အခက်အခဲကိုဖြေရှင်းနိုင်တဲ့နည်းလမ်းဆိုတာအမြဲရှိတယ်
Vol. 28 Ch. 386
အခန်း (၃၈၆) အခက်အခဲကိုဖြေရှင်းနိုင်တဲ့နည်းလမ်းဆိုတာအမြဲရှိတယ်
အဆုံးမဲ့တောင်တန်း၏ ဂိုဏ်းချုပ် ၊ မြောက်ပိုင်းတောင်ထွတ်မှကောင်းကင်သူရဲကောင်း ‘ချူးယန်’ သည် သူ၏အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘မိုးဖြိုပုဆိန်’ နှင့်အတူ ပင်လယ်ဒေသသို့ မလာရောက်ခဲ့ပေ။
ချူးယန်မှလွဲပြီး အခြားသော အထွတ်ထိပ်သိုင်းကျင့်ကြံသူများအားလုံး အရှေ့ပင်လယ်တွင် စုရုံးလျှက် မီးတောက်မိစ္ဆာများကို တိုက်ပွဲဝင်နေကြသည်။
ချူးယန်က ရေနယ်မြေ ၊ အနောက်ဘက်ဒေသကို စောင့်ကြပ်ရသည်မှာ အကြောင်းရှိသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသူတော်စင်များအားလုံးက မီးတောက်မိစ္ဆာများကို အာရုံစိုက်တိုက်ခိုက်နေချိန် မြေကမ္ဘာနယ်မြေကဲ့သို့ အခြားသောနေရာများတွင် မူမမှန်မှုများ ဖြစ်ပေါ်လာပါက အချိန်မီတုံ့ပြန်ရန် ခဲယဉ်းပေလိမ့်မည်။
ထိုကိစ္စကို ထိပ်သီးသိုင်းဂိုဏ်းများမှ ခေါင်းဆောင်များ ဆွေးနွေးကြပြီးနောက် ချူးယန်ကို ပြည်မနှင့် ပင်လယ်ဒေသအစပ်တွင် အရန်အင်အားအဖြစ် စောင့်ကြပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အကယ်၍ ပင်လယ်ပြင်တိုက်ပွဲများ ပိုမိုပြင်းထန်လာပါကလည်း ချူးယန်က လိုအပ်သလို လိုက်လျောညီထွေ ကူညီပေးနိုင်မည်ဖြစ်သည်။
ချူးယန်က ‘မိုးဖြိုပုဆိန်’ ကို ကိုင်ဆောင်ထားသည့်တိုင် သိုင်းသူတော်စင်တစ်ယောက် မဟုတ်သေးပေ။
ထို့ကြောင့် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ၏ ပင်မအစီအရင်များကို ဖျက်ဆီးရန် ခက်ခဲမည် ဖြစ်သည်။ သို့ဖြစ်ရာ ချူးယန်ကို ပြည်မတွင် စောင့်ကြပ်စေခြင်းအားဖြင့် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ အလစ်ချောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာမရှိပေ။
ရန်ကျောက်ကဲက ရွက်လှေနံရံကိုမှီရင် ခဏမျှ စဉ်းစားနေသည်။
ထို့နောက် အားဟူကို ရုတ်တရက် မေးလိုက်၏။
“ခန်းမသခင်’ချန်လီ’ အပြင် ကောင်းကင်မိုးကြိုးခန်းမက ဘယ်သူတွေလာသေးလဲ”
အားဟူက...
“ကောင်းကင်မိုးကြိုးခန်းမက အကြီးအကဲအချို့လည်း အရှေ့ပင်လယ်ကိုရောက်လာတယ်လို့ သတင်းကြားတယ်”
ရန်ကျောက်ကဲက စဉ်းစားနေရင်း...
“သူတို့ဆီက လူငယ်မျိုးဆက်သိုင်းသမားတွေ မလာဘူးလား”
အားဟူက...
