← Chapters

အပိုင်း(၂၀၉) ဓားသွားပေါ်တွင် ပြေးလွှားခြင်း

Vol. 20 Ch. 209

အပိုင်း(၂၀၉) ဓားသွားပေါ်တွင် ပြေးလွှားခြင်း

Vol. 20 Ch. 209

သူထိုကောင့်ကိုစနောက်ဖို့အသုံးပြုခဲ့သော ကဗျာစာကြောင်းအနည်းငယ်ကြောင့် ထိုကောင်တကယ်ကြီး ဉာဏ်အလင်းပွင့်သွားလိမ့်မည်ဟု ကျန်းယန် မျှော်လင့်မထားခဲ့မိပေ။ သူ့ကံဆိုးမှုကိုသာ ကြိတ်၍ ကျိန်ဆဲလိုက်မိပြီး အပေါ်ယံတွင်တော့ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ကာ

“ငါ့ကိုယ်ပိုင်စွမ်းအားကိုသုံးပြီး ငါ့ကိုဘယ်တော့မှအနိုင်ယူနိုင်မှာ မဟုတ်ဘူး”

“ဒါဆို စမ်းကြည့်ကြတာပေါ့”

“တောင်‌ေပါင်းတစ်ထောင်လုံးမှာ ဘယ်ငှက်မှ မပျံဘူး

လမ်းပေါင်းတစ်သောင်းလုံးမှာ ဘယ်လူသားခြေရာမှ မကျန်ဘူး

လှေငယ်တစ်စင်း မိုးကာနဲ့ဦးထုပ်ကို၀တ်ဆင်ထားတဲ့ အဖိုးအိုတစ်ယောက် အေးစက်နေတဲ့ ရေခဲမြစ်ထဲ တစ်ယောက်တည်း ငါးမျှားနေတယ်”

လန်ချင်းဖုန်း ကျန်းယန်ရွတ်ပြခဲ့သော ကဗျာကို ပြန်ရွတ်လိုက်၏။

သူ့အသံတိတ်သွားသည်နှင့် ချက်ချင်းဆိုသလိုတိုက်ပွဲကွင်းပြင်က အေးခဲကာ တိတ်ဆိတ်နေသော ရေခဲဖုန်းဆိုးမြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

ရေခဲကမ္ဘာထဲတွင် အေးစက်ကာ အရာရာတိုင်းကို အေးခဲပြီးချိတ်ပိတ်ပစ်နိုင်လောက်သော စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့၏။

ရုတ်တရက် ကျန်းယန် အေးစက်နေသောအမှောင်ထုထဲ ကျရောက်သွားသလို ခံစားလိုက်ရသည်။

“သေမျိုးကမ္ဘာမှာ ကျတဲ့နှင်း”

ကျန်းယန် ထိုက်ယင်အမတပညာရပ်ကိုလှည့်ပတ်ကာ သူ့အန္တိမတိုက်ကွက်ကို ထုတ်သုံးလိုက်၏။

“ဟားဟားဟား” လန်ချင်းဖုန်း အားရပါးရ ရယ်မောလိုက်လေသည်။

“ငါ့ရေခဲကမ္ဘာက အရင်လိုမဟုတ်တော့ဘူး မင်းကငါ့တိုက်ကွက်ကို တန်ပြန်ဖို့ အရင်ကနည်းလမ်းဟောင်းကြီးကိုပဲ သုံးရဲသေးတယ်လား ပြီးတော့ မင်းသုံးတဲ့အကွက်ကလည်း ငါ့အကွက်ကြီးပဲလေ”

များစွာသော နှင်းလွှာများ သူ့ကိုယ်ပေါ်ဖြတ်သွားချိန်တွင် လန်ချင်းဖုန်း အားရပါးရ‌ရယ်မောနေခဲ့၏။ ရုတ်တရက် သူ့ကိုယ်ပေါ် ပြတ်ရှရာများ ပေါ်လာသောအခါမှသာ သူ့ရယ်သံ တိကနဲရပ်သွားခဲ့လေသည်။

ထိုနှင်းလွှာများကို သေချာအာရုံခံကြည့်သောအခါ ထိုနှင်းလွှာများထဲတွင် ရေခဲစွမ်းအားအပြင် နှိုင်းလို့မရအောင် ထက်ရှသော စွမ်းအားတစ်ခုလည်း ပါနေသည်ကို တွေ့လိုက်ရ၏။

