တိုက်စားမှု ပြီးဆုံးခြင်းနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် သဲလွန်စအသစ် ထွက်ပေါ်လာခြင်း
Vol. 3 Ch. 41
“ဒါ တကယ်ကောင်းတာပဲ။ ဒီလိုဆိုရင် ကျွန်းပေါ်မှာ သီးနှံတွေ စိုက်လို့ရပြီ။”
ရှောင်းယီက ပြောလိုက်၏။
“ပြီးတော့ အဘိုးရဲ့ ကျွမ်းကျင်မှုနဲ့ဆိုရင် တကယ့်ကို အထွက်နှုန်းကောင်းတဲ့ ရိတ်သိမ်းမှုမျိုး ရမှာသေချာတယ်။”
ယွမ်နွန်က ခေါင်းခါယမ်းပြီး ပြန်ဖြေလာခဲ့သည်။
“ငါ့ကျွန်းက အခု ၈ စတုရန်းမီတာပဲ ရှိသေးတ။ ၅၀ စတုရန်းမီတာဆိုတာကတော့ အလှမ်းဝေးလွန်းတဲ့ အိပ်မက်တစ်ခုလိုပါပဲ။ ဒီကတ်ကို ငါ သုံးလိုက်ရင် အရမ်းနှမြောစရာကောင်းသွားလိမ့်မယ်။ ဒါ့အပြင် ငါ့ဆီမှာ စိုက်စရာ မျိုးစေ့လည်း တစ်ခုမှ မရှိဘူး။”
“ကျွန်တော် မျိုးစေ့တွေ ပေးနိုင်ပါတယ်။”
ရှောင်းယီက ဆို၏။ သူ၏ သီးနှံများမှာ ရိတ်သိမ်းရန် အဆင်သင့်ဖြစ်နေပြီ သို့မဟုတ် မှည့်လုနီးပါး ဖြစ်နေပြီဖြစ်သဖြင့် မျိုးစေ့များ ရရှိမည်မှာ သေချာနေပြီဖြစ်သည်။
ယွမ်နွန်က ခေါင်းခါယမ်းပြောလိုက်သည်။
“မင်း ငါ့ကို မျိုးစေ့တွေနဲ့ ထောက်ပံ့ပေးနိုင်ပေမဲ့ ငါ ဒီမှာ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ မသိသေးဘူး။ အဲဒါတွေကို မင်းရဲ့ ကျွန်းမှာပဲ သိမ်းထားတာ ပိုကောင်းပါတယ်။ တကယ်လို့ မင်း စားစရာတွေ ရိတ်သိမ်းလို့ ရခဲ့ရင် ငါ့ကို နည်းနည်းလောက် ခွဲပေးရုံနဲ့တင် ငါကျေနပ်ပါပြီ။”
ယွမ်နွန်သည်လည်း တိလင်းထျန်ရှား၏ မှတ်ချက်များကို မြင်ခဲ့ပြီးဖြစ်၏။ တကယ်လို့ တစ်နေ့ကို ကျွန်းက ၁ စတုရန်းမီတာစီ နစ်မြုပ်သွားမယ်ဆိုလျှင် လူအများအပြား ပြုတ်ကျသွားနိုင်ပြီး သူကိုယ်တိုင်လည်း ထိုထဲတွင် ပါသွားမှာကို စိုးရိမ်နေခြင်းဖြစ်သည်။
ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကောင်းပါပြီ။ ဒါဆို ဒီကတ်ကို ကျုပ်ကိုပဲ ပေးလိုက်ပါ။ ကျုပ်ကျွန်းက လုံလောက်အောင် ကျယ်တယ်ဆိုတော့ ကျုပ်ပဲ သုံးလိုက်ပါ့မယ်။ ပြီးရင် အဘိုးရဲ့ နေ့စဉ် စားဝတ်နေရေးကို ကျုပ် တာဝန်ယူပေးမယ်။”
“အင်း... ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒီကတ်က မူလကတည်းက မင်းနဲ့ ထိုက်တန်တာပါ။ မင်းပေးတဲ့ ပိုက်ကွန်သာ မရှိရင် ငါ ဒါကို ဘယ်လိုမှ ဖမ်းမိနိုင်မှာ မဟုတ်ဘူး။”