“လောလောဆယ်တော့ မသိရသေးဘူး ၊ နောက်ပိုင်း အခြေအနေတည်ငြိမ်သွားရင်တော့ စစ်ကူတွေ ထပ်ရောက်လာမယ် ပြောတယ်”
အားဟူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“ရှဲ့ကျစ်ယီသေပြီးတဲ့နောက် ရန်ရှန်းက ဘယ်လက်နဲ့ဓားကိုင်နိုင်ဖို့ တံခါးပိတ်ကျင့်ကြံနေတယ် ၊ ဒီတော့ ကောင်းကင်မိုးကြိုးခန်းမရဲ့ အလားအလာအရှိဆုံး လူငယ်မျိုးဆက်ဆိုလို့ လင်ကျိုးပဲ ရှိလိမ့်မယ် ၊ သူ့အသက်က နေသူတော်စင်ဂိုဏ်းက ထန်ယုံဟောင်နဲ့ ကျွန်တော်တို့ ဂိုဏ်းက အစ်ကိုရွှီဖေးထက် ငယ်ပေမယ့် အခု သိုင်းဆရာသခင်အဆင့် ရောက်နေပြီ”
မြောက်ဖျားဒေသသို့ ရန်ကျောက်ကဲနှင့်အတူ ခရီးထွက်စဉ်က အားဟူသည်လည်း လင်ကျိုးနှင့် တွေ့ဆုံဖူးသည်ပင်။
ရန်ကျောက်ကဲက ကောင်းကင်တုန်လှုပ်လေးညှို့ကို ထုတ်ယူပြီး ညင်သာစွာပွတ်သပ်ကာ အတွင်းမှ မိုးကြိုးစွမ်းအား အရှိန်အဟုန်ကို အာရုံခံလိုက်သည်။
“အဲဒီကောင်ကို သတိထားပါ ၊ သူ အရှေ့ပင်လယ်မှာ ပေါ်လာတာနဲ့ ငါ့ကိုအကြောင်းကြားဖို့ မမေ့နဲ့”
“ဟုတ်ကဲ့ပါ သခင်လေး”
အားဟူကို မှာကြားပြီးသည်နှင့် ရန်ကျောက်ကဲ ထိုကိစ္စကို ခေါင်းထဲကထုတ်လိုက်သည်။
ဝါဒတောင်တိုက်ပွဲတွင် လင်ထျန်းဖုန်းက နေသူတော်စင်ဂိုဏ်းနှင့်ပူးပေါင်းပြီး ဝါဒတောင်ပင်မအစီအရင်ကို ‘နေဆန့်ကျင်’ ဖြင့် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် ဝါဒတောင် ပင်မအစီအရင်မှာ အကြီးအကျယ်တုန်လှုပ်ကာ ပျက်ဆီးလုနီးပါး ဖြစ်ခဲ့ရသည်။
ထို့နောက် လင်ထျန်းဖုန်းနှင့် အခြားသူများ ဝါဒတောင်ကို လာရောက်တိုက်ခိုက်ရင်း အရှုံးနှင့်ရင်ဆိုင်ရကာ အသက်ပျောက်ခဲ့ကြပြီး ဝါဒတောင်နှင့် ကောင်းကင်မိုးကြိုးခန်းမကြားတွင် သမုဒ္ဒရာကဲ့သို့နက်နဲသည့် ရန်ငြိုးဖွဲ့မှုများ ဖြစ်တည်လာသည်။
မြောက်ဖျားနှင်းလွင်ပြင်တွင် နှစ်ဦးနှစ်ဖက် ပဋိပက္ခများထပ်မံဖြစ်ပွားခဲ့ပြီး ကောင်းကင်မိုးကြိုးခန်းမမှ လူများက ရန်ကျောက်ကဲကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြရာမှ ထိုဒေသရှိ ပကတိရေခဲသွေးကြော ပေါက်ကွဲထွက်သွားပြီး သူတို့ဘက်မှ လူပေါင်းများစွာ သေကြေပျက်ဆီးခဲ့ကြသည်။
ထို့နောက် ရန်ကျောက်ကဲက ရှီကျွင်းလေးနှင့် ယင်ယွီကျန်းကို ကယ်တင်နေချိန် လင်ကျိုးနှင့် အနက်ရောင်အိပ်မက်ဆိုးတောင်မှ ကျန်းရှော်တို့ ရောက်ရှိလာကာ အတူတကွ တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲတွင် ကျန်းရှော်အသတ်ခံရပြီး လင်ကျိုးသည်လည်း ကောင်းကင်တုန်လှုပ်လေးညှို့ဆုံးရှုံးသွားရကာ ရန်ကျောက်ကဲလက်ချက်ဖြင့် မျက်လုံးတစ်ဖက် ကန်းသွားခဲ့သည်။
ဤကမ္ဘာတွင် ရန်ကျောက်ကဲအား သတ်ဖြတ်ချင်သူများ စာရင်းပြုစုမည်ဆိုလျှင် လင်ကျိုးက ထိပ်ဆုံး (၃)ယောက်တွင် ပါဝင်ပေလိမ့်မည်။
အရှေ့ပင်လယ်နေရာအနှံ့တွင် မီးတောက်မိစ္ဆာများ ရှိနေပြီး အခြေအနေကလည်း ရှုတ်ထွေးနေသည်။ ထိုသို့သောအခြေအနေတွင် ရန်ကျောက်ကဲအနေဖြင့် ရန်သူတော်တစ်ယောက်ဖြစ်သော လင်ကျိုးကို သတိထားနေခြင်းမှာ ဖြစ်သင့်သည်ဟု အားဟူထင်မြင်သည်။
အားဟူက...
