အခန်း (၄၄၄)
Vol. 45 Ch. 444
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
အချိန်အတော်ကြာပြီးနောက် တုပိုင်က မေးလိုက်၏။ “ဖန်းမိသားစုရဲ့ ပင်လယ်ရပ်ခြားအင်ပါယာက စစ်တပ်တွေ စေလွှတ်လိုက်ပြီလား”
ကွေ့မင်းသမီးသည် တုပိုင်ကို အံ့သြစွာ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်တယ်။ လက်ရွေးစင် စစ်သည် ၅၀,၀၀၀ ကွမ်တုံနဲ့ ကွမ်ရှီး ကမ်းရိုးတန်းကို တိုက်ရိုက် တက်ရောက်လာတယ်။ ကွမ်တုံနဲ့ ကွမ်ရှီးပြည်နယ်က မူလနေရာလွတ်တွေကို ဖြည့်ဆည်းဖို့ ၊ ဒါမှမဟုတ် မူလ အသုံးမကျတဲ့ တပ်ဖွဲ့တွေနေရာမှာ အစားထိုးဖို့ ရောက်လာတာ”
တုပိုင် အရာအားလုံးကို နားလည်သွား၏။ ထုံးနေသည့်ကြိုးကြီး ပြေသွားပြီဖြစ်လေ၏။
သောက်ကျိုးနည်း တုကျန်း... မိုးကြိုးပစ်ခံရမယ့် ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်း... သောက်ကျိုးနည်း ဖန်းမိသားစု...
ထိုစဉ်က ယန်ရှောင်သည် တုပိုင်၏ တပ်ရင်းမှူးရုံးခွဲကို ဖျက်ဆီးချင်ခဲ့သည်။ ကွေ့မင်းသားက အုပ်ချုပ်ရေးမှူး ကျန်းရန်မင်နှင့် ကွမ်ရှီးအုပ်ချုပ်ရေးမှူး တုကျန်းကို ခေါ်ဆောင်ပြီး ပိုင်ဆယ်စီရင်စုသို့ သွားရောက် စစ်ဆေးခဲ့သည်။
ထိုအချိန်က တုကျန်းသည် မည်မျှ လိမ္မာယဉ်ကျေးခဲ့သနည်း။ တုကျန်း ကွမ်ရှီးပြည်နယ်သို့ စတင်ရောက်ရှိချိန်တွင် အုပ်ချုပ်ရေးမှူး ကျန်းရန်မင်နှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။ ဖန်းမိသားစုသည် ကွမ်ရှီးရှိ မိန်းမစိုးဂိုဏ်းနှင့် ပူးပေါင်းပြီး လီမိသားစု စော်ဘွားများကို အပြည့်အဝ ဖိနှိပ်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်။
ထိုလအနည်းငယ်သည် မိန်းမစိုးဂိုဏ်းနှင့် ဖန်းမိသားစုတို့၏ ပျားရည်ဆမ်းကာလ ဖြစ်ခဲ့သည်။ ထို့ကြောင့် ကွေ့မင်းသား ပိုင်ဆယ်စီရင်စုသို့ သွားရောက် စစ်ဆေးရာတွင် အုပ်ချုပ်ရေးမှူး တုကျန်းလည်း လိုက်ပါသွားခဲ့သည်။
ထိုလအနည်းငယ်အတွင်း မိန်းမစိုးဂိုဏ်းနှင့် ဖန်းအုပ်စုတို့ ပူးပေါင်းပြီး လီမိသားစု၏ ကုန်သွယ်ရေးကို အပြည့်အဝ ပိတ်ဆို့ခဲ့သည်။ လီမိသားစု၏ သံနှင့် ဆားများကို သယ်ယူရန် ခက်ခဲစေခဲ့ပြီး ပင်လယ်ထွက်ပေါက်ကိုလည်း ပိတ်ပင်ခဲ့သည်။