ယွမ်နွန်က ပြုံး၍ ပြန်ပြောလိုက်၏။
【မြေဆီလွှာ ပြုပြင်ပြောင်းလဲရေးကတ်】 လဲလှယ်မှု ပြီးဆုံးပါသည်။
ရှောင်းယီသည် လဲလှယ်မှုကို လက်ခံလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“အဲ့လိုတော့ မပြောပါနဲ့။ ပြီးခဲ့တဲ့ ၇ ရက်အတွင်းမှာ ကျုပ် တစ်နေ့ကို ပျမ်းမျှ ပစ္စည်းသေတ္တာ ၆ လုံးလောက် ဖမ်းမိခဲ့ပေမဲ့ ကတ်တစ်ခုမှ မရခဲ့ဘူး။ သေတ္တာထဲက ဘာထွက်မလဲဆိုတာ ကံတရားပေါ်မှာပဲ မူတည်တာပါ။ အဘိုးယွမ်က ကျုပ်ထက် အများကြီး ကံကောင်းပါတယ်။”
“ဘာ! ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ မင်း ပစ္စည်းသေတ္တာ ၄၀ ကျော် ဖမ်းမိခဲ့တယ်ဟုတ်လား။”
ယွမ်နွန် မျက်လုံးပြူးသွား၏။
ပိုက်ကွန်၏ ဖမ်းမိနိုင်သော အကွာအဝေးအရဆိုလျှင် တစ်နေ့ကို ပုံမှန်အားဖြင့် ၂ လုံး၊ တော်တော် ကံကောင်းမှ ၃ လုံးသာ မိတတ်သည် မဟုတ်ပါလော။
“သူက မြင်သမျှ ပစ္စည်းသေတ္တာ အကုန်လုံးကို မိအောင် ဖမ်းနိုင်လို့လား။”
ယွမ်နွန်၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်သွား၏။
ရှောင်းယီက လက်ခါပြကာ ပြောလိုက်သည်။
“အဲဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက ကျုပ် ဖွင့်သမျှထဲမှာ ကောင်းတဲ့ဟာတွေ မပါလာတာပဲ။”
ယွမ်နွန်က ခေါင်းခါရင်း ပြုံးလိုက်မိသည်။
“မင်း ကံက ဘယ်လောက်ပဲဆိုးဆိုး၊ အရေအတွက် အများကြီး ဖွင့်ရတာဆိုတော့ ကောင်းတာတွေတော့ ပါမှာပါပဲ။ လူလူချင်း တကယ်ကို နှိုင်းယှဉ်လို့ မရဘူးပဲ။”
“ဟုတ်တယ်။”
ရှောင်းယီလည်း သက်ပြင်းချလိုက်မိသည်။
“ကျုပ် ဒီကတ်ကို သွားသုံးကြည့်လိုက်ဦးမယ်။ ဘာဖြစ်လာမလဲဆိုတာ။”
“ကောင်းပြီ။”
ထို့နောက် သူတို့ နှစ်ဦး ဖုန်းချလိုက်ကြ၏။ ရှောင်းယီသည် ဆောက်လုပ်ရေး ဧရိယာသို့သွားကာ သူ၏ အခန်းရှေ့တွင် ၅ x ၁၀ ပုံစံဖြင့် မြေဆီလွှာပြုပြင်ရန် ရွေးချယ်လိုက်သည်။
“ရွေးချယ်ထားသော ဧရိယာအတွင်းရှိ မြေများကို ပြုပြင်ရန် မြေဆီလွှာ ပြုပြင်ပြောင်းလဲရေးကတ်ကို အသုံးပြုမှာ သေချာပါသလား။”
“သေချာတယ်။”
ထို့နောက် မြေဆီလွှာ ပြုပြင်ပြောင်းလဲရေးကတ်မှာ ပျောက်ကွယ်သွားခဲ့သည်။
