အပိုင်း(၂၀၈) နတ်ဝိညာဉ်အဆင့်သို့ ၀င်ရောက်ခြင်း
Vol. 20 Ch. 208
ကျိရှု မျက်မှောင်ခပ်တင်းတင်းကြုံ့လိုက်ပြီး ကွင်းပြင်ထဲက ထွက်သွားဖို့သာ ဆုံးဖြတ်လိုက်လေသည်။
ကျန်းယန်၏ ပေါ်တင်ခြိမ်းခြောက်ထားမှုကြောင့် သူမ နောက်ဆုံးကွက်ထုတ်သုံးပြီး ကြမ်းကြမ်းတမ်းတမ်းလည်းမတိုက်ခိုက်ရဲခဲ့ပေ။
ထို့အပြင် စစ်ထူမင်ယွဲ့က တိုက်ခိုက်ရေးအတွေ့အကြုံနည်းနေသော်လည်း သူမကျင့်ကြံထားသော ကျင့်စဉ်က သာမန်ကျင့်စဉ် ဟုတ်မနေခဲ့ပေ။ အကယ်၍ အားကုန်ထုတ်၍သာ သူမတိုက်ခိုက်လိုက်လျှင်လည်း စစ်ထူမင်ယွဲ့က ဘာဖြစ်နေမှန်းတောင်မသိဘဲ ရှုံးနိမ့်သွားကာ ထိခိုက်သွားနိုင်သေးသည်။ ထိုသို့လည်း ဖြစ်၍ မရပေ။
ထို့ကြောင့် အခုလိုအခြေအနေတွင် ဆုတ်လိုက်ခြင်းက သူမအတွက် အသင့်တော်ဆုံးအခြေအနေဖြစ်ပြီး အနိုင်အရှုံးလည်းမပေါ်တော့သလို တံဆိပ်ပြားဆုံးရှုံးစရာလည်းမလိုသောကြောင့် သူမ နောက်ဆုတ်ခြင်း၌ ဆုံးရှုံးမှု မရှိခဲ့ပေ။
ကျိရှု ပြန်ဆုတ်သွားသောအခါ စစ်ထူမင်ယွဲ့ ကျန်းယန်ကိုလှည့်ကြည့်လိုက်ပြီး မေးလိုက်၏။
“ညီမလေး နိုင်သွားတာလား”
“နိုင်ခဲ့တယ်ပဲ ဆိုပါတော့” ကျန်းယန် သာမန်အတိုင်း ပြောလိုက်သည်။
ကျိရှု ကွင်းအပြင်တွင်ရပ်နေရင်း အေးစက်စက်တစ်ချက်ရယ်မောလိုက်ပါသော်လည်း ဘာမှတော့ မပြောခဲ့ပေ။
“ငါလည်း မိန်းကလေးရဲ့တိုက်ကွက်တွေကို ခံစားကြည့်ချင်ပါတယ်” နောက်တစ်ယောက် ကွင်းပြင်ထဲ ခုန်၀င်လာခဲ့၏။
ဤတိုက်ပွဲတွင် ဘာကုန်ကျမှုမှ မရှိသောကြောင့် စစ်ထူမင်ယွဲ့တိုက်ကွက်များကိုကိုယ်တိုင်ခံစားလိုသောသူများ တစ်ယောက်ပြီးတစ်ယောက် ကွင်းပြင်ထဲ ၀င်လာခဲ့ကြသည်။
ယခုအခါ အတွေ့အကြုံအနည်းငယ်ရနေပြီဖြစ်သောကြောင့် စစ်ထူမင်ယွဲ့ကလည်း ထိုက်ယင်အမတပညာရပ်ကို ပိုကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်လာခဲ့၏။
အစပိုင်းတွင် လမ်းညွှန်ချက်အချို့ပေးခဲ့သော်လည်း နောက်ပိုင်းတွင်တော့ ကျန်းယန် သူမတိုက်ပွဲထဲ ၀င်မပါတော့ပေ။
တိုက်ပွဲအတွေ့အကြုံဆိုသည်မှာ သူမကိုယ်တိုင်သင်ယူရမည့်အရာဖြစ်ပြီး သူလုပ်ဖို့လိုသည်က ချင်းရှုမျှော်စင်ကို သတိအနေအထားဖြင့် ကိုင်ထားရန်သာ ဖြစ်သည်။
ထိုနေ့တစ်ရက်လုံး စစ်ထူမင်ယွဲ့ တစ်ပွဲပြီးတစ်ပွဲတိုက်ခိုက်ခဲ့ပြီး ထိုက်ယင်အမတပညာရပ်အပေါ် နားလည်မှုကလည်း ပိုမိုနက်ရှိုင်းလာခဲ့၏။
