အပိုင်း(၂၁၁) နောက်သုံးရက်နေရင် ရန်သူတွေ ရောက်လာလိမ့်မယ်
Vol. 20 Ch. 211
အဇူရာတိမ်ဂိုဏ်းတွင် ချင်းယွင်ကျိတစ်ယောက် အဇူရာတိမ်တောင်ထွတ်တွင်ရပ်နေရင်း တောင်အရပ်ဆီ မျှော်ကြည့်နေခဲ့သည်။
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်သည် တစ်နှစ်ကြာအောင်ဖွင့်မည်ဆိုတာကို သူသေချာသိသော်လည်း ဘယ်အချိန်ဖွင့်ပြီး ဘယ်အချိန်ပိတ်မလဲဆိုတာကိုတော့ သူမသိခဲ့ပေ။
ထို့ကြောင့်လည်း မထွက်ခွာမီ လင်းယွင်ကျိကို ကျောက်စိမ်းပြားပေးခဲ့ခြင်း ဖြစ်၏။
အခုတော့ သတင်းရရှ်ိပြီးဖြစ်လေရာ သူချက်ချင်းဆိုသလို အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးကို စုစည်းလိုက်လေသည်။
ထိုထဲတွင် စန်းစုန့်လည်းအပါအ၀င်ပင်။
ချင်းယွင်ကျိ လူအုပ်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။
“အခုက ငါသူတို့ကိုပြန်သွားခေါ်ရမယ့်အချိန်ပဲ”
“စီနီယာအစ်ကိုကြီး စိတ်ဖြောင့်ဖြောင့်နဲ့သွားပါ ဂိုဏ်းအတွက်စိတ်မပူပါနဲ့” တန်ချန်ကျိ ခေါင်းညိတ်ပြလိုက်သည်။
“ကျန်းယန်နဲ့အခြားသူတွေကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့ပါ” ဟွာလင်းကျိ ပြောလိုက်၏။
“ဂိုဏ်းကို ကျွန်မတို့လက်ထဲသာ အပ်ခဲ့” ပိလင်းကျိ ပြောလိုက်သည်။
ချင်းယွင်ကျိ ခေါင်းယမ်းကာ အေးစက်စက်ပြုံးလိုက်ပြီး
“ဒီကိစ္စက ဒီလောက်မရိုးရှင်းဘူး”
သူစန်းစုန့်ကိုတစ်ချက်ကြည့်လိုက်ကာ ကျောက်စိမ်းပြားတစ်ပြားပိုင်ယွင်ကျိဆီပစ်ပေးလိုက်ပြီး ပြောလိုက်၏။
“ဒီထဲမှာ စန်းစုန့်ရဲ့ဝိညာဉ်စည်းပါတယ် တကယ်လို့ သူမူမမှန်ရင် သတ်သာပစ်လိုက်”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး” ပိုင်ယွင်ကျိ လေးလေးနက်နက်ပြောလိုက်ပြီး ကျောက်စိမ်းပြားကို လက်ခံလိုက်သည်။
ထိုအဖြစ်အပျက်ကိုမြင်သောအခါ စန်းစုန့်နှလုံးသားတုန်ရီသွားခဲ့၏။ ထို့နောက် သူအမြန် ၀င်ပြောလိုက်သည်။
“စိတ်ချပါ ငါဘယ်လိုသံသယဖြစ်စရာ လုပ်ရပ်မျိုးကိုမှလုပ်မှာမဟုတ်ပါဘူး စီနီယာပြန်လာတဲ့အထိ ရိုရိုကျိုးကျိုးနဲ့ စောင့်ဆိုင်းနေမှာပါ”
ချင်းယွင်ကျိ သူ့ကိုလျစ်လျူရှုထားလိုက်ပြီး တန်ချန်ကျိ ပိလင်းကျိနှင့်အခြားသူများကို ညွှန်ကြားလိုက်၏။
“ငါထွက်သွားပြီးရင် မင်းတို့အားလုံး မဖြစ်မနေသတိနဲ့နေကြရမယ်
ငါဆိုလိုတာက…ငါထွက်သွားတဲ့အခါ အခြားဂိုဏ်းတွေက တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်တွေ လွှတ်လိုက်ကြလိမ့်မယ် မင်းတို့က အဲ့ဒီလူတွေကို အားကုန်သုံးပြီး ခုခံကြရမယ်