“ဓားချီ” လန်ချင်းဖုန်း တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။

အဲ့ဒီ နှင်းလွှာတစ်ချပ်ချင်းစီတိုင်းက ….ဓားချီမျှင်တစ်ခုလား

ဓားချီများက ထိုမျှအားမကောင်းသော်လည်း ကောင်းကင်တစ်ခုလုံးတွင် နှင်းလွှာများဖြင့် ပြည့်နေခဲ့ခြင်း ဖြစ်သည်။

ထိုအရာက ကောင်းကင်တွင် ဓားချီများဖြင့်ပြည့်နေသည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

နတ်ဝိညာဉ်အဆင့်စွမ်းအားကို ထိတွေ့ပြီးသွားသည့်နောက်တွင် လန်ချင်းဖုန်း၏ နိယာမစွမ်းအားအပေါ်နားလည်မှုက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ထက် အများကြီး ကျော်လွန်သွားခဲ့၏။

ထို့ကြောင့် ထိုနှင်းလွှာထဲတွင် များစွာသော စွမ်းအားပုံစံများ ပါ၀င်နေမှန်း သူမြင်တွေ့နေခဲ့ရသည်။

ထိုအခိုက်တွင် လန်ချင်းဖုန်း အမှန်တကယ်ပင် တုန်လှုပ်နေခဲ့မိသည်။

ထိုအကွက်သည် သူ့လက်ထဲတွင်ရှိစဉ်က ရေခဲနှင့်နှင်းစွမ်းအားပေါ်တွင်သာ အခြေခံ၍ အသုံးပြုရသော နည်းစနစ်ဖြစ်ခဲ့ခြင်း ဖြစ်၏။

သို့သော် ကျန်းယန်လက်ထဲတွင် အဘယ့်ကြောင့် စွမ်းအားမျိုးစုံပါ၀င်နေရပါသနည်း။

ထိုထဲတွင် ရေခဲစွမ်းအားအပြင် ထိုက်ယင်စွမ်းအား အေးခဲစွမ်းအား လေစွမ်းအား နှင့် ပုန်းကွယ်နေသောဓားချီစွမ်းအားပင် ပါ၀င်နေခဲ့သေးသည်။

မရေတွက်နိုင်သော နှင်းလွှာများ သူ့ဆီကျဆင်းလာသည်ကိုတွေ့လိုက်ရသောအခါ လန်ချင်းဖုန်း ထောင်သောင်းချီသောဓားများ သူ့ဆီပြေး၀င်လာသလို ခံစားလိုက်ရ၏။ သူ့နှလုံးသား ပြင်းထန်စွာ တုန်ရီသွားကာ တစ်ချက်ဟိန်းဟောက်လိုက်ပြီး သူအခုမှ ထိတွေ့နိုင်ခဲ့သော နတ်ဝိညာဉ်အဆင့်စွမ်းအားကို ထုတ်သုံးလိုက်လေသည်။

ရုတ်ချည်းသလို ရေခဲကမ္ဘာထဲတွင် ရေခဲနိယာမများက ပြင်းထန်စွာထွက်ပေါ်လာပြီး ထိုစွမ်းအားများအားလုံးက ကျန်းယန်ဆီဦးတည်၍ ပြေး၀င်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်နှင့်မြေပြင်နိယာမများကိုသုံး၍ နှင်းလွှာများ၏ စွမ်းအားကို တားဆီးလိုက်လေသည်။

လန်ချင်းဖုန်း နတ်ဝိညာဉ်အဆင့်စွမ်းအား ထုတ်လိုက်ခြင်းကို မြင်လိုက်ရသောအခါ ဂိုဏ်းကြီးကိုးဂိုဏ်းမှ ကြည့်နေသူများ ချက်ချင်းစိတ်ဝိညာဉ်စွမ်းအင်များစုစည်း၍ အသင့်ပြင်ထားလိုက်ကြ၏။

