← Chapters

သစ်သားပန်းပုရုပ်က ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ

Vol. 10 Ch. 91

သစ်သားပန်းပုရုပ်က ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ

Vol. 10 Ch. 91

လသာသောညတွင် သူတောင်းစားအဘိုးအို ထွက်ခွာသွားပြီး မကြာမီမှာပင် ပုံရိပ်ယောင်များနှင့်တူသော အနက်ရောင်လူရိပ်နှစ်ခုသည် နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာကြသည်။

ထို့နောက် သူတို့သည် တောင့်တင်းသန်မာသော လူနှစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

သူတို့သည် ဖူယွင်မြင့်မြတ်နယ်မြေ၏ လက်ဝဲလက်ယာအစောင့်အရှောက်များဖြစ်သော ထျယ်ထာနှင့်ဟူရှန်တို့မှလွဲ၍ တခြားလူများမဟုတ်ချေ။

"ဘိုးဘေး....အဲ့ဒီကျောက်စိမ်းဆွဲပြားက ဘိုးဘေးရဲ့ အမှတ်အသားဖြစ်ပြီးတော့ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတဲ့ ရတနာလေ... သူနဲ့ ရင်းနှီးသွားတယ်ဆိုရင်တောင် ဘိုးဘေးက ဒီလောက်ထိ တန်ဖိုးရှိတဲ့အရာကို ပေးလိုက်ဖို့ မလိုပါဘူး"

လက်ဝဲအစောင့်အရှောက်ဟူရှန်က နားမလည်နိုင်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

"မင်းတို့ နားမလည်ပါဘူး..."

သူတောင်းစားအဘိုးအိုသည် လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်တတ်ရပ်နေပြီး သူ၏အကြည့်သည် အဝေးသို့ ကျရောက်နေပေ၏။

"သွားကြစို့...တကယ်လို့ ငါတို့ နောက်ကျနေပြီးတော့ အဲ့ဒီသားရဲကောင် လွတ်သွားရင် ကြီးမားတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်"

ထိုစကားများက ထျယ်ထာနှင့်ဟူရှန်တို့ကို ချက်ချင်းစိတ်မွန်းကြပ်သွားစေသည်။

ဖူယွင်မြင့်မြတ်နယ်မြေသည် အရှေ့ပိုင်းဒေသရှိ မဟာမြင့်မြတ်နယ်မြေငါးခုတွင် တစ်ခုအပါအဝင်ပင်။ လက်ဝဲလက်ယာအစောင့်အရှောက်များသည် အရှေ့ပိုင်းဒေသ၏ ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ ဘိုးဘေးသည် သာမန်လောကီအဆင့်ကို ကျော်လွန်နေသော တည်ရှိမှုတစ်ခု ဖြစ်သည်။

သူတို့ကို ဤမျှထိ တည်ကြည်လေးနက်သွားစေသည်မှာ မည်သည့်အရာ ဖြစ်နေသနည်း.....

အကြောင်းအရင်းမှာ ဖူယွင်မြင့်မြတ်နယ်မြေသည် ကြောက်မက်ဖွယ် နတ်ဆိုးသားရဲတစ်ကောင်ကို ဖိနှိပ်ထားသောကြောင့်ပင်။

ထိုနတ်ဆိုးသားရဲကို ချိတ်ပိတ်ထားသော ဝင်္ကပါကြီးသည် လျော့ရဲလာပြီး ကျိုးပျက်တော့မည့် လက္ခဏာများ ပြသလာခဲ့သည်။ ထိုကြောင့် ဂိုဏ်းတစ်​ဂိုဏ်းလုံးတွင် မည်သူမျှ ဤချိတ်ပိတ်ခြင်းကို မပြုပြင်နိုင်သဖြင့် သူတောင်းစားအဘိုးအို ပြန်လာရခြင်း ဖြစ်သည်။

သူတို့သုံးယောက်သည် အလင်းတန်းများနှင့် လျှပ်စီးတန်းများအလား လေဟာနယ်ကို ဖြတ်သန်းသွားလာခဲ့ကြသည်။

နောက်ဆုံးတွင် မိုးလင်းစအချိန်၌ သူတို့သည် ဖူယွင်မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာကြ၏။

"ဝေါင်း..."

သားရဲတစ်ကောင်၏ ဟိန်းဟောက်သံသည် တောင်တန်းများတလျှောက် ပဲ့တင်ထပ်သွားပြီး တိမ်တိုက်များကို တုန်ခါသွားစေသည်။

အသံလှိုင်းများသည် ဆူနာမီလှိုင်းလုံးများကဲ့သို့ တောင်များကို တုန်ခါစေပြီး မြေပြင်ကို လှုပ်ခတ်သွားစေသည်။

ဤအရာက သူတို့သုံးယောက်၏မျက်နှာထားများကို သိသိသာသာ ပြောင်းလဲသွားစေသည်။

သူတို့သည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ နတ်ဆိုးသားရဲကို ချိပ်ပိတ်ထားသည့် အနောက်ဘက်တောင်တန်းဆီသို့ တန်းတန်းမတ်မတ် ပြေးသွားကြသည်။

ဤနေရာသည် တောင်ကြားတစ်ခုပင်။

ထိုတောင်ကြား၏အထက်တွင် ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ် လင်းလက်နေပြီး ရှေးဟောင်းအက္ခရာများ ထူထပ်သိပ်သည်းစွာ ပြည့်နှက်နေသည်။ တောင်ကြားတစ်ခုလုံးကို ဖုံးအုပ်ထားသော စွမ်းအားအကာအကွယ်အလွှာပေါ်တွင် ကြွေထည်ကွဲအက်သကဲ့သို့ အက်ကွဲကြောင်းများ ထူထပ်သိပ်သည်းစွာ ထွက်ပေါ်လာပေ၏။

