ကမ္ဘာကြီးကို နှစ်ပေါင်းတစ်ထောင်ကြာအောင် အံ့အားသင့်သွားစေခဲ့သော ကဗျာတစ်ပုဒ်
Vol. 20 Ch. 214
ဂိုဏ်းကြီး ၉ ဂိုဏ်းမှလူများသည် သူတို့အစီအစဉ်ကို ယိလင်၏စကားကြောင့် ပယ်ဖျက်မည့်လူများ မဟုတ်ကြပေ။
ဂိုဏ်းတိုင်းတွင် သူတို့ကိုယ်ပိုင်အကျိုးစီးပွားများ ရှိကြပေသည်။
ထိုပါရမီရှင်များသည် သူတို့ဂိုဏ်းများ၏ အဓိကပုဂ္ဂိုလ်များဖြစ်ကြပြီး အချို့ဆိုလျှင် အနာဂတ်ဂိုဏ်းချုပ်အလောင်းလျာများတောင် ဖြစ်နေကြပြီ ဖြစ်၏။
ကျန်းယန်၏ပါရမီကိုသူတို့လေးစားပါသော်လည်း သူတို့ဂိုဏ်း၏အကျိုးအတွက် ကျန်းယန်ကိုမဖြစ်မနေ သုတ်သင်ကြရပေလိမ့်မည်။
အခြားဂိုဏ်းများမှ ပါရမီရှင်များကတော့ ယိလင်၏စကားကြောင့် မသက်မသာဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက်နှုတ်ထွက်သွားခဲ့ကြသည်။
“နှမြောစရာပဲ” ပါချင်းယန် တိုက်ပွဲကွင်းပြင် ၀င်ပေါက်ကိုကြည့်ကာ သက်ပြင်းချလိုက်၏။
ဂိုဏ်းကြီး ကိုးဂိုဏ်းမှလူများသည် လူတစ်ယောက်ကို လူပေါင်းများစွာဖြင့်ဝိုင်း၀န်းသတ်ဖြတ်ရလောက်အောင် အရှက်မဲ့လိမ့်မည်ဟု သူထင်မထားခဲ့မိပေ။
သို့သော် သူတို့လုပ်နိုင်သည်ကလည်း ကြိတ်၍ ကျိန်ဆဲရုံသာ ဖြစ်သည်။
သူတို့တွင် ထိုဂိုဏ်းကြီးများကို ဆန့်ကျင်နိုင်စွမ်းမရှိကြပေ။
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်၏ နောက်ဆုံးနေ့သို့ ရောက်ရှိလာခဲ့၏။
ထိပ်တန်းဂိုဏ်းများမှ ဂိုဏ်းသားများ ကွင်းပြင်တွင် လေးနက်သောအမူအရာများဖြင့် စုဝေးနေခဲ့ကြသည်။
သူတို့အားလုံး အဓိကပါရမီရှင်ကြီးများ၏ ဦးဆောင်မှုဖြင့် ကွင်းပြင်ထဲသို့ ချဉ်းကပ်လာချိန်တွင် ကျန်းယန် ချင်းရှုမျှော်စင်ကို ကိုင်ကာ ၀င်္ကပါထဲမှ ထွက်လာခဲ့၏။
လူအုပ်ကြီးကိုကြည့်ကာ သူအသာအယာပြုံးလိုက်ပြီး
“ မင်းတို့ကနောက်ဆုံးတော့ ထိန်းမထားနိုင်တော့ဘူးပေါ့”
“မင်းရဲ့ ပါရမီအဆင့်က ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ရဲ့ သမိုင်းမှတ်တမ်းတစ်လျှောက်လုံးက ထိပ်တန်း ပါရမီရှင်သုံးယောက်စာရင်းထဲ ၀င်နိုင်လောက်အောင် ကောင်းပါတယ်” လန်ချင်းဖုန်း သူ့ကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။
