← Chapters

အခန်း (၄၄၆)

Vol. 45 Ch. 446

အခန်း (၄၄၆)

Vol. 45 Ch. 446

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ဧကရာဇ် ရှေ့တိုးလာပြီး အမတ်အိုကြီး ယန်ထုန်ကို ကိုယ်တိုင် တွဲထူပေးလိုက်ကာ နူးညံ့သောအသံဖြင့် ပြောလိုက်၏။ “ဆရာသခင်... ဘာကိစ္စရှိလို့ လာရတာလဲ။ ကျန်းမာရေး ကောင်းရဲ့လား”

အမတ်အိုကြီး ယန်ထုန်က ပြောလိုက်၏။ “အရှင်မင်းမြတ် ညီလာခံ မတက်တာ လအနည်းငယ် ရှိပြီလို့ ကြားမိပါတယ်”

ဧကရာဇ်က ပြောလိုက်၏။ “အခြေအနေတွေ ပျက်စီးကုန်ပြီ။ ကျွန်တော်မျိုး အသုံးမကျလို့ ဆရာသခင်ကို စိတ်ပူစေမိပြီ”

အမတ်အိုကြီး ယန်ထုန်သည် ဧကရာဇ်၏ တွဲထူပေးမှုဖြင့် တုန်ချိချိ ထိုင်လိုက်ပြီး အချိန်အကြာကြီး စဉ်းစားကာ ပြောလိုက်၏။ “အရှင်မင်းမြတ်နဲ့ အမတ်တွေကြားက ဆက်ဆံရေးက ပြန်ပြင်လို့ မရနိုင်တော့ဘူးလား”

ဧကရာဇ်က ခေါင်းခါပြီး ပြောလိုက်၏။ “ပြန်ပြင်လို့ မရနိုင်တော့ပါဘူး”

အမတ်အိုကြီး ယန်ထုန်က ခဏတာလောက် တိတ်ဆိတ်သွားပြီး ဆက်ပြောလိုက်၏။ “အရှင်မင်းမြတ် ဒီနှစ် ၅၁ နှစ် ရှိပြီ မဟုတ်လား”

ဧကရာဇ်က ပြောလိုက်၏။ “ဆရာသခင်က ကျွန်တော်မျိုးရဲ့ အသက်ကို မှတ်မိနေသေးတာပဲ”

အမတ်အိုကြီးက ပြောလိုက်၏။ “အရှင်မင်းမြတ်က ဧကရာဇ် ဖြစ်လာတာ နှစ် ၂၀ ကျော် ရှိပြီ။ တစ်ချိန်လုံး ရေခဲပြင်ပါးပါးလေးပေါ် လမ်းလျှောက်ရသလိုမျိုး ကြိုးစားခဲ့ပါတယ်။ ဘိုးဘွားတွေကိုလည်း မျက်နှာရစေခဲ့ပါတယ်။ ကျန်းမာရေးလည်း သိပ်မကောင်းဘူးဆိုတော့... အနားယူလိုက်ရင် မကောင်းဘူးလား။ အားတဲ့အခါ အရှင်မင်းမြတ်နဲ့ စစ်တုရင် ကစားလို့ ရတာပေါ့”

ထိုစကား ကြားလိုက်ရသောအခါ ဧကရာဇ်၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ လေးစားယုံကြည်သော အမတ်အိုကြီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်၏။ “ဆရာသခင်... ဆရာသခင်က အမတ်တွေကိုယ်စား ကျွန်တော်မျိုးကို ထီးနန်းစွန့်ခိုင်းဖို့ လာတာလား”

အမတ်အိုကြီး ယန်ထုန်က ပြောလိုက်၏။ “အရှင်မင်းမြတ် ထီးနန်းစွန့်ပြီး အမတ်တွေနဲ့ ပဋိပက္ခကို လျှော့ချလိုက်ရင်... အနောက်တောင်ပိုင်း အကျပ်အတည်းကို နည်းနည်းလောက် ဖြေရှင်းနိုင်မလားလို့ပါ။ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

အမတ်အိုကြီး ယန်ထုန်က နည်းနည်းလေးမှ မကွယ်ဝှက်တော့ဘဲ ထီးနန်းစွန့်ရန် တိုက်ရိုက် ပြောဆိုလာခြင်း ဖြစ်သည်။