ဒါပေမယ့် တာအိုပေါင်းစည်းခြင်းအဆင့်အရေအတွက်က ၇ ယောက်ကျော်ရင်ဖြစ်ဖြစ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ယောက် ပေါ်လာဖြစ်ဖြစ် ဖြစ်လာရင်တော့…”
ထိုအခိုက်တွင် သူ့အမူအရာကြမ်းကြုတ်သွားခဲ့၏။
“ဂိုဏ်းရဲ့ အမတရတနာတွေ လျှို့ဝှက်သိုင်းကျမ်းတွေကိုယူပြီး ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ရှိတဲ့ဘက်ကိုသာ ပြေးလာခဲ့ကြ အမတရတနာ ၇ ခုနဲ့ဆိုရင် မင်းတို့ အသက်အန္တရာယ်ကို အာမခံပေးနိုင်လောက်မှာပါ”
“မိစ္ဆာတွေကိုရော” စန်းစုန့် စိတ်ညစ်သွားဟန်ဖြင့် မေးလိုက်သည်။
ချင်းယွင်ကျိ အေးစက်စက်လှောင်ပြောင်လိုက်၏။
“ငါတို့က မိစ္ဆာတွေကိုမလွှတ်ဘူးလို့ မင်းထင်လို့လား ဒါဆိုရင်တော့ မင်းမြင်ဖူးသွားအောင် လွှတ်ပေးရတော့မှာပဲ”
“စီနီယာအစ်ကိုကြီး စိတ်ချပါ ကျွန်တော်တို့ဘာလုပ်ရမလဲ သိပါတယ်” တန်ချန်ကျိ လေးလေးနက်နက်ပြောလိုက်သည်။
ဟွာလင်းကျိ ခပ်ဟဟရယ်မောလိုက်ကာ
“ငါကစာအုပ်တွေအများကြီးဖတ်ခဲ့ပေမယ့် ငါကိုယ်တိုင်က တုံးအနေသေးတာကို သတိမပြုခဲ့မိဘူး စီနီယာအစ်ကိုကြီးစိတ်ချပါ ကျွန်တော်တို့က ဒီနေရာကို အသေခံပြီး ကာကွယ်နေမှာ မဟုတ်ဘူး”
“ဒါဆို အစီအစဉ်ကိုအတည်ပြုပြီနော်” ချင်းယွင်ကျိ ပြောလိုက်ပြီး တောင်အရပ်ဆီ ဦးတည်ပျံသန်းသွားခဲ့၏။
“နေပါဦး စီနီယာ” စန်းစုန့် အမြန်ပြောလိုက်သည်။
“တကယ်လို့ ကျန်းယန် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲက ထွက်မလာရင်ရော”
ချင်းယွင်ကျိ ဂုဏ်ယူစွာရယ်မောလိုက်ကာ
“သူအသက်ရှင်လျက်ထွက်လာမယ်လို့ ငါယုံတယ်”
“ဒါပေမယ့် အကယ်၍များ…အဲ့ဒီလိုကိစ္စမျိုး ဖြစ်သွားခဲ့ရင်ရော” စန်းစုန့် ခါးသက်သက်ပြုံးကာ ပြောလိုက်၏။
“တကယ်လို့ တကယ်ပဲအဲ့လိုဖြစ်လာခဲ့ရင် စီနီယာကောင်းကင်အောက်က အသက်တွေကို ငဲ့တွက်ပေးဖို့ မျှော်လင့်ပါတယ် ဘာတွေပဲဖြစ်လာလာ စိတ်နှလုံးကို မဆုံးရှုံးပါစေနဲ့ ဒီအဖိုးကြီးကလည်း ကျန်တဲ့လက်ကျန်ဘ၀တစ်ခုလုံးမှာ မိစ္ဆာတွေကိုဖိနှိပ်ရင်း ပေးဆပ်သွားချင်ပါတယ်”
စန်းစုန့်အမှန်တကယ်ပင် ကြောက်လန့်နေခဲ့မိသည်။
နောက်ဆုံးတွင် သူသည် အသက် ၁၅၀၀ ရှိနေပြီဖြစ်သော အဖိုးကြီးတစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် လွန်ခဲ့တဲ့ နှစ်၁၀၀၀တုန်းက မိစ္ဆာများဆင်းသက်လာသည့် ကပ်ဘေးကို သူကောင်းကောင်းကြီး မှတ်မိနေခဲ့ပေသည်။
တကယ်တော့ သူ့မိစ္ဆာများအပေါ် နားလည်မှုက ချင်းယွင်ကျိထက်ပင် နက်ရှိုင်းနေသေး၏။
မိစ္ဆာများသာ လွတ်မြောက်လာလျှင် ဤကမ္ဘာပေါ်တွင် စိတ်ကူး၍တောင်မရသည့် ကပ်ဘေးကြီးတစ်ခု ဖြစ်လာတော့မည်ဖြစ်မှန်း သူကောင်းကောင်းကြီး သိနေခဲ့သည်။
