အခန်း (၄၄၈-၄၄၉)
Vol. 45 Ch. 449
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၈ + ၄၄၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ထိုစကားကို ကြားလိုက်ရသောအခါ တုယန်၏ မျက်နှာသည် ရုတ်တရက် တုန်ယင်သွားပြီး တစ်ကိုယ်လုံး တုန်ခါလာလေ၏။
တုပိုင်သည် ရှေ့သို့တိုးကာ တုယန်၏လက်ကို ကိုင်လျက် ပြောလိုက်၏။
“အမှန်တော့ ငါ မင်းကို အမှန်တရား မပြောဘဲ ထားခဲ့ပြီး ၊ မင်း ကုသိုလ်ကောင်းမှု ပြုခဲ့တယ်ဆိုတဲ့ ခံစားချက်နဲ့ သေခွင့်ပေးလိုက်လို့ ရတယ်။ ဒါပေမဲ့ မင်းကို လေးစားလို့ အမှန်တိုင်း ပြောပြရမယ်။ အနာဂတ်မှာ ငါ အရှင်မင်းမြတ်ကို ပြောပြပါ့မယ်။ ပိုင်ဆယ်စီရင်စုမှာ ငါ တုပိုင် တစ်ယောက်တည်း သစ္စာရှိတာ မဟုတ်ဘူး ၊ မင်း တုယန် ဆိုတဲ့ ရိုးသားပြီး ဖြောင့်မတ်တဲ့ သစ္စာရှိ အရာရှိ တစ်ယောက်လည်း ရှိတယ်ဆိုတာ ပြောပြပါ့မယ်”
တုယန် မျက်ရည်များ စီးကျလာပြီး ငိုကြွေးကာ ပြောလိုက်လေသည်။
“တုပိုင်... ငါ မင်းဆီက အရာအားလုံးကို ယူခဲ့တယ်။ မင်းရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကို ယူခဲ့တယ် ၊ တုအိမ်တော်က မင်းရဲ့ နေရာကို ယူခဲ့တယ်။ အဲဒါက မင်း မလုပ်နိုင်ဘူးလို့ ငါ ထင်ခဲ့လို့ပါ။ ငါက မယားငယ်ရဲ့ သားဖြစ်ပေမဲ့ တုမိသားစုကို ပြန်လည် မြှင့်တင်ဖို့ တာဝန်ယူချင်ခဲ့တယ်။ ဒီအတွက် ငါ နောင်တမရဘူး ၊ အခုထိ နောင်တမရဘူး။ ဒါပေမဲ့...”
တုပိုင်က ပြန်ပြောလိုက်၏။
“တုမိသားစုက ညစ်ပတ်လွန်းတယ် ၊ မင်း ပြန်လည် မြှင့်တင်ပေးစရာ မလိုပါဘူး။ တုဟွေး ၊ တုကျန်း ၊ နောက်မျိုးဆက် နဲ့ ဒုတိယမျိုးဆက် တုမိသားစုဝင် ခြောက်ယောက် ခုနစ်ယောက်လောက်က အရေးကြီးတဲ့ ရာထူးတွေ ရထားကြပြီ ၊ မင်းကို မလိုအပ်တော့ဘူး။ မင်းကို အဆိပ်ခတ်တာကို တုဟွေး ကိုယ်တိုင် သိပြီး သဘောတူခဲ့တာ”
ဤစကားသည် တုယန်၏ စိတ်ကို လုံးဝ ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားကာ မျက်ရည်များ ပိုမို စီးကျလာလေသည်။
“ဘာလို့လဲ... ဘာလို့လဲ...” တုယန် ငိုကြွေးလိုက်သည်။ “ငါက သူ့ရဲ့ သားအရင်းလေ... သူ ငါ့ကို အရမ်း တန်ဖိုးထားတာလေ”
“မင်းက သူ့သားတွေထဲက တစ်ယောက်ပဲလေ။ ဒီနှစ်ထဲမှာ သူ နောက်ထပ် သားတစ်ယောက် ရထားသေးတယ်။ အခြေအနေတွေက အရမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေတော့ ဖန်းချင်းယီက ပိုပြီး အရေးပါတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ဖို့ လိုအပ်နေပြီ။ ဒါကြောင့် မင်း သေသင့်နေပြီ”
တုယန်သည် တုပိုင်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အသက်ရှူရ ခက်ခဲလာ၏။ တုပိုင်ကို ကြည့်နေသော မျက်လုံးများထဲတွင် အားကိုးလိုစိတ်များ ပြည့်နှက်နေသည်။
“အစ်ကို... အစ်ကို...”
