အပိုင်း(၂၁၂) ငါကဗုဒ္ဓတရားတော်ကိုတကယ်ကြီး နားလည်တယ်
Vol. 20 Ch. 212
လွန်ခဲ့သော လ၀က်က ကျန်းယန်သာခွန်အားအကုန်ထုတ်ပြကာ လန်ချင်းဖုန်းကို အနိုင်ယူခဲ့ပြီးနောက်တွင် သူတို့သည် ကျန်းယန်၏ပြိုင်ဘက်မဟုတ်ဘူးဟူသော အမှန်တရားကို လူတိုင်းလက်ခံလိုက်ကြရသည်။
ထို့ကြောင့် ထို ၂ပတ်အတွင်း သူတို့အားလုံးနတ်ဝိညာဉ်အဆင့်ရောက်ဖို့သာ အသည်းအသန်ကြိုးစားနေခဲ့ကြ၏။
သူတို့နတ်ဝိညာဉ်အဆင့်နှင့်ထိတွေ့မိသည်နှင့် ကျန်းယန်ကိုရင်ဆိုင်ဖို့ အခွင့်အရေးရှ်ိလာပေလိမ့်မည်သာ။
ထို့ကြောင့် ဂိုဏ်းကြီးကိုးဂိုဏ်းမှပါရမီရှင်များ သူတို့ကိုယ်သူတို့အကန့်အသတ်ထိရောက်အောင် တွန်းပို့နေခဲ့ကြသည်။
သို့သော် သူတို့ထဲတွင် ရလဒ်အနည်းငယ်သာထွက်သော လူနှစ်ယောက်ရှိနေခဲ့၏။
တစ်ယောက်မှာ ကျိုးလင်ဖြစ်သည်။
သူ့ယုံကြည်မှုလုံး၀ရိုက်ချိုးခံလိုက်ရပြီးနောက်တွင် သူသည် အရင်အခြေအနေသို့ ပြန်မရောက်နိုင်တော့ပေ။ ထိုကဲ့သို့သော စိတ်အခြေအနေမျိုးတွင် နတ်ဝိညာဉ်အဆင့်၏ဆန်းကြယ်မှုများကို မည်သို့ နားလည်နိုင်ပါတော့မည်နည်း။
နောက်တစ်ယောက်ကတော့ ကုန်းရှို့ပင်း ဖြစ်၏။
သူ လက်ရေးလှကျင့်စဉ်ကို ကျင့်ကြံဖို့ကြိုးစားလိုက်ရင်း ကျန်းယန်သူ့ကိုလူကြားသူကြားထဲတွင် အရှက်ခွဲခဲ့သော မြင်ကွင်းကြီးကို ပြန်ပြန်မြင်နေခဲ့ရသည်။ ထိုအခါ သူ့တကိုယ်လုံးတုန်ရီလာပြီး ဆက်မကျင့်ကြံနိုင်တော့ပေ။
သူအတော်ကြီးဒေါသထွက်နေခဲ့၏။
လ၀က်ကြာသွားသော်လည်း နှလုံးသားထဲကထိုဒေါသကပျောက်မသွားသေးပေ။
ထိုအခြေအနေက ဘယ်လောက်ဆိုးဝါးသလဲ သူသိသော်လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။
လန်ကျားအထွတ်အမြတ်မြေမှလူများလည်း ကုန်းရှို့ပင်းကို အကူအညီမဲ့စွာသာ ကြည့်ရှုနေခဲ့ကြရသည်။
တစ်နေ့တွင် သူတို့ဂိုဏ်းချုပ်၏သားကိုအခုလိုအခြေအနေရောက်သွားအောင် လုပ်နိုင်မည့်လူတစ်ယောက် ပေါ်လာလိမ့်မည်ဟု သူတို့ထင်မထားခဲ့မိကြပေ။
ထိုစဉ် ရုတ်တရက် ကွေ့ယွမ်ဘုရားကျောင်းရှိရာအရပ်မှ အလင်းတန်းတစ်တန်းထိုးတက်လာခဲ့၏။ ထို့နောက် လူတိုင်း၏နားထဲတွင် ဗုဒ္ဓတရားသံခပ်ပျပျကို ကြားလိုက်ကြရသည်။
“စိတ်တိုစရာပဲ ဟွေ့ချင်းကိုယ်တော်တောင် နတ်ဝိညာဉ်အဆင့်ကိုထိတွေ့နိုင်သွားပြီ ငါကတော့ သူ့နောက်မှာအများကြီးပြတ်ကျန်ခဲ့တယ် တကယ်စိတ်တိုစရာပဲ” ကုန်းရှို့ပင်း ဒေါသတကြီး အော်ဟစ်လိုက်၏။
