အခန်း (၄၄၁)
Vol. 45 Ch. 441
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဤနေရာသည် ယာယီ မင်္ဂလာခန်းဆောင် ဖြစ်သော်လည်း ရှိသင့်ရှိထိုက်သည့် အရာအားလုံး ရှိနေသည်။ တုယွီသည် ဝိုင်နှစ်ခွက်ပင် ငှဲ့ထားလိုက်သေးသည်။
"သူ့ကို ဖြေဆေးပေးလိုက်" တုယွီက ပြောလိုက်သည်။
အစေခံအမျိုးသမီးက ပြောလိုက်၏။ "ဆေးအာနိသင် ပြယ်သွားရင် ဒီမိန်းမ ခုခံလိမ့်မယ်လို့ စိုးရိမ်ရပါတယ်"
"ခုခံမယ်..." တုယွီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "သိုင်းပညာမရှိတဲ့ မိန်းမတစ်ယောက်က ကြောင်လေးလိုပါပဲ။ ပိုပြီး ခုခံလေ ငါက ပိုပြီး သဘောကျလေပဲ"
အစေခံအမျိုးသမီးက ခေါင်းညိတ်လိုက်၍ ပုလင်းတစ်လုံးကို ထုတ်ယူကာ ဖွင့်လိုက်ပြီး တုဖိန်အာ၏ နှာခေါင်းအောက်တွင် လှုပ်ယမ်းလိုက်သည်။ အလွန် စူးရှသော အနံ့သည် နှာခေါင်းထဲသို့ တိုးဝင်သွားပြီး ပြင်းထန်သော အနံ့ကြောင့် တုဖိန်အာ ချက်ချင်း နိုးလာကာ သူမ၏ လှပသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
တုယွီ၏ ပိန်လှီပြီး ဖြူဖပ်ဖြူရော် မျက်နှာသည် ရုတ်တရက် တုဖိန်အာ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး တုဖိန်အာကို အံ့အားသင့်စေရန် ရည်ရွယ်ပုံရသည်။
သို့သော် မည်သည့် တုံ့ပြန်မှုမှ မရှိပေ။
"ဘာဖြစ်လို့လဲ... ငါ့ကို တွေ့ရတာ မပျော်ဘူးလား။ ကြောက်ဖို့ မကောင်းဘူးလား" တုယွီ စိတ်ပျက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
ယခုအချိန်တွင် တုဖိန်အာ၏ အခြေအနေကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြနိုင်သည်။ သေဆုံးခြင်းထက် ပိုမို ဝမ်းနည်းဖွယ် ကောင်းသောအရာ မရှိတော့ပေ။ ရိုးရှင်းစွာပြောရလျှင် သူမသေချင်မိသည်။
သူမ၏ စိတ်ခံစားမှု ကမ္ဘာသည် ရိုးရှင်းသော်လည်း ရှုပ်ထွေးသည်။ ရိုးရှင်းစွာပြောရလျှင် သူမကိုယ်၌က ဇဝေဇဝါဖြစ်နေမိသည်။
သူမ၏ ရင်ထဲတွင် လူတစ်ယောက်တည်းသာ ရှိပြီး ထိုလူမှာ တုပိုင်ဖြစ်သည်။ သို့သော် တုပိုင်သည် ချစ်သူလား ၊ မောင်လေးလား ဆိုသည်ကို သူမကိုယ်တိုင် မသိပေ။
ခင်ပွန်းသည် ဝူယန်မင်နှင့် ပတ်သက်၍မူ သူတို့ လက်ထပ်ခဲ့သည်မှာ နှစ်အနည်းငယ် ကြာခဲ့ပြီ ဖြစ်သည်။ ကလေးမရခဲ့သော်လည်း ကြောင်ကလေးတစ်ကောင်ကိုပင် အချိန်ကြာမြင့်စွာ အတူနေလျှင် သံယောဇဉ် ဖြစ်ပေါ်တတ်သည် မဟုတ်ပါလော။ လူသားချင်းဆိုလျှင် ဆိုဖွယ်ရာ မရှိပေ။
အထူးသဖြင့် ခင်ပွန်းသည် ဝူယန်မင်သည် သူမအပေါ် အမြဲ ကောင်းမွန်ခဲ့ပြီး ယောက္ခထီးဖြစ်သူကလည်း သူမအပေါ် ကောင်းမွန်ခဲ့သည်။
