သတ်မှတ်ချက်များ အသေးစိတ်ပြောင်းလဲခြင်း၊ ဆင့်ကဲပြောင်းလဲမှုနှင့် သတ္တုပြားများ ဝယ်ယူခြင်း
Vol. 3 Ch. 42
“ကျွန်းငယ် - ၃၀၃ စတုရန်းမီတာ (အုတ်မြစ်ကျောက် ၉ ခု အသုံးမပြုရသေးပါ)။ လွတ်လပ်သော မြေကွက်လပ်များပေါ်တွင် ရင်းမြစ်ပစ္စည်းများ နေ့စဉ် အလိုအလျောက် ပေါ်ထွက်လာမည် ဖြစ်သည်။”
“လွတ်လပ်သော မြေကွက်လပ် ဆိုသည်မှာ ရည်ရွယ်ချက်ရှိရှိ ပြုပြင်မွမ်းမံထားခြင်း မရှိသော မည်သည့်နေရာကိုမဆို ဆိုလိုသည်။”
“ကျွန်း အကျယ်အဝန်း ကြီးမားလေလေ၊ ရင်းမြစ်ပစ္စည်း ပေါ်ထွက်မှု ပိုမိုများပြားလေလေ ဖြစ်မည်။
မှတ်ချက် - ရင်းမြစ် အမျိုးအစား သတ်မှတ်ချက်များကို ယခုအခါ ပိုမို အသေးစိတ် ခွဲခြားလိုက်ပြီ ဖြစ်သည်။”
“ပေါ်ထွက်လာသော ရင်းမြစ်ပစ္စည်းကို အချိန်မီ မသိမ်းဆည်းပါက ၎င်းသည် ဖြည်းညှင်းစွာ ဆင့်ကဲပြောင်းလဲသွားမည်ဖြစ်ပြီး ၎င်းအပေါ်တွင် မှီခိုသော ရင်းမြစ်သစ်များကို ထုတ်ပေးမည် ဖြစ်သည်။”
စနစ်၏ အသိပေးချက်များကို ဖတ်ရှုရင်း ရှောင်းယီမျက်မှောင်ကျုံ့သွားခဲ့သည်။
“သတ်မှတ်ချက်တွေကို အသေးစိတ် ခွဲခြားလိုက်တယ်ဆိုတာက ဘာကို ပြောတာလဲ။”
“ဥပမာ - အရင်က ပစ္စည်းသေတ္တာတွေထဲက ရနေကျ ‘သတ္တုပြား’ တွေ နောက်တစ်ခါ ထပ်ပေါ်လာမှာ မဟုတ်တော့ဘူး။ အဲဒီအစား သံ၊ ကြေးနီ၊ ခဲ စသဖြင့် သီးခြား သတ္တုအမျိုးအစားတွေအလိုက် ရလာမှာ ဖြစ်ပါတယ်။”
ရှောင်းယီ အနည်းငယ် စဉ်းစားကြည့်လိုက်၏။
“ဒါဆို နောက်ပိုင်း ထုတ်လုပ်မှုပုံစံတစ်ခုက သံ လိုအပ်တယ်ဆိုရင် ကြေးနီနဲ့ အစားထိုးလို့ မရတော့ဘူးပေါ့။”
“မှန်ပါတယ်။”
“ဒါဆို ငါ့ဆီမှာ ရှိပြီးသား သတ္တုပြားတွေကရော။”
“၎င်းတို့ကတော့ အများသုံးအဆင့် ဖြစ်ပါတယ်။ ဘယ်သတ္တု အမျိုးအစားအတွက်မဆို အစားထိုး အသုံးပြုနိုင်ပါတယ်။”
ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အမြန်သွားကာ ကျိုချက်ပြီးသား ရေ အထုတ်ပေါင်း ၅၀ ကို အရောင်းစာရင်း တင်လိုက်သည်။
【ကျိုချက်ပြီးသား ရေ】 ၃၀ မီလီလီတာ လဲလှယ်ရန် 【သတ္တုပြား】 ၁။