ထိုနေ့ကုန်သွားချိန်တွင်တော့ ကျန်းယန် သူမကိုလေးလေးနက်နက် လမ်းညွှန်ချက်ပေးလေတော့သည်။
“နင်ကထိုက်ယင်စွမ်းအားကို အသုံးပြုဖို့ သင်ယူရမှာ သူ့နည်းစနစ်တွေကိုပဲ အတိအကျကြီး သုံးနေရမှာ မဟုတ်ဘူး ငါ့ကိုပဲကြည့် ငါ့ သေမျိုးကမ္ဘာမှာကျတဲ့နှင်းအကွက်မှာဆိုရင် ထိုက်ယင်စွမ်းအားပါတယ်
နင်ကကျင့်စဉ်ရဲ့သခင်ပဲ ကျင့်စဉ်ကိုနင့်သခင်အဖြစ်မခံနဲ့
ထိုက်ယင်စွမ်းအားကို ဘယ်လိုပိုအားကောင်းအောင်သုံးမယ် ဘယ်လိုခန့်မှန်းမရအောင်သုံးမယ် ဘယ်လိုစွမ်းအင်ကုန်ကျမှုအနည်းဆုံးဖြစ်အောင်သုံးမယ် ဆိုတာမျိုးကို ပိုတွေးကြည့်
တိုက်ခိုက်ရေးစွမ်းအားရဲ့ အနှစ်သာရဆိုတာ စွမ်းအင်ကုန်ကျမှုအနည်းဆုံးနဲ့ အကြီးဆုံးထိရောက်မှုကို ထုတ်ပေးနိုင်ဖို့ ပြီးရင်တော့ အဲ့ဒီစွမ်းအားနဲ့ ရန်သူကိုသတ်ဖို့ပဲ”
စစ်ထူမင်ယွဲ့ အတွေးနက်သွားခဲ့သည်။ တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ပြီးနောက် သူမ၏နားလည်မှုကလည်း ပိုမိုနက်ရှိုင်းလာခဲ့၏။
တကယ်တော့ သူမက ငတုံးတစ်ယောက်တော့ မဟုတ်ပေ။ ငတုံးဖြစ်နေလျှင်လည်း အခုလို ဝိညာဉ်အခြေတည်အဆင့်ကို ရောက်နေလိမ့်မည် မဟုတ်ပေ။
သူမတွင်လိုအပ်နေသည်က အတွေ့အကြုံသာ ဖြစ်သည်။
စစ်ထူမင်ယွဲ့ကို လမ်းညွှန်ပေးပြီးနောက် ကျန်းယန်ကိုယ်တိုင်လည်း သူ့ကိုယ်ပိုင်ကျင့်စဉ်များပေါ် ပြန်လည်သုံးသပ်နေခဲ့၏။
ထိုစဉ် ရုတ်တရက်ဆိုသလို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲတွင် စွမ်းအားကြီး အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
လူတိုင်းက တိုက်ပွဲကွင်းပြင်၀င်ပေါက်ကို သတိထား၍ ကြည့်လိုက်မိကြ၏။
“ဒါ ဒါက…နတ်ဝိညာဉ်အဆင့်စွမ်းအား”
“ဘယ်သူက နတ်ဝိညာဉ်အဆင့်ကိုထိတွေ့မိသွားတာလဲ”
လူအုပ်ကြီးက အရှိန်အဝါထွက်ပေါ်လာရာအရပ်ကို အသည်းအသန်လိုက်ရှာကြည့်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအရှိန်အဝါက တိုက်ပွဲကွင်းပြင်၏မျှခြေကိုပြောင်းလဲပစ်နိုင်သည့် အရှိန်အဝါမျိုးဖြစ်နေခြင်းကြောင့် ဖြစ်၏။
ကျန်းယန်နှင့်သူ့အဖွဲ့ငယ်လေး ဤနေရာတွင် ယှဉ်ပြိုင်တိုက်ခိုက်နေနိုင်သည့် အကြောင်းအရင်းမှာ သူ့တွင်နတ်ဝိညာဉ်အဆင့်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည့် ချင်းရှုမျှော်စင်ရှိနေခြင်းကြောင့် ဖြစ်သည်။