ယခု ပြန်ကြည့်လျှင် အရာအားလုံးသည် ပူးပေါင်းကြံစည်မှု တစ်ခု ၊ ကြီးမားသော ပူးပေါင်းကြံစည်မှုကြီး တစ်ခု ဖြစ်နေသည်။
ပထမဦးစွာ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းသည် လီဝမ်ဟွေ့၏ လက်ကို ငှားပြီး ကွမ်ရှီးရှိ လီမိသားစုမှ ဝယ်ယူထားသော အရာရှိများကို သတ်ဖြတ်စေခဲ့သည်။
ရလဒ်အနေဖြင့် ကွမ်ရှီးပြည်နယ်သည် မိန်းမစိုးဂိုဏ်းသားများ၏ ကမ္ဘာ ဖြစ်လာခဲ့သည်။ မိန်းမစိုးဂိုဏ်းသည် အရာရှိ များစွာ မမွေးထုတ်နိုင်သဖြင့် အုပ်ချုပ်ရေးမှူး ကျန်းရန်မင် တစ်ဦးတည်းသာ ရှိသည်။ တစ်ဖက်တွင်မူ ဖန်းမိသားစုသည် အကြီးမားဆုံး ကိတ်မုန့်ကို ရရှိခဲ့ပြီး ကွမ်ရှီးပြည်နယ်ရှိ အရပ်ဘက် အရာရှိ ရာထူး အတော်များများကို ရယူနိုင်ခဲ့သည်။
ထို့နောက် သူသည် မိန်းမစိုးဂိုဏ်းနှင့် ပူးပေါင်းပြီး လီရူဟိုင်ကို တိုက်ခိုက်ခဲ့သည်။ လီရူဟိုင် အထိနာဆုံးအချိန်တွင် ဖန်းမိသားစုသည် မိန်းမစိုးဂိုဏ်းကို သစ္စာဖောက်ပြီး လီမိသားစုနှင့် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှု တစ်ခု ပြုလုပ်ခဲ့သည်။
လီမိသားစု၏ လျှို့ဝှက်ရွှေ ၊ သံသတ္တုရိုင်းနှင့် ဆားကုန်သွယ်မှု အားလုံးကို ဖန်းမိသားစုထံ လွှဲပြောင်းပေးခဲ့သည်။ လီမိသားစု၏ စားနပ်ရိက္ခာ အားလုံးကို ဖန်းမိသားစုက ထောက်ပံ့ပေးသည်။
ကွေ့မင်းသမီးက ပြောလိုက်၏။ “အခု ကွမ်တုံပြည်နယ်က ဖန်းမိသားစုရဲ့ လွတ်လပ်သော နိုင်ငံ ဖြစ်လာပြီ။ ကွမ်ရှီးပြည်နယ်ကိုလည်း ခွဲဝေအုပ်ချုပ်လိုက်ပြီ။ အရှေ့ဘက် စီရင်စု ခြောက်ခုက ဖန်းမိသားစု လက်ထဲ ရောက်သွားပြီး ၊ အနောက်ဘက် စီရင်စု ခြောက်ခုက လီမိသားစု လက်ထဲ ရောက်သွားပြီ”
တုပိုင် မယုံကြည်နိုင်စွာ ပြောလိုက်၏။ “ဖန်းမိသားစုနဲ့ လီမိသားစုရဲ့ ဆွေးနွေးပွဲက အလွန် လျှို့ဝှက်သင့်တာလေ။ မင်းသမီးက ဘယ်လိုလုပ် သိတာလဲ”
ကွေ့မင်းသမီးက ပြောလိုက်၏။ “ငါ တစ်ယောက်တည်း သိတာ မဟုတ်ဘူး။ အရာရှိတွေ အများကြီး သိသလို ၊ ဧကရာဇ်မင်းမြတ်လည်း သိတယ်။ အနောက်ဘက် စီရင်စု ခြောက်ခုက အရာရှိတွေဆိုရင် အရှေ့ဘက်ကို စပြီး ဆုတ်ခွာနေကြပြီ”
တုပိုင် တစ်ကိုယ်လုံး တုန်ယင်နေသည်။ လအနည်းငယ်အတွင်းမှာပင် အခြေအနေသည် ဤမျှ ကြီးမားစွာ ပြောင်းလဲသွားသည်။ အရာအားလုံးသည် သူ ထင်ထားသည်နှင့် ကွဲပြားနေသည်။