သူ အဘယ်ကြောင့် ဤသို့ ခေါ်မိမှန်း သူကိုယ်တိုင်ပင် မသိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အဖေသည် သူ့ကို သတ်ချင်နေပြီး ၊ မိသားစုကလည်း လုံးဝ စွန့်ပစ်လိုက်ပြီ ဖြစ်သည်။ တုပိုင်သည်သာ သူ့အတွက် တစ်ဦးတည်းသော ဆွေမျိုး ဖြစ်လာခဲ့လေသည်။
သူသည် အလွန်တော်သော်လည်း တုပိုင်ပြုလုပ်ခဲ့သော အရာများနှင့် ယှဉ်လျှင် အဝေးကြီး လိုသေးသည်။ သူ၏ စိတ်ဓာတ်သည် ရိုးသားပြီး ပျော့ညံ့နေဆဲ ဖြစ်၏။
တုပိုင်သည် စနစ်၏ ကောင်းကင်မျက်လုံးကို အသုံးပြုကာ တုယန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ရာ ဝမ်းဗိုက်ထဲတွင် ထူးဆန်းသော အရာများ လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ ဂူကောင်များ... အလွန် ကြောက်မက်ဖွယ် ကောင်းသော ဂူကောင်များပင်။
မကောင်းတော့ချေ။ တုကျန်းသည် အလွန် ရက်စက်လှ၏။ ဖန်းမိသားစုသည်လည်း အလွန် ယုတ်မာလှပေသည်။
“အားလုံး ထွက်သွားကြ... အကုန်လုံး ထွက်သွားကြ” တုပိုင် အမိန့်ပေးလိုက်သည်။ “ဒီအခန်းနဲ့ ဝေးဝေးမှာ နေကြ”
တုယန် အံ့သြသွားပြီး မေးလိုက်၏။
“အစ်ကို... ဘာဖြစ်လို့လဲ”
တုပိုင်က ပြောလိုက်သည်။
“မင်း ထွက်ပြေးလာတယ် ဆိုတာ အတုပဲ။ တစ်ယောက်ယောက်က မင်းကို တမင်သက်သက် လွှတ်ပေးလိုက်တာ။ ပိုင်ဆယ်စီရင်စုကို ပြန်လာပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို ရောက်အောင် လွှတ်ပေးလိုက်တာ။ မင်းခန္ဓာကိုယ်ထဲမှာ ရှိနေတာက အဆိပ် မဟုတ်ဘူး ၊ ဂူကောင်တွေပဲ။ သူတို့က မင်းခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုပြီး ငါ့ကို သတ်ချင်နေတာ။ အရှေ့ဘက်ကွပ်ကဲရေးရုံးက လူတွေကို သတ်ချင်နေတာ”
“ဘယ်... ဘယ်သူလဲ” တုယန် တုန်ရီစွာ မေးလိုက်သည်။
တုပိုင်က ဖြေလိုက်၏။ “ငါတို့ရဲ့ ဦးလေးလေး တုကျန်း နဲ့ ဖန်းမိသားစုပဲ”
တုယန် ငိုကြွေးလိုက်သည်။ “လူတွေက ဘယ်လိုလုပ် ဒီလောက် ရက်စက်ရတာလဲ”
ဟုတ်ပေသည်။ လူတို့သည် အဘယ်ကြောင့် ဤမျှလောက် ရက်စက်ရပါသနည်း။ သားအရင်းကို သတ်ရုံသာမက သားမက်နှင့် တူကိုပါ သတ်ချင်နေသည်။ သားအရင်း၏ ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုပြီး နောက်ထပ် သားတစ်ယောက်နှင့် တူတစ်ယောက်ကို သတ်ခိုင်းနေသည်။
‘တုဟွေး... တုကျန်း... မင်းတို့ တကယ် တော်ပါပေတယ်။’
ဤသည်မှာ ရက်စက်ခြင်းထက် ပိုနေပြီ ဖြစ်၏။ မြွေဆိပ်ထက်ပင် ပိုမိုပြင်းထန်နေလေသည်။ ရုတ်တရက် တုယန်၏ အသက်ရှူသံ ပြင်းထန်လာပြီး ခန္ဓာကိုယ် တစ်ခုလုံး တွန့်လိမ်လာလေသည်။
“အား... အား... အား...”