နောင်တွင် အများသုံးသတ္တုပြားများသည် အရှားပါးဆုံးပစ္စည်း ဖြစ်လာတော့မည်ဖြစ်သည်။ သီးခြား သတ္တုတစ်မျိုးမျိုး လိုအပ်လာတိုင်း ၎င်းတို့ကို အစားထိုး သုံးနိုင်သည် မဟုတ်ပါလော။ သို့သော် အများကြီး တစ်ပြိုင်နက် ဝယ်လျှင် လူအာရုံစိုက်ခံရမည် စိုးသဖြင့် အထုတ် ၅၀ သာ အရင် တင်လိုက်ခြင်းဖြစ်သည်။ ရေပမာဏကိုလည်း ၅၀ မီလီလီတာ ပေးရမလားဟု စဉ်းစားခဲ့သော်လည်း ၃၀ မီလီလီတာနှင့် သတ္တုပြားတစ်ခုမှာပင် တန်ဖိုးကြီးနေပြီ ဖြစ်ရာ သံသယ မဖြစ်စေရန် ထိုနှုန်းထားကိုသာ ရွေးချယ်ခဲ့၏။
ရှောင်းယီအတွက်မူ ၃၀ မီလီလီတာမှာ ဘာမှ မဟုတ်ပေ။ ရောင်းမည့်သူသာရှိလျှင် ၁၀၀ မီလီလီတာနှင့် သတ္တုပြားတစ်ခုပင် သူ လဲချင်သေးသည်။
ရေများကို စာရင်းတင်ရင်း သူက ထပ်မေးလိုက်၏။
“ဒါဆို ‘ဆင့်ကဲပြောင်းလဲမှု’ ဆိုတာကရော။”
“ဥပမာ - သင့်ကျွန်းပေါ်မှာ သစ်ပင် ၁၀ ပင် ပေါ်လာတယ်ဆိုပါစို့။ သင် အဲဒါတွေကို မခုတ်ဘူးဆိုရင် အဲဒီနေရာမှာ သစ်ပင်တွေ ထပ်တိုးလာမယ်။ ဖြည်းဖြည်းချင်း အစုအဝေး ဖြစ်လာမယ်။ နောက်တော့ တောအုပ် ဖြစ်လာမယ်။ တောအုပ် ဖြစ်လာပြီဆိုရင် အဲဒီမှာ နေထိုင်တဲ့ တိရစ္ဆာန်တွေ စတင် ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။”
ရှောင်းယီ သဘောပေါက်သွားခဲ့သည်။
“ကျွန်းကြီးလေလေ၊ ရစရာတွေ ပိုများလေလေပေါ့။”
“ဒါပေမဲ့ မြေကြီးက သူ့အလိုလို စိုက်ပျိုးမြေ ဖြစ်အောင် ပြောင်းလဲနိုင်တယ်ဆိုရင် အရင်က ရခဲ့တဲ့ မြေဆီလွှာ ပြုပြင်ပြောင်းလဲရေးကတ်က ဘာထူးခြားတော့မှာလဲ။”
“မြေဆီလွှာ ပြုပြင်ပြောင်းလဲရေးကတ်က ချက်ချင်း လက်ငင်း ပြောင်းပေးတာ ဖြစ်သလို ပြန်ပြီး သဲမြေ မဖြစ်သွားနိုင်လို့ ဘေးကင်းပါတယ်။ သဘာဝအတိုင်း ပြောင်းလဲမှုကတော့ အလွန် နှေးကွေးပြီး ဂရုမစိုက်ရင် ပြန်ပြီး းသဲကန္တာရ ဖြစ်သွားနိုင်ပါတယ်။”
ရှောင်းယီ ခေါင်းညိတ်လိုက်မိ၏။ ယခုတော့ ဤအပ်ဒိတ်က ဘာတွေ ပြောင်းသွားသလဲဆိုသည်ကို သူ သေသေချာချာ သိသွားပြီဖြစ်သည်။
“ကျွန်း ကျယ်လေလေ၊ အားသာချက် ပိုများလေလေပဲ။”
“သတိပေးချက် - ကျွန်းပေါ်တွင် လူသားများကို အန္တရာယ်ပြုနိုင်သော တိရစ္ဆာန်များလည်း ပေါ်ထွက်လာနိုင်သည်။”
ရှောင်းယီ မျက်တောင်ခတ်လိုက်မိ၏။ တောအုပ်ရှိလျှင် ကျားနှင့် မြွေများ ရှိလာမည်မှာ ဓမ္မတာပင်။