ထို့ကြောင့် တုဖိန်အာသည် ဤနေရာကို သူမ၏ အိမ်အဖြစ် ၊ ယောက္ခထီးနှင့် ခင်ပွန်းသည်ကို ဆွေမျိုးသားချင်းများအဖြစ် သတ်မှတ်ခဲ့သည်။ သူမ ဝူမိသားစုနှင့်အတူ တစ်သက်လုံး နေထိုင်သွားရန် ရည်ရွယ်ခဲ့သည်။ သူမ၏ မောင်လေး တုပိုင် မည်မျှပင် ကြီးပွားနေပါစေ ၊ သူမတွင် အခြားစိတ်ကူး မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးတစ်ယောက် အနေဖြင့် အမျိုးသမီးတို့၏ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းရမည် မဟုတ်ပါလော။
သို့သော် အပြောင်းအလဲများ ဤမျှ မြန်ဆန်ပြင်းထန်လိမ့်မည်ဟု ၊ လူ့သဘောသဘာဝသည် ဤမျှ ယုတ်မာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
အမြဲတမ်း ကြင်နာသနားတတ်သော ယောက္ခထီးသည် မျက်နှာပြောင်းလဲလိုက်သည်နှင့် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး ရက်စက်သွားလေသည်။
သူမအပေါ် အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်သော ခင်ပွန်းသည် ဝူယန်မင်သည်လည်း ချက်ချင်းပင် အလွန် အေးစက်သွားခဲ့သည်။
ကွာရှင်းစာချုပ် တစ်စောင်က သူမကို မှင်သက်သွားစေခဲ့သည်။ ကိစ္စမရှိချေ။ ကွာရှင်းလိုက်ရုံသာဖြစ်၏။ သူမ အိမ်ပြန်နိုင်ပါသေးသည်။ သူမ၌ မိဘများ ရှိသေးသလို မောင်လေး တုပိုင်လည်း ရှိသေးသည်။
သို့သော် ဝူယန်မင် သားအဖသည် အုပ်ချုပ်ရေးမှူး တုကျန်းကို မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် သူမကို တိရစ္ဆာန်ကောင် တုယွီလက်ထဲ ထည့်ပေးလိုက်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
ယခုအချိန်တွင် တုဖိန်အာအတွက် ကောင်းကင်နှင့် မြေကြီး ပြိုကျပျက်စီးသွားသကဲ့သို့ ဖြစ်ပြီး သူမ၏ စိတ်တစ်ခုလုံး ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူမသည် လောကကြီးတစ်ခုလုံးကို လုံးဝ မသိတော့သကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် သူမ အသည်းအသန် ခုခံပြီး ကွေ့လင်စီရင်စုသို့ ထွက်ပြေးရန် ကြိုးစားခဲ့သည်။ ရလဒ်အနေဖြင့် သူမသည် မြေတိုက်ထဲတွင် အကျဉ်းချခံလိုက်ရပြီး နေ့စဉ် ဆေးများ တိုက်ကျွေးခံခဲ့ရသည်။ သူမ မျှော်လင့်နေသော ယောက္ခမသည်လည်း တစ်ခါမျှ ပေါ်မလာခဲ့ပေ။
**--**--**--**--**--**--**--**
"မင်း ငါ့ကို မကြောက်ဘူးလား"
တုဖိန်အာ၏ ပုံစံကို မြင်လိုက်ရသောအခါ တုယွီ ရုတ်တရက် ဒေါသထွက်သွားပြီး လက်ထဲမှ ဝိုင်ခွက်ဖြင့် သူမ၏ မျက်နှာကို ကြမ်းတမ်းစွာ ပက်လိုက်သည်။
တုဖိန်အာ မအော်သလို မငိုခဲ့ပေ။ ဤကဲ့သို့ မတုန့်ပြန်သည့် သူကို နှိပ်စက်ရတာ မည်သည့်အဓိပ္ပာယ် ရှိဦးမည်နည်း။
"တုယွီ... ငါ နင့်ကို တစ်ခုလောက် တောင်းဆိုပါရစေ" တုဖိန်အာ ရုတ်တရက် ပြောလိုက်၏။
"တောင်းဆိုမလို့..." တုယွီ ရယ်မောလိုက်သည်။ "ကောင်းပြီလေ... ကောင်းပြီလေ... မင်း ငါ့ကို တောင်းဆိုစရာ ရှိရင် ပြောပါ..."