“ဧကရာဇ်မင်းမြတ်နဲ့ ဖန်းအုပ်စုကလည်း တိုက်ရိုက် လမ်းခွဲလိုက်ကြပြီပေါ့” တုပိုင်က ပြောလိုက်၏။
ကွေ့မင်းသမီးက ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ဟုတ်တယ်။ ဧကရာဇ်မင်းမြတ်က ညီလာခံ မတက်တော့ဘူး”
ဖန်းမိသားစု၏ ပင်လယ်ရပ်ခြားအင်ပါယာသည် နောက်ဆုံးတွင် သူတို့၏ အစွယ်များကို ထုတ်ပြလိုက်၏။ တာ့နင်အင်ပါယာကို ဝါးမြိုမည့် ဝံပုလွေရိုင်း၏ ရည်မှန်းချက်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြသလိုက်ပြီဖြစ်သည်။
ကွေ့မင်းသားသည် မသန်စွမ်းတစ်ယောက် ဖြစ်သွားသလို အုပ်ချုပ်ရေးမှူး ကျန်းရန်မင်ကလည်း သေဆုံးသွားလေ၏။ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကွမ်ရှီးကြီးကြပ်ရေးမှူး လီယွီထန်လည်း သေဆုံးသွားပြီး ကျန်းနန်နယ်စားမင်း၏ သားတော်သည်လည်း သေသည် ရှင်သည် မသိရသေးပေ။
ကွမ်ရှီးတစ်ခုလုံး ပြိုကွဲသွားပြီဖြစ်သည်။အနောက်ဘက် တစ်ဝက်ကို လီမိသားစုက ပိုင်ဆိုင်ပြီး ၊ အရှေ့ဘက် တစ်ဝက်ကို ဖန်းမိသားစုက ပိုင်ဆိုင်သည်။ စစ်ပွဲမစခင်မှာပင် ကွမ်ရှီးသည် ခွဲဝေအုပ်ချုပ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ကွေ့မင်းသမီးက ပြောလိုက်၏။ “တုပိုင်... မင်းက ကွမ်ရှီးမှာရှိတဲ့ တာ့နင်အင်ပါယာရဲ့ အကြီးဆုံး အရာရှိ ဖြစ်လာပြီ။ ဧကရာဇ်မင်းမြတ်အပေါ် သစ္စာရှိတဲ့ တစ်ဦးတည်းသော ပဉ္စမအဆင့် အရာရှိ ဖြစ်လာပြီ။ ကျန်တဲ့လူတွေ သေကုန်ပြီ”
“အဲဒီတုန်းက မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့က ရန်သူတွေကို ဘယ်လို သတ်ခဲ့လဲ။ အခု ရန်သူတွေက မင်းတို့ အားလုံးကို ပြန်သတ်နေတာပဲ။ ဒါပေမဲ့ လုပ်တဲ့သူက လီမိသားစု မဟုတ်ဘဲ ဖန်းမိသားစု ဖြစ်နေတာပဲ ကွာခြားတယ်”
“ငါ့ခင်ပွန်း ကွေ့မင်းသားက ရည်မှန်းချက်တွေ အပြည့်နဲ့ အင်ပါယာအတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်ချင်ခဲ့ပေမဲ့ တိုက်ပွဲမစခင်မှာပဲ အသုံးမကျတဲ့သူ ဖြစ်သွားခဲ့ရပြီ”