ရုတ်တရက် မိန်းမစိုးကြီး ယွမ်ကျူး မျက်ရည်ကျလာပြီး ရင်ထဲတွင် ဝမ်းနည်းမှုနှင့် ဒေါသများ ပြည့်နှက်လာသည်။

သူ့ကိုယ်သူ မုန်းတီးမိသည်။ သူ့ကိုယ်သူ အားနည်းသည်ဟု ခံစားမိသည်။ ဧကရာဇ်အတွက် ဤသစ္စာဖောက်များကို မဖယ်ရှားပေးနိုင်ခဲ့သည်ကို မုန်းတီးမိသည်။ သူသည် ဖယောင်းတိုင်စင်ကို ကြည့်ပြီး သစ္စာဖောက် အမတ်အိုကြီး ယန်ထုန်ကို ရိုက်သတ်ချင်စိတ် ပေါက်သွားသည်။

‘အရှင်မင်းမြတ်က ခင်ဗျားကို ဘယ်လောက် ယုံကြည်ခဲ့သလဲ။ ဘယ်လောက် လေးစားခဲ့သလဲ။’

နှစ်စဉ် ပွဲတော်တိုင်းတွင် လက်ဆောင်များ ပေးပို့ခဲ့ပြီး ၊ အမတ်အိုကြီး၏ မြစ်လေး မွေးဖွားလာချိန်တွင်လည်း ကိုယ်တိုင်လက်ရေးလှရေးကာ ပေးပို့ခဲ့သေးသည်။

ဤမျှ ကြီးမားသော ကျေးဇူးတရား ရှိလျက်နှင့် ဤအဘိုးကြီးက ဧကရာဇ်ကို ထီးနန်းစွန့်ရန် ပထမဆုံး လာရောက် ဖိအားပေးခဲ့သည်။ ‘သစ္စာဖောက်... သစ္စာဖောက်... အပိုင်းပိုင်း ခုတ်သတ်သင့်သော သစ္စာဖောက်။’

“ထီးနန်းစွန့်ရမယ်... ထီးနန်းစွန့်ရမယ်...” ဧကရာဇ်သည် နဂါးပလ္လင်ကို ငေးမောကြည့်နေမိသည်။

**--**--**--**--**--**--**--**

တုပိုင်သည် လူဒါဇင်ကျော်ကို ဦးဆောင်ပြီး စစ်သည် ၂,၀၀၀ ရှိသော ရန်သူများကို တိုက်ခိုက်ရန် ပြေးထွက်သွားသည်။ သူ့ရင်ထဲတွင် အဆုံးမဲ့ ဒေါသ ၊ အဆုံးမဲ့ ဝမ်းနည်းမှုနှင့် အားမာန်များ ပြည့်နှက်နေသည်။ ကျောက်တုံးကို ကြက်ဥဖြင့်ပေါက်ခြင်းမဟုတ်လေဘဲ ၊ ပြင်းပြသော စိတ်ဓာတ်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်။

ထို့နောက် ရူးသွပ်မတတ် တိုက်ခိုက်ကြသည်။ တုပိုင်၏ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး အံ့သြစရာ ကောင်းလှသည်။ အစ်မကြီး ကျီပြောင်ပြောင်၏ သိုင်းပညာသည် စစ်မြေပြင်အတွက် ပိုမို သင့်လျော်သည်။

ထို့ကြောင့် သူတို့နှစ်ဦး ရူးသွပ်မတတ် သတ်ဖြတ်နေကြသည်။ သို့သော် လူဒါဇင်ကျော်က လူ ၂,၀၀၀ ကို အနိုင်တိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သူတို့နှစ်ဦး၏ အတွင်းအား ကုန်ခမ်းသွားချိန်တွင် အလွန် ဝမ်းနည်းဖွယ် ဇာတ်သိမ်း ဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် ကွေ့မင်းသား သတိရလာပြီး မေးလိုက်၏။ “အပြင်မှာ ဘာဖြစ်နေတာလဲ”

ကွေ့မင်းသမီးက ပြောလိုက်၏။ “အရှင်... စိတ်မပူပါနဲ့”