"ငါ့ကို သတ်ပေးပါ... ကျေးဇူးပြုပြီး" တုဖိန်အာ တည်ငြိမ်စွာ ပြောလိုက်၏။
"မင်းကို သတ်ရမယ်... မဖြစ်နိုင်တာ... ငါ ဘယ်လိုလုပ် ရက်စက်ရမှာလဲ" တုယွီက ပြောလိုက်၏။ "လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ငါ မင်းခန္ဓာကိုယ်ကို လိုချင်ခဲ့တာ။ ကံဆိုးစွာနဲ့ အဲဒီတုန်းက မင်းက အရွယ်မရောက်သေးဘူး။ အခုတော့ မင်း ငါ့လက်ထဲ ရောက်လာပြီဆိုတော့ ငါ ဘာလို့ သတ်ရမှာလဲ။ အကြိမ်တစ်ရာလောက် အိပ်ပြီးမှ မင်းကို သေခွင့်ပေးမယ်"
တုဖိန်အာ ဝမ်းနည်းစွာ ပြုံးလိုက်ပြီး မည်သည့် တုံ့ပြန်မှု ၊ မည်သည့် ကြောက်ရွံ့မှုမျှ မပြသပေ။
တုယွီ ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။ "ဘာလို့ မငိုတာလဲ... ဘာလို့ မအော်တာလဲ..."
ထို့နောက် သူသည် ဓားမြှောင်တစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်ပြီး တုဖိန်အာ၏ မျက်လုံးများကို ချိန်ရွယ်ကာ ပြောလိုက်၏။ "မင်း ငိုစမ်း... မင်း အော်စမ်း... မင်း ကြောက်စမ်း... မဟုတ်ရင် ငါ ထိုးလိုက်မှာနော်..."
တုဖိန်အာ ခဏမျှ အေးစက်စွာ ရယ်မောလိုက်ပြီး မျက်လုံးများကို တတ်နိုင်သမျှ ကျယ်ကျယ် ဖွင့်ပေးလိုက်သည်။
တုယွီ ဒေါသပေါက်ကွဲသွားပြီး အေးစက်စွာ ပြောလိုက်၏။ "ကောင်းပြီ... ကောင်းပြီ... မင်းက မအော်ဘူး ၊ မကြောက်ဘူးဆိုတော့ နှိပ်စက်ရတာ အဓိပ္ပာယ် မရှိတော့ဘူး။ အရင်ဆုံး သွေးထွက်အောင် လုပ်ပြမှ ရမယ်နဲ့ တူတယ်"
ထို့နောက် သူသည် တုဖိန်အာ မကြောက်ဘူး ၊ မအော်ဘူး ဆိုသည်ကို မယုံကြည်နိုင်စွာဖြင့် တုဖိန်အာ၏ မျက်နှာကို လှီးဖြတ်ရန် ဓားမြှောင်ကို ဝှေ့ယမ်းလိုက်သည်။
"တုယွီ..."