“မင်းကိုသာ ရှင်သန်ခွင့်ပေးလိုက်မယ်ဆိုရင် မင်းရဲ့အောင်မြင်မှုတွေကို ဘယ်လိုမှရပ်တန့်လို့ရမှာ မဟုတ်တော့ဘူး
ကံဆိုးတာက မင်းကဂိုဏ်းမှားပြီးမွေးလာခဲ့တာ”
“ဟားဟားဟား” ကျန်းယန် အားရပါးရ ရယ်မောလိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေ ပြောနေဖို့မလိုတော့ဘူး
အဇူရာတိမ်ဂိုဏ်းက ဘယ်သူ့ကိုမှ မစော်ကားခဲ့ဖူးဘူး တကယ့်ပြဿနာက မင်းတို့က သန်မာနေပြီး အဇူရာတိမ်ဂိုဏ်းက လတ်တလောမှာ အားနည်းနေလို့ပဲ”
လင်းရှု အသာအယာခေါင်းညိတ်ပြလိုက်၏။
“မင်းမှန်ပါတယ် အထူးသဖြင့် မင်းကအားနည်းနေတဲ့အချိန်မှာ တန်ဖိုးကြီး ရတနာတွေကိုပိုင်ဆိုင်ထားရင်ပေါ့ အဲ့တာက ကပ်ဘေးကြီးဖြစ်ပွားရတဲ့ အကြောင်းရင်းပဲ”
ချီလန်လည်းရှေ့တက်လာပြီး မျက်မှောင်ကြုံ့ကာ ခပ်ဖြည်းဖြည်းပြောလိုက်သည်။
“ပုဂ္ဂိုလ်ရေးအရတော့ ငါတကယ်ပဲ ဒါမျိုးမဖြစ်ချင်ဘူး ဒါပေမယ့်လည်း ရွေးချယ်စရာမရှိဘူးလေ ခဏနေရင် ငါတို့ထဲက ဘယ်သူမှ သက်ညှာနေမှာမဟုတ်ဘူး ဘယ်သူမှလည်း သက်ညှာမနေသင့်ဘူး”
ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
“သက်ညှာဖို့တဲ့လား ငါသာသက်ညှာပေးမထားရင် မင်းတို့ထဲက လူတစ်၀က်ကျော်လောက်သေပြီးနေပြီ ငါ့ကိုသက်ညှာမယ့်အကြောင်း လာမပြောနဲ့
မင်းတို့မှာရှိတာအကုန်သာထုတ်သုံး”
“ပြောစရာမရှိတော့ဘူး တိုက်ခိုက်ဖို့ပြင်တော့” ကျန်းယန်ကိုမြင်သည်နှင့် ကုန်းရှို့ပင်း ဒေါသများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
“ဒီကိစ္စကို လွန်ခဲ့တဲ့ ၂လကတည်းက စီစဉ်ခဲ့သင့်တာ အခုတော့ မင်းကို အသက် ၂လပိုရှည်ခွင့်ပေးလိုက်မိတယ် မင်းကျေးဇူးတင်သင့်တယ်”
ကျန်းယန် သူ့ကိုတစ်ချက်ကြည့်လိုက်ကာ
“မင်းတို့က ငါ့ကိုနှစ်လပိုအသက်ရှည်ခွင့်ပေးလိုက်တယ်တဲ့လား သေချာလို့လား မင်းတို့ငကြောက်တွေက သေမှာကြောက်နေကြလို့ မဟုတ်လား
အခု နတ်ဝိညာဉ်အဆင့်စွမ်းအားကို ထိတွေ့လိုက်နိုင်မှ ယုံကြည်မှုရှိလာကြတာမဟုတ်လား
ဒါပေမယ့် မင်းတို့ဒါကိုလည်း ထည့်စဉ်းစားဖို့လိုတယ် မင်းတို့ တိုးတက်နေတဲ့အချိန်မှာ ငါကရော ရပ်နေမယ် ထင်လား”
သူ့အသံကိုမြှင့်လိုက်လေရာ သူ့အသံက အေးစက်ကာ ရက်စက်တော့မည့်လေသံအဖြစ် ပြောင်းလဲသွားခဲ့၏။