“အစ်ကို... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်”
“ငါ့အတွက် လက်စားချေပေးပါ...”
“ဘုန်းးးး”
ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။ တုယန်၏ ဝမ်းဗိုက် ပေါက်ကွဲသွားပြီး ကြီးမားသော အပေါက်ကြီး ဖြစ်သွားလေသည်။ မရေမတွက်နိုင်သော ဂူကောင်များသည် ဗုံးများကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်ပျံသွားကြ၏။
ဘေးနားတွင် လူတစ်ယောက်ယောက် ရှိနေလျှင် ဂူကောင်များ ဝင်ရောက်သွားပြီး ရက်အနည်းငယ်အတွင်း အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးခွဲ တစ်ခုလုံး ပျံ့နှံ့သွားပေလိမ့်မည်။
ဤအဆိပ်ပြင်းသော နည်းဗျူဟာသည် တုယန်၏ ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုပြီး တုပိုင်နှင့် တပ်ရင်းမှူးရုံးခွဲ တစ်ခုလုံးကို သတ်ဖြတ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ဖန်းမိသားစုနှင့် တုကျန်းသည် ဤကိစ္စကို သဘောတူခဲ့သော်လည်း ၊ စတင် အကြံပြုသူမှာ မည်သူနည်း။
မရေမတွက်နိုင်သော ဂူကောင်များသည် တုပိုင်ဆီသို့ ပျံသန်းလာပြီး တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ရန် ကြိုးပမ်းကြသည်။ သို့သော် လက်မအနည်းငယ် အကွာသို့ ရောက်သောအခါ အားလုံး ရပ်တန့်သွားပြီး ၊ ထိုဂူကောင်များသည် ရူးသွပ်မတတ် ထွက်ပြေးကြလေသည်။
တုပိုင်သည် ပါးစပ်ထဲမှ မိစ္ဆာနှိမ်နင်းပုတီးစေ့ကို ထုတ်ယူလိုက်ရာ မှိန်ဖျော့ဖျော့ အလင်းရောင် ထွက်ပေါ်လာပြီး အလင်းရောင် ထိတွေ့မိသမျှ ဂူကောင်များ အားလုံး သေဆုံးကုန်ကြ၏။
မူလက အခန်းတစ်ခုလုံး ပြည့်နှက်နေသော ဂူကောင်များသည် ခဏအတွင်းမှာပင် တုပိုင်၏ မိစ္ဆာနှိမ်နင်းပုတီးစေ့ကြောင့် အားလုံး သေဆုံးသွားကြသည်။
ကုတင်ပေါ်ရှိ တုယန်ကို ပြန်ကြည့်လိုက်ရာ သူ လုံးဝ သေဆုံးသွားပြီ ဖြစ်သည်။ တုပိုင် ရှေ့တက်သွားပြီး သူ့မျက်ခွံများကို ဖြည်းညှင်းစွာ ပိတ်ပေးလိုက်ကာ တိုးတိုးလေး ပြောလိုက်၏။
“စိတ်မပူပါနဲ့... ညီလေး ၊ မင်းအတွက် တရားမျှတမှု ရအောင် ယူပေးမယ်။ မင်းအတွက် လက်စားချေပေးမယ်”
လင်းချီနျန်သည် တုပိုင်ရှေ့တွင် ဒူးထောက်ပြီး အကြောင်းစုံကို တစ်ခုချင်း ရှင်းပြလိုက်သည်။