“ကျွန်းကြီးတာကလည်း နှစ်ဖက်သွားဓားလိုပဲ။ ကိုယ်က အားနည်းပြီး ကျွန်းကို အရမ်းချဲ့မိရင် ကိုယ့်ကျွန်းပေါ်က တိရစ္ဆာန်တွေရဲ့ အစာ ပြန်ဖြစ်သွားနိုင်တယ်။”
သူ ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် ဆုဝမ်နှင့် အခြား နှစ်ဦးထံမှ မက်ဆေ့ခ်ျများ ရောက်ရှိလာ၏။ သူတို့အားလုံး ကျွန်းနစ်မြုပ်မှု အဆုံးသတ်ကို စောင့်ကြည့်ရင်း မအိပ်ကြသေးပေ။
သူတို့ သုံးဦးလုံးသည် “ကျွန်းကြီးရင် ရိတ်သိမ်းမှု ပိုများမယ်။” ဆိုသည့် စကား၏ အဓိပ္ပာယ်ကို မေးမြန်းလာကြသည်။
ရှောင်းယီက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။
“ကျွန်းကြီးလေလေ အရင်းအမြစ်ပစ္စည်းတွေ ပိုထွက်လာလေလေပဲ။ ပြီးတော့ သတ္တုပြားတွေကို စုထားကြပါ။ ရောင်းလည်းမရောင်းနဲ့။ သုံးလည်းမသုံးနဲ့ဦး။”
“နားလည်ပြီ။ ငါ့ဆီက တခြား ပစ္စည်းတွေနဲ့ သတ္တုပြားတွေကို လိုက်လဲထားလိုက်ရမလား။”
ဆုဝမ်က မေးလိုက်၏။
“လုပ်လိုက်လေ။”
ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့မှာမူ မှင်တက်သွားကြသည်။
တိလင်းထျန်းရှားတောင် မသိတဲ့အချက်ကို ရှောင်းယီက ဘယ်လိုလုပ် သိနေရတာလဲ။ ရှောင်းယီက အနာဂတ်ကို ကြိုမြင်နိုင်တဲ့သူလား။
သူတို့သည် တစ်ပါးသူ၏ လျှို့ဝှက်ချက်ကို မမေးမြန်းတော့ဘဲ ပြန်ဖြေလိုက်ကြ၏။
“နားလည်ပါပြီ၊ သတ္တုပြားတွေအကုန်လုံးကို စုထားလိုက်မယ်။”
“အင်း လိုအပ်ရင် အခြေခံ ပစ္စည်းတွေနဲ့ပါ လဲထားလိုက်ပါ။”
ရှောင်းယီက အလေးအနက် မှာကြားလိုက်သည်။
သူတို့ လေးဦးစလုံး ဈေးကွက်ခန်းမတွင် သတ္တုပြားများကို စတင် ဝယ်ယူကြ၏။ သို့သော် အသက်ရှင်ကျန်ရစ်သူ ဦးရေနှင့် နှိုင်းယှဉ်လျှင် သူတို့၏ ဝယ်ယူမှုမှာ သမုဒ္ဒရာထဲက ရေတစ်ပေါက်မျှသာ ဖြစ်သည်။ သို့သော် ရှောင်းယီ၏ ဝယ်ယူမှု ပမာဏက ပိုများသဖြင့် အများသုံးချန်နယ်တွင် ဆွေးနွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။
“တစ်ယောက်ယောက်က ကျိုချက်ပြီးသား ရေနဲ့ သတ္တုပြားတွေကို လဲနေတယ်။ ဈေးက အရင်ကထက်တောင် နည်းနည်းပိုပေးထားတယ်။”
“အခုချိန်မှာ အုတ်မြစ်ကျောက်တွေ၊ အစားအစာနဲ့ ရေကိုပဲ ဝယ်သင့်တာ မဟုတ်ဘူးလား။”