ကွေ့မင်းသား အော်ဟစ်လိုက်သည်။ “ဘာဖြစ်တာလဲလို့ မေးနေတယ်”

ကွေ့မင်းသမီးက ပြောလိုက်၏။ “တုပိုင်က အရှင့်ကို လာတွေ့တာ။ ဝူကျိုးစီရင်စုမှူး ၊ ဝူကျိုး လီကျင်းဌာန နဲ့ ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံးက စစ်သည် ၂,၀၀၀ စေလွှတ်ပြီး အိမ်တော်ကို ဝိုင်းရံထားတယ်။ တုပိုင်ကို လက်နက်ချခိုင်းနေတာ။ တုပိုင်က လူဒါဇင်ကျော်ကို ဦးဆောင်ပြီး အပြင်ထွက် တိုက်နေတယ်”

ကွေ့မင်းသား မျက်ရည်ကျလာပြီး ပြောလိုက်၏။ “ဝူကျိုးစီရင်စုမှူး ၊ ဝူကျိုး လီကျင်းဌာန ၊ ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံးက နန်းတွင်းမင်းသားအိမ်တော်ကို ဝိုင်းရံရဲတယ်ပေါ့။ တာ့နင်အင်ပါယာ ပျက်စီးတော့မှာလား”

အသက်ပြင်းပြင်း ရှူပြီးနောက် ကွေ့မင်းသားက ပြောလိုက်၏။ “အိမ်တော်မှာ စစ်သည် ဘယ်လောက် ကျန်သေးလဲ”

“ခြောက်ရာ” ကွေ့မင်းသမီးက ပြောလိုက်၏။

ကွေ့မင်းသားက ပြောလိုက်၏။ “သား... အိမ်တော်မှာ ကျန်ရှိတဲ့ နောက်ဆုံး စစ်သည် ၆၀၀ ကို စုစည်းပြီး လီလင်းကို ဦးဆောင်ခိုင်းလိုက်။ တုပိုင်ကို သွားကယ်ပြီး ပိုင်ဆယ်စီရင်စုကို ပြန်ပို့ပေးလိုက်။ ပြီးရင် ဒီစစ်သည် ၆၀၀ ပြန်လာစရာ မလိုတော့ဘူး။ တုပိုင်နောက်ပဲ လိုက်သွားခိုင်းလိုက်တော့”

ထိုစကား ကြားလိုက်ရသောအခါ ကွေ့မင်းသား၏ သားတော် နင်ချုံးယောင်က ပြောလိုက်၏။ “ဒီစစ်သည် ၆၀၀ လုံးကို ပေးလိုက်ရင် အနာဂတ်မှာ ကွေ့မင်းသားအိမ်တော်ရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ။ အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ဘယ်လို ထိန်းသိမ်းမလဲ”

ကွေ့မင်းသား၏ မျက်လုံးများ ချက်ချင်း စိတ်ပျက်သွားပြီး ပြောလိုက်၏။ “သူများတွေက အိမ်တော်ကို လာဝိုင်းနေပြီ... ဘာဂုဏ်သိက္ခာ ရှိသေးလို့လဲ။ တာ့နင်အင်ပါယာ ပျက်စီးတော့မှာ။ ဒီစစ်သည် ၆၀၀ က အိမ်တော်မှာ နေရင်လည်း အလကား သွေးမြေကျရုံပဲ ရှိမယ်။ တုပိုင်နောက် လိုက်သွားရင် အကျိုးရှိဦးမယ်”

“အဖေ...” သားတော် နင်ချုံးယောင် အော်ဟစ်လိုက်သည်။

ကွေ့မင်းသား၌ ခြေထောက် မရှိတော့သော်လည်း အားကုန်သုံးပြီး ထလိုက်ကာ ပြောလိုက်၏။ “နင်ချုံးယောင်... မင်း ငါ့စကားကို နားမထောင်တော့ဘူးလား”

မင်းသားလေး နင်ချုံးယောင် မျက်ရည်များ ကျလာပြီး ဒူးထောက်ကာ ပြောလိုက်၏။ “ဟုတ်... ဟုတ်ကဲ့ပါ”