“ထျန်တောက်အဖွဲ့ ဆုတ်ခွာသွားပြီ ၊ ဟုန်ဟယ်အဖွဲ့ ဆုတ်ခွာသွားပြီ ၊ ဆိုင်ခန်းတွေ အကုန် ဆုတ်ခွာသွားပြီ ၊ မြို့ထဲက လူတွေ အကုန် ဆုတ်ခွာသွားကြပြီ။ ဖန်းမိသားစုက လီမိသားစုရဲ့ ပင်လယ်ရပ်ခြား ကုန်သွယ်မှုကို လက်ဝါးကြီးအုပ်လိုက်လို့ ပိုင်ဆယ်မြို့က အရေးမပါတော့ဘူး”
“လီရူဟိုင်က ပြောတယ်... သူ ဘုရင်ဖြစ်လာတဲ့အချိန်ကျရင် ပိုင်ဆယ်မြို့ကို သွေးချောင်းစီးစေမယ်တဲ့။ ဒီမြေပေါ်မှာ သူ့ကို လိုက်နာသူတွေ ကြီးပွားပြီး ၊ ဆန့်ကျင်သူတွေ သေစေရမယ်တဲ့။ ဒါကြောင့် လူတိုင်း ထွက်ပြေးကုန်ကြပြီး ပိုင်ဆယ်မြို့က မြို့ပျက်ကြီး ဖြစ်သွားတာ”
“အခု ပိုင်ဆယ်မြို့ပြင်က စီရင်စုခွဲမြို့တွေမှာ လီမိသားစုရဲ့ စစ်တပ်တွေ စုရုံးနေကြပြီ။ ပိုင်ဆယ်မြို့က အထီးကျန်မြို့ ဖြစ်သွားပြီး လုံးဝ ဝိုင်းရံပိတ်ဆို့ခံထားရပြီ”
တုပိုင်က မေးလိုက်၏။ “ငါတို့ဆီမှာ စစ်သည် ဘယ်လောက် ကျန်သေးလဲ”
လင်းချီနျန်က ဖြေလိုက်သည်။
“အစက အရှေ့ဘက်ကွပ်ကဲရေးရုံးမှာ စစ်သည် ၂,၃၀၀ ရှိတယ်။ ဒါပေမဲ့ လူအများကြီး ထွက်ပြေးကုန်တယ်။ ကျီယိ ၊ ကျီအော့ တို့က လိုက်ဖမ်းပြီး ထွက်ပြေးတဲ့ စစ်သည် အားလုံးကို သတ်ပစ်လိုက်တယ်။ အခု ၁,၀၀၀ လောက် ကျန်တယ်။ အရှင် ခေါ်လာတဲ့ မြင်းစီးစစ်သည် ၆၀၀ နဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ၁,၆၀၀ ရှိပါတယ်”
တုပိုင်က ထပ်မေးလိုက်၏။ “သခင်ကြီး ကျီချင်းကျူ ဘယ်ရောက်သွားလဲ”
“ဖန်းမိသားစုနဲ့ လီမိသားစု မဟာမိတ် ဖွဲ့ပြီးတဲ့နောက် အခြေအနေတွေ အကြီးအကျယ် ပြောင်းလဲသွားတယ်။ ကွမ်ရှီးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အင်အားစုတွေ အားလုံး အမြစ်ပြတ် သွားတယ်။ ဖန်းမိသားစုရဲ့ ပင်လယ်ရပ်ခြား စစ်တပ်က ကွမ်ရှီးနဲ့ ကွမ်တုံကို ရောက်လာပြီး ကွမ်ရှီးပြည်နယ်ကို ခွဲဝေယူလိုက်ကြတယ်။ ဒီလို အခြေအနေအောက်မှာ သခင်ကြီး ကျီချင်းကျူ စုဆောင်းထားတဲ့ စစ်သည်တွေက လေ့ကျင့်ချိန် တိုတောင်းလို့ စိတ်ဓာတ်မခိုင်မာကြဘူး။ ယုံကြည်မှု ပျောက်ဆုံးပြီး ထွက်ပြေးကုန်ကြတယ်။ အစ စစ်သည် ၉,၀၀၀ မှာ ထက်ဝက်လောက်ပဲ ကျန်တော့တယ်”
ထက်ဝက်ခန့် ကျန်သည်ဆိုလျှင် မနည်းလှပေ။