“ဒါပေမဲ့ သူက သခင်လေးနဲ့တော့ မယှဉ်နိုင်ပါဘူး”
သူက ဆက်ပြောသည်။
“နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တွေတောင် သခင်လေးကိုဆိုရင် အမြဲတမ်း သတိထားနေကြတာ မဟုတ်လား”
ရန်ကျောက်ကဲက တစ်ချက်ပြုံးရင်း...
“ဒီလူတွေကတော့ကွာ... ပြောနေစရာတောင်မလိုပါဘူး ၊ အမြဲတမ်း သတိထားနေကြတာ”
ထို့နောက် သူက အဝေးသို့ငေးကြည့်ရင်း ရေရွတ်လိုက်သည်။
“လူတွေ အာရုံမစိုက်မိဘဲ ပြဿနာကောင်းကောင်းရှာနေတဲ့ လူမျိုးတွေလည်း ရှိတာပဲလေ”
ထိုစကားကိုကြားတော့ အားဟူက နားမလည်ဟန် ခေါင်းတစ်ချက်ကုတ်သည်။
ရန်ကျောက်ကဲက အဝေးသို့ကြည့်နေသော အကြည့်များကို ပြန်လည်ရုတ်သိမ်းရင်း ပြုံးလိုက်သည်။
“ဒါပေမဲ့ လူတချို့အတွက်တော့ ငါက အဲဒီလိုမျိုး မဟုတ်ဘူးလား”
အားဟူက ရိုးရှင်းစွာ ရယ်မောရင်း...
“အမှန်ပဲ သခင်လေး ၊ ပြီးတော့ သခင်လေး စိတ်ချပါ ၊ ကျွန်တော် အဲဒါကို အာရုံစိုက်လိုက်ပါ့မယ်”
***
အရှေ့ပင်လယ် အတွင်းပိုင်းနှင့် အပြင်ပိုင်းနယ်နိမိတ်တွင်တည်ရှိသော ‘ပင်လယ်ရှည်မြို့တော်’ သို့ ယွမ်ကျန်းဖုန်း ၊ စုန့်ဝူလျန်နှင့် အန်းချင်လင်တို့ ရောက်ရှိလာကြသည့်အခါ ထိုနေရာတွင် တိုက်ခိုက်နေကြသော အစွန်းရောက်ရှစ်ပါးကမ္ဘာမှ တပ်ဖွဲ့များသည်လည်း လုံးဝ တည်ငြိမ်သွားခဲ့သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသူတော်စင်များဖြစ်ကြသည့် ယွမ်ကျန်းဖုန်း ၊ ပန်းချီဆရာသူတော်စင် ၊ ဟွမ်ကွမ်လီနှင့် စုန့်ဝူလျန်တို့က အပြင်းအထန် တန်ပြန်တိုက်ခိုက်ခဲ့ကြသဖြင့် ကျူးကျော်လာကြသော မီးတောက်မိစ္ဆာများ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့သည်။
‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ က လူတိုင်း၏အာရုံစိုက်မှုခံရသည်မှာ ပြောနေစရာပင် မလိုပေ။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မူလဇာစ်မြစ်မသိရဘဲ အမှတ်မထင်ထွက်ပေါ်လာသည့် ‘ထူးကဲယင်သရဖူ’ မှလွဲပြီး အထွတ်ထိပ်မှောင်ဝင်ပစ္စည်း အောင်မြင်အောင် မပြုလုပ်နိုင်သည်မှာ အလွန်တရာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခု ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ရုတ်တရက်ထွက်ပေါ်လာသည့်အခါ လူပေါင်းများစွာမှာ စိတ်ရှုထွေးမှုများ ခံစားခဲ့ကြရသည်။