“တုပိုင်... မင်းက အနောက်တောင်ပိုင်းမှာ အင်ပါယာရဲ့ တစ်ခုတည်းသော ကျောက်စိမ်းတိုင်ကြီး ဖြစ်လာပြီ” ကွေ့မင်းသမီး ငိုကြွေး၍ ပြောလိုက်၏။ “မင်း အသက် ဘယ်လောက် ရှိသေးလို့လဲ။ မင်းဆီမှာ စစ်သည် ဘယ်လောက် ရှိလို့လဲ။ မင်းက အနောက်တောင်ပိုင်းမှာ အင်ပါယာရဲ့ တစ်ခုတည်းသော ကျောက်စိမ်းတိုင်ကြီး ဖြစ်လာရတယ်လို့။ ဒီအင်ပါယာက တကယ်ပဲ ပျက်စီးတော့မှာလား... ပျက်စီးတော့မှာလား”
တုပိုင် မတ်တတ်ရပ်လိုက်ပြီး သတိလစ်နေသော ကွေ့မင်းသားကို ကြည့်ကာ မျက်ရည်များ ကျလာသည်။
ကွေ့မင်းသားသည် သူ့ချစ်ခင်သည့် လူကြီးသူမတစ်ယောက် ၊ သူ အလေးစားဆုံး လူကြီးတွေထဲက တစ်ယောက်ဖြစ်သည်။ သို့သော် တိုင်းပြည်အတွက် အလုပ်အကျွေး မပြုနိုင်ခင်မှာပဲ လုပ်ကြံခံလိုက်ရသည်။ အခြားသူများက နယ်စားမင်းတစ်ပါး စစ်အာဏာ ကိုင်စွဲမည်ကို သည်းမခံနိုင်သလို ၊ ဧကရာဇ်ကလည်း သည်းမခံနိုင်ပေ။
ကွမ်ရှီးပြည်နယ်သည် အခြားသူများ၏ မျက်လုံးထဲတွင် တားမြစ်နယ်မြေ ဖြစ်နေပြီး ထိတွေ့ခွင့် မရှိကြောင်း ပေါ်လွင်နေသည်။ တုပိုင် ကွေ့မင်းသား၏ နဖူးကို လှမ်းထိလိုက်ရာ တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်ရည်များ ရပ်တန့်မရအောင် စီးကျလာသည်။
ကွေ့မင်းသားကို သူ ထိတွေ့နိုင်သေးသည်။ သို့သော် အုပ်ချုပ်ရေးမှူး ကျန်းရန်မင်ကိုမူ မထိတွေ့နိုင်တော့ပေ။ ထိုလူကြီးသည် တရားမျှတမှု၏ ပြယုဒ်ဖြစ်၏။ မွေးစားအဖေ၏ ညီအစ်ကို လီယွီထန်သည်လည်း အလားတူပင်။ သူ့ကိုလည်း မထိတွေ့နိုင်တော့ပေ။ ဖန်းအုပ်စု၏ လှုပ်ရှားမှုသည် အမြစ်ပြတ် သုတ်သင်ခြင်း ဖြစ်ပြီး တစ်ယောက်ကိုမှ အရှင်ထားမည် မဟုတ်ပေ။
တုပိုင် အသက်ရှင်နေသေးသည်မှာ သူသည် ကွမ်ရှီးတွင် မရှိဘဲ ပေမင်ဓားဂိုဏ်းသို့ ရောက်နေခဲ့သောကြောင့် ဖြစ်သည်။
“ကလေး... အင်ပါယာက ပျက်စီးတော့မှာ။ ဘယ်သူမှ မကယ်တင်နိုင်တော့ဘူး။ သွားပါတော့... သွားပါတော့...” ကွေ့မင်းသမီး တိုးတိုးလေး ပြောလိုက်၏။
အင်ပါယာက ပျက်စီးတော့မည်လော။ အနည်းဆုံး အနောက်တောင်ပိုင်းတွင် အင်ပါယာက ပျက်စီးတော့မည့် ပုံရှိနေသည်။
တုပိုင် ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ယာယီ တပ်ရင်းမှူး ၊ ပဉ္စမအဆင့် အရာရှိငယ်လေးသည် ကွမ်ရှီးတွင် အင်ပါယာ၏ အကြီးဆုံး အရာရှိ ဖြစ်လာပြီး ၊ အနောက်တောင်ပိုင်းတွင် အင်ပါယာ၏ တစ်ခုတည်းသော ကျောက်စိမ်းတိုင်ကြီး ဖြစ်လာလေ၏။ အင်ပါယာကြီး ပျက်စီးတော့မည်လော။