လင်းချီနျန်က ဆက်ပြောလိုက်၏။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပေမင်ဓားဂိုဏ်းချုပ်ရဲ့ တပည့် ၊ ထျန်တောက်မဟာမိတ်အဖွဲ့က နတ်မိမယ် နီရှန်က အပြာရောင်နဂါးဂိုဏ်းကို ရောက်လာပြီး သခင်ကြီး ကျီချင်းကျူနဲ့ တိုက်ခိုက်ခဲ့တယ်။ သခင်ကြီး ကျီချင်းကျူကို လူအများရှေ့မှာ အနိုင်ယူပြီး ပေမင်ဓားဂိုဏ်းကို ဖမ်းခေါ်သွားတယ်။ အပြစ်ပေးဖို့ စောင့်နေပါတယ်”
“သောက်ကျိုးနည်း... နီရှန်... ဒီခွေးမ”
ကျီချင်းကျူသည် ပေမင်ဓားဂိုဏ်း၏ သစ္စာဖောက် ဖြစ်ကြောင်း တုပိုင် သိထား၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပေမင်ဓားဂိုဏ်း၏ မဟာအန်ချိုကျွန်းမှ လူများသည် ကျီချင်းကျူကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း အမြဲတမ်း ကျရှုံးခဲ့သည်။
ထို့နောက်ပိုင်း ပေမင်ဓားဂိုဏ်းသည် ကျီချင်းကျူကို လွှတ်ပေးထားခဲ့သည်။ ယခု အဘယ်ကြောင့် နီရှန် ကိုယ်တိုင် ဆင်းသက်ပြီး ကျီချင်းကျူကို ဖမ်းရသနည်း။
ကျီချင်းကျူက ဧကရာဇ်၏ အမိန့်ကို လက်ခံပြီး တာ့နင်အင်ပါယာ၏ အရာရှိ ဖြစ်သွားသောကြောင့်လော။ သို့မဟုတ် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကြောင့်လော။ သို့မဟုတ် ပိုပြီး နက်ရှိုင်းသော အကြောင်းပြချက်များ ရှိနေသောကြောင့်လော။
လင်းချီနျန်က ပြောလိုက်၏။
“သခင်ကြီး ကျီချင်းကျူ အဖမ်းခံရပြီးနောက် သူ စုဆောင်းထားတဲ့ စစ်သည်တွေ လုံးဝ ပြိုကွဲသွားတယ်။ အပြာရောင်နဂါးဂိုဏ်းသားတွေလည်း ထွက်ပြေးကုန်ကြပြီး အခု သစ္စာရှိတဲ့ တပည့် ၂,၀၀၀ လောက်ပဲ ကျန်တော့တယ်”
မှန်ပေသည်။ ယခုမူ ပိုင်ဆယ်မြို့သည် တုပိုင် တစ်ဦးတည်း ပိုင်ဆိုင်သော မြို့ ဖြစ်လာခဲ့လေပြီ။ သူသည် ဤမြို့၌ အကြီးဆုံး အရာရှိ ဖြစ်နေပြီ။ ဤမြို့ထဲရှိ စစ်သည်အားလုံးသည် တုပိုင်ပိုင်ဆိုင်သူများ ဖြစ်သွားလေပြီ။ စုစုပေါင်း ၄,၀၀၀ ခန့် ရှိပေမည်။
ပိုင်ဆယ်မြို့ပျက်ကြီး... ငါ၏ မြို့။ စစ်သည် ၄,၀၀၀... ငါ၏ စစ်တပ်။
သို့သော် လီရူဟိုင်ထံ၌ စစ်သည် မည်မျှ ရှိမည်နည်း။ ဖန်းမိသားစုထံ၌ စစ်သည် မည်မျှ ရှိမည်နည်း။
ကြီးမားသော အံ့ဖွယ်အမှု တစ်ခု မဖြစ်ပေါ်လာလျှင် အရာအားလုံး ပြီးဆုံးသွားတော့ပေမည်။
ဧကရာဇ်၏ အမိန့်တော် သယ်ဆောင်လာသော နန်းတွင်းသံတမန်သည် နောက်ဆုံးတွင် သတိရလာပြီး အမိန့်တော်ကို ဖတ်ကြားလိုက်သည်။
“အမိန့်တော်... တုပိုင်ကို အရှေ့ဘက်ကွပ်ကဲရေးရုံး ပိုင်ဆယ်စီရင်စု ယာယီတပ်ရင်းမှူး ရာထူးမှ ဖယ်ရှားလိုက်သည်။ ပိုင်ဆယ်စီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးခွဲကို ဖျက်သိမ်းလိုက်သည်။ တုပိုင်အား ရှန်ဟိုင်ကွမ်း တပ်မတော်သစ် ကြီးကြပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်သည်”
ထိုအမိန့်တော်ကို ကြားလိုက်ရသောအခါ တုပိုင် လုံးဝ မှင်သက်သွားသည်။ ဤသည်မှာ မည်သည့်သဘောနည်း။
ဧကရာဇ်သည် ပိုင်ဆယ်စီရင်စုကို လုံးဝ စွန့်လွှတ်လိုက်သည်လော။ ကွမ်ရှီးနှင့် အနောက်တောင်ပိုင်းကို လုံးဝ စွန့်လွှတ်လိုက်ပြီလော။ ထို့ပြင် တုပိုင်ကို မင်းသမီးနင်းရွှဲ့၏ တပ်မတော်သစ်သို့ ကြီးကြပ်ရေးမှူးအဖြစ် ပြောင်းရွှေ့လိုက်သည်။
ဆိုလိုသည်မှာ ဧကရာဇ်လည်း မျှော်လင့်ချက် ကုန်ဆုံးသွားပြီး လုံးဝ လက်လျော့လိုက်ပြီ ဖြစ်သည်။ သို့သော် သူသည် တုပိုင်ကို ကယ်တင်ရန် ၊ တုပိုင်၏ အသက်ကို လဲလှယ်ရန်အတွက် မိုင်ထောင်ချီ ခရီးကို နေ့ရောညပါ လာရောက်ခဲ့သော မိန်းမစိုးတစ်ဦးကို စေလွှတ်ခဲ့သေးသည်။ သူ့ကို ကယ်တင်ရန်အတွက် ဧကရာဇ်သည် ရှက်စရာကောင်းသော အမိန့်တော် သုံးစောင်ကို တံဆိပ်တုံး ထုပေးခဲ့ကြောင်း တုပိုင် မသိခဲ့ပေ။
‘အရှင်မင်းမြတ်...’
‘အရေးမပါတဲ့ အရာရှိလေး တစ်ယောက်အတွက် ဒီလောက်ထိ ပေးဆပ်စရာ လိုလို့လား’
ကွေ့မင်းသား၏ ဆိုးရွားသော သတင်း ၊ ကွမ်ရှီးအုပ်ချုပ်ရေးမှူး ကျန်းရန်မင်၏ သေဆုံးသည့်သတင်း ၊ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ကြီးကြပ်ရေးမှူး လီယွီထန်၏ သေဆုံးသတင်းများကို ကြားလိုက်ရချိန်တွင် ဧကရာဇ် မည်မျှ စိတ်ထိခိုက်သွားမည်ကို သူ စိတ်ကူးကြည့်၍ မရနိုင်ပေ။
ယခု ကွမ်ရှီးတွင် တုပိုင်သည် သူ၏ တစ်ခုတည်းသော မျိုးစေ့ ဖြစ်လာခဲ့သည်။ သူသည် တုပိုင်ကို ထပ်မံ အသေခံစေလိုခြင်း မရှိတော့ပေ။
ထို့ကြောင့် သူသည် ရူးသွပ်လုမတတ် ဆုံးဖြတ်ချက်ချပြီး အမိန့်တော် သုံးစောင်ဖြင့် တုပိုင်၏ အသက်ကို လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူက တုယန်၏ ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုပြီး တုပိုင်နှင့် ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တစ်ခုလုံးကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သေးသည်။