အခုတော့ နောက်ထပ်နတ်ဝိညာဉ်စွမ်းအားတစ်ရပ်ထပ်မံထွက်ပေါ်လာတော့မည်လော။
ကြောက်မက်ဖွယ်အရှိန်အဝါနှင့်အတူ အေးစက်စက်စွမ်းအားတစ်ရပ်က ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်တစ်လျှောက် ဖြတ်သန်းသွားခဲ့၏။
လူတိုင်း၏ အကြည့်များက ရုတ်တရက် မဟာနှင်းတောင်ဂိုဏ်းစခန်းတည်ရှိရာအရပ်သို့ ရောက်ရှိသွားခဲ့ကြသည်။
ထိုအခိုက်တွင် မဟာနှင်းတောင်ဂိုဏ်းမှ လန်ချင်းဖုန်းမျက်လုံးများပွင့်လာပြီး သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို မဖုံးနိုင်မဖိနိုင်ဖြစ်နေခဲ့၏။
“စီနီယာအစ်ကိုလန် နတ်ဝိညာဉ်အဆင့်ကိုရောက်သွားပြီလား” တပည့်တစ်ယောက် ၀မ်းသာအားရ မေးလိုက်လေသည်။
လန်ချင်းဖုန်းခေါင်းယမ်းပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“ငါနတ်ဝိညာဉ်အဆင့်နဲ့ ခြေတစ်လှမ်းပဲလိုတော့တယ် ထပ်ပြီး တံခါးပိတ်ကျင့်ကြံလိုက်ရုံနဲ့ နတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်နိုင်သွားတော့မယ်”
“ဒါဆို အမြန်ချိုးဖြတ်တော့လေ” တပည့် ၀မ်းသာအားရ ပြောလိုက်သည်။
လန်ချင်းဖုန်း အသာအယာပြုံးလိုက်ကာ
“ဒီနေရာမှာ ချိုးဖြတ်ရင် နှောင့်ယှက်ခံရမှာ သေချာတယ် သူတို့က ငါ့ကိုဒီနေရာမှာ နတ်ဝိညာဉ်အဆင့်ရောက်ခွင့်ပေးမှာ မဟုတ်ဘူး”
သူသည် နတ်ဝိညာဉ်အဆင့်ထဲသို့ ခြေလှမ်းတစ်၀က် ချပြီးပြီဖြစ်ပြီး သူ့အတွက် နတ်ဝိညာဉ်အဆင့်ကိုရောက်ဖို့က အချိန်အနည်းငယ် တံခါးပိတ်ကျင့်ကြံရုံသာ လိုတော့ခြင်း ဖြစ်၏။
ထိုအခြေအနေတွင် အနှောင့်အယှက်အနည်းငယ်မှအ၀င်ခံ၍ မဖြစ်ပေ။
ယခုလိုအခြေအနေမျိုးတွင် ဂိုဏ်းကြီး ၈ ဂိုဏ်းလုံးက သူ့ကို နတ်ဝိညာဉ်အဆင့်တက်ခွင့်ပေးမည် မဟုတ်ပေ။
အကယ်၍ ထိုသူများက ခွင့်ပြုခဲ့လျှင်တောင် ကျန်းယန်ကခွင့်ပြုပါမည်လော။
မဟာနှင်းတောင်ဂိုဏ်းမှလူများ တိတ်ဆိတ်သွားခဲ့ကြသည်။
အခုအခြေအနေက တကယ်ပဲ အန္တရာယ်များမှန်း သူတို့လည်း သိရှိကြ၏။
တကယ်တော့ ကျင့်ကြံသူအများအပြားသည် သူတို့ဂိုဏ်းထဲတွင် တံခါးပိတ်ကျင့်ကြံချိန်မှာတောင် အဆင့်ချိုးဖြတ်ရင်း အနှောင့်အယှက်ပေါင်းများစွာကို ကြုံတွေ့ရပေသည်။
အခုလို အပြင်လူတွေပါနှောင့်ယှက်နေသော အခါတွင်တော့ ပြောစရာပင်မလိုတော့ပေ။