ဗုဒ္ဓတရားသံကို ကြားလိုက်ရသောအခါ အခြားစခန်းမှလူများလည်း ဟွေ့ချင်းနတ်ဝိညာဉ်အဆင့်ကို ထိတွေ့နိုင်သွားမှန်း သိရှိသွားခဲ့ကြသည်။
ကွေ့ယွမ်ဘုရားကျောင်းထဲတွင် ဗုဒ္ဓအလင်းများဖြင့်လွှမ်းခြုံခြင်းခံထားရသော ဟွေ့ချင်းတစ်ယောက် တိုက်ပွဲကွင်းပြင်ဆီဦးတည်၍ လျှောက်လှမ်းလာခဲ့၏။
“ဒကာလေး ဒီနိမ့်ကျတဲ့ဘုန်းကြီးက ဒကာလေးဆီကလမ်းညွှန်မှု ခံယူလိုပါတယ်” ဟွေ့ချင်း တံဆိပ်ပြားကို ကွင်းပြင်ထောင့် ပစ်ချလိုက်ကာ ပြောလိုက်သည်။
ဟွေ့ချင်းပေါ်လာသည်ကို မြင်သောအခါ ကျန်းယန်လည်း စတင်ပြင်ဆင်လိုက်၏။
“ကျေးဇူးပြုပြီး” ကျန်းယန်ဟွေ့ချင်းကို အရင်စတင်ခိုင်းလိုက်သည်။
ဟွေ့ချင်း အသာအယာပြုံးလိုက်ကာ ထိုင်၍လက်ဝါးနှစ်ဖက်ကိုပူးလိုက်ပြီး ကွေ့ယွမ်ဘုရားကျောင်းက ကျမ်းစာများကို စတင်ရွတ်ဆိုလေတော့၏။
ထိုအခါ ဗုဒ္ဓအလင်းတစ်ခုကသူ့ကိုလွှမ်းခြုံသွားပြီးသူ့နောက်တွင် ရဟန်းပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
“ဗုဒ္ဓဓမ္မပုံတော် ဟွေ့ချင်းကဒီတိုက်ပွဲကွင်းပြင်ကထွက်ပြီး အပြင်မှာ ခဏလောက်ကျင့်ကြံလိုက်တာနဲ့ နတ်ဝိညာဉ်အဆင့်ကိုလုံး၀ရောက်သွားတော့မှာ” ကြည့်ရှုနေသူတစ်ယောက် ရေရွတ်လိုက်၏။
ဂိုဏ်းကြီး ၉ ဂိုဏ်းမှလူများသည် အချင်းချင်းကောင်းကောင်းကြီး နားလည်ကြပေသည်။ အကြည့်တစ်ချက်တည်းဖြင့် ဘယ်သူက ဘယ်အဆင့်ရောက်နေပြီလဲ သူတို့ကောင်းကောင်းကြီး သိကြ၏
“ကွေ့ယွမ်ဘုရားကျောင်းက လျှို့ဝှက်ပညာရပ်တွေက ကောင်းကင်နဲ့မြေပြင်နိယာမတွေကိုသုံးပြီး ဖန်တီးထားတာမဟုတ်ဘူး ကျန်းယန် ဘယ်လိုရင်ဆိုင်မလဲ ကြည့်ကြတာပေါ့”
ကွင်းပြင်ထဲတွင် ကျန်းယန်နားထဲ၌ မရေတွက်နိုင်သော တရားရွတ်သံများကို ကြားနေခဲ့ရသည်။
သူနားမထောင်ချင်သော်လည်း ဟွေ့ချင်းက သူ့နှလုံးသားထဲတိုက်ရိုက်ပို့နေခြင်းဖြစ်သောကြောင့် နားထောင်နေခဲ့ရ၏။
သူသည် မိစ္ဆာနှင့်တစ္ဆေကျင့်စဉ်များကို ကျင့်ကြံသူဖြစ်လေရာ ဤဗုဒ္ဓဒေသနာအနည်းငယ်ကို ဘာကြောင့် ကြောက်နေရပါမည်နည်း။
တခဏအကြာတွင် ကျန်းယန် ဆွံ့အသွားခဲ့သည်။
ဒါပဲလား
မင်းဗုဒ္ဓဒေသနာက ဒါပဲလားဟ
ဒါက ကွေ့ယွမ်ဘုရားကျောင်းရဲ့ လျှို့ဝှက်ပညာရပ်ဆိုတာလား