“ပြုပြင်ပြောင်းလဲမှု အောင်မြင်ပါသည်။”
ရှောင်းယီသည် ချက်ချင်း အခန်းအပြင်သို့ ထွက်ကြည့်လိုက်ရာ အခန်းရှေ့နှင့် မလှမ်းမကမ်းတွင် မူလက သဲမြေများ ဖြစ်နေသောနေရာ၌ ရွှံ့မြေများအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။
သာမန်မြေဆီလွှာ: သီးနှံစိုက်ပျိုးရန် အသုံးပြုနိုင်သည်။ မြေဆီလွှာ ပြုပြင်ပြောင်းလဲရေးကတ်ဖြင့် ပြုပြင်ထားသဖြင့် ပြန်၍ သဲမြေ မဖြစ်သွားနိုင်ပါ။
“ကောင်းတ်ူ။ အခုတော့ မြေနေရာ မလောက်မှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
ရှောင်းယီ ဝမ်းသာအားရ ဆိုလိုက်၏။
သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားကာ ယွမ်နွန်ထံ စာချန်ထားလိုက်သည်။
“အောင်မြင်သွားပြီ။ အနည်းဆုံးတော့ နောက်ပိုင်းကာလတွေမှာ မြေကြီးလို စိုက်ပျိုးစရာနေရာ မရှိမှာကို စိုးရိမ်စရာမလိုတော့ဘူး။”
“ဒါ တကယ် ကောင်းတာပဲ။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သိချင်တာ ရှိရင် ငါ့ကို အချိန်မရွေး မေးလိုက်ပါ။”
ယွမ်နွန်က ပြန်ဖြေလိုက်သည်။
“ဒါပေါ့ ကျုပ် မေးမှာပါ။”
ဆုဝမ်ဆီတွင်မူ ထူးထူးခြားခြားပစ္စည်းများ မရသည်မှာ ကြာပြီဖြစ်၍ ရှောင်းယီသည် သာမန် ပစ္စည်းများကို သူမအတွက်သာ သိမ်းထားရန် ပြောထားလိုက်သည်။
“ကျုပ်ရဲ့ကျွန်းက ၃ စတုရန်းမီတာပဲ ကျန်တော့ပုံရတယ်။”
“ဟုတ်တယ် ကျုပ်လည်း တူတူပဲ။ ဒီနေ့ ဖမ်းမိခဲ့တဲ့ သေတ္တာ နှစ်လုံးထဲမှာ အုတ်မြစ်ကျောက်တစ်ခုမှ မပါဘူး။”
“ခင်ဗျားကတော့ တကယ် ကံဆိုးတာပဲ။ ကျုပ်ဆိုရင် အနည်းဆုံးတစ်ခုတော့ ရသေးတယ်။”
“ပင်လယ်ရေ တိုက်စားတာ နှေးသွားပါစေလို့ပဲ ဆုတောင်းရတော့မယ်။”
“ကျုပ်တော့ အရမ်း ကြောက်နေပြီ။ ဒီကျွန်းကလွဲရင် ကျန်တာက ပင်လယ်နက်ကြီးပဲ။ နစ်မြုပ်သွားတဲ့ အစိတ်အပိုင်းတွေကလည်း ပင်လယ်ရေထဲမှာ လုံးဝ ပျော်ဝင်သွားသလိုပဲ။”
“ဒါဆို ကျုပ်တို့က ၁ စတုရန်းမီတာပဲ ရှိတဲ့ တိုင်လေး ၄ တိုင်ပေါ်မှာ ရပ်နေရသလို ဖြစ်မနေဘူးလား။”
“စစချင်းတုန်းက ဘာမှ မခံစားရပေမဲ့ မင်း အဲလို ပြောမှပဲ ငါ နည်းနည်း လန့်လာပြီ။”
“ဒီတိုင်တွေက ကျိုးတော့ ကျိုးမသွားနိုင်ဘူးမဟုတ်လား။”
“သွားစမ်းပါ... ။ နိမိတ်မရှိတဲ့ စကားတွေ မပြောစမ်းပါနဲ့။”
အဖွဲ့တစ်ခုလုံး ထိတ်လန့်နေကြစဉ် ရှောင်းယီမှာမူ အိပ်ရာပေါ်တွင် လှဲလျောင်းရင်း ယနေ့ ကုန်ဆုံးသွားမည့် အချိန်ကို စောင့်နေခဲ့၏။ မကြာမီမှာပင် ညသန်းခေါင်ယံသို့ ရောက်ရှိလာခဲ့ပြီး ကျွန်းတိုင်းရှိ အထိမ်းအမှတ်ကျောက်တိုင်များတွင် စာတိုတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဂုဏ်ယူပါတယ်။ သင်သည် ပထမပတ် စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ နောက်တစ်ပတ် စမ်းသပ်မှုမှာ ပိုမို ခက်ခဲလာပါတော့မည်။”
“နောက်တစ်ပတ်အတွင်းတွင် ပင်လယ်ရေသည် ၁ စတုရန်းမီတာကို ဆက်လက် တိုက်စားနေမည် ဖြစ်သည်။ သင့်ကျွန်းကို ချဲ့ထွင်ရန် ကြိုးစားပါ။ ထိုသို့လုပ်ဆောင်ပါက အပိုဆုလာဘ်များ ရရှိလိမ့်မည်။”
ရိုးရှင်းသော စာတိုနှစ်ခု ပေါ်ထွက်လာပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။ အများသုံးချန်နယ်မှာမူ ပြန်လည် ဆူညံလာတော့လေသည်။
“ဒီစာက ဘာကို ဆိုလိုတာလဲ။ တစ်ယောက်ယောက်က ငါတို့ကို ကစားနေတာလား။”
“ဟုတ်တယ်။ တစ်ယောက်ယောက်က ငါတို့ကို နောက်နေတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ မင်း ဘာလုပ်နိုင်မှာလဲ။”
“ငါ့နှယ်... တောက်!”
“အချည်းနှီး ဒေါသထွက်နေမယ့်အစား အမြန် အနားယူတာပဲဖြစ်ဖြစ်၊ ပစ္စည်းသေတ္တာတွေ ဖမ်းတာဖြစ်ဖြစ် လုပ်လိုက်စမ်းပါ။ အဲဒါက ပိုအကျိုးရှိတယ်။”
“ပထမ တစ်ပတ်တင် သေလုမလို ဖြစ်နေရတာကို နောက်တစ်ပတ် စမ်းသပ်မှုက ထပ်ပြီး အဆင့်မြှင့်ဦးမယ် ဟုတ်လား။”
“ဒါပေမဲ့ တစ်ပတ်ကို ၁ စတုရန်းမီတာပဲ တိုက်စားမယ်လို့ ပြောတာဆိုတော့ ပိုပြီးခက်ခဲလာပုံ မရပါဘူး။”
“မင်း ဘာမှ မသိပါဘူး။ အုတ်မြစ်ကျောက်တွေဆိုတာ ငါတို့ရဲ့ရှင်သန်မှုအတွက် အခြေခံ စမ်းသပ်မှုသက်သက်ပဲ။ တခြား စမ်းသပ်မှုတွေ အများကြီး ရှိသေးတယ်။ မုန်တိုင်းတွေ၊ အလွန်အမင်း အေးတာ ဒါမှမဟုတ် ပူတာတွေ၊ ငလျင်တွေ၊ ဆူနာမီတွေ၊ အဲဒါတွေ အကုန်လုံးက စမ်းသပ်မှုတွေချည်းပဲ။”