ချင်းယွင်ကျိ အေးစက်စက်ရယ်မောလိုက်ပြီး သူ့ပုံရိပ်က အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။
အဇူရာတိမ်ဂိုဏ်းမှ အကြီးအကဲ ၅ယောက်၏အကြည့်များက စန်းစုန့်ဆီ ကျရောက်လာခဲ့၏။
စန်းစုန့်အမြန်အားတင်း၍ပြုံးကာ ပြောလိုက်သည်။
“အားလုံးပဲ ငါကရိုးသားပါတယ် စိတ်မပူကြပါနဲ့ ငါဘာမှလုပ်မှာမဟုတ်ဘူး ဒီနေရာမှာပဲ အသိစိတ်ကိုချိတ်ပိတ်ပြီး အေးအေးဆေးဆေးအိပ်နေပါ့မယ် သူတို့ပြန်လာမှ ငါ့ကိုနှိုးလေ အိုး ဟုတ်သားပဲ မင်းတို့ထွက်သွားမယ်ဆိုရင်လည်း ဒီအဖိုးကြီးကိုအရင်နှိုးခဲ့နော် ဒါမှငါလည်း ပြေးသင့်ရင် ပြေးရမှာ”
ထို့နောက် သူသူ့အသိစိတ်ကိုချိတ်ပိတ်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့လေသည်။
စန်းစုန့်အိပ်ပျော်သွားသော်လည်း အဇူရာတိမ်ဂိုဏ်းမှအကြီးအကဲများ အနည်းငယ်မှ စိတ်အေးမသွားနိုင်ခဲ့ကြပေ။ ယခုအခြေအနေက အဇူရာတိမ်ဂိုဏ်းအတွက် အရေးကြီးဆုံးအခြေအနေသာ မဟုတ်ပါလော။
တစ်ချိန်တည်းမှာပင် ကမ္ဘာပေါ်ရှ်ိ ဂိုဏ်းကြီးများ ဆွေးနွေးပွဲ ကျင်းပနေခဲ့ကြ၏။
၀မ်လင်းဂိုဏ်းတွင် ဂိုဏ်းချုပ် ကျိုးကျွင်းချန်ကို ညွှန်ကြားလိုက်သည်။
“ဒီတစ်ခေါက်ငါတို့အဇူရာတိမ်ဂိုဏ်းရဲ့ ကံကြမ္မာကို ဖြတ်တောက်ပစ်ရမယ် သူတို့ကို အလွယ်တကူလွှတ်ပေးလိုက်လို့ မဖြစ်ဘူး မင်းအဇူရာတိမ်ကုန်းမြေတိုက်ကြီးရဲ့ တောင်ဘက်ပိုင်းကိုသွားပြီး လှုပ်ရှားဖို့အခွင့်အရေး ရလာမယ့်အချိန်ကိုသွားစောင့်နေ”
ကျိုးကျွင်းချန်သည် ကျိုးချင်၏အဖေဖြစ်ပြီး ၀မ်လင်းဂိုဏ်း၏ နောက်ထပ်ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်လည်း ဖြစ်၏။
တခဏတွေးတောပြီးနောက် သူမေးလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းကို ဒီလောက်ကြီးထိ တွန်းပို့လို့ဖြစ်ပါ့မလား တကယ်လို့ သူတို့ကတကယ်ကြီးမိစ္ဆာတွေကို လွှတ်လိုက်ရင်ရော”
“သူတို့မလုပ်ရဲဘူး” ၀မ်လင်းဂိုဏ်းချုပ်အေးအေးဆေးဆေးပြောလိုက်၏။
“တပည့်တစ်ယောက်ရဲ့ အသက် သူတို့အသက်နဲ့ ဂိုဏ်းရဲ့အမွေအနှစ်ကြားထဲမှာ သူတို့ဘယ်လိုဉာဏ်ရှိရှိရွေးချယ်ရမလဲ သိကြလိမ့်မယ်လို့ ငါယုံတယ်”
“အရမ်းကောင်းတယ် ဒါဆိုကျုပ်အဇူရာတိမ်ကုန်းမြေတိုက် တောင်ဘက်ပိုင်းကိုသွားပြီး အခွင့်အရေးကိုစောင့်နေလိုက်မယ်” ကျိုးကျွင်းချန် ပြောကာ ချက်ချင်းထွက်ခွာသွားခဲ့လေသည်။
လန်ကျားအထွတ်အမြတ်မြေတွင် သူတော်စင်သခင် တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်တစ်ယောက်ကို ညွှန်ကြားလိုက်၏။
“အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို တစ်ခေါက်လောက်အလည်သွားလိုက် နယ်စပ်မှာပဲနေ အထဲကို၀င်မသွားနဲ့ အပြင်ကပဲ အခြေအနေတွေကို ဂရုတစိုက်စောင့်ကြည့်နေ”