လက်ရှိတွင် ထိုဓားသွားက ကျူးကျော်လာသော ရန်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့်တိုင် လူများစွာ၏ စိတ်အာရုံကိုလည်း စွဲဆောင်လျှက်ရှိသည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ဆွဲကိုင်ထားနိုင်ပြီဖြစ်သဖြင့် ‘ကျောက်စိမ်းပင်လယ်မြို့တော်’ စွမ်းအားမြင့်မားလာသည်မှာ သံသယဝင်စရာမရှိပေ။ သိုင်းသူတော်စင်တစ်ယောက်ဖြစ်လာသော ဝါဒတောင်မှ ယွမ်ကျန်းဖုန်းနှင့် သိုင်းသူတော်စင် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ဟွမ်ကွမ်လီတို့နှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။
အရှေ့ပင်လယ်တိုက်ပွဲတွင်တော့ မီးတောက်မိစ္ဆာများ ရှုံးနိမ့်ခဲ့ရပြီး တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။ လူသားမျိုးနွယ် သိုင်းသူတော်စင်များနှင့် အထွတ်ထိပ်သိုင်းကျင့်ကြံသူများက ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းယူပြီး တိုက်ပွဲတွင် အသာစီးရလာကြသည်။
အဓိကစစ်မြေပြင်သည် ပင်လယ်ရှည်မြို့တော်မှ အရှေ့ပင်လယ်အပြင်ပိုင်းသို့ တစ်ဖန်ပြန်လည်ရွေ့လျားသွားပြီး အရှေ့ပင်လယ်အတွင်းပိုင်းတွင်လည်း မီးတောက်မိစ္ဆာများစွာ သတ်ဖြတ်ခံခဲ့ရသည်။
ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှ လူငယ်မျိုးဆက်ကျင့်ကြံသူများက ကျန်ရှိနေသည့် မီးတောက်မိစ္ဆာများကို မရပ်မနား သုတ်သင်ပစ်ကြသည်။
လူငယ်မျိုးဆက်သိုင်းသမားများက အဓိကစစ်မြေပြင်အနီးသို့ သွားရောက်ခြင်းမရှိဘဲ ပတ်ဝန်းကျင်ဒေသများတွင် ကျန်ရှိနေသည့် မီးတောက်မိစ္ဆာအကြွင်းအကျန်များကို ရှင်းလင်းပစ်ကြသည်။ ဤသို့တိုက်ခိုက်ခြင်းက သူတို့အတွက် တိုက်ပွဲအတွေ့အကြုံရယူရန် အသင့်တော်ဆုံးပင်။
အရှေ့နဂါးကျွန်း အခြေအနေတည်ငြိမ်သွားပြီးနောက် ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများသည်လည်း ပတ်ဝန်းကျင်ဒေသများမှ မီးတောက်မိစ္ဆာများကို ရှင်းလင်းရာတွင် အဓိကအင်အားစုအဖြစ် ပါဝင်ခဲ့ကြသည်။
ရန်ကျောက်ကဲကတော့ စစ်ခုန်ချင်းကို ဖူအန်းစုလက်သို့အပ်ပြီးသည်နှင့် ချက်ချင်းထွက်ခွာလာသည်။
စစ်ခုန်ချင်း အန္တရယ်ရှိမည်စိုးသဖြင့် တစ်ယောက်တည်းမလှုပ်ရှားရန် အတန်တန်သတိပေးခဲ့သူ ရန်ကျောက်ကဲသည် သူကိုယ်တိုင်ကတော့ ထိုအချက်ကို လိုက်နာရန် စိတ်ကူးမရှိပေ။
ရန်ကျောက်ကဲ တစ်ကိုယ်တော်လှုပ်ရှားခြင်းမှာ ပြဿနာရှိနိုင်သည်ဟု မည်သူမှ မတွေးထင်ကြပေ။
ရန်ကျောက်ကဲ တစ်ယောက်တည်းလှုပ်ရှားသည်မှာ မရေမတွကနိုင်အောင် များပြားနေခဲ့ပြီး ပြဿနာမဖြစ်သည့်အပြင် မမျှော်လင့်ထားသော အကျိုးအမြတ်များစွာကိုပါ ရရှိခဲ့ကြောင်း သက်သေများစွာရှိသည်။