“ဒါငါ့ရဲ့နောက်ဆုံးသတိပေးခြင်းပဲ မင်းတို့မှာ လုံလောက်တဲ့ခွန်အားမရှိရင် ဒီတိုက်ပွဲထဲ ၀င်မပါနဲ့
ငါစတိုက်ခိုက်တာနဲ့ အဲ့ဒီတိုက်ခိုက်မှုက အားကုန်ထုတ်ထားတဲ့ တိုက်ခိုက်မှု ဖြစ်နေလိမ့်မယ်
ဘယ်သူသေ ဘယ်သူမသေနဲ့ဆိုပြီး ငါဂရုစိုက်နိုင်နေမှာ မဟုတ်ဘူး
မင်းတို့က ကျင့်ကြံခြင်းကမ္ဘာကြီးရဲ့ ကျောရိုးတွေပဲ မင်းတို့သာ အသက်ရှင်နိုင်ခဲ့ရင် အနာဂတ်မှာ ပိုမြင်တဲ့အဆင့်တွေကိုရောက်မှာသေချာတယ်
ငါမင်းတို့သိဖို့လိုတဲ့ သတင်းအချက်အလက်တစ်ခုကို မျှဝေပေးလိုက်မယ် ဒီကမ္ဘာကြီးထဲ ဆင်းသက်လာတဲ့ မိစ္ဆာကပ်ဘေးဆိုတာ ပထမလှိုင်းပဲရှိသေးတယ်
အနာဂတ်မှာ ပိုသန်မာတဲ့မိစ္ဆာတွေ ဆင်းသက်လာကြလိမ့်မယ်
မင်းတို့ကို ဒီနေရာမှာသတ်ပစ်ဖို့ထက် အဲ့ဒီမိစ္ဆာတွေကိုတိုက်ခိုက်တဲ့နေရာမှာ သုံးချင်တယ် အဲ့တာကအသင့်တော်ဆုံး ရွေးချယ်မှုပဲ”
“ဟားဟား မင်းကသေမှာကြောက်တော့ အဓိပ္ပာယ်မရှိတာတွေပြောနေပြီပေါ့” ကုန်းပိုင်ဟေး အထင်အမြင်သေးစွာ ပြောလိုက်၏။
“ငါတို့ကို ခြိမ်းခြောက်ဖို့ မိစ္ဆာတွေကိုသုံးတယ်ပေါ့ ရိုင်းလိုက်လေ အားလုံးပဲ ပြောစရာဘာမှမရှိတော့ဘူး တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”
ပြောပြီးသည်နှင့် သူကောင်းကင်ပေါ် ပျံတက်သွားခဲ့ကာ ကောင်းကင်တစ်ခွင်လုံးတွင် မိုးကြိုးများ ပျံ့နှံ့လာခဲ့သည်။
အခြားသူများလည်းတစ်ယောက်ပြီးတစ်ယောက်တိုက်ကွက်များ ထုတ်လိုက်ကြ၏။
နတ်ဝိညာဉ်အဆင့်ကို ထိတွေ့ပြီးသူများကတော့ မှော်လက်နက်များကိုကိုင်ဆောင်ကာ ကျန်းယန်ဆီပြေး၀င်လာခဲ့ကြသည်။
သူတို့တာ၀န်က ကျန်းယန်လက်ထဲက ချင်းရှုမျှော်စင်ကို တာ၀န်ယူဖို့သာ ဖြစ်၏။
“မင်းတို့က တကယ်ပဲ သေမှာမကြောက်ကြဘူးလား” ကျန်းယန် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
“မင်းမှာဘာလှည့်ကွက်ပဲရှိရှိ သုံးသာ သုံးလိုက်စမ်းပါ” ကုန်းရှို့ပင်း အော်ပြောလိုက်၏။
ကျန်းယန် ခေါင်းငုံ့ကာ အေးအေးဆေးဆေးပြောလိုက်သည်။
“လှည့်ကွက်မရှိပါဘူး ငါမင်းတို့ကို ကဗျာလေးတစ်ပုဒ်တော့ ရွတ်ပြချင်တယ် ရှေးကျပြီးလှပတဲ့ ကဗျာလေးပေါ့”
“နွေဉီးမြစ်ရဲ့ ဒီရေလှိုင်းတွေဟာ ပင်လယ်နဲ့အတူ မြင့်တက်လာတယ်”