“ဟုတ်ကဲ့”
ကမ္ဘာတစ်ခွင်လုံးရှိ ဂိုဏ်းကြီးတိုင်း ထိုကဲ့သို့သာ စီစဉ်နေခဲ့ကြသည်။
ထိုစဉ် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင် ပြင်ပရှိများစွာသောတာအိုပေါင်းစည်းခြင်းအဆင့်များ နတ်အာရုံကိုယ်စီသုံး၍ ဆက်သွယ်နေခဲ့ကြ၏။
“ငါတို့စပြင်ဆင်သင့်ပြီလား” တန်ချိုးရွှေ မေးလိုက်သည်။
ကျန်းရှန် အသာအယာပြုံးလိုက်၏။
“အဇူရာတိမ်ဂိုဏ်းဘက်မှာ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်နဲ့ နတ်ဝိညာဉ်အဆင့်တစ်ယောက်ပဲရှိတာ သူတို့က ခြိမ်းခြောက်မှုလုံး၀မဟုတ်ပါဘူး ငါတို့မှာက တာအိုပေါင်းစည်းခြင်းအဆင့် ၉ ယောက်ကြီးတောင်ရှိတယ် သူတို့နဲ့ရင်ဆိုင်ဖို့က လိုတာထက်တောင် ပိုမနေဘူးလား ဆိုတော့ ငါတို့စောင့်ကြည့်ကြမယ် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ပွင့်ပြီး မူမမှန်တာတစ်ခုခုဖြစ်လာမှ စတိုက်ခိုက်ကြမယ်
အဲ့ဒီအချိန်ကျရင်တော့ အဇူရာတိမ်ဂိုဏ်းရဲ့ ကံကြမ္မာကို ရှေ့ဆက်ခွင့်ပေးလို့ မဖြစ်တော့ဘူး
သူတို့ကို ဆက်ရှင်သန်ခွင့်မပေးနိုင်တော့ဘူး”
“အမတရတနာ ၇ ခု…” တာအိုပေါင်းစည်းခြင်းအဆင့် ၁ ယောက် သက်ပြင်းချလိုက်၏။
သူတို့ဆွေးနွေးနေရင်း လင်းယွင်ကျိတို့ကိုလည်း တစ်ခါတစ်ရံ ကြည့်ရှုနေခဲ့သေးသည်။
ကောင်းကင်ဒဏ္ဍာရီ ခါးသက်သက်ပြုံးကာ လင်းယွင်ကျိကို ပြောလိုက်၏။
“သူတို့က တိုက်ခိုက်လိုစိတ်ကိုနည်းနည်းလေးတောင် ထိန်းမထားနိုင်တော့ဘူး”
လင်းယွင်ကျိ အေးစက်စက်ပြန်ပြောလိုက်သည်။
“သူတို့ဘယ်တော့မှ အရင်စတိုက်မှာမဟုတ်ဘူး”
“ကိစ္စတွေက ပိုဆိုးလာပြီ ငါတို့ဒီနေရာကနေ ဘယ်လိုအောင်အောင်မြင်မြင်ထွက်ခွာရမလဲဆိုတာက တကယ့်ပြဿနာကြီးပဲ” ကောင်းကင်ဒဏ္ဍာရီ သက်ပြင်းချကာ ပြောလိုက်၏။
“သူတို့က ငါတို့ကိုလုံး၀အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူး”
“ကျွန်တော်တို့ ဆုတ်ခွာမယ့်လမ်းကို စီနီယာအစ်ကိုကြီးကရှာပေးမယ်လို့ ပြောထားတယ် ကျွန်တော်သူ့ကိုယုံတယ်” လင်းယွင်ကျိ တိုက်ပွဲကွင်းပြင်၀င်ပေါက်ကို ကြည့်နေရင်း ပြောလိုက်သည်။
“ကျွန်တော်အခုစိတ်ပူတာက ကျန်းယန်ကိုပဲ တိုက်ပွဲကွင်းပြင်ထဲမှာ သူတစ်ခုခုများဖြစ်သွားနိုင်မလား ဂိုဏ်းကြီးကိုးဂိုဏ်းကလူအရမ်းများ…”
ကောင်းကင်ဒဏ္ဍာရီလည်းတိတ်ဆိတ်သွားခဲ့သည်။
ထိုအခိုက်တွင် ကျန်းယန် ၀င်္ကပါထဲ၌ တင်ပလ္လင်ခွေထိုင်နေပြီး သူနားလည်ထားသော ကိုယ်ပိုင်နည်းစနစ်များကို သုံးသပ်ရင်း စိန်ခေါ်သူများကို စောင့်ဆိုင်းနေခဲ့၏။
လ၀က်ကုန်ဆုံးသွားခဲ့သော်လည်း သူ့ကိုဘယ်သူမှ စိန်မခေါ်ရဲကြသေးပေ။