“ဘုန်းကြီး မင်းရဲ့ကျမ်းစာကြီးက တကယ့်အစုတ်အပြတ်ကြီးပဲ” ကျန်းယန် သူ့ကိုကြည့်ကာ ရိုးရိုးသားသားပြောလိုက်၏။
“ကိုယ်တော်တို့က စိတ်ဝိညာဉ်နဲ့စိတ်ကိုအဓိကထားပြီး ကျင့်ကြံတာကို သိပါတယ် ဒါပေမယ့် ကိုယ်တော့်ကျမ်းစာတွေမှာ အပြစ်အနာအဆာတွေရှိနေတယ် စိတ်စွမ်းအားသက်သက်နဲ့တော့ ကျွန်တော့်ကိုအနိုင်ယူနိုင်မှာ မဟုတ်ဘူး”
ဥပမာအားဖြင့် သူကုန်းရှို့ပင်းကိုကျိန်ဆဲခဲ့စဉ်က စိတ်စွမ်းအားအနည်းငယ်ကိုသာ အသုံးပြုခဲ့သည်။
သို့သော် သူ့စကားများက ကုန်းရှို့ပင်း အရှိုက်ကိုထိသွားေသာေကြာင့် ထိုစွမ်းအားအနည်းငယ်လေးကပင် ကုန်းရှို့ပင်းအပေါ် သက်ရောက်မှုကြီးကြီးမားမားရှိသွားစေခဲ့သည် မဟုတ်ပါလော။
ဟွေ့ချင်း အသာအယာပြုံးလိုက်ကာ လုံး၀မလှုပ်ရှားခဲ့ပေ။
“ဒီနိမ့်ကျတဲ့ကိုယ်တော်က ဒကာလေးကုန်းရှို့ပင်းမဟုတ်ပါဘူး ကိုယ်တော့်အပေါ်ဒါမျိုးလုပ်တာက အချိန်ဖြုန်းနေရုံပါပဲ
ကွေ့ယွမ်ဘုရားကျောင်းမှာ ကျမ်းစာ ၃၀၀ ရှိတယ် ကိုယ်တော်က ဒကာလေးကို ကွေ့ယွမ်ဘုရားကျောင်းရဲ့ မျိုးဆက်အဆက်ဆက်ချန်ထားပေးခဲ့တဲ့ အုတ်မြစ်ကို မြင်တွေ့ခွင့်ပေးမယ် ကျေးဇူးပြုပြီး တစ်ချက်လောက်ကြည့်ပေးပါ”
ကွင်းပြင်ဘေးရှိ ကုန်းရှို့ပင်း ဒေါသထွက်သွားခဲ့ရပြန်သည်။
ဒီခွေးသူခိုးကိုယ်တော်ကတော့
“ကောင်းပါပြီ ရွတ်ပါ” ကျန်းယန် အလွန်ပျင်းနေဟန်ဖြင့်ထိုင်ချလိုက်ကာ သန်းဝေလိုက်၏။
ဝှား ဝှား ဝှား
“ဘုန်းကြီး ဒါကြီးက တကယ်ပျင်းစရာကောင်းတယ်” ကျန်းယန် အတန်ကြာအောင်နားထောင်ပြီးနောက် ဆက်တိုက်သန်းဝေလာခဲ့သည်။
“ကိုယ်တော့်မှာ ပိုအားကောင်းတာတစ်ခုခုရှိလား ကျွန်တော်ပြောပါတယ်ကိုယ်တော့်တရားမှာ အနာအဆာတွေရှိနေတယ် ကျွန်တော့်ကိုဒါမျိုးနည်းလမ်းနဲ့ တိုက်ခိုက်ဖို့က တကယ်ခက်တယ် ကျွန်တော်ကဒါမျိုးတွေကို ခံနိုင်ရည်ရှိပြီးတာ ကြာပြီ ကိုယ်တော့်မှာ အသစ်အဆန်းမရှိတော့ရင် ထရပ်ပြီးသာ တိုက်ခိုက်တော့”
ဟွေ့ချင်း အေးဆေးတည်ငြိမ်နေဆဲပင်။
“ဒီနိမ့်ကျတဲ့ကိုယ်တော်က သိုင်းပညာအနည်းငယ်ကိုသိပေမယ့် ကိုယ်တော်အကျွမ်းကျင်ဆုံးအရာက ဗုဒ္ဓဒေသနာတွေပါပဲ ဘာလို့ ဒကာလေးနဲ့ ဗုဒ္ဓဘာသာမှာ မပြိုင်ရမှာလဲ”
“ဆိုတော့ ဗုဒ္ဓဒေသနာတွေပြိုင်ရင်း အနိုင်အရှုံးကိုသတ်မှတ်မှာပေါ့” ကျန်းယန် ဟွေ့ချင်းကိုကြည့်ကာ ပြောလိုက်၏။
ဟွေ့ချင်းအနည်းငယ်အံ့အားသင့်သွားခဲ့သည်။