အနောက်တံခါး ပွင့်သွားသည်။
"ဒင်..." တုယွီ၏ လက်ထဲမှ ဓားမြှောင် လွင့်ထွက်သွားလေသည်။
ဖုန်မှုန့်များ ပေကျံနေသော တုပိုင် ဝင်ရောက်လာသည်။ သူ၏ မျက်လုံးများထဲတွင် အလွန်အမင်း စိတ်မကောင်းဖြစ်မှုများ ပြည့်နှက်နေသော်လည်း မျက်နှာထားက အလွန် တည်ငြိမ်နေသည်။
တုပိုင်ကို မြင်လိုက်ရသော ထိုအခိုက်အတန့်တွင် အမတုဖိန်အာတစ်ယောက် လုံးဝ အသက်ပြန်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး မျက်လုံးအိမ်မှ မျက်ရည်များ စီးကျလာကာ တုပိုင်ကို အားကိုးတကြီး ကြည့်လိုက်သည်။
တုပိုင်က အမတုဖိန်အာကို ပြုံးပြပြီး ပြောလိုက်၏။ "အမ... လှနေတုန်းပါပဲ။ နည်းနည်း ပိန်သွားတာပဲ နှမြောစရာ ကောင်းတယ်"
တုဖိန်အာ မျက်ရည်ကျနေသော်လည်း တုပိုင်ကို လှပပြီး ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
ထို့နောက် သူမ တုယွီကို ပြောလိုက်၏။ "တုယွီ... လာလေ... နင် ထွက်ခဲ့လေ"
တုယွီသည် တုပိုင်ကို မြင်လိုက်ရသောအခါ မျက်နှာ ပျက်သွားပြီးနောက် ရယ်မောလိုက်သည်။ "တုပိုင်... မင်း ရောက်နေတာလား။ ကောင်းတာပေါ့။ မင်းအမ တုဖိန်အာနဲ့ ငါ့ရဲ့ မင်္ဂလာညကို ကြည့်လိုက်ဦးလေ။ သူက သက်မဲ့ရုပ်ကြီး ဖြစ်နေလို့ စိတ်မဝင်စားဘူး ဖြစ်နေတာ"
"လာကြစမ်း... တုပိုင်ရဲ့ ခြေလက်တွေကို ဖြတ်ပစ်လိုက်" တုယွီ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ပြီးခဲ့သော အဖြစ်အပျက် နောက်ပိုင်းတွင် တုယွီသည် အုပ်ချုပ်ရေးမှူး၏ သားဖြစ်သည့်အားလျော်စွာ သူ၏ လုံခြုံရေးကို အလွန် ဂရုစိုက်တတ်လာသည်။ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သိုင်းပညာရှင် ဒါဇင်ကျော်ကို အချိန်မရွေး ခေါ်ဆောင်သွားလေ့ရှိပြီး ထိုအထဲတွင် တတိယအဆင့် သိုင်းပညာရှင် သုံးဦးထက်မနည်း ပါဝင်သည်။
သို့သော် သူ၏ အော်ဟစ်သံကို မည်သူမျှ တုံ့ပြန်ခြင်း မရှိပေ။
"အော်နေစရာ မလိုပါဘူး... အကုန်သတ်..." တုပိုင် ပြောလိုက်သည်။
"အား..."
