္ကူကို ချက်ချင်း ရွေးချယ်လိုက်၏။
“ကျေးဇူးပြု၍ သစ်သား သို့မဟုတ် သစ်ခေါက် ကဲ့သို့သော ကုန်ကြမ်းများကို ထည့်သွင်းပေးပါ။”
ရှောင်းယီသည် သစ်သားတစ်ခုကို ချက်ချင်း ထည့်ပေးလိုက်ရာ စက်တစ်ခုလုံး စတင် လည်ပတ်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စက်၏ အခြားတစ်ဖက်မှ အထုပ်လိုက် ပါကင်ပိတ်ထားသော အိမ်သာသုံးစက္ကူလိပ်များ ထွက်ပေါ်လာခဲ့၏။
“ဒီလောက်တောင် မြန်တယ်လား။”
ရှောင်းယီ အံ့အားသင့်သွားခဲ့ပြီး အိမ်သာသုံးစက္ကူ ၁၀ ထုပ်ကို ယူကာ ဘေးတွင် ပုံထားလိုက်သည်။ တစ်ထုပ်ကို ဖွင့်ကြည့်ပြီး စနစ်၏အချက်အလက်ကို စစ်ဆေးလိုက်ရာ ရှောင်းယီ မှင်တက်သွားခဲ့ရလေသည်။
အိမ်သာသုံးစက္ကူ (SSS အဆင့်): ပြီးပြည့်စုံသော စက္ကူ။ မည်သည့်နေရာကို သန့်ရှင်းရန် အသုံးပြုသည်ဖြစ်စေ သန့်ရှင်းမှု ၆၄၀ ရာခိုင်နှုန်း တိုးတက်စေကာ ပြိုင်ဘက်ကင်းသော ဘက်တီးရီးယား ကာကွယ်မှု အာနိသင် ရှိသည်။
“တကယ်ကို အစွမ်းထက်တာပဲ။ ဒီရှင်းပြချက်အရဆိုရင် ဒါကို ပိုးသတ်ထားတဲ့ ပတ်တီးအဖြစ်တောင် သုံးလို့ရနိုင်တယ်။ ကျုံ့နိုင်ဆန့်နိုင်မှု နည်းနည်း နည်းတာကလွဲရင်ပေါ့။”
ရှောင်းယီက အံ့သြတုန်လှုပ်စွာ ဆိုလိုက်မိသည်။
သစ်သားတစ်ခုတည်းကနေ စက္ကူ ၁၀ ထုပ် ထွက်လာခဲ့ပြီး တစ်ထုပ်လျှင် စက္ကူချပ်ရေ ၁၀၀၀ ပါဝင်သည်။ ကုန်ကြမ်း အသုံးချနိုင်စွမ်းကလည်း မြင့်မားသလို ထုတ်လုပ်မှုကလည်း ချက်ချင်း လက်ငင်းပင်ဖြစ်၏။
“ဒါက SSS အဆင့်ပစ္စည်းရဲ့ စွမ်းဆောင်ရည်ပေါ့။”
ဤစက္ကူမှာ အလွန် အဖိုးတန်လှသော်လည်း ရှောင်းယီအတွက်မှာမူ အချိန်မရွေး အလွယ်တကူ ထုတ်လုပ်နိုင်သဖြင့် သူသည် ဆုဝမ်တို့ထံသို့ တစ်ထုပ်စီ ပို့ပေးလိုက်သည်။
【အိမ်သာသုံးစက္ကူ】 (SSS အဆင့်) ၁၀၀၀ ချပ် လဲလှယ်မှု- မရှိ။
ဆုဝမ်သည် ထိုလဲလှယ်မှုကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဗီဒီယိုကော ခေါ်လာခဲ့သည်။
“ရှောင်းယီ... ဒါတွေကို နင် ဘယ်ကရတာလဲ။”
ဆုဝမ်က အံ့သြဝမ်းသာစွာဖြင့် မေးလိုက်၏။
“ဒါကတော့ လျှို့ဝှက်ချက်ပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါ့ဆီမှာ အများကြီး ရှိတယ်။ မင်း စိတ်ကြိုက် သုံးလို့ရတယ်။”