ကွေ့မင်းသား ပြန်လှဲချလိုက်ပြီး မျက်ရည်များ စီးကျလာသည်။ “တုပိုင်ကို ငါ့ဆီ ဝင်မလာခိုင်းပါနဲ့တော့။ ငါ သူ့ကို မျက်နှာချင်းဆိုင်ရမှာ ရှက်တယ်။ သူတို့ သားအဖ ဖန်တီးပေးခဲ့တဲ့ ကောင်းမွန်တဲ့ အခြေအနေကို ငါတို့ ဖျက်ဆီးပစ်လိုက်ပြီ။ သူ လှူဒါန်းခဲ့တဲ့ ရွှေ ၄၀၀,၀၀၀ လည်း ဆုံးရှုံးသွားပြီ။ သောက်ကျိုးနည်း... သောက်ကျိုးနည်း...”

တကယ်တော့ ကွေ့မင်းသား၏ အပြစ်မဟုတ်ချေ။ ကွေ့မင်းသားနေရာ၌ အလွန်စွမ်းအားကြီးသည့် ဉာဏ်ပညာဖြင့် စစ်နတ်ဘုရားတစ်ပါးဆိုလျှင်လည်း ကျရှုံးရမည်သာ။

တုပိုင်တို့ လူဒါဇင်ကျော်သည် စစ်သည် ၂,၀၀၀ ၏ ဝိုင်းရံခြင်းကို ခံနေရသည်။ သူ၏ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းသည် ရူးသွပ်မတတ် ပစ်ခတ်နေပြီး ၊ အစ်မကြီး ကျီပြောင်ပြောင်၏ ဓားကလည်း ရူးသွပ်မတတ် ခုတ်ပိုင်းနေသည်။ သူတို့နှစ်ဦး ဘေးပတ်လည်တွင် အလောင်းများ ပိုမို များပြားလာသော်လည်း သူတို့ဘက်မှ စစ်သည်များလည်း တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေသည်။

ဤပြင်းထန်သည့် တိုက်ပွဲကြီးသာ ဆက်ဖြစ်နေပါက သူတို့အားလုံး သေတော့လေမည်။ အဘယ်ကြောင့်ဆိုသော် အချိန်ကြာလာသည်နှင့် အမျှ တုပိုင်နှင့် ကျီပြောင်ပြောင်တို့၏ အတွင်းအား ကုန်ခမ်းသွားလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ စူးရှသော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။

“ညီလေး တုပိုင်... အစ်ကို လာပြီ...”

ထို့နောက် ကွေ့မင်းသားအိမ်တော်၏ ဒုတိယ မိန်းမစိုးချုပ် လီလင်းသည် မြင်းစီးစစ်သည် ၆၀၀ ကို ဦးဆောင်ပြီး ဝင်ရောက် တိုက်ခိုက်လာသည်။ သူတို့က တစ်ချက်တည်းဖြင့် စစ်သည် ၂,၀၀၀ ၏ ဝိုင်းရံမှုကို ဖြိုခွင်းလိုက်သည်။

တုပိုင်ကလည်း မြင်းပေါ်တက်ပြီး စစ်သည် ၆၀၀ နှင့်အတူ အနောက်တောင်ဘက်သို့ ဒုန်းစိုင်း ထွက်ခွာသွား​လိုက်လေ၏။ ယခုအချိန်တွင် အမတုဖိန်အာသည် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်သည် မြင်းပေါ်တွင် မှောက်လျက်သား ပါလာပြီး တပ်ဖွဲ့နောက်သို့ လိုက်ပါကာ အနောက်ဘက်သို့ ဆက်လက် ပြေးထွက်သွားသည်။

ကွေ့မင်းသားအိမ်တော်နှင့် ဝေးသထက် ဝေးလာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားကာ ကွေ့မင်းသားအိမ်တော်သည် ညအမှောင်ထုထဲတွင် ဝါးမျိုခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ကွေ့မင်းသားသည် နောက်ဆုံး ကျန်ရှိသော မြင်းစီးစစ်သည် ၆၀၀ အားလုံးကို တုပိုင်အား ပေးအပ်လိုက်သည်။ ထိုအချိန်မှစ၍ ကွေ့မင်းသားအိမ်တော်သည် အကာအကွယ်မဲ့ နန်းတော်တစ်ခု ဖြစ်လာပြီး စစ်သည် ဆယ်ယောက်ပင် မရှိတော့ပေ။

