← Chapters

အန်းရန်၏ သူငယ်ချင်းအဖြစ် ဟန်ဆောင်ခြင်းနှင့် မြေဆီလွှာ ပြုပြင်ပြောင်းလဲရေးကတ်

Vol. 3 Ch. 40

အန်းရန်၏ သူငယ်ချင်းအဖြစ် ဟန်ဆောင်ခြင်းနှင့် မြေဆီလွှာ ပြုပြင်ပြောင်းလဲရေးကတ်

Vol. 3 Ch. 40

အုတ်မြစ်ကျောက် တောင်းနေသူ အလွန်များပြားနေသည်ကို မြင်သောအခါ ရှောင်းယီသည် အဆက်အသွယ်မရသေးသော အန်းရန်အတွက် အနည်းငယ် စိုးရိမ်လာမိ၏။ ထိုသို့တွေးမိသည်နှင့် သူသည် အများသုံးချန်နယ်ပေါ်တွင် ထိုစာတိုကို ထပ်မံတင်လိုက်ပြန်သည်။

“အန်းရန်... မင်း ဒီစာကို မြင်ရင် ငါ့ကို ဆက်သွယ်ပေးပါ။”

စာပို့ပြီးနောက် ရှောင်းယီသည် အရင်အတိုင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့တွင် ခေတ္တ စောင့်ဆိုင်းနေမိသည်။ ယခင်တုန်းက ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။ ရှိခဲ့လျှင်လည်း လုံးဝ မသက်ဆိုင်သူများဆီမှသာ ဖြစ်သည်။

ယခုတစ်ခေါက်လည်း အရင်အတိုင်း ဖြစ်လိမ့်မည်ဟု ရှောင်းယီ ထင်နေစဉ်မှာပင် သူ၏သီးသန့်ချန်နယ်၌ မီးလင်းလာပြီး တစ်စုံတစ်ယောက် စာပို့လိုက်သည်ကို ပြသလာ၏။ ရှောင်းယီသည် သီးသန့်ချန်နယ်သို့ အလိင်အမြန် ပြောင်းလဲလိုက်သည်။

“ရှင်က ဘယ်သူလဲ။ အန်းရန်ကို ဘာလို့ ရှာနေတာလဲ။”

တစ်ဖက်လူက မေးလာ၏။

ရှောင်းယီသည် ထိုသူ၏ မေးခွန်းကို ကြည့်ပြီး မျက်မှောင်ကျုံ့သွားကာ ချက်ချင်းပင် ဘလော့ရန် ပြင်လိုက်သော်လည်း ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။

“သူမက ငါ့အတွက် အရမ်း အရေးကြီးတဲ့သူမို့လို့ပါ။”

“ရှင်က ဦးလေးအန်းယွဲ့လား။ ကျွန်မက ဟုန်ရှောင်းယန်ပါ။”

တစ်ဖက်လူက စိတ်လှုပ်ရှားနေပုံရ၏။

“ကျွန်မက အန်းရန်ရဲ့ သူငယ်ချင်းအရင်းကြီးပါ။”

ရှောင်းယီ မျက်မှောင်ကျုံ့သွားမိသည်။

အန်းရန်မှာ ဒီလို သူငယ်ချင်းမျိုး ရှိခဲ့လို့လား။ မဖြစ်နိုင်ဘူးထင်တယ်...။ ဒါပေမဲ့ ဒီလူက အန်းရန်ရဲ့ အဖေနာမည်ကို အတိအကျ ပြောနိုင်နေတာဆိုတော့ တကယ်ပဲ သူငယ်ချင်း ဖြစ်နိုင်တာပဲ။

အဆုံးတွင် သူ အန်းရန်နှင့်ဝေးကွာနေသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် သူမတွင် သူငယ်ချင်းအသစ်များ ရှိကောင်းရှိနိုင်သည် မဟုတ်ပါလော။

“ငါက ဦးလေးအန်းယွဲ့ မဟုတ်ဘူး။ ငါ့နာမည်က ရှောင်းယီ။”

သူက ပြန်ဖြေလိုက်၏။

“ရှောင်းယီလား။”

ဟုန်ရှောင်းယန် အနည်းငယ် ကြောင်သွားခဲ့သည်။

“နင်က သူမရဲ့ ရည်းစားဟောင်း မဟုတ်လား။”

“အဲလိုပဲ ပြောရမှာပေါ့။”