တုပိုင်၏ ခန္ဓာကိုယ်သည် ဆတ်ကတည်း တုန်ယင်သွားပြီး မျက်ရည်များ ဝဲလာသည်။ ဤကဲ့သို့ အချိန်မျိုးတွင်ပင် ဧကရာဇ်သည် သူ၏အသက်ကို စဉ်းစားပေးနေဆဲပင်။ ကြီးမားသော တန်ဖိုးကို ပေးဆပ်နေဆဲပင် ဖြစ်သည်။
တကယ့်ကို မြင့်မြန်သော ဧကရာဇ်ပါဖြစ်၏။ ဤအရာက တုပိုင်၏ သွေးများကို ဆူပွက်စေပြီး ကျေးဇူးတင်မိစေသည်။ မှန်ပေသည်။ သူသာ မင်းသမီးနင်းရွှဲ့၏ တပ်မတော်သစ်သို့ သွားလိုက်လျှင် လောလောဆယ် ဘေးကင်းသွားမည် ဖြစ်ပြီး အသက်ရှင်သန်နိုင်မည် ဖြစ်သည်။
သို့သော် ကွမ်ရှီးတစ်ခုလုံး သိမ်းပိုက်ခံလိုက်ရပြီ။ အင်ပါယာ၏ အနောက်တောင်ပိုင်းတစ်ခုလုံး ကျဆုံးသွားပြီ။ အုပ်ချုပ်ရေးမှူး ကျန်းရန်မင် သေဆုံးသွားပြီ။ လီယွီထန် သေဆုံးသွားပြီ။ ကွေ့မင်းသား သေလုမြောပါး ဖြစ်နေပြီ။
တုပိုင် အသက်ရှင်နေသေးသည်။ သူ ထွက်သွားလျှင် ထွက်ပြေးရာ ရောက်သွားမည်။
သူ ထွက်ပြေးခွင့် ရှိသလော။
“မရှိဘူး... မင်း ထွက်ပြေးခွင့် မရှိဘူး” တုပိုင်၏ ဦးနှောက်ထဲရှိ ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်၏။ “မင်း ထွက်ပြေးလိုက်တာနဲ့ မစ်ရှင်က ထာဝရ ကျရှုံးသွားလိမ့်မယ်။ အင်ပါယာရဲ့ အနောက်တောင်ပိုင်းကို ခွဲဝေအုပ်ချုပ်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားမယ်။ အင်ပါယာရဲ့ နယ်စားပယ်ရာ ဖြစ်လာမယ့် အခွင့်အရေး ဆုံးရှုံးသွားမယ်။ စစ်သည် သိန်းပေါင်းများစွာ ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားမယ်”
“ပါးစပ်ပိတ်ထား... မင်း ပါးစပ်ပိတ်ထား” တုပိုင် စိတ်ထဲမှ အော်ဟစ်လိုက်သည်။
တုပိုင်သည် မိန်းမစိုးလေး ယွမ်ဖုန်းကို ကြည့်ပြီး ပြောလိုက်၏။
“မသွားဘူး... ငါ မသွားဘူး။ ငါက အခု ကွမ်ရှီးပြည်နယ်မှာ အင်ပါယာရဲ့ အကြီးဆုံး အရာရှိပဲ။ ငါ ထွက်ပြေးလိုက်ရင် ကွမ်ရှီးပြည်နယ်တစ်ခုလုံး လုံးဝ ကျဆုံးသွားလိမ့်မယ်”
မိန်းမစိုးလေး ယွမ်ဖုန်းက ပြန်ပြောလိုက်၏။
“အစ်ကိုတုပိုင်... ဒါက အမိန့်တော်ပါ။ ဒါက ဧကရာဇ်မင်းမြတ်ရဲ့ အချစ်ဆုံး မေတ္တာပါ”
တုပိုင် ဦးညွှတ်ပြီး ပြောလိုက်၏။ “ဒါကြောင့်ပဲ ကျွန်တော် မပြေးနိုင်တာ။ ကျွန်တော် အဆုံးထိ တိုက်ပွဲဝင်သွားမယ်”
မိန်းမစိုးလေး ယွမ်ဖုန်းက မေးလိုက်၏။ “အစ်ကို... သေချာပြီလား။ လုံးဝ မသွားဘူးလား”
“မသွားဘူး”