ထိုအခိုက်တွင် ဂိုဏ်းပေါင်းများစွာမှ ပါရမီရှင်များ မဟာနှင်းတောင်ဂိုဏ်း၏စခန်းဆီသို့ ရောက်လာကြပြီး တညီတညွတ်တည်း မေးလိုက်ကြ၏။
“ညီကိုလန် နတ်ဝိညာဉ်အဆင့်ကိုရောက်သွားပြီလား”
လန်ချင်းဖုန်း စခန်းထဲမှ အေးစက်ကာထက်ရှနေသောအရှိန်အဝါအပြည့်ဖြင့် ထွက်လာကာ ပြုံး၍ ပြောလိုက်သည်။
“ကံကောင်းလို့ ခြေတစ်လှမ်းတော့ချထားပြီးပါပြီ ဒါပေမယ့် မင်းတို့အားလုံးလည်း အဲ့ဒီခြေလှမ်းကို မကြာခင်ချနိုင်ကြတော့မှာပါပဲ ငါကအရင်ချလိုက်နိုင်ရုံလေးပါ”
ဘယ်သူမှ သူ့ကိုမနာလိုမဖြစ်ကြပေ။ သူတို့အားလုံးသည် နောက်ဆုံးတွင် နတ်ဝိညာဉ်အဆင့်သို့ရောက်ကိုရောက်မည့်သူများဖြစ်ကြပြီး လိုနေသည်က အချိန်သာ ဖြစ်၏။
သူတို့စိတ်ပူနေသည်က လက်ရှိအခြေအနေ၏ အကျိုးအမြတ်ကိုသာ ဖြစ်သည်။
“ညီကိုလန်” ကုန်းရှို့ပင်း ကြမ်းကြုတ်စွာ ပြောလိုက်၏။
“မင်းရဲ့စွမ်းအားနဲ့ဆိုရင် ကျန်းယန်ရဲ့မှော်လက်နက်ကိုအနိုင်ယူနိုင်နေပြီ မဟုတ်လား သူ့မှော်လက်နက်မရှိတော့ရင် ငါတို့သူ့ကိုအလွယ်လေး ရှင်းပစ်လိုက်လို့ရပြီ”
လန်ချင်းဖုန်းတခဏတိတ်ဆိတ်သွားကာ အသာအယာခေါင်းညိတ်ပြလိုက်သည်။
“မနက်ဖြန် ငါသူ့ကိုစိန်ခေါ်မယ်”
“ကောင်းတယ် တကယ်လို့ မနက်ဖြန် ညီကိုလန်သူ့ကိုကိုင်တွယ်နိုင်ခဲ့ရင် သူတို့အကုန်လုံးကို အပြတ်ရှင်းပစ်လိုက်လို့ရပြီ အားလုံးပဲ ပြန်ပြီးပြင်ဆင်ထားကြပါ ငါတို့တစ်ချက်တည်းနဲ့ အမိအရတိုက်ခိုက်နိုင်ဖို့ လိုတယ်”
လူတိုင်းပြင်ဆင်ရန်ပြန်သွားကြပြီး လန်ချင်းဖုန်းကတော့ တိုက်ပွဲကွင်းပြင်ထဲသို့ ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့၏။
တိုက်ပွဲကွင်းပြင်တစ်ဖက်ခြမ်းတွင် ကျန်းယန်တို့အဖွဲ့ အကြပ်ရိုက်နေခဲ့ကြသည်။
“ငါတို့ သတိထားကိုထားရတော့မယ်” ချင်းရှု လေးလေးနက်နက်ပြောလိုက်၏။
“လန်ချင်းဖုန်းက နတ်ဝိညာဉ်အဆင့်ကိုလုံး၀ရောက်သွားတာ မဟုတ်သေးပေမယ့် သူက နတ်ဝိညာဉ်အဆင့်စွမ်းအားကို ထိတွေ့မိနေပြီ နတ်ဝိညာဉ်အဆင့်နဲ့ဝိညာဉ်အခြေတည်အဆင့်ကြားက စွမ်းအားကွာဟချက်ဆိုတာကလည်း ကြောက်စရာကောင်းအောင် ကြီးမားလွန်းတယ်
ငါစိတ်ပူတာက လန်ချင်းဖုန်းက ချင်းရှုမျှော်စင်ရဲ့စွမ်းအားကို ကိုင်တွယ်နိုင်သွားတာနဲ့ အခြားသူတွေက စလှုပ်ရှားလာမှာကိုပဲ”