ရှောင်းယီ သက်ပြင်းချရင်း ဆိုလိုက်သည်။

“ဪ... အဲဒီ ဆင်းရဲသားကောင်လေးကိုး။”

ဟုန်ရှောင်းယန်က တီးတိုးလေး ရေရွတ်လိုက်၏။

“ဒါပေမဲ့ ဒီကမ္ဘာမှာတော့ ဒီလို ဆင်းရဲသားတွေက ပိုပြီး ကောင်းကောင်းအသက်ရှင်နိုင်တာပဲ။”

ဤကမ္ဘာတွင် မိသားစု နောက်ခံထက် ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် စွမ်းဆောင်ရည်ကသာ အဓိကဖြစ်သဖြင့် လူတိုင်း တန်းတူ ဖြစ်နေသည် မဟုတ်ပါလော။ ထိုသို့တွေးမိပြီးနောက် ဟုန်ရှောင်းယန်က ဆက်ပြောလိုက်သည်။

“ငါလည်း အန်းရန်ကို ရှာနေတာ။ ဒါပေမဲ့ ဘာသတင်းမှ မရသေးဘူး။ ငါ ဘာမှမစားရတာ တစ်ရက်ရှိပြီ။ စားစရာလေး တစ်ခုခုလောက် ပေးလို့ရမလား။”

ထိုလူ၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီ မျက်မှောင်ကျုံ့သွားခဲ့ပြီး ပြန်ဖြေလိုက်၏။

“ငါ့ဆီမှာလည်း စားစရာက အကန့်အသတ်ပဲ ရှိတယ်။ စိတ်မကောင်းပါဘူး။”

“နင် အန်းရန်ကို ရှာနေတာဆိုတော့ သူမနဲ့ ပြန်အဆင်ပြေချင်လို့ပဲဖြစ်ရမယ်။ ငါ ကူညီပေးနိုင်တယ်။ နင့်ဘက်က ငါ့ကို တစ်နေ့ကို သောက်ရေတစ်ပုလင်းနဲ့ လိုအပ်တဲ့ အစားအစာ၊ အော်... ပြီးတော့ အုတ်မြစ်ကျောက်တစ်ခုစီ ပေးမယ်ဆိုရင် နင်တို့ နှစ်ယောက် အရင်လို ပြန်အဆင်ပြေစေရမယ်လို့ ငါအာမခံတယ်။”

ဟုန်ရှောငယန်က ချက်ချင်း ဆိုလာ၏။

“ကူညီပေးမယ် ဟုတ်လား။ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မလိုဘူး။”

ရှောင်းယီက အေးစက်စွာ ပြန်ပြောလိုက်ပြီးနောက် ထိုလူကို ချက်ချင်း ဘလော့လိုက်တော့သည်။

“တကယ့်ကို လွန်လွန်ကျူးကျူး တောင်းဆိုနေတာပဲ။ ငါ့ကို အယုံလွယ်တဲ့သူလို့ ထင်နေတာလား။”

ရှောင်းယီက ရေရွတ်လိုက်သည်။

“မင်းက အန်းရန်ရဲ့ သူငယ်ချင်းအစစ် ဖြစ်ခဲ့ရင်တောင် အန်းရန် လူရွေးမှားခဲ့တာပဲလို့ ပြောရမှာပဲ။”

ရှောင်းယီ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသော ဟုန်ရှောင်းယန်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ “စာပို့၍ မရပါ၊ တစ်ဖက်လူက သင့်ကို ပိတ်ဆို့ထားပါသည်။” ဆိုသည့် စာတိုကို ကြည့်ကာ ဒေါသများပေါက်ကွဲနေ၏။

“ဆင်းရဲသားကောင်ကများ ငါ့ကို ဘလော့ရဲတယ်ပေါ့။”

သူမ အံကြိတ်ရင်း ပြောလိုက်သည်။

“တောက်... ရက်နည်းနည်းလောက် အလကား စားလို့ရမယ့် ငါးကြီးတစ်ကောင် ဖမ်းမိပြီလို့ ထင်နေတာကို။”