လီလင်းက တုပိုင်ကို ပြောပြသည်။ ကွေ့လင်ရှိ သူ့နို့်ထိန်း၏မိသားစုသည် ပိုင်ဆယ်စီရင်စုသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ပြောပြသည်။

သေချာပေါက် ပိုင်ဆယ်စီရင်စုသည်လည်း အလွန် အန္တရာယ် များသော်လည်း ၊ တုကျန်း အပြည့်အဝ ထိန်းချုပ်ထားသော ကွေ့လင်စီရင်စုနှင့် ယှဉ်လျှင် ပိုင်ဆယ်စီရင်စု၌ ကိုယ်ပိုင် အင်အား အနည်းငယ် ရှိနေသေးသည်။

**--**--**--**--**--**--**--**

တုပိုင်သည် မြင်းစီးစစ်သည် ၆၀၀ ကို ဦးဆောင်ပြီး တောင်ဘက်သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားသည်။ ထူးဆန်းသည်မှာ ကွမ်ရှီး ရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက်သည် တားဆီးရန် စစ်တပ် မစေလွှတ်ဘဲ တုပိုင်ကို လျန်ကျိုးစီရင်စုသို့ ရောက်ရှိရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

သူ၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် ဧကရာဇ်သည် အမိန့်တော် အများအပြားကို ဆက်တိုက် ထုတ်ပြန်ခဲ့ကြောင်း သူ မသိခဲ့ပေ။ သေချာပေါက် ယွမ်ထျန်ကျောက်သည် တုပိုင်ကို လိုက်ဖမ်းမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တုကျန်းကို ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးမြှင့်သော နောက်ဆုံး အမိန့်တော် မရောက်သေးသဖြင့် တုပိုင် သေ၍ မဖြစ်သေးပေ။

ထို့ပြင် တုပိုင်သည် သူတို့အတွက်တော့ လမ်းဘေးခွေးလေး တစ်ကောင်သာ ဖြစ်ပြီး အသက်ရှင်နေလျှင်လည်း အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ဟု ယူဆထားသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ကျန်းနန်နယ်စားမင်းအိမ်တော်သည် ဗလာကျင်းနေပြီ ဖြစ်သည်။ လွန်ခဲ့သော ၁၀ ရက်က ကျန်းနန်နယ်စားမင်းအိမ်တော်သည် လက်ရွေးစင် စစ်သည်အားလုံးကို ရွှေ ၄၀၀,၀၀၀ သယ်ဆောင်ရန် စေလွှတ်ခဲ့သည်။ ရလဒ်အနေဖြင့် ရွှေများ လုယူခံရပြီး ကျန်းနန်နယ်စားမင်းအိမ်တော်မှ စစ်သည် ၁,၀၀၀ ကျော်လုံး အသတ်ခံလိုက်ရသည်။ ထို့ကြောင့် ကျန်းနန်နယ်စားကတော်သည် ပြတ်သားသော ဆုံးဖြတ်ချက်ချပြီး အိမ်တော်ရှိ လူအားလုံးကို ခေါ်ဆောင်ကာ တောင်ဘက်ရှိ ကျန်းနန်နယ်စားမင်းထံ သွားရောက် ပူးပေါင်းခဲ့လေ၏။

သူမသည် အမျိုးသမီးတစ်ဦး ဖြစ်ပြီး နယ်မြေကို ကာကွယ်ရန် တာဝန် မရှိပေ။ ထို့ပြင် သူမ ရန်သူလက်ထဲ ရောက်သွားလို့မဖြစ်ချေ။ မဟုတ်ပါက သူမသည် ဓားစာခံဖြစ်လာပြီး ကျန်းနန်နယ်စားမင်း၏ အားနည်းချက် ဖြစ်လာလိမ့်မည်။ တုပိုင်သည် လျန်ကျိုးဆိပ်ကမ်းမှ ပင်လယ်ပြင်သို့ ထွက်ခွာပြီး ၊ အန်နမ်နိုင်ငံသို့ ဝင်ရောက်ကာ မြောက်ဘက်သို့ ပြန်လှည့်ပြီး ပိုင်ဆယ်စီရင်စုသို့ ပြန်လာခဲ့လေ၏။