“ဒကာလေးကတကယ်ပဲ ဗုဒ္ဓဘာသာကိုနားလည်လို့လား”
ကျန်းယန် ခပ်ဟဟရယ်မောလိုက်၏။
“နက်နက်နဲနဲတော့ မသိပါဘူး ဒါပေမယ့် ကိုယ်တော့်ကိုသင်ခန်းစာပေးဖို့လောက်ကတော့ ပြဿနာမရှိဘူး
သေချာနားထောင်
ဗုဒ္ဓကပြောခဲ့တယ် ကမ္ဘာပေါ်က အရာမှန်သမျှက မရှိခြင်းသဘောတရားကိုဆောင်တယ် မရှိခြင်းဆိုတာ ရှိခြင်းဖြစ်ပြီး ရှိခြင်းဆိုတာ မရှိခြင်းပဲ မရှ်ိခြင်းနဲ့ရှိခြင်းကြားမှာ ဘာကွာဟချက်မှရှိမနေဘူး ခံစားချက်တွေ သိမြင်နားလည်ခြင်းတွေ ဆန္ဒတွေ အသိစိတ်တွေဆိုတာကလည်း အတူတူပဲ အဲ့တာကြောင့် ဗလာနတ္ထိဆိုတဲ့အခြေအနေမှာ ပုံသဏ္ဍာန်မရှိဘူး ခံစားချက်မရှိဘူး ဆန္ဒမရှိဘူး မျက်စိ နား လျှာ ကိုယ် စိတ် ဓမ္မ ဘာဆိုဘာမှရှိမနေဘူး…
ဒီစာပိုဒ်ကို နားထောင်ကြည့် သူ့ဘဘောတရားက ကိုယ်တော့်ဒေသနာထက်ပိုပြီး ပြည့်စုံနေသလို မခံစားရဘူးလား”
ဟွေ့ချင်း၏ ကျမ်းစာများသည် ကောင်းကင်နှင့်မြေပြင်၏နိယာမများကို အသုံးပြုထားခြင်းမဟုတ်သော်လည်း ကမ္ဘာကြီး၏အနှစ်သာရကို ထိတွေ့ထားသော အရာဖြစ်မှန်း ကျန်းယန် သိရှိပြီး ဖြစ်၏။
သို့သော် သူ့ချဉ်းကပ်ပုံတွင် အပြစ်အနာအဆာများ ရှိနေခဲ့သည်။
ကမ္ဘာကြီး၏ အနှစ်သာရကို နားလည်ခြင်းဆိုသည်မှာ ကိုယ်တိုင်သိမြင်နားလည်မှုတစ်မျိုးသာ ဖြစ်၏။ လူတိုင်းတွင် မတူညီသော ဘ၀နေထိုင်မှုများ ရှိနေသောကြောင့် လူတိုင်း၏ အမြင်များက မတူညီနိုင်ပေ။ နောက်ဆုံးတွင်တော့ လူတိုင်း၏ ကိုယ်ပိုင်အမြင်များက မှန်ကန်နေဆဲသာ ဖြစ်သည်။ ထို့ကြောင့်လည်း တစ်ခါတစ်ရံတွင် ဗုဒ္ဓဘာသာငြင်းခုံပွဲများတွင် နှစ်ပေါက်တစ်ပေါက်ရိုက်သော ဆွေးနွေးချက်များ ပါ၀င်နေခြင်း ဖြစ်၏။
မြင်းဖြူတစ်ကောင်သည် မြင်းတစ်ကောင်ဖြစ်သလို မြင်းဖြူတစ်ကောင်က မြင်တစ်ကောင်လည်းမဟုတ်ပေး။ နောက်ဆုံးတွင်တော့ မြင်းဖြူတစ်ကောင်က မြင်းတစ်ကောင်ဖြစ်နေဆဲသာ ဖြစ်သည်။
(Translation note- မဟာယနဗုဒ္ဓဘာသာတရားတွေမို့လို့ အတတ်နိုင်ဆုံးတော့ နားလည်အောင်ပြန်ပေးထားပါတယ်)
ကျန်းယန် ထိုအရာကိုနားလည်သွားသောအခါ ကွေ့ယွမ်ဘုရားကျောင်း၏ကျမ်းစာများက မပြည့်စုံမှန်း သိရှိသွားခဲ့၏။ ထိုကဲ့သို့သော မပြည့်စုံသည့် ကျမ်းစာမျိုးက သူ့ကိုမည်သို့ လွှမ်းမိုးနိုင်ပါမည်နည်း။