တကယ်တမ်းတွင် ဟုန်ရှောင်းယန်သည် အန်းရန်နှင့် သိရုံသာ သိသူဖြစ်ပြီး ခင်မင်ရင်းနှီးခြင်းမရှိပေ။ အန်းရန်၏ အဖေနာမည်ကို သိနေရခြင်းမှာ သူမသည် အန်းရန်အဖေ၏ ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သောကြောင့်ဖြစ်၏။ အန်းရန်သည် ကုမ္ပဏီတွင် လှပသော်လည်း အေးစက်သူဖြစ်ကာ ကမ်းလှမ်းသူများကို ရက်ရက်စက်စက် ငြင်းပယ်လေ့ရှိသည်။ သူမ(အန်းရန်)သည် သူမ၏ကောလိပ်တုန်းက ရည်းစားကို လုံးဝမေ့မရနိုင်ခြင်းကြောင့်ဟု သတင်းကြီးလေသည်။

သို့သော် ထိုရည်းစားမှာ ဆင်းရဲသားတစ်ဦးဖြစ်သည်ဟု ဟုန်ရှောင်းယန် ကြားဖူးသဖြင့် အန်းရန်ကဲ့သို့ မိန်းကလေးမျိုးက ဘာကြောင့် ချမ်းသာပြီး အောင်မြင်နေသည့် လူငယ်များကို ငြင်းပယ်ခဲ့သလဲဆိုသည်ကို သူမ လုံးဝနားမလည်နိုင်ခဲ့ပေ။ ယနေ့တွင် အန်းရန်ကို ရှာနေသူရှိနေသည်ကို မြင်လိုက်ရသောအခါ သူမသည် ချက်ချင်းပင် အခွင့်အရေးယူလိုက်ခြင်းဖြစ်သည်။

ရှောင်းယီ ဟုန်ရှောင်းယန်နှင့် စကားပြောပြီးနောက် အပြင်ဘက်တွင် မှောင်စပြုလာပြီဖြစ်သည်။ အပြင်သို့ ထွက်လာကာ အလိုအလျောက်ငါးဖမ်းပိုက်ကွန်မှ ဖမ်းမိထားသော ပစ္စည်းသေတ္တာ ၆ လုံးစလုံးကို ဖွင့်ကြည့်လိုက်ရာ အုတ်မြစ်ကျောက် ၉ ခုနှင့် အခြား သာမန် ပစ္စည်းအချို့ ရရှိခဲ့သည်။ အစားအစာနှင့် ရေတော့ မပါခဲ့ပေ။

“ဒီနေ့ စုစုပေါင်း သေတ္တာ ၉ လုံး ဖမ်းမိတယ်ဆိုတော့ အရင်ကထက် ပိုများလာတာပဲ။ ပင်လယ်ရေက အုတ်မြစ်ကျောက်တစ်ခုကို တိုက်စားသွားခဲ့ပေမဲ့ ပစ္စည်းသေတ္တာတွေကိုတော့ ရက်ရက်ရောရော ပြန်ပေးသားပဲ။”

ရှောင်းယီက ရေရွတ်လိုက်သည်။

နံနက်ခင်း၌ ဖွင့်ခဲ့သော ပစ္စည်းသေတ္တာငါးလုံးအနက် နှစ်လုံးမှာ မနေ့ကတည်းက ဖွင့်ရခြင်းမရှိသေးသော သေတ္တာများဖြစ်၏။ ထို့ကြောင့် နံနက်ပိုင်းတွင် သုံးလုံးကို ဖမ်းဆီးရမိခဲ့ပြီး နေ့လယ်ပိုင်းတွင်မူ ခြောက်လုံးအထိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပေသည်။

သူသည် ပင်လယ်ပြင်ကို ကြည့်လိုက်ရာ ပစ္စည်းသေတ္တာများ မရှိတော့သောကြောင့် အလိုအလျောက် ငါးဖမ်းပိုက်ကွန်ကို ပစ်မှတ်မရှိ ပစ်ခိုင်းထားလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

အခန်းဝရှိ ငရုတ်သီးများမှာ မှည့်နေပြီ ဖြစ်သော်လည်း မျိုးစေ့ယူရန်အတွက် ရှောင်းယီသည် မဆွတ်သေးဘဲ နောက်ထပ် တစ်ရက်လောက် ထပ်ထားရန် ဆုံးဖြတ်လိုက်၏။

ညစာစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ထုတ်လုပ်မှုဧရိယာသို့ သွားကြည့်လိုက်သည်။

“အရင်ဆုံး ကြိတ်ဆုံကို အရင် လုပ်ကြည့်တာပေါ့။”