**--**--**--**--**--**--**--**

သူ ထွက်ခွာသွားစဉ်က အရှေ့ဘက်ကွပ်ကဲရေးရုံး ပိုင်ဆယ်စီရင်စု တပ်ရင်းမှူးရုံးခွဲတွင် စစ်သည် ၂,၀၀၀ ရှိပြီး ၊ ကျီချင်းကျူကလည်း စစ်သည် ထောင်ပေါင်းများစွာ စုဆောင်းထားပြီး ဖြစ်သည်။ သို့သော် ယခု ကွမ်ရှီးပြည်နယ် အခြေအနေ အကြီးအကျယ် ပြောင်းလဲသွားလေ၏။ ပိုင်ဆယ်စီရင်စု ကျဆုံးနိုင်ခြေသည် ကွေ့လင်စီရင်စုထက် ပိုမို များပြားလာသည်။

“ကောင်းကင်ဘုံ... ကျေးဇူးပြုပြီး ပိုင်ဆယ်စီရင်စု မကျဆုံးပါစေနဲ့”

တုပိုင် မြင်းစီးစစ်သည် ၆၀၀ ကို ဦးဆောင်ပြီး ပိုင်ဆယ်စီရင်စုသို့ ပြေးဝင်လာစဉ် ရင်ထဲတွင် အကြိမ်ကြိမ် ဆုတောင်းနေမိသည်။

ပိုင်ဆယ်စီရင်စုသာ ကျဆုံးသွားပါက ကမ္ဘာကြီးက ကျယ်ဝန်းသော်လည်း တုပိုင်အတွက် ရှင်သန်ရန် နေရာ မရှိတော့သကဲ့သို့ ဖြစ်သွားမည်။ ပေမင်ဓားဂိုဏ်းကို သွားမည်လား။ မသွားချင်ပေ။ တောင်ဘက်သို့ ဆင်းပြီး အန်နမ်ဘုရင် လီချန်ထံ ခိုလှုံမည်လား။ ထိုသည်က အရှက်တကွဲ ထွက်ပြေးခြင်း ဖြစ်လိမ့်မည်။

‘ပိုင်ဆယ်စီရင်စု မကျဆုံးပါစေနဲ့...’

တုပိုင် မြင်းစီးစစ်သည် ၆၀၀ ကို ဦးဆောင်ပြီး ပိုင်ဆယ်စီရင်စုနှင့် ပိုမို နီးကပ်လာသည်။

ပိုင်ဆယ်မြို့ကို မြင်လိုက်ရသောအခါ တုပိုင် လုံးဝ မှင်သက်သွားလေ၏။ သူ့အရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်နေရင်း ခေါင်းပေါ်မှ မွေးညှင်းပေါက်များပင် ထောင်ထသွားသည်။

အဘယ်ကြောင့်ဆိုသော် ပိုင်ဆယ်မြို့ရိုးပေါ်တွင် အလံများ တလူလူ လွင့်ထူနေပြီး ၊ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်များ တန်းစီ ရပ်နေကြပြီး သံချပ်ကာများကိုယ်စီဖြင့် တောက်ပနေသောကြောင့်ပင်။

အရေးအကြီးဆုံးအချက်မှာ အလံတိုင်းတွင် “တု” ဟူသော စာလုံးကြီးကို ရေးထိုးထားသည်။ မည်သည်တို့ဖြစ်ပျက်နေသည်နည်း။ ဤမြို့ကြီးက သူ့မြို့ဖြစ်သွားပြီလား။

ထိုအချိန်တွင် သူ့အနောက် မလှမ်းမကမ်းမှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ အလျင်စလိုနှင့် မောပန်းနေသော အသံတစ်ခုသည်လည်း ထွက်ပေါ်လာလေ၏။

“ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် လာပြီ... ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် လာပြီ... တာ့နင်အင်ပါယာ နယ်စား ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး ပိုင်ဆယ်စီရင်စု ယာယီတပ်ရင်းမှူး တုပိုင်... အမိန့်တော်ကို နာခံပါ”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters