သွေးစွန်းသော သတ်ဖြတ်သူ
Vol. 20 Ch. 215
လန်ချင်းဖုန်း ကုန်းရှို့ပင်းနှင့် အဓိကပါရမီရှင်များကို တိုက်ခိုက်ရာတွင်ပင် ထိုသူများဘယ်သူမှ ကျန်းယန်၏ ဓားချီကို မခုခံနိုင်ခဲ့ပေ။
ယခုလို အဓိကပါရမီရှင်မဟုတ်သောသူများက ကျန်းယန်၏ဓားချီကို မည်သို့ခုခံနိုင်ပါတော့မည်နည်း။
အဆင့် ၅ အထက် အကာအကွယ်မှော်ရတနာကို ပိုင်ဆိုင်ထားမှသာ သူ့ဓားချီကို ကာကွယ်ဖို့ဖြစ်နိုင်မည်ဖြစ်ပြီး ထိုအဆင့်မှော်ရတနာများကလည်း ရှာတွေ့ဖို့ လွယ်ကူသောအရာများဟုတ်မနေပေ။
ထို့အပြင် ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးက အဖြူရောင်တောက်နေသောကြောင့် နေရာတိုင်းတွင် ဓားချီများရှိနေသလိုဖြစ်နေပြီး ပတ်၀န်းကျင်က ထိုဓားချီများကို ခုခံဖို့ ပိုခက်ခဲသွားအောင် ဖန်တီးပေးနေခဲ့သည်။
ပိုကြောက်စရာကောင်းသည်မှာ ထိုဓားချီပင်လယ်ထဲတွင် ထူးဆန်းသော စွမ်းအားတစ်မျိုးလည်း ရှိနေသေး၏။
ထိုထူးဆန်းသောစွမ်းအားက ရှန်ကျင်းချန်အသုံးပြုသော ထူးဆန်းသည့်ဓားစွမ်းအားနှင့်တူပြီး ရှင်းလင်းပစ်ဖို့ ခက်ခဲလွန်းလှသည်။
“ငါ့ဓားဆန္ဒကိုလည်း ခိုးသွားတာလား…” ရှန်ကျင်းချန် ကြိတ်၍ တုန်လှုပ်သွားမိ၏။
ထိုအရာက သူကိုယ်တိုင်နားလည်သဘောပေါက်ထားခဲ့သော ဓားဆန္ဒ ဖြစ်ပေသည်။
သူထိုဓားဆန္ဒကိုထုတ်ပြတာတောင် မကြာသေးချိန်တွင် အဘယ်ကြောင့် ထိုအရာက ခိုးယူခံလိုက်ရပါသနည်း။
သို့သော် သေချာကြည့်သောအခါ ထိုဓားဆန္ဒက သူ့ဓားဆန္ဒနှင့် ဆင်တူရုံသာ ဖြစ်ပြီး အတိအကျတူမနေမှန်း သိရှိသွားခဲ့၏။
“တိုက်ခိုက်ကြ ငါတို့အခုမတိုက်ခိုက်ရင် အခြားသူတွေ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး”
ထိုဓားချီများက ဘယ်လောက်ကြောက်စရာကောင်းမှန်း ရှန်ကျင်းချန် ကောင်းကောင်းကြီး သိပေသည်။ ထိုမသေဆုံးနိုင်သည့် ဓားချီများက သာမန်ပါရမီရှင်များ ခုခံနိုင်သောအရာဟုတ်မနေပေ။ သူတို့သာ ဒီတိုင်းဆက်တိုက်ခိုက်ခံနေရလျှင် အားလုံး သေဆုံးသွားမှာ သေချာပေသည်။
တကယ်တော့ ပင်လယ်ရေပြင်သည်ပင် ပိုပိုနီစွေးလာခဲ့ပြီး ရေပြင်ပေါ် ပေါ်နေသောအလောင်းများပင်ရှိလာပြီဖြစ်သောကြောင့် သေဆုံးသွားသူက ပိုများလာမှန်း သူတို့သိရှိနေခဲ့၏။
လူတိုင်းနှလုံးသားများ ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့သည်။ နောက်ဆုံးတွင် နတ်ဝိညာဉ်အဆင့်ကိုထိတွေ့မိနေသော ပါရမီရှင်များ စတင်လှုပ်ရှားလိုက်ကြသည်။
လန်ချင်းဖုန်းအေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ရေခဲကမ္ဘာကို ပင်လယ်ရေမျက်နှာပြင်ပေါ် ဖြန့်ကျက်လိုက်၏။
ရှန်ကျင်းချန်၏ ဓားနှစ်လက်ကလည်း ပူးပေါင်းသွားပြီး ကျန်းယန်၏ သေကွင်းသေကွက်နေရာများသို့ ဦးတည်သွားခဲ့သည်။
ချီလန်ကတော့ အကန့်အသတ်မဲ့ပင်လယ်ကိုအသက်သွင်းစရာပင် မလိုခဲ့ပေ။ ကျန်းယန်၏ ရေများထဲမှ ရေအနည်းငယ်ကို အတင်းအကြပ်ထိန်းချုပ်လိုက်ပြီး ထိုရေများဖြင့် သူ့ကိုပြန်တိုက်ခိုက်ဖို့ ကြိုးစားလိုက်၏။
လင်းရှု၏ ဓားလေးချောင်းလည်း ကောင်းကင်မှကျဆင်းလာပြီး ကျန်းယန်ကို အမဲလိုက်ဖို့ ပြင်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်မှ ကုန်းပိုင်ဟေး မိုးကြိုးများဖြင့် ကျန်းယန်ကို တစ်စင်းပြီးတစ်စင်း ပစ်ချလိုက်၏။
……
ဂိုဏ်းကြီးများမှ ပါရမီရှင်တိုင်း စတင်တိုက်ခိုက်ခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် စစ်ထူမင်ယွဲ့ ကျိယန် ချင်းရှုနှင့် ဟူတလီတို့ ၀င်္ကပါထဲမှ ထွက်လာခဲ့ကြ၏။
ထို့နောက် အဆောင်များကို လက်မလည်အောင် တစ်ခုပြီးတစ်ခု ပစ်လွှတ်လေတော့သည်။
သူတို့တွင် ပစ်မှတ်မရှိပေ။ မြင်မြင်ရာကို ပစ်နေခဲ့ခြင်းဖြစ်၏။
သူတို့လေးယောက်ပေါင်းလျှင် အဆောင်အရေအတွက်က ၄၀၀ ရှိနေခဲ့ခြင်း ဖြစ်သည်။
အဆောင်များကိုအသက်သွင်းဖို့ကလည်း အချိန်မလိုသောကြောင့် သူတို့ပစ်နေသောနှုန်းသည် အသက်တစ်ရှိုက်စာကို ၁ဝခုနှုန်းလောက်ဖြင့် ပစ်နေခဲ့ကြခြင်း ဖြစ်၏။
အားလုံးပေါင်းလျှင် အသက်၁ရှိုက်စာအချိန်တွင် သူတို့ဆီမှ အဆောင်၅၀နီးနီးထွက်လာနေခဲ့သည်။
အဆောင်တစ်ခုချင်းစီ၏ စွမ်းအားက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်၏ တိုက်ခိုက်မှုနှင့် ညီ၏။
ဆုတ်ကြ
ဂိုဏ်းကြီးများမှ ပါရမီရှင်များ အော်ဟစ်လိုက်ကြသည်။
နတ်ဝိညာဉ်အဆင့်ကိုထိတွေ့မိနေသူများပင် ထိအဆောင်လှိုင်းကြီးဖြင့် ရင်ဆိုင်ရသောအခါ နောက်ဆုတ်ဖို့မှလွဲ ရွေးစရာမရှိခဲ့ပေ။
အချိန်တိုလေးအတွင်း ထိုမျှများပြားသောတိုက်ခိုက်မှုများကို စုပြုံခံရခြင်းက အတော်လေး ကြောက်စရာကောင်းလွန်းလှ၏။
ကျန်းယန် ကိုယ်တိုင်လည်း ထိုအဆောင်များကို ရှောင်နေခဲ့ရသည်။ နောက်ဆုံးတွင် သူကိုယ်တိုင်က ဘာကိုမှမကြည့်ဘဲ မြင်မြင်ရာ ပစ်ဖို့မှာခဲ့ခြင်း မဟုတ်ပါလော။
သူတို့သာ တွန့်ဆုတ်နေခဲ့လျှင် ဤဂိုဏ်းကြီးများ၏ ပထမလှိုင်းတိုက်ခိုက်မှုကို ခုခံဖို့မလွယ်မှန်းလည်း သူကောင်းကောင်းကြီး သိပေသည်။
ရုတ်တရက်ဆိုသလို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင် ၀င်ပေါက်ရှေ့တွင် နေရာလွတ်ကျယ်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့၏။
ကျန်းယန် ဖန်တီးထားသော ပင်လယ်ရေများပင် ထိုနေရာတွင် အဖျက်ဆီးခံလိုက်ရသည်။
သို့သော် ဂိုဏ်းကြီးများ၏ဆုံးရှူံးမှုကတော့ ပိုပြီး ကြီးမား၏။
အဆောင်လေးရာကျော်နှင့် ကျန်းယန်၏ ဓားချီများကြောင့် သူတို့ဘက်က ပါရမီရှင်ဒါဇင်နှင့်ချီပြီး သေဆုံးသွားခဲ့ရသည်။
ထိုထဲမှ အချို့ဆိုလျှင် အရိုးပင်မကျန်ခဲ့ပေ။
လန်ချင်းဖုန်းနှင့်အခြားသူများ မနေ့ညက ယိလင်ပြောခဲ့သောစကားကို ပြန်မတွေးဘဲ မနေနိုင်ခဲ့ပေ။
ထိုစကားက တကယ်ကြီး မှန်လာခဲ့ချေပြီ။
သို့သော် သူတို့ရင်ထဲတွင် အမုန်းမီးများတောက်လောင်နေပြီဖြစ်သောကြောင့် နောက်ဆုတ်ဖို့ကလည်း မဖြစ်နိုင်တော့ပေ။
“သတ်”
အဆောင်များမရှိတော့သောအခါ ကုန်းပိုင်ဟေး ချက်ချင်းဆိုသလို မိုးကြိုးတိမ်တိုက်များအား တိုက်ပွဲကွင်းပြင်အ၀င်၀ဆီ ဆင့်ခေါ်လိုက်၏။
အခြားသူများလည်း ဒေါသတကြီးဖြင့် ၀င်ပေါက်ဆီ ချီတက်လာခဲ့ကြသည်။
ထိုသူများကိုကြည့်ရင်း ကျန်းယန် စိတ်ဝိညာဉ်စွမ်းအင်ဖြည့်တင်းဆေးတစ်လုံးသောက်လိုက်ကာ ချင်းရှုမျှော်စင်ထဲ စိတ်ဝိညာဉ်စွမ်းအားများ လောင်းထည့်လိုက်၏။
အစက သူသည် ထိုတိုက်ပွဲကိုဖန်တီးရန် စိတ်ဝိညာဉ်စွမ်းအင်တစ်၀က်နီးနီးအသုံးပြုခဲ့ရသည်။
ယခု ထိုလက်ကျန်စွမ်းအင်နှင့် စိတ်ဝိညာဉ်ဖြည့်တင်းဆေးမှ စွမ်းအင်ကိုပေါင်းလျှင် သူချင်းရှုမျှော်စင်ကိုတော့ အသုံးပြုနိုင်နေသေး၏။
ဤအခေါက်တွင်တော့ ချင်းရှုမျှော်စင်မှ ထွက်လာသည်က မိုးကြိုးသက်သက်မဟုတ်တော့ပေ။
ကျန်းယန် ၀င်ပေါက်တစ်ခုလုံးကို မိုးကြိုးပင်လယ်အဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။
မရေတွက်နိုင်သော မိုးကြိုးများက ပြေး၀င်လာသော ကုန်းပိုင်ဟေးနှင့်အခြားသူများပေါ် ကျရောက်နေခဲ့၏။ မိုးကြိုးနိယာမကို ကျင့်ကြံသော ကုန်းပိုင်ဟေးပင် နတ်ဝိညာဉ်အဆင့် မိုးကြိုးများနှင့်တွေ့ရသောအခါ ကြောက်လန့်သွားခဲ့မိသည်။
“ဒီရတနာကတကယ်ကြောက်စရာပဲ ဒါပေမယ့် သူ့စိတ်ဝိညာဉ်စွမ်းအားက အကြာကြီးတောင့်ခံနိုင်တော့မှာမဟုတ်ဘူး” ကုန်းရှို့ပင်း ကြမ်းကြုတ်စွာ ပြောလိုက်၏။
“ဒီတစ်ခေါက် သူလုံး၀မလွတ်စေရတော့ဘူး”
အခြားသူများလည်း ခေါင်းညိတ်ပြလိုက်ကြသည်။
ချင်းရှုမျှော်စင်၏စွမ်းအားကို နတ်ဝိညာဉ်အဆင့်စွမ်းအားနှင့်ထိတွေ့ပြီးသော လန်ချင်းဖုန်းနှင့်လင်းရှုတို့ပင် အကြိမ်အနည်းငယ်သာ ခုခံနိုင်ခဲ့ကြ၏။
သို့သော် ထိုမျှစွမ်းအားကြီးသောရတနာကိုကျန်းယန်က ဘယ်လောက်ကြာအောင် ထိန်းချုပ်ထားနိုင်ပါမည်နည်း။
ကျန်းယန်ကိုယ်တိုင်လည်း စိတ်ညစ်နေခဲ့မိသည်။
ဒီလောက်ကြာသွားတာတောင် ၀င်ပေါက်ကအဘယ်ကြောင့် ပွင့်မလာသေးပါသနည်း။
သူ့စိတ်ဝိညာဉ်စွမ်းအားက ဘယ်လောက်နက်ရှိုင်းရှိုင်း ချင်းရှုမျှော်စင်ကို တစ်ရက်လုံးကြီးတော့ အသုံးပြုနေနိုင်မည် မဟုတ်ပေ။
တစ်နာရီလောက်ကြာအောင် အသုံးပြုနိုင်လျှင်ပင် သူသည် ဝိညာဉ်အခြေတည်အဆင့်များကြား ပြိုင်ဘက်ကင်းသူ ဖြစ်နေပေလိမ့်မည်။
မွန်းတည့်ခါနီးချိန်အထိ ၀င်ပေါက်က ပွင့်မလာခဲ့သေးပေ။
သူ့စိတ်ဝိညာဉ်စွမ်းအားက လျင်မြန်စွာ ကျဆင်းနေပြီး စိတ်ဝိညာဉ်စွမ်းအင်ဖြည့်တင်းဆေးကပင် အလျင်မီအောင် ပြန်ဖြည့်မပေးနိုင်တော့ပေ။
မည်းမှောင်နေသောမျက်နှာထားဖြင့် ကျန်းယန် လက်တစ်ဖက်ဖြင့် သူ့ကိုယ်ပေါ်က သိုလှောင်ရတနာကို ထိလိုက်သည်။
ထိုထဲတွင် ရှိနေသည်က ဖန်ဆင်းခြင်းခန်းမထဲက ရလာသော ဆေးပင်များဖြစ်ပြီး ထိုအပင်များအားလုံးက အနည်းဆုံးနှစ်သုံးထောင်သက်တမ်းရှိသော အပင်များ ဖြစ်၏။ သူ့အာရုံက လိပ်ပုံစံရှိသော အသီးတစ်လုံးဆီ ရောက်ရှိသွားခဲ့သည်။
သူချက်ချင်းဆိုသလို ထိုလိပ်သီးကို ဆွဲဖြုတ်ကာ ပါးစပ်ထဲ ပစ်ထည့်လိုက်၏။
အသီးကချက်ချင်းဆိုသလို သူ့ပါးစပ်ထဲ ပျော်၀င်သွားခဲ့လေသည်။
ထို့နောက် သူ့ခန္ဓာကိုယ်မှ စွမ်းအင်များ ရေကြီးသလို ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
သူ့စိတ်ဝိညာဉ်စွမ်းအင်များအားလုံး ပြန်ပြည့်သွားရုံသာမကဘဲ သူသာ ပိုလျှံနေသော စွမ်းအင်များကို ထုတ်မပစ်လျှင် သူ့ကိုယ်ပေါက်ကွဲသွားတော့မလို ကျန်းယန် ခံစားနေခဲ့ရသည်။
ထိုအရာက အနည်းဆုံးနှစ်သုံးထောင်သက်တမ်းရှိသော အသီးဖြစ်ပြိး ထိုအသီး နှစ်သုံးထောင်ကို ဘယ်လောက်ကျော်နေမလဲ ဘယ်သူမှ မသိနိုင်ပေ။
“အားးး”
ဟိန်းဟောက်သံကြီးနှင့်အတူ ကျန်းယန် ချင်းရှုမျှော်စင်ကိုဆွဲ၍ လေထဲသို့ ပျံတက်သွားခဲ့၏။
ထို့နောက် သူ့စွမ်းအားများကို အားနည်းနေပြီဖြစ်သော မိုးကြိုးပင်လယ်ထဲ လောင်းထည့်လိုက်ရာ မိုးကြိုးပင်လယ်ကြီးက အားကောင်းလာရုံသာမက ဧရိယာကလည်း ကြောက်စရာကောင်းအောင် ပိုကျယ်လာခဲ့သည်။ ကြောက်စရာကောင်းလွန်းသော မိုးကြိုးပင်လယ်ကြီးတစ်စင်း တိုက်ပွဲကွင်းပြင်ထဲ ရှိလာခဲ့ချေပြီ။
တစ်ချိန်တည်းမှာပင် သမုဒ္ဒရာရေလှိုင်းများက အရပ်မျက်နှာပေါင်းစုံမှ ပြေးတက်လာခဲ့၏။ လှိုင်းများက ၀င်ပေါက်တစ်ခုလုံးကိုပင် လွှမ်းသွားခဲ့သည်။
“လခွီးးး…”
“သူဘာကြီးသောက်လိုက်တာလဲဟ”
ထိပ်တန်းပါရမီရှင်များ လုံး၀တုန်လှုပ်နေသော အမူအရာဖြင့် ငေးကြည့်နေခဲ့မိကြ၏။