တုပိုင်၏ စကားကို ထောက်ခံသည့်အလား အပြင်ဘက်မှ သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
သေချာပေါက် အစ်မကြီး ကျီပြောင်ပြောင်၏ လက်ချက်ပင် ဖြစ်သည်။ ဆရာသခင်အဆင့်ပညာရှင်တစ်ယောက် အနေဖြင့် တတိယအဆင့် ၊ စတုတ္ထအဆင့် သိုင်းပညာရှင် ဒါဇင်ကျော်ကို သတ်ဖြတ်ခြင်းသည် ထမင်းစား ရေသောက်သကဲ့သို့ လွယ်ကူလှသည်။
တုယွီ၏ မျက်နှာ ရှုံ့မဲ့သွားပြီးနောက် ဓားမြှောင်ကို ရုတ်တရက် ဆွဲထုတ်ကာ တုဖိန်အာကို ဓားစာခံအဖြစ် ဖမ်းဆီးရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူသည် တုပိုင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ကောင်းကင်အဆင့် ကိုယ်ဖော့သိုင်းပညာဖြစ်သည့် လင်းပိုဝေပု ခြေကွက်ဖြင့် တုယွီကို ဖမ်းဆီးခြင်းသည် ကြက်ကလေး ဖမ်းသကဲ့သို့ လွယ်ကူလှသည်။
"တုပိုင်... မင်းတို့ မိန်းမစိုးဂိုဏ်းက ကွမ်ရှီးမှာ ပြီးသွားပြီ။ မင်းတို့ အပေါင်းအပါတွေ အကုန် ပြီးသွားပြီ။ အခု ကွမ်ရှီးပြည်နယ်မှာ အကြီးဆုံး အရာရှိက ငါ့အဖေပဲ။ ကွမ်ရှီးတစ်ခုလုံးက ငါတို့ ဂိုဏ်းသားတွေရဲ့ ကမ္ဘာ ဖြစ်သွားပြီ"
တုယွီက ရက်စက်စွာ ပြောလိုက်၏။ "မင်း ငါ့ကို ထိခိုက်အောင် လုပ်ရဲရင် ကွမ်ရှီးပြည်နယ် တစ်ခုလုံးမှာ မင်း နေစရာ နေရာ ရှိမှာ မဟုတ်ဘူး"
တုပိုင်သည် နေ့ရောညပါ ဝူကျိုးစီရင်စုသို့ အမြန်ပြန်လာခဲ့ရသဖြင့် သတင်းစာ မဖတ်ခဲ့ရသလို သတင်းအချက်အလက်များကိုလည်း မစုံစမ်းနိုင်ခဲ့ပေ။
ကွမ်ရှီးပြည်နယ်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သူ လုံးဝ မသိပေ။
သို့သော် အလွန် ဆိုးရွားသော အရိပ်အယောင်တစ်ခု ရှိနေသည်။ ယင်းမှာ သူဖြတ်သန်းခဲ့သော မြို့အများအပြား၏ မြို့တံခါးများ ပိတ်ထားခြင်း ဖြစ်သည်။ ထို့ပြင် လမ်းပေါ်တွင် နေရာတိုင်း၌ စစ်တပ်များ ရှိနေသည်။
ဤသည်က ထူးဆန်း၏။ ကွမ်းရှီးပြည်နယ်၌ အလိုအပ်ဆုံးအရာက မည်သည်နည်း။ စစ်တပ်ပင်ဖြစ်လေ၏။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် စစ်သည် ၁၀၀,၀၀၀ ကို ဦးဆောင်ပြီး တောင်ဘက်သို့ ချီတက်သွားရာ အနောက်တောင်ပိုင်း ပြည်နယ်များရှိ လက်ရွေးစင် တပ်ဖွဲ့အားလုံးကို ဆွဲထုတ်သွားခဲ့ပြီ ဖြစ်သည်။ ကွမ်ရှီးတွင် ကျန်ရစ်ခဲ့သော တပ်ဖွဲ့များသည် အသုံးမကျသော တပ်ဖွဲ့များသာ ဖြစ်သည်။
ထို့ကြောင့်ပင် တုပိုင်သည် မိုမိသားစု ရတနာသိုက်ထဲမှ ရွှေငွေ အများစုကို ကွေ့မင်းသားနှင့် အုပ်ချုပ်ရေးမှူး ကျန်းရန်မင်တို့ထံ စစ်တပ်လေ့ကျင့်ရန်အတွက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လမ်းတစ်လျှောက် တွေ့ခဲ့ရသော တပ်ဖွဲ့များသည် အလွန် သေသပ်ကောင်းမွန်သော လက်ရွေးစင်များ ဖြစ်ကြပြီး သူ လုံးဝ မရင်းနှီးသော တပ်ဖွဲ့များ ဖြစ်နေသည်။
ဤအခြေအနေက အလွန် ကြောက်စရာ ကောင်းသည်။ ဤစစ်တပ်က မည်သည့်နေရာမှ ရောက်လာသည်နည်း။ မည်သည့်အင်အားစုကို ကိုယ်စားပြုသည်နည်း။
"တုပိုင်... မင်းတို့ မိန်းမစိုးဂိုဏ်းက ကွမ်ရှီးမှာ ဇာတ်သိမ်းသွားပြီ" တုယွီက ယုတ်မာစွာ ပြုံးရင်း ပြောလိုက်၏။ "မင်း သိလား... ကွမ်ရှီးပြည်နယ်က စီရင်စုမှူးတွေ အားလုံးက ငါတို့လူတွေ ဖြစ်ကုန်ပြီ။ မင်း ငါ့ကို ထိခိုက်အောင် လုပ်လိုက်တာနဲ့ ကွမ်ရှီးပြည်နယ် တစ်ခုလုံးမှာ မင်း ပုန်းစရာနေရာ မရှိစေရဘူးလို့ ငါ အာမခံတယ်။ ဝူကျိုးစီရင်စုမှူးနဲ့ မုန်ဆန်းစီရင်စုခွဲမှူးကို မှတ်မိသေးတယ် မဟုတ်လား"
တုပိုင်က ကွေ့မင်းသားကို ပြစ်မှားခဲ့သော ထိုဒေသခံ အရာရှိနှစ်ဦးကို သေချာပေါက် မှတ်မိသည်။ ထိုစဉ်က ကွေ့မင်းသားသည် ဤဒေသခံ အရာရှိနှစ်ဦးကို အပြစ်ပေး အရေးယူရန် ပြင်ဆင်ခဲ့သဖြင့် သူတို့၏ ရာထူးများ ပြုတ်တော့မည် ဖြစ်ကာ ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လူများသည်လည်း ထိုနှစ်ယောက်၏ အပြစ်ကျူးလွန်သည့် သက်သေအထောက်အထားများကို သွားရောက် စုဆောင်းခဲ့ပြီး ဖြစ်သည်။ တုပိုင် ကွမ်ရှီးမှ ထွက်ခွာလာချိန်တွင် ထိုနှစ်ယောက်ကို ထိန်းချုပ်ထားပြီး ဖြစ်ကာ မြို့တော်မှ အမိန့်ပြန်တမ်းကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
"ကွေ့မင်းသားက ဒီနှစ်ယောက်ကို ဖယ်ရှားချင်ခဲ့တာ။ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ထောင်ကြီးထဲကိုတောင် ရောက်သွားခဲ့တာလေ။ ရလဒ်က ဘာဖြစ်သွားလဲ သိလား။ သူတို့ကို အပြစ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်ပြီး ရာထူး ပြန်ပေးလိုက်တယ်။ လွန်ခဲ့တဲ့ လဝက်လောက်ကပဲ နှစ်ယောက်စလုံး ရာထူး တိုးသွားကြတယ်။ ဝူကျိုးစီရင်စုမှူးက ကွမ်ရှီးပြည်နယ် တရားစီရင်ရေးမှူး ဖြစ်သွားပြီး ၊ မုန်ဆန်းစီရင်စုခွဲမှူးက ဝူကျိုးစီရင်စုမှူး ဖြစ်လာတယ်" တုယွီက ဂုဏ်ယူစွာ ရယ်မောလိုက်သည်။
တုပိုင် ကြားလိုက်ရသောအခါ ခေါင်းထဲ မူးဝေသွားသည်။
တစ်ခုခုတော့ မှားနေပြီဖြစ်၏။ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့ပြီ ဖြစ်ရမည်။