နောက်ဆုံးတွင် သူသည် နှလုံးသားကျမ်းစာထဲက စာတစ်ပိုဒ်ဖြင့် ဟွေ့ချင်း၏မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် နှလုံးသားကျမ်းစာထဲက ရှိခြင်းနှင့်မရှိခြင်းဟူသော သဘောတရားက ပြီးပြည့်စုံသော ချိတ်ဆက်ထားမှုဖြစ်ပြီး သူ့စွမ်းအားက သာမန်တော့ မဟုတ်ပေ။
ဟွေ့ချင်းတကိုယ်လုံး တုန်ရီနေပြီး ကျန်းယန်ကိုမယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့၏။
မင်းကတကယ်ကြီး ဗုဒ္ဓတရားတော်ကို နားလည်တယ်လား
ကျန်းယန် ရွတ်ပြလိုက်သောဒေသနာက ဘယ်လောက်နက်နဲသလဲ ဟွေ့ချင်းကောင်းကောင်းကြီး သိပေသည်။
“မင်း….ဒကာလေး ဒီလိုဗုဒ္ဓဘာသာနဲ့ရေစက်ပါနေပုံမျိုးနဲ့ဆိုရင် ဒကာလေးက ကွေ့ယွမ်ဘုရားကျောင်းရဲ့ ဗုဒ္ဓသားတော်တစ်ပါး ဖြစ်လာသင့်တယ်” ဟွေ့ချင်း ကျန်းယန်ကို လေးလေးနက်နက်ပြောလိုက်၏။
အခြားဂိုဏ်းကြီးများမှလူများ၏နှလုံးသားများ တုန်ရီသွားခဲ့သည်။
မဖြစ်နိုင်တာ
ကွေ့ယွမ်ဘုရားကျောင်းက အဇူရာတိမ်ဂိုဏ်းနဲ့ပူးပေါင်းဖို့ ကြံစည်နေတာလား
မဟုတ်သေးဘူး ပိုဆိုးတယ် သူတို့က ဒီပါရမီရှင်ကို သူတို့ဂိုဏ်းထဲဆွဲသွင်းဖို့ ကြံနေတာပဲ
သူတို့စိုးရိမ်မှုက ကြာရှည်မခံလိုက်ပေ။
ကျန်းယန် လက်ကာပြလိုက်ပြီး
“မေ့လိုက်တော့ ဘုန်းကြီး ကျွန်တော်က ဗုဒ္ဓသားတော်ဖြစ်လာဖို့ စိတ်ကူးမရှိဘူး အဇူရာတိမ်ဂိုဏ်းမှာပဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေချင်တာ ဘာလို့ ဘုရားသားတော်ဖြစ်လာရမှာလဲ ဟာသပဲ ကောင်းပြီ ကောင်းပြီ ဒေသနာတွေရွတ်နေတာရပ်လိုက်တော့ အဲ့တာက ကျွန်တော့်အပေါ်မှာ အလုပ်မဖြစ်ဘူး ဆိုတော့ ထရပ်ပြီးသာ တိုက်ခိုက်ပေတော့”
“ဒီလိုဆိုရင်တော့ ဒီနိမ့်ကျတဲ့ကိုယ်တော်က သိုင်းပညာမှာပဲ လမ်းညွှန်မှုခံယူလိုက်ပါ့မယ်” ဟွေ့ချင်း ထရပ်ကာ ပြောလိုက်၏။
သူသည် တိုက်ခိုက်ရေးတွင် အမှန်တကယ်ပင် ကျွမ်းကျင်သူ မဟုတ်ပေ။
“သေမျိုးကမ္ဘာမှာ ကျတဲ့နှင်း” ကျန်းယန် ချက်ချင်း သူ့နောက်ဆုံးအကွက်ကို ထုတ်သုံးလိုက်သည်။
ထိုအခါ ကောင်းကင်ပေါ်မှ မရေတွက်နိုင်သော ဓားချီနှင်းလွှာများ ကျဆင်းလာပြီး ဟွေ့ချင်းဆီ ပြေး၀င်သွားခဲ့၏။
ဟွေ့ချင်း ခါးသက်သက်ပြုံးလိုက်ပြီး တစ်ချက်တည်းဖြင့် စည်းဝိုင်းအပြင်ဘက်သို့ ခုန်ထွက်သွားခဲ့လေသည်။
သူသေမျိုးကမ္ဘာမှာကျတဲ့နှင်း အကွက်ကို မချိုးဖျက်နိုင်ပေ။