ရန်ကျောက်ကဲ ပစ်မှတ်ထားသည်က အရှေ့ပင်လယ်တွင် ကျန်ရှိနေသည့် မီးတောက်မိစ္ဆာများ မဟုတ်ပေ။
ယခု ရန်ကျောက်ကဲက အရှေ့ပင်လယ်အပြင်ပိုင်းသို့ ရောက်ရှိနေပြီး ကျောက်စိမ်းပင်လယ်မြို့တော်က ပေးထားသော ရွက်လှေကို အသုံးမပြုသလို ပန်ပန်ကိုလည်းစီးနှင်ခြင်းမရှိပေ။ လေထဲမှလည်း ပျံသန်းခြင်းမရှိသလို ရေလှိုင်းထက် လမ်းလျှောက်သွားလာခြင်းမျိုးလည်း မပြုလုပ်ပေ။
လက်ရှိတွင် သူက တစ်ကိုယ်လုံး ရေထဲမြုပ်ကာ ရေငုပ်လျှက်ရှိသည်။
အားဟူနှင့်ပန်ပန်ကတော့ သူတို့သခင်လေး ဘာလုပ်နေသည်ကို စပ်စုစွာဖြင့် လိုက်ကြည့်နေကြ၏။
အချိန်အတန်ကြာပြီးနောက် ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ရေအောက်မှ ထွက်ပေါ်လာသည်။
“မီးတောက်မိစ္ဆာတွေသောင်းကြမ်းလိုက်တာ ပင်လယ်ပြင်က ဝိညာဉ်စွမ်းတွေ အတော်လေး နည်းပါးသွားတယ်”
အားဟူက စပ်စုမေးမြန်းသည်။
“သခင်လေး... အခု ဘာတွေလုပ်နေတာလဲ”
ရန်ကျောက်ကဲက မေးစေ့ကို တစ်ချက်ပွတ်သပ်ရင်း...
“အင်း... စမ်းသပ်စရာကိစ္စလေးတစ်ခုရှိလို့”
အားဟူက သိချင်စိတ်ကို မထိန်းနိုင်ဘဲ ထပ်မံမေးမြန်းသည်။
“ဘာကို စမ်းသပ်မှာလဲ”
ရန်ကျောက်ကဲက ပြုံးရင်း...
“မဟာမီးတောက်မိစ္ဆာတစ်ကောင်ကို ရှာမလို့...”
ထိုစကားကြားတော့ အားဟူ ချက်ချင်းပင် ချောင်းတဟွတ်ဟွတ် ဆိုးလာသည်။
“အမလေး... သခင်လေးရာ ၊ မဟာမီးတောက်မိစ္ဆာဆိုတာ အနည်းဆုံးတော့ အမတလက်ဖွဲ့ကနဦးအဆင့်နဲ့ ညီမျှတယ်နော် ၊ သူတို့ကို ရှာပြီး ဘာလုပ်မလို့လဲ”
ရန်ကျောက်ကဲတွင် ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ၊ ‘နတ်ဆိုးခွင်းရေခဲအင်းသေင်္ကတ’ များ နှင့် မီးတောက်မိစ္ဆာများကို ထိန်းချုပ်နိုင်သော အနီရင့်ရောင်လက်စွပ် ရှိနေသည့်တိုင် မဟာမီးတောက်မိစ္ဆာတစ်ယောက်နှင့် ရင်ဆိုင်ရမည့်အရေး တွေးကြည့်သည်နှင့် အားဟူ အသက်ရှူကြပ်သွားသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“ငါတို့ သူနဲ့ တိုက်ခိုက်စရာ မလိုပါဘူးကွာ ၊ တချို့ကိစ္စလေးတွေ အတည်ပြုစရာရှိလို့ ထိပ်ဆုံးအဆင့်ရှိတဲ့ မဟာမီးတောက်မိစ္ဆာတစ်ယောက်ကို ရှာနေတာပါ”
အားဟူက မျက်နှာငယ်လေးဖြင့်...
“ခက်တယ်ဗျာ... သခင်လေးရာ ၊ အခုဆိုရင် သခင်လေးက မီးတောက်မိစ္ဆာတွေရဲ့အသားထဲက ဆူးတစ်ချောင်းဖြစ်နေပြီဆိုတာ သိရဲ့လား”
ရန်ကျောက်ကဲက ပြုံးရင်း လက်တစ်ဖက်ကာပြလိုက်၏။
“ဒါကြောင့် ငါ နည်းလမ်းရှာနေတာပေါ့ကွ ၊ လောကမှာ အခက်အခဲကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းဆိုတာ အမြဲရှိပါတယ် ၊ ဟုတ်တယ်မလား”