ရုတ်တရက် တုပိုင်၏ အကြည့်တို့က အေးစက်သွား၏။
‘ငါ တုပိုင်က ကောင်းကင်ဘုံက ရွေးချယ်ထားခံရတဲ့ သားတော် ၊ ငါ တုပိုင်မှာ ကံတရား ရှိတယ် ၊ ငါ တုပိုင်မှာ ကြီးမားတဲ့ ကံကောင်းမှုတွေ ရှိတယ်။’
‘ဘုရားသခင်က ငါ့ကို ဒီအခြေအနေ ရောက်အောင် ပို့လိုက်တာ အခြေအနေကို ပြောင်းလဲပစ်ဖို့ မဟုတ်ဘူးလား။ အင်ပါယာကို ကယ်တင်ဖို့ မဟုတ်ဘူးလား။’
ထိုအချိန်တွင် အပြင်ဘက်မှ မြင်းခွာသံများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
“ဝူကျိုးစီရင်စုမှူး... ကွေ့မင်းသားကို လာရောက် တွေ့ဆုံပါတယ်။ ရာဇဝတ်သား တုပိုင်က အပြစ်မဲ့သူတွေကို သတ်ဖြတ်တယ်။ ရာဇဝတ်မှုက ကြီးမားလွန်းလို့ ဖမ်းဆီးဖို့ လာခဲ့တာပါ”
“လီကျင်းဌာန တပ်ရင်းမှူး... ကွေ့မင်းသားကို လာရောက် တွေ့ဆုံပါတယ်။ ရာဇဝတ်သား တုပိုင်က အပြောင်းအလဲ လုပ်ပြီး အပြစ်မဲ့သူတွေကို သတ်ဖြတ်တယ်။ ရာဇဝတ်မှုက ကြီးမားလွန်းလို့ ဖမ်းဆီးဖို့ လာခဲ့တာပါ”
“ကွမ်ရှီး ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး... ကွေ့မင်းသားကို လာရောက် တွေ့ဆုံပါတယ်။ ရာဇဝတ်သား တုပိုင်က အပြစ်မဲ့သူတွေကို သတ်ဖြတ်တယ်။ ရာဇဝတ်မှုက ကြီးမားလွန်းလို့ ဖမ်းဆီးဖို့ လာခဲ့တာပါ”
လွန်ခဲ့သည့် အခေါက် ရွှေသယ်ဆောင်စဉ်က ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံးသည် လုံးဝနီးပါး ပျက်စီးသွားခဲ့သည်။ ယခုအချိန်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံးသည် မူလ အရှေ့ဘက်ကွပ်ကဲရေးရုံး မဟုတ်တော့ဘဲ မိန်းမစိုးဂိုဏ်း၏ ရန်ဘက် အင်အားစုများ ပိုင်ဆိုင်သော အရှေ့ဘက်ကွပ်ကဲရေးရုံး ဖြစ်လာလေ၏။
သို့သော် ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံးက သူ့ကို လာဖမ်းသည် ဆိုသောအခါ တုပိုင် ရယ်ချင်သွားသည်။ စစ်သည် အင်အား ၂,၀၀၀ အပြည့်က ကွေ့မင်းသားအိမ်တော်ကို ဝိုင်းရံထားသည်။ ဒေသခံ စစ်တပ်က နန်းတွင်းမင်းသားအိမ်တော်ကို ဝိုင်းရံရဲသည်မှာ မည်သည့်အချိန်ကတည်းက ဖြစ်သည်နည်း။
“ကွေ့မင်းသားအိမ်တော် အနေနဲ့ တုပိုင်ကို ချက်ချင်း ထုတ်ပေးပါ။ မဟုတ်ရင် မှားယွင်းသတ်ဖြတ်မိရင် တာဝန်မယူပါဘူး”