“တကယ် ကောင်းလိုက်တာ။ ဒါက ငါ့အတွက် အရမ်း အရေးကြီးတာ။ ကျေးဇူးအများကြီးတင်ပါတယ်။”
ဆုဝမ်က ဆိုသည်။
“ငါတို့အချင်းချင်းတွေပဲဟာ... အားနာမနေပါနဲ့။”
“အင်း... ဒါပေမဲ့ ဒီစက္ကူရဲ့အဆင့်က အရမ်းမြင့်နေတော့ ဘာထူးခြားတဲ့ အာနိသင်တွေ ရှိသေးလဲ။”
“သာမန်ထက် ပိုသန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဘက်တီးရီးယားတွေကိုတောင် ကာကွယ်ပေးနိုင်တယ်။”
“ဘာ.. ဒီဟာက ဘက်တီးရီးယားတွေကိုပါ ကာကွယ်ပေးနိုင်တယ် ဟုတ်လား။”
ဆုဝမ် လန့်သွား၏။
ရှောင်းယီက ပခုံးတွန့်ရင်း ပြန်ဖြေလိုက်သည်။
“ယုံရခက်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါက အမှန်တရားပဲ။”
“ဒါ... ဒါက အရမ်း အဖိုးတန်လွန်းတယ်။”
ဆုဝမ် အော်ဟစ်လိုက်မိသည်။ ဤကမ္ဘာတွင် ပိုးသတ်ဆေး သို့မဟုတ် ရောင်ရမ်းမှု လျော့ကျစေသော ဆေးဝါးများမရှိပေ။ ဒဏ်ရာတစ်ခုခု ရခဲ့လျှင် ပိုးဝင်ပြီး ရောင်ရမ်းခြင်းက သေလောက်အောင် အန္တရာယ်ရှိနိုင်သည်။ အကယ်၍ ဒီစက္ကူသာ ရှိလျှင် ထိုကဲ့သို့သော အခြေအနေမျိုးတွင် အကောင်းဆုံး ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပါလော။
“ကဲပါ... လူတိုင်း အဆင်ပြေပြေ ရှင်သန်နိုင်ဖို့က အဓိကပဲလေ။”
“အင်း။”
ဆုဝမ်က ပြန်ဖြေပြီးနောက် ထပ်ပြောလိုက်သည်။
“မနေ့ညက ငါ သတ္တုပြား၃ ခုပဲ ရခဲ့တယ်။ နင် လိုချင်လား။”
“မလိုပါဘူး။ မင်းဆီမှာပဲ သိမ်းထားလိုက်ပါ။”
“ကောင်းပြီလေ။ ဒါနဲ့ ဒီနေ့ ငါ ပစ္စည်းသေတ္တာ ဖမ်းမိတုန်းက ဒီပစ္စည်းကို ရခဲ့တယ်။【သံ】 ၂။ ဒါက နောက်ပိုင်းကျရင် သတ္တုပြားတွေ ထပ်မထွက်လာတော့ဘူးလို့ ပြောတာလား။”
ဆူဝမ်က သိလိုစိတ်ဖြင့် မေးလိုက်၏။ ရှောင်းယီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ပထမ တစ်ပတ်က မိတ်ဆက်ကာလ သက်သက်ပဲ။ အခုကစပြီး အရင်းအမြစ်ပစ္စည်းတွေက ပိုပြီး တိကျလာလိမ့်မယ်။ အဲ့ဒါကြောင့် အရင်လို ‘သတ္တုပြား’ လို့ စုပေါင်းခေါ်တာမျိုး မဟုတ်ဘဲ သံ၊ ကြေးနီ စသဖြင့် သီးခြားသတ္တုတွေပဲ ရလာတော့မှာ။”
ထိုအခါမှသာ ဆုဝမ်သည် ရှောင်းယီ ဘာကြောင့် မနေ့ကတည်းက သတ္တုပြားများကို စုဆောင်းခိုင်းခဲ့သလဲဆိုသည်ကို ချက်ချင်း သဘောပေါက်သွားတော့လေသည်။