“ကြိုးတုပ်ခေါ်သွားရင်တောင် မသွားဘူးလား။ အမိန့်တော်ကို ဖီဆန်ရာ ရောက်ရင်တောင် မသွားဘူးလား”
“မသွားဘူး”
မိန်းမစိုးလေးသည် ခဏတာ တုန့်ဆိုင်းသွား၏။ ပြီးနောက်တွင် နောက်ထပ် အမိန့်တော် တစ်စောင်ကို ရင်ခွင်ထဲမှ ထုတ်ယူလိုက်ပြီး ဖတ်ကြားလိုက်သည်။
“အမိန့်တော်... တုပိုင်အား ပိုင်ဆယ်စီရင်စု စီရင်စုမှူး ၊ ပိုင်ဆယ် စစ်ဗိုလ်ချုပ် အဖြစ် ခန့်အပ်လိုက်ပြီး ၊ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးကိုပါ တွဲဖက် တာဝန်ယူစေသည်”
ထိုအမိန့်တော် ထွက်လာသည်နှင့် တုပိုင် လုံးဝ တုန်လှုပ်သွားလေသည်။
ပိုင်ဆယ် စီရင်စုမှူး ၊ ပိုင်ဆယ် စစ်ဗိုလ်ချုပ် နှင့် ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး သုံးခုစလုံးကို ပေါင်းစပ်ပေးလိုက်သည်။
ဤသည်မှာ ရူးသွပ်သော အမိန့်တော် ၊ တစ်ခါမျှ မရှိဖူးသော အမိန့်တော် ဖြစ်၏။ ထို့ပြင် ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို တာဝန်ယူစေခြင်းဖြင့် ဧကရာဇ်သည် တုပိုင်၏ မိန်းမစိုး အရောင်အဆင်းကို ထပ်မံ ဆေးကြောပေးလိုက်ခြင်း ဖြစ်သည်။
ပိုင်ဆယ် စီရင်စုမှူးသည် အရပ်ဘက် အရာရှိ ဖြစ်ပြီး ၊ ပိုင်ဆယ် စစ်ဗိုလ်ချုပ်သည် စစ်ဘက် အရာရှိ ဖြစ်ကာ ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးသည် ထောက်လှမ်းရေး ဖြစ်သည်။ ဆိုလိုသည်မှာ တုပိုင်အား အာဏာသုံးရပ်ကို တစ်ပြိုင်နက်တည်း ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် မိန်းမစိုးလေးက နောက်ထပ် အမိန့်တော် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။ “တုပိုင်အား တာ့နင်အင်ပါယာ၏ မြို့စားအဖြစ် ရာထူးတိုးမြှင့်လိုက်သည်”
ပြီးနောက် မိန်းမစိုးလေးက တတိယမြောက် အမိန့်တော်ကို ထုတ်ပြန်လိုက်သည်။ ဤအမိန့်တော်သည် လက်ထပ်ထိမ်းမြားခြင်း အမိန့်တော် ဖြစ်သည်။
ဧကရာဇ်က တုပိုင်ကို လက်ထပ်ပေးလိုက်သည်။ မိန်းမစိုး အရောင်အဆင်းကို လုံးဝ ဆေးကြောပေးလိုသည်မှာ မဆန်းပေ။ ထို့ပြင် လက်ထပ်ပေးလိုက်သော အမျိုးသမီးသည် တုပိုင် လုံးဝ မထင်ထားသော သူ ဖြစ်နေသည်။
ဧကရာဇ်သည် ဤအမျိုးသမီးကို တုပိုင်နှင့် ပေးစားလိုက်၏။ သောက်ကျိုးနည်း။
အပိုင်း ၄၄၈ + ၄၄၉ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team