တချိန်တည်းမှာပင် တုပိုင်၏ ဦးနှောက်ထဲရှိ ထူးဆန်းသော အလင်းရောင်အရိပ်သည် မကြုံစဖူး စိတ်လှုပ်ရှားစွာဖြင့် တုန်ခါသွားသည်။
“စနစ်ရှင်... ဒီအခိုက်အတန့်ကို နောက်ဆုံးတော့ ရောက်လာပြီ။ နောက်ဆုံးတော့ ရောက်လာပြီ။ ကောင်းကင် ပြိုလဲမတတ် အခြေအနေကို ပြောင်းလဲပစ်နိုင်မယ့် အခွင့်အရေး ရောက်လာပြီ။ မိုင်ထောင်ချီ ကျယ်ဝန်းတဲ့ နယ်မြေကို ခွဲဝေအုပ်ချုပ်နိုင်မယ့် အခွင့်အရေး ရောက်လာပြီ။ လူသန်းပေါင်းများစွာနဲ့ စစ်သည် သိန်းပေါင်းများစွာကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး ရောက်လာပြီ”
“ငါတို့ ဒီအချိန်ကို စောင့်နေခဲ့ရတာ။ အင်ပါယာရဲ့ နယ်စားပယ်ရာ ဖြစ်လာမယ့် အချိန်ကို စောင့်နေခဲ့ရတာ” အိပ်မက်စနစ်သည် စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေသည်။
“မင်း ပါးစပ်ပိတ်ထား...” တုပိုင် အော်ဟစ်လိုက်သည်။
အပြင်ဘက်တွင် စစ်သည် ၂,၀၀၀ က ကွေ့မင်းသားအိမ်တော်ကို ဝိုင်းရံထားပြီး အော်ဟစ်နေကြသည်။ “တုပိုင်ကို ထုတ်ပေးပါ။ မဟုတ်ရင် သတ်ဖြတ်မိရင် တာဝန်မယူပါဘူး”
တုပိုင် ဓားကို ရုတ်တရက် ဆွဲထုတ်ပြီး အေးစက်စွာ ပြောလိုက်၏။ “ငါနဲ့အတူ တိုက်ခိုက်ပြီး ထွက်မယ်...”
“အင်ပါယာ နေမဝင်သေးဘူး”
“သစ္စာရှိတဲ့ အရာရှိ တစ်ယောက် ရှိနေသရွေ့ တာ့နင်အင်ပါယာ ပျက်စီးမှာ မဟုတ်ဘူး”
“သတ်... သတ်...”
“သတ္တိရှိရင် လာသတ်ကြည့်စမ်း... ကောင်းကင်ကြီးတစ်ခုလုံး နီရဲသွားအောင် သတ်ပြစ်မယ်။ ကွမ်ရှီးတစ်ခုလုံး သွေးချောင်းစီးသွားစေရမယ်ကွ”
တုပိုင်သည် စစ်သည် ဆယ်ယောက်နှင့် အစ်မကြီး ကျီပြောင်ပြောင်တို့ကို ဦးဆောင်ကာ ဓားကို ဝှေ့ယမ်းပြီး အပြင်သို့ ပြေးထွက်သွားသည်။
အပြင်ဘက်ရှိ စစ်သည် ၂,၀၀၀ နှင့် ရင်ဆိုင်ရန် သူတို့က သတ်ဖြတ်လိုစိတ်အကြည့်ဖြင့် ပြေးထွက်သွားကြ၏။
“အပြစ်သား... တုပိုင်ကို အပိုင်းပိုင်း ခုတ်ပစ်လိုက်စမ်း”
ရှေ့ဆုံးမှ လူငယ်ဗိုလ်ချုပ် တစ်ဦးသည် တုပိုင်ကို အထင်သေးစွာ ကြည့်ပြီး ရုတ်တရက် အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် စစ်သည် ရာပေါင်းများစွာ ၊ ထောင်ပေါင်းများစွာသည် တုပိုင်တို့ လူဒါဇင်ကျော်ကို ချေမှုန်းရန် အရှိန်အဟုန်ဖြင့် တိုးဝင်လာကြသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team