ကျန်းယန်၏အသံပျောက်ကွယ်သွားသည်နှင့် ကောင်းကင်နှင့်မြေပြင်တစ်ခွင်တွင် ရေလှိုင်းကြီးများ ထွက်ပေါ်လာခဲ့၏။ ကောင်းကင်နှင့်မြေပြင်နိယာမများ၏ သက်ရောက်ခြင်းခံလိုက်ရသောကြောင့် မရေတွက်နိုင်သော ရေဒြပ်စင်နိယာမများက တိုက်ပွဲကွင်းပြင်အ၀င်၀ဆီ စုဝေးလာခဲ့သည်။
ထိုရေနိယာမများ ၀င်ပေါက်ဆီ မရောက်ရှိသေးခင်တွင် ထိုရေများသည် စီးဆင်းနေသော ရေစီးကြောင်းများအဖြစ် ပြောင်းလဲသွားခဲ့ကြ၏။
ထို့နောက် ကမ္ဘာကြီးတစ်ခုလုံးရှိ ရေများက ၀င်ပေါက်ဆီ ရေစီးကြောင်းများအဖြစ် ပြေး၀င်လာခဲ့ကြလေတော့သည်။
အသက် ၁ရှိုက် ၂ရှိူက်စာအတွင်း ၀င်ပေါက်တွင် ကျယ်ပြန့်လွန်းသော သမုဒ္ဒရာကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ချီလန့်အမူအရာပြောင်းလဲသွားခဲ့သည်။
ထိုအရာက အကန့်အသတ်မဲ့ပင်လယ် နည်းစနစ်မဟုတ်ပါလော။
သူ့အကွက်သည် ကူးးယူခံလိုက်ရခြင်းပေလော။
ကုန်းရှို့ပင်း လှောင်ပြောင်လိုက်၏။
“အမြဲ သူများနည်းစနစ်တွေကိုပဲခိုးနေတာ မင်းမှာ ဘယ်လိုလှည့်ကွက်မျိုးရှိလဲ ကြည့်ကြတာပေါ့”
ရေနိယာမများစုဝေးနေသော်လည်း သူတို့ထိုထဲက ဘယ်လိုကြောက်စရာသတ်ဖြတ်ခြင်းစွမ်းအားကိုမှ မခံစားမိကြပေ။
“ပင်လယ်ပြင်မှာ လရောင်ကဒီရေနဲ့အတူ မြင့်တက်လာတယ်”
ရုတ်ချည်းဆိုသလို သမုဒ္ဒရာထဲရှိ ဒီရေများက ဝုန်းဒိုင်းကြဲလာခဲ့၏။ ချီလန်၏ အကန့်အသတ်မဲ့ ပင်လယ်လိုပင် ဒီရေလှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်းရှေ့တက်လာခဲ့ပြီး နောက်ကလှိုင်းများက ရှေ့လှိုင်းများထက် ပိုပြီး အားကောင်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင် တောက်ပနေသောလရောင်များ ထိုလှိုင်းများထဲမှ ထွက်ပေါ်လာခဲ့၏။
ရုတ်ချည်းဆိုသလို သမုဒ္ဒရာမျက်နှာပြင်ကြီးတစ်ခုလုံးက တောက်ပနေသော အဖြူရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သာမန်ပါရမီရှင်များသည် ထိုလှိုင်းများကို အရင်လိုပင်သာမန်လှိုင်းများထင်၍ ခုခံနေကြချိန်တွင် ရေလှိုင်းများက သူတို့ကို ကြမ်းကြုတ်စွာ ပိုင်းဖြတ်သွားခဲ့၏။
ထိုအခါမှသာ ရေလှိုင်းများက ရေလှိုင်းများသက်သက် ဟုတ်မနေမှန်း သူတို့သိရှိသွားခဲ့ကြသည်။