ကျန်းယန် ရှုံးနိမ့်သွားဟန်ပြသည်နှင့် သူတို့က ၀င်တိုက်ဖို့ အသင့်ပင်။

သူတို့သည် ကျန်းယန်၏ခွန်အားနှင့်ပါရမီကို အသိအမှတ်ပြုကြပါသော်လည်း အဇူရာတိမ်ဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ဆိုသော ဆုံးဖြတ်ချက်ကိုတော့ မမေ့ကြပေ။

အခုအရာအားလုံးက ကျန်းယန် ဤရေခဲကမ္ဘာ၏စွမ်းအားကို ခုခံနိုင်မလား မနိုင်ဘူးလားပေါ် မူတည်နေခဲ့ချေပြီ။

ရေခဲကမ္ဘာ၏စွမ်းအားကိုခံစားမိသောအခါ ကျန်းယန်၏အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့၏။

ဘာပဲဖြစ်ဖြစ် သူသည် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်သာ မဟုတ်ပါလော။

သူ့တွင် မည်မျှနက်ရှိုင်းသော စိတ်ဝိညာဉ်စွမ်းအားပဲရှိရှိ ဘယ်လောက်ထူးဆန်းတဲ့ စွမ်းအားတွေပဲရှိရှိ ဤရေခဲကမ္ဘာ၏စွမ်းအားကို စုပေါင်းထားသော တိုက်ကွက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဤအရာက နတ်ဝိညာဉ်အဆင့်နှင့်ဝိညာဉ်အခြေတည်အဆင့်ကြားက ကွာဟချက်သာ ဖြစ်သည်။

နတ်ဝိညာဉ်အဆင့်များသည် စိတ်ဆန္ဒကို ထိတွေ့ဖူးကြသူများ ဖြစ်ကြ၏။

ထိုစိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေပြင်၏နိယာမများကို ကိုယ်စားအမိန့်ပေးခိုင်းစေနိုင်သော ဆန္ဒသာ ဖြစ်သည်။

ရိုးရိုးရှင်းရှင်းပြောရမည်ဆိုလျှင် နတ်ဝိညာဉ်အဆင့်တွင် ကောင်းကင်နှင့်မြေပြင်နိယာမများကို တိုက်ရိုက်အမိန့်ပေးထိန်းချုပ်၍ရပြီး ဝိညာဉ်အခြေတည်အဆင့်တွင်တော့ တစ်ဆင့်ခံပြီးသာ ထိန်းချုပ်ရခြင်း ဖြစ်၏။

ကျန်းယန်လည်း အားနာမနေတော့ဘဲ ယင်မိစ္ဆာစွမ်းအားကိုထုတ်သုံးလိုက်လေသည်။

ထိုက်ယင်အမတပညာရပ်ကလည်း အအေးဒဏ်ကိုခုခံနိုင်စွမ်းရှိသော်လည်း ထိုပညာရပ်ကိုအသုံးပြုရာတွင် စိတ်ဝိညာဉ်စွမ်းအင် များစွာ ကုန်၏။ သို့သော် ယင်မိစ္ဆာကတော့ အအေးဆုံးဆိုသောနေရာများတွင် ပေါက်ဖွားသောသတ္တဝါဖြစ်ပြီး သူ့ကျင့်စဉ်များက ယခုလို ပတ်၀န်းကျင်မျိုးနှင့် အထူးသင့်တော်လှသည်။

သူ့ဆီသို့ လွှမ်းမိုးလွန်းသော ရေခဲစွမ်းအားများ ပြေး၀င်လာသည်ကို ခံစားမိသောအခါ ကျန်းယန် ချက်ချင်းဆိုသလို ရေခဲကမ္ဘာထဲတွင် ပြေးလွှားလေတော့၏။

“ပြေးတာလား” လန်ချင်းဖုန်း မောက်မာစွာ ပြုံးလိုက်သည်။

“ငါ့ရေခဲကမ္ဘာထဲမှာ ပြေးဖို့က ဒီလောက်မလွယ်ဘူး ရေခဲဆူးချွန်”

ချက်ချင်းဆိုသလို မြေပြင်မှရေခဲဆူးချွန်များထွက်လာခဲ့ပြီး မြေပြင်တစ်ခုလုံးသည် ဓားတောင်အဖြစ်ပြောင်းလဲသွားခဲ့၏။

ရေခဲချွန်တစ်ခုချင်းစီက အလွန်ထက်ရှလှပြိး လူတစ်ယောက်အသက်ကို ချက်ချင်းဖောက်ယူသွားနိုင်သော အရာများ ဖြစ်ကြသည်။

“လှုပ်ရှားဖို့ အသင့်ပြင်ထားတော့ သူထပ်လွတ်နိုင်တော့မှာ မဟုတ်ဘူး” ကုန်းရှို့ပင်း ကြမ်းကြုတ်စွာ ပြောလိုက်၏။

သူ့အမြင်တွင် ကျန်းယန်သည် ထိုဆူးချွန်များအပေါ် ဖြတ်ပြေးရဲတော့မည်မဟုတ်ပေ။ ပြေးလျှင်လည်း ဆူးချွန်များက သူ့ကိုယ်ထဲဖောက်၀င်သွားပေလိမ့်မည်။

သူတို့အားလုံး လှုပ်ရှားဖို့ပြင်နေကြချိန်တွင် အားလုံး တောင့်တင်းသွားခဲ့ကြလေသည်။

ကျန်းယန်သည် ရေခဲဆူးချွန်များကို မတားဆီးခဲ့ပေ။

ထိုအစား သူသည် ထိုချွန်ထက်နေသော ရေခဲချွန်များပေါ်ဖြတ်၍ ပြေးနေခဲ့၏။

ရေခဲချွန်များသည် လူ့ခန္ဓာကိုယ်ကိုဖောက်ပစ်နိုင်လောက်အောင် လုံလောက်သည့် ချွန်ထက်မှုမျိုးရှိသော်လည်း သူ့ခြေထောက်အောက်တွင်တော့ တစ်ချောင်းပြီးတစ်ချောင်း နင်းခြေခံနေခဲ့ရသည်။

လူအုပ်ကြီး ငေးကြောင်နေပြီး စကားတစ်ခွန်းမှ ထွက်မလာတော့ပေ။

ထိုကောင်သည် လူ‌သားရောဟုတ်ပါသေးရဲ့လော။

ဘယ်ဝိညာဉ်အခြေတည်အဆင့်က ရေခဲဆူးချွန်များပေါ် အခုလို ဖြတ်ပြေးနိုင်ပါမည်နည်း။

အခုတော့ ကျန်းယန်၏ကိုယ်ခန္ဓာက ထိုရေခဲဆူးချွန်များထက်ပင် မာနေကြောင်း သက်သေပြနေခဲ့ချေပြီ။

ထိုအရာက မည်ကဲ့သို့သောဟာသပါနည်း။

အားလုံးထက် အတုန်လှုပ်ဆုံးကတော့ လန်ချင်းဖုန်းသာ ဖြစ်၏။

ကျန်းယန် သူ့ရေခဲဆူးချွန်များပေါ် ဖြတ်ပြေးနေသည်ကို ကြည့်နေရင်း သူ့မျက်လုံးများ ထွက်ကျလာတော့မတတ် ပြူးကျယ်သွားခဲ့သည်။

သူ့ရေခဲချွန်များက အဆင့် ၉ မှော်လက်နက်နှင့်ယှဉ်နိုင်လောက်အောင် မာကျောမှန်း သူသိ၏။

တကယ်တော့ ကျင့်ကြံသူများ၏ခန္ဓာကိုယ်သည် ထိုမျှမမာတတ်ပေ။ မှော်လက်နက်ကိုထားဦး သာမန်သံမဏိဓားနှင့်ဆိုလျှင်ပင် ကျင့်ကြံသူများ၏အသားကို လှီးဖြတ်နိုင်၏။

အခုတော့ တစ်ယောက်ယောက်၏ခန္ဓာကိုယ်က အဆင့် ၉ မှော်ရတနာထက်ပင် သန်မာနေခဲ့ချေပြီ။

ကျန်းယန်က ရေခဲချွန်များကိုဖြတ်၍ သူ့ဆီပြေး၀င်လာနေသည်ကို ကြည့်နေရင်း လန်ချင်းဖုန်းနှလုံးသား အပြင်းအထန်တုန်ရီနေခဲ့သည်။