ဝူကျိုးစီရင်စုမှူးသည် မိုင် ၃,၀၀၀ အကွာသို့ ပြည်နှင်ဒဏ် ပေးခံရမည့်သူ ဖြစ်သည်။ ရလဒ်အနေဖြင့် ရာထူး ပြန်ရရုံသာမက သတ္တမအဆင့်မှ တတိယအဆင့် ပြည်နယ်တရားစီရင်ရေးမှူးအဖြစ်သို့ ရာထူး နှစ်ဆင့် ခုန်တက်သွားခြင်း ဖြစ်သည်။
မုန်ဆန်းစီရင်စုခွဲမှူးသည်လည်း အပြစ်ရှိသူ ဖြစ်သည်။ ရာထူးမှ ထုတ်ပယ်ခံရမည့်အစား ဝူကျိုးစီရင်စုမှူးအဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရသည်။
ဤရာထူး နှစ်ခုစလုံးသည် နန်းတော်၏ အမိန့်ပြန်တမ်း လိုအပ်ပြီး အမတ်ချုပ်ကြီးများအဖွဲ့ သို့မဟုတ် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ဧကရာဇ်၏ တံဆိပ်တုံး လိုအပ်သည်။
သို့သော် ရာထူးခန့်အပ်မှု နှစ်ခုစလုံး အောင်မြင်သွားခဲ့သည်။ ရုတ်တရက် တုပိုင်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ယခင်က ကွမ်ရှီးပြည်နယ်၏ အခြေအနေ အလွန် ကောင်းမွန်ခဲ့သည်။ ယခုမည်သည်တို့ ဖြစ်နေသနည်း။
"ဟားဟားဟား... ကြောက်သွားပြီလား" တုယွီက ရက်စက်စွာ ပြောလိုက်၏။ "တုပိုင်... မင်းတို့ မိန်းမစိုးဂိုဏ်းက ကွမ်ရှီးမှာ လုံးဝ ပြီးသွားပြီ။ မင်းတို့ အကုန်လုံး ဇာတ်သိမ်းသွားပြီ။ အမြစ်ပြတ် သွားပြီ။ ဘာလို့ တုအိမ်တော်ကို ပြန်မလာဘဲ အသုံးမကျတဲ့ကောင် ပြန်မလုပ်တာလဲ။ အရင်လို ငါ့အနိုင်ကျင့်တာ ခံနေလိုက်ပါလား"
တုပိုင် မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
မျက်လုံးပြန်ဖွင့်ပြီးနောက် တုပိုင်က ဓားမြှောင်ကို တုယွီထံ ပြန်ပေးလိုက်ပြီး ပြောလိုက်၏။ "ရော့... တုယွီ... လာ... ငါ့ကို သတ်လိုက်စမ်း"
တုယွီ ကြောင်အသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "တုပိုင်... အရူးကောင်... မင်း ဉာဏ်ကောင်းလာသားပဲ။ ဟားဟား... ငါ မင်းကို မသတ်ဘူး။ မင်းရဲ့ လက်နှစ်ဖက်ကိုပဲ ဖြတ်ပစ်မယ်။ ပြီးရင် ငါ မင်းအမ တုဖိန်အာနဲ့ အိပ်တာကို ထိုင်ကြည့်ပေါ့။ ပြီးရင် ငါ မင်းကို တုအိမ်တော်ဆီ ပြန်လွှတ်ပေးလိုက်မယ်လေ။ ဘယ်လိုလဲ... မိန်းမစိုးလှေ နစ်သွားတော့ တုမိသားစု လှေပေါ် ပြန်တက်ချင်တာလား။ ရပါတယ်... ရတာပေါ့... ငါ့စိတ်တိုင်းကျ ဖြစ်အောင် လုပ်ပေးရင် အားလုံး အဆင်ပြေပါတယ်"
ဦးနှောက်မရှိတဲ့ကောင်... တကယ်ပဲ ဦးနှောက်မရှိတဲ့ကောင်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၁ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team