ထိုရေလှိုင်းများသည် အလွန်ထက်ရှနေခဲ့ခြင်းဖြစ်၏။
“ဒါက ဓားချီပဲ ရေလှိုင်းမဟုတ်ဘူး လူတိုင်းသတိထားကြ ဒါကဓားချီတွေ ရေလှိုင်းမဟုတ်ဘူး မဟုတ်ဘူး ဒါကရေလှိုင်းတွေ ရေလှိုင်းထဲမှာ ဓားချီတွေပါနေတာ သေချာဂရုစိုက်ကြပါ” ပါရမီရှင်များ အော်ဟစ်ပြီး သတိပေးလိုက်ကြသည်။
သို့သော်လည်း ထိုရေလှိုင်းများ၏ပိုင်းဖြတ်ခြင်းကိုခံလိုက်ရသော အလောင်းများစွာရှိနေခဲ့ပြီး ရေပြင်က ဆေးဆိုးလိုက်သလို သွေးနီရောင်တောက်သွားခဲ့ကာ ထိုအရာက သမုဒ္ဒရာအောက်တွင် လူဘယ်နှစ်ယောက် သေဆုံးသွားရပြီလဲဆိုတာ ညွှန်ပြနေခဲ့၏။
ချီလန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်လေသည်။
သူ့အဆုံးအစမဲ့ပင်လယ်ကို ဓားချီဖြင့်ပေါင်းစပ်၍ ရလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
ထိုအရာက ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။
ကျန်းယန်ဆီမှ များပြားလှသော စိတ်ဝိညာဉ်စွမ်းအားများက ကောင်းကင်နှင့်မြေပြင်နိယာမများဆီ စီး၀င်နေခဲ့သည်။
“တောက်ပနေတဲ့လှိုင်းတွေက မိုင်ထောင်ချီအောင် ဆန့်တန်းသွားတယ် လရောင်မရှိဘဲ နွေဦးကဘယ်လိုတောက်ပနိုင်မှာလဲ”
ရေလှိုင်းများပေါ်က တောက်ပနေသော လရောင်များက ကောင်းကင်ဆီတက်သွားခဲ့၏။
ရုတ်ချည်းဆိုသလို ကမ္ဘာကြီးတစ်ခုလုံးက နှိုင်းယှဉ်လို့မရအောင် အေးစက်သွားပြီး အဖြူရောင်အလင်းဖျော့ဖျော့များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရလေသည်။
ထို့နောက် မရေတွက်နိုင်သောအလင်းများ ကောင်းကင်မှ ကျဆင်းလာခဲ့၏။
အလင်းတန်းတစ်ခုချင်းစီတွင် ဓားချီမျှင်တစ်ခုဆီ ပါနေခဲ့သည်။
မရေတွက်နိုင်သော သောင်းချီသည့် ဓားချီမျှင်များက ကောင်းကင်ပေါ်မှ အလင်းမိုးရွာချသလို လူအုပ်ကြီးထဲ ကျရောက်သွားခဲ့၏။
ကျန်းယန် လက်ကိုမြှောက်လိုက်သည်။
ထိုအခါ ဓားပျံငါးစင်းက လေထဲပျံတက်သွားပြီး အဆုံးမဲ့သော ဓားချီများဖြင့် ပေါင်းစပ်သွားခဲ့၏။
မြက်ရိုင်းရှည်များကြားထဲက အဆိပ်ပြင်းမြွေများသကဲ့သို့ ဓားပျံငါးစင်းက ဓားချီပင်လယ်ထဲ ပုန်းအောင်းနေကာ သားကောင်ကို သတ်ဖြတ်ဖို့ ချောင်းမြောင်း စောင့်ဆိုင်းနေခဲ့လေသည်။