“ဟုတ်တယ်။ ဒါ့အပြင် ဒီကမ္ဘာကြီးက ဘာတွေ ထပ်လုပ်ဦးမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ပင်လယ်ထဲကနေ ပုစွန်စစ်သည်တွေ၊ ဂဏန်းစစ်သူကြီးတွေ တက်လာပြီး ငါတို့ကို သတ်ရင် ဘယ်လိုလုပ်မလဲ။”
“သေစမ်း... မင်း အဲလို ပြောလိုက်မှပဲ ငါ့ကျောထဲ စိမ့်သွားပြီကွ။”
“ ‘ကျွန်းကို ချဲ့ထွင်ဖို့ ကြိုးစားပါ၊ အပိုဆုလာဘ်တွေ ရလိမ့်မယ်’ ဆိုတဲ့ စကားကကော ဘာကို ဆိုလိုတာလဲ။”
“ဘာဖြစ်ရဦးမှာလဲ၊ စာသားအတိုင်းပဲပေါ့! ကျွန်းကို ချဲ့ရင် ရိက္ခာသေတ္တာတွေအပြင် တခြားဆုလာဘ်တွေ ရမယ်လို့ ပြောတာလေ။”
“အဲ့ဒါက ဘာဖြစ်နိုင်မလဲ။”
“ဒါကိုတော့ ကျွန်းဧရိယာအကြီးကြီး ရှိတဲ့ သူဌေးတွေပဲ သိနိုင်လိမ့်မယ်။”
“အတွေ့အကြုံ မျှဝေပေးမယ့် အကြီးအကဲတွေ ရှိလားဗျို့။”
ထိုအချိန်တွင် တိလင်းထျန်းရှားထွက်လာပြီး ပြောလိုက်သည်။
“ကျုပ်ရဲ့ကျွန်းမှာတော့ ဘာအပိုဆုလာဘ်မှ မတွေ့ရသေးဘူး။”
သူသည် သူ့ကိုယ်သူ အကြီးအကဲ တစ်ယောက်အဖြစ် သတ်မှတ်ထားပုံရ၏။
“ဒါဆိုရင်တော့ ဆက်ပြီး စူးစမ်းရဦးမှာပဲ။ သူဌေး... သတင်းထူးရှိရင် အားလုံးကို အချိန်မီ ပြောပြပေးပါဦး။”
“ဟက်... ကျုပ် ဒီလို သတင်းတွေကို တိလင်းအဖွဲ့ထဲမှာပဲ ကြေညာမှာ။ သတင်းဦး သတင်းထူး ရချင်ရင်တော့ ကျုပ်တို့အဖွဲ့ထဲ ဝင်ကြပေါ့။”
သူက ပြန်ဖြေလိုက်သည်။
ရှောင်းယီက နှုတ်ခမ်းမဲ့ရင်း တွေးလိုက်မိ၏။
“ဒီအချိန်ထိ လူစုနေတုန်းပဲလား။”
သို့သော် စဉ်းစားကြည့်လျှင် လူတစ်ယောက် ပိုလာတိုင်း တိလင်းထျန်းရှားအတွက် တစ်ပတ်ကို အုတ်မြစ်ကျောက်တစ်ခု ပိုရလာမည်ဖြစ်သည်။ အားလုံးက သူ့ကို မပေးလျှင်ပင် လက်အောက်ငယ်သားများ များပြားလာသည်နှင့်အမျှ ရရှိတဲ့ ပမာဏသည်လည်း မနည်းလှပေ။
ထိုကဲ့သို့ ပိရမစ်စနစ်နှင့် တူတဲ့ အဖွဲ့အစည်းမျိုးသည် ရေရှည်မသွားနိုင်ဟု သူ ခန့်မှန်းမိ၏။ သို့သော် သူတို့ဘက်က ပြောင်းလဲမှုများ လုပ်လာလျှင်မူ တစ်မျိုးဖြစ်သွားနိုင်သည်။
ရှောင်းယီသည် အများသုံးချန်နယ်ရှိ စကားဝိုင်းကို ကြည့်ရုံသာကြည့်နေခြင်းဖြစ်ပြီး နေ့စဉ်လက်မှတ်ထိုးဝင်ခြင်းစနစ်ဆီက အချက်အလက်များကိုသာ သူပို၍ယုံကြည်၏။
သူသည် အခန်းအပြင်ဘက် ဝရန်တာသို့ ထွက်လာကာ ခြေထောက်အောက်ရှိ ကျွန်းကို ငုံ့ကြည့်လိုက်စဉ် စနစ်၏အချက်ပေးသံ ထွက်ပေါ်လာခဲ့လေသည်။