ကျိယန် ကျန်းယန်ပိုစိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့ပြီး ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေခဲ့သည်။
ဟူတလီလည်း မျက်မှောင်ကြုံ့နေခဲ့၏။
စစ်ထူမင်ယွဲ့ ကျန်းယန်ကိုကြည့်ကာ ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်ကြရအောင်”
ကျန်းယန် တခဏတွေးတောပြီးနောက် အေးအေးဆေးဆေးပြောလိုက်၏။
“စောင့်ကြည့်ကြတာပေါ့”
အခြားသူများက ပိုသန်မာနေချိန်တွင် သူကလည်း ရပ်တန့်နေတာ မဟုတ်ပေ။
သူသည် တစ်လအတွင်းလူတိုင်းကိုစိန်ခေါ်ခဲ့ပြီး သူ့စွမ်းအားက ပိုပိုသာ တိုးလာခဲ့သည်။
ဤ၁လအတွင်း သူ မိစ္ဆာ သားရဲ အမတ တစ္ဆေ မျိုးနွယ်စုလေးခုလုံး၏နည်းစနစ်များအပေါ် ပိုမိုနားလည်လာခဲ့ပြီး အခြားပါရမီရှင်များ၏ နည်းစနစ်များကိုလည်း သိရှိလာခဲ့၏။
သူသည် ဤကာလတလျှောက်လုံးတွင် ထိုနည်းစနစ်များကိုပေါင်းစပ်နေခဲ့ခြင်း ဖြစ်သည်။
သူပေါင်းစပ်မှုတစ်ခုပြီးသည်နှင့် သူ့စွမ်းအားကလည်း ထောင်၍ တက်လာပေလိမ့်မည်။
တကယ့်နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို သူမနိုင်နိုင်မှန်း သူသိသော်လည်း အခုမှနတ်ဝိညာဉ်အဆင့်ကိုထိတွေ့မိသူကိုတော့ နိုင်နိုင်ချေရှိနေသေး၏
နောက်နေ့တွင် ဂိုဏ်းကြီး ၉ ဂိုဏ်းလုံး၏ စူးရှသောအကြည့်များအောက်တွင် လန်ချင်းဖုန်း ကွင်းပြင်ထဲ၀င်လာခဲ့ပြီး ကျန်းယန်ကိုပြောလိုက်လေသည်။
“ဒီနေ့ ငါမင်းကိုစိန်ခေါ်မယ်”
“လက်ခံပါတယ်” ကျန်းယန်ပြုံးကာပြောလိုက်၏။
“မင်းကနတ်ဝိညာဉ်အဆင့်စွမ်းအားနဲ့ ထိတွေ့မိရုံပဲရှိသေးတာမလား နောက်တစ်ကြိမ် ထပ်ရှုံးမှာမကြောက်ဘူးလား”
လန်ချင်းဖုန်း အားရပါးရယ်မောလိုက်ကာ
“ငါကနတ်ဝိညာဉ်အဆင့်စွမ်းအားကို ထိတွေ့မိရုံပဲ ရှိသေးတယ်ဆိုရင်တောင် ငါကသူ့စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဖမ်းဆုပ်မိသွားပြီ အဲ့တာက ငါ့ရဲ့အကြီးမားဆုံး အားသာချက်ပဲ ငါမင်းကို တကယ်ကျေးဇူးတင်သင့်တာပါ မင်းကဗျာကြောင့်သာမဟုတ်ရင် ငါနတ်ဝိညာဉ်အဆင့်စွမ်းအားကို ဖမ်းဆုပ်နိုင်ဦးမှာ မဟုတ်ဘူး
မင်းကငါ့စွမ်းအားထဲကနေ အများကြီးသင်ယူလို့ရသွားတယ် နောက်ဆုံးတော့ ငါလည်းမင်းဆီကနေ တစ်ခုခု ပြန်ရခဲ့ပြီ
အခုငါမင်းကိုရင်ဆိုင်ဖို့ အဲ့ဒီစွမ်းအားကိုသုံးမယ်
ငါ့ကိုပြောစမ်းပါ အဲ့တာ ၀ဋ်လည်တာလို့ မထင်ဘူးလား”