သူတွန့်ဆုတ်မနေရဲခဲ့ပေ။ လက်နှစ်ဖက်လုံးကိုမြှောက်၍ ရေခဲကမ္ဘာ၏စွမ်းအားများကို သူ့ဘေးသို့ပြန်ခေါ်လိုက်၏။ ထို့နောက် မြေကြီးထဲမှ ရေခဲနံရံကြီးတစ်ခုထိုးတက်လာပြီး သူနှင့်ကျန်းယန်ကြားတွင် အကာအရံအဖြစ် ဖြစ်တည်လာခဲ့သည်။

ရေခဲနံရံကြီးကိုမြင်သောအခါတွင်လည်း ကျန်းယန် နောက်မဆုတ်ခဲ့ပေ။ သူဖြောင့်လက်သီးတစ်ချက်သာ ပစ်ထုတ်လိုက်၏။

ဝုန်းးး

နားကွဲလုမတတ် အသံကြီးတစ်သံထွက်ပေါ်လာခဲ့ပြီး ရေခဲနံရံတွင် အက်ကြောင်းများ ထွက်ပေါ်လာခဲ့သည်။

“သေစမ်းကွာ မင်းက လူလား မိစ္ဆာလား သားရဲလား”

လန်ချင်းဖုန်း အကျယ်ကြီးအော်ပြောလိုက်၏။ အခုလို အပြင်အားရှိသောသူမျိုးကို သူတစ်ခါမှ မမြင်ခဲ့ဖူးပေ။

အချို့သားရဲများတွင် နှိုင်းမရလောက်အောင်ကြီးမားသော အပြင်အားရှိကြသည်ဟု ပြောကြ၏။ ကျန်းယန်သည်လည်း လူယောင်ဆောင်ထားသော မိစ္ဆာသားရဲတစ်ကောင်ပေလော။

လန်ချင်းဖုန်း အလျင်အမြန်စွမ်းအားဖြည့်လိုက်သောအခါ အက်ကွဲသွားသော နံရံကအက်ကြောင်းများက အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ဝုန်းး ဝုန်းး

ကျန်းယန်ကလည်း လက်သီးတစ်လုံးပြီးတစ်လုံး အားကုန်သုံး၍ ထိုးနှက်နေပြီး လက်သီးချက်တိုင်းမှ နားကွဲလုမတတ်အသံများ ထွက်ပေါ်နေခဲ့၏။

“ကြွားမနေနဲ့တော့ ကြမ်းချင်ယောင်လည်း‌ေ‌ဆာင်မနေနဲ့တော့ မင်းကငါ့ကဗျာကိုခိုးသွားပြီး ငါ့စွမ်းအားနဲ့ ငါ့ကိုပြန်အနိုင်ယူချင်နေတာလား မင်းကိုသွားကျွတ်ထွက်အောင် ထိုးပစ်မယ်”

ကွင်းပြင်အပြင်ဘက်ကလူများ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

သူတို့ ဆက်ပြီး ၀င်ပါသင့်သေးပါသလော။

ဤကိစ္စက ဆုံးဖြတ်ရ ခက်ခဲလွန်းလှသည်။

သူတို့စတင်လှုပ်ရှားလိုက်သည်နှင့် ကျန်းယန်ကလည်း ချင်းရှုမျှော်စင်စွမ်းအားကိုသုံး၍ ချက်ချင်းပြန်တိုက်ခိုက်မှာဖြစ်မှန်း သူတို့ကောင်းကောင်းကြီးသိ၏။

ထိုသို့သာ တိုက်ပွဲကြီးဖြစ်လာလျှင် ဤနေရာရှိ ဘယ်သူတွေသေကုန်မလဲ ဘယ်သူမှ အတိအကျ မသိနိုင်ပေ။

နောက်ဆုံးတွင် ကျန်းယန်သေဆုံးသွံားမယ်ဆိုရင်တောင် သူတို့ဘက်ကလည်း လူတိုင်းအသက်ရှင်လျက် ကျန်ရစ်ခဲ့ပါမည်လော။

လူတိုင်းမျက်နှာပေါ်တွင် ခါးသက်သက်အပြုံးများ ပေါ်လာခဲ့ကြသည်။

သူတို့မျိုးဆက်တွင် ဘယ်လိုမှဖိနှိပ်မရနိုင်သည့် တကယ့် မွန်းစတားတစ်ကောင် ပေါ်ပေါက်လာခဲ့ခြင်း ပေလော။

All Chapters