ရှောင်းယီသည် လိုအပ်သော ပစ္စည်းများကို စစ်ဆေးကြည့်လိုက်၏။

【ကြိတ်ဆုံထုတ်လုပ်မှုပုံစံ】: သတ္တုပြား ၅၀၊ သစ်သား ၂၀၊ ပလတ်စတစ် ၅။

သတ္တုပြားမှာ ကွက်တိရှိနေပြီး အခြား ပစ္စည်းများမှာမူ ပေါပေါများများ ရှိနေသည်။ ၎င်းကို ထုတ်လုပ်လိုက်သည်နှင့် ပစ္စည်းများ ပျောက်ကွယ်သွားပြီး သေးငယ်သည့် လက်ကြိတ်ဆုံလေးတစ်ခု ထွက်ပေါ်လာ၏။ သူသည် ၎င်းကို မီးဖိုချောင်ထဲတွင် ထားရှိလိုက်သည်။

“ကြိတ်ဆုံ: အပင်များမှ အရည်များကို ညှစ်ထုတ်ရန် အသုံးပြုနိုင်သည်။ အားအများကြီး စိုက်ရသလို ထိရောက်မှုလည်း နည်းပါးသည်။”

“ထိရောက်မှု နည်းပါးတာက ကိစ္စမရှိပါဘူး။ အနည်းဆုံးတော့ စားသုံးဆီထုတ်လုပ်နိုင်တဲ့ အရာတစ်ခု ရှိသွားတာပေါ့။”

ရှောင်းယီက ဆိုလိုက်သည်။

ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ အများသုံးချန်နယ်ကို ကြည့်လိုက်ရာ လူများစွာမှာ ထိတ်လန့်တုန်လှုပ်မှုများကို ဖြန့်ဝေနေကြဆဲပင်။ ရှောင်းယီ ခေါင်းခါယမ်းကာ အိပ်ရာပေါ်တွင် လှဲချလိုက်၏။ ကျွန်း၏ပြောင်းလဲမှုရလဒ်များကို မမြင်ရသေးသောကြောင့် သူ လုံးဝ အိပ်မပျော်နိုင်သေးပေ။

တီ... တီ!

ယွမ်နွန်ထံမှ ခေါ်ဆိုမှုတစ်ခု ပေးပို့လာခဲ့သည်။

“ရှောင်းယီ... ငါ ဒီနေ့ ဒါကို ဖမ်းမိခဲ့တယ်။”

ယွမ်နွန်က မက်ဆေ့ခ်ျ ပို့လိုက်၏။

【မြေဆီလွှာ ပြုပြင်ပြောင်းလဲရေးကတ်】: ၅၀ စတုရန်းမီတာ ကျယ်ဝန်းသော သဲကန္တာရမြေကို သီးနှံစိုက်ပျိုးနိုင်သော မြေအဖြစ် ပြောင်းလဲပေးနိုင်သည်။

ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီ အံ့အားသင့်သွား၏။ အဆင့်မြှင့်တင်ရေးကတ်များ၊ ပြုပြင်မွမ်းမံရေးကတ်များကို နေ့စဉ်လက်မှတ်ထိုးဝင်ခြင်းမှသာ ရရှိနိုင်သည်ဟု သူထင်ခဲ့ခြင်းဖြစ်သည်။ ပစ္စည်းသေတ္တာထဲကနေ ဒီလို ကတ်မျိုး ထွက်လာလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။

ရှောင်းယီသည် ပစ္စည်းသေတ္တာပေါင်းများစွာ ဖွင့်ခဲ့ဖူးသော်လည်း ဒီလို ကတ်မျိုး တစ်ခါမှမမြင်ဖူးခဲ့ပေ။ ယွမ်နွန်မှာမူ နှစ်ရက်သာ ဖမ်းရသေးပြီး သေတ္တာ အနည်းငယ်ဖြင့်ပင် ဤကဲ့သို့ ကောင်းမွန်သော ကတ်တစ်ခုကို ရရှိခဲ့ခြင်းဖြစ်ပေသည်။

“ဒါက တကယ့်ကို ကံကောင်းတဲ့သူပဲ။ ဆုဝမ်ထက်တောင် ကံကောင်းသေးတယ်။ ငါ ဖွင့်ခဲ့သမျှ သေတ္တာတွေ အလကား ဖြစ်ကုန်ပြီ။ ငါက တကယ့်ကို ကံဆိုးသူမောင်ရှင်ပါပဲလား။”

All Chapters