“ဟုတ်ပါ့။ ဘယ်သူက သတ္တုပြားတွေကို ဂရုစိုက်နေမှာလဲ။ မလိုအပ်တဲ့ ပစ္စည်းတွေ တည်ဆောက်တာ ရပ်ထားပြီး အုတ်မြစ်ကျောက်တွေကိုပဲ အမိဖမ်းကြစမ်းပါ။”
“ဟုတ်တယ်။ နောက်ထပ် တစ်ပတ် အချိန်ရှိသေးတယ်ဆိုပေမဲ့ ပစ္စည်းသေတ္တာ ဖမ်းရတာ ပိုခက်လာမလား၊ အုတ်မြစ်ကျောက်တွေကော ရှားသွားမလားဆိုတာ မသိဘူး။ အစားအစာနဲ့ ရေက ပိုအရေးကြီးတယ်။”
“ဦးစားပေးအဆင့်က - အုတ်မြစ်ကျောက် > ရေ > အစားအစာ > ကျန်တာတွေပဲ။”
“ဒါဆိုရင် ဟိုလူက သတ္တုပြား လိုချင်နေတာဆိုတော့ ငါတို့ဆီက သတ္တုပြားတွေနဲ့ ရေကို လဲလိုက်တာ ပိုမကောင်းဘူးလား။”
“မင်းဆီမှာ မလိုတဲ့ သတ္တုပြားတွေ ရှိရင်တော့ လဲလိုက်ပေါ့။”
ထိုသို့ ပြောဆိုပြီးနောက် ရှောင်းယီ၏ ရေများမှာ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွား၏။ သူက နောက်ထပ် အထုတ် ၅၀ ထပ်တင်လိုက်သည်။
“ဒီညတော့ အိပ်ရေးပျက်ဦးမှာပဲ။”
သူ သမ်းဝေရင်း ဆိုလိုက်မိသည်။ လူများ အခြေအနေကို ရိပ်မိမသွားခင် သတ္တုပြားတွေကို တတ်နိုင်သမျှ များများစုဆောင်းထားရပေမည်။
“ဟေး... ဟိုလူက နောက်ထပ် အထုတ် ၅၀ ထပ်တင်လိုက်ပြန်ပြီ။ မြန်မြန် သွားယူကြ။”
အများသုံးချန်နယ်တွင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သဖြင့် သတ္တုပြားရှိသူများ ဈေးကွက်ခန်းမသို့ တိုးဝှေ့လာခဲ့ကြသည်။
“ဂိုဏ်းချုပ်... တစ်ယောက်ယောက်က သတ္တုပြားတွေကို လိုက်ဝယ်နေတယ်။ ကျုပ်တို့ တစ်ခုခု လုပ်သင့်လား။”
တိလင်းချင်းလုံသည် တိလင်းထျန်းရှားထံသို့ သီးသန့်စာ ပို့လိုက်၏။
တိလင်းထျန်းရှား မျက်မှောင်ကျုံ့သွားခဲ့သည်။ ဈေးကွက်ခန်းမသည် အမည်ဝှက်စနစ်ဖြစ်သဖြင့် ထိုဝယ်သူသည် ယခင်က အုတ်မြစခကျောက်များကို သိမ်းကျုံးဝယ်ယူခဲ့သူ ဟုတ်၊ မဟုတ် သူ မသိနိုင်ပေ။
အကယ်၍ မဟုတ်ဘူးဆိုလျှင်တော့ ပြဿနာ မရှိချေ။ သို့သော် အရင်လူသာ ဖြစ်မယ်ဆိုပါက စဉ်းစားစရာ ဖြစ်လာပြီဖြစ်သည်။ ယခင်ကတည်းက အုတ်မြစ်ကျောက်များကို ကြိုတင် စုဆောင်းခဲ့သည်ကို ကြည့်လျှင် ထိုကစားသမားမှာ ကြိုတင်မြော်မြင်မှု ရှိခြင်း သို့မဟုတ် အတွင်းသတင်း ရထားခြင်းဖြစ်သည်မှာ သေချာ၏။
အခု သတ္တုပြားတွေကို အငန်းမရ ဝယ်ယူနေတာကရော တခြား ဖုံးကွယ်ထားတဲ့ သတင်းတစ်ခုခုကြောင့်များလား။