ဤသည်မှာ နတ်ဆိုးသားရဲကို ဖိနှိပ်ထားသော နတ်ဆိုးချုပ်နှောင်ခြင်း ဝင်္ကပါပင်။

ဤဝင်္ကပါ၏အပြင်ဘက်တွင် ဖူယွင်မြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ် မုန့်ရှောင်နှင့် အကြီးအကဲများ အဆင့်မြင့်အဖွဲ့ဝင်များသည် ဝင်္ကပါပေါ်မှ အက်ကွဲကြောင်းများကို ပြုပြင်ရန် အသည်းအသန် ကြိုးစားနေကြသည်။

ကံဆိုးစွာဖြင့် သူတို့၏ ပြုပြင်မှုနှုန်းသည် ကျိုးပျက်မှုနှုန်းကို မမီနိုင်ချေ။

မဟာဝင်္ကပါကြီး အပြည့်အဝ ပျက်စီးတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသဖြင့် လူများအားလုံး၏စိတ်နှလုံးသားများ အလွန်အမင်း လေးလံနေသည်။

ထိုအချိန်တွင် သူတောင်းစားအဘိုးအိုသည် ပြတ်ပြတ်သားသား လှုပ်ရှားလိုက်၏။

သူ၏ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် ဝင်္ကပါရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။

သူသည် သူ၏ခန္ဓာကိုယ်အတွင်း၌ လှိုင်းထန်နေသော စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ပြီး မဟာဝင်္ကပါကြီးထဲသို့ စွမ်းအားများ ဖြည့်တင်းကာ ကျိုးပျက်နေသော ဝင်္ကပါအက္ခရာများကို ပြုပြင်လိုက်သည်။

"ဘိုးဘေး....ဘိုးဘေး နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"

သူတောင်းစားအဘိုးအို၏ ပုံပန်းသွင်ပြင်သည် တည်ငြိမ်စေသော စွမ်းအားတစ်ရပ်ကဲ့သို့ ဖြစ်နေပြီး လူများအားလုံးကို ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားစေသည်။ ထို့ပြင် သူတို့၏ လေးလံနေသော စိတ်နှလုံးသားများကိုလည်း သက်သာသွားစေသည်။

"မင်းတို့ လျော့တိလျော့ရဲ မလုပ်နဲ့... ဒီမိစ္ဆာကောင်ကို ငါနဲ့အတူတူ ဝိုင်းပြီး ဖိနှိပ်ကြစမ်း"

သူတောင်းစားအဘိုးအိုက တည်ကြည်လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

သူ၏စိတ်နှလုံးသား အလွန်လေးလံနေပေ၏။

အကြောင်းအရင်းမှာ ဝင်္ကပါ၏ အခြေခံအုတ်မြစ်ကို ဝင်္ကပါအတွင်းရှိ မဟာနတ်ဆိုးက ထိုးဖောက်နေသည့် အရှိန်အဝါကို သူ အာရုံခံမိသောကြောင့်ပင်။

"ပုရွက်ဆိတ်တွေ... မင်းတို့က ဒီသခင်ကြီးကို ဒီလိုပုံစံနဲ့ ဖမ်းချုပ်ထားနိုင်မယ်လို့ ထင်နေတာလား"

"ဒီနေ့ မင်းတို့အားလုံး သေရမယ်"

ငရဲမှတွားသွားတက်လာသော မိစ္ဆာတစ်ကောင်၏ အသံအလား ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

နောက်ထပ်အချိန်တခဏတွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ရပ်သည် တောင်ကြားရှိ အက်ကွဲကြောင်းများထဲမှ ပျံ့လွင့်လာသည်။

ပျံ့နှံ့နေသော နတ်ဆိုးချီစွမ်းအင်များသည် မိုးကောင်းကင်ယံကို လွှမ်းခြုံသွားပြီး မိုးနှင့်မြေကို တုန်ခါသွားစေသည်။

ကြီးမားသော လက်တစ်ဖက်သည် တောင်ကြားအောက်ခြေမှ တိုက်ရိုက်ဆန့်ထွက်လာပြီး တောင်ကြီးတစ်လုံးအလား ကြီးမားသောစွမ်းအားဖြင့် ဝင်္ကပါကို ရိုက်နှက်လိုက်၏။

အချိန်တခဏအတွင်းမှာပင် နားကွဲလုမတတ် ကျယ်လောင်သော တုန်ခါသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ယိုင်နဲ့နေပြီဖြစ်သော မဟာဝင်္ကပါကြီးသည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။

"ဖူး..."

မဟာဝင်္ကပါကြီး ကျိုးပျက်သွားသည်နှင့် ထိုအရာကို ပြုပြင်နေကြသူများအားလုံး တိုက်ရိုက် လွင့်ထွက်သွားကြပြီး တချို့သည် သွေးအန်ကာ လဲကျသွားကြ၏။

"နတ်ဆိုး.... နတ်ဆိုးသားရဲ လွတ်သွားပြီ"

ဖူယွင်မြင့်မြတ်နယ်မြေ၏ဂိုဏ်းချုပ် မုန့်ရှောင်သည် ဒဏ်ရာရသွားသော သူ၏ရင်ဘတ်ကို ဖိရင်း သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ သူက ကွင်းပြင်ထဲရှိ ပုံရိပ်ကို ထိတ်လန့်တကြား စူးစိုက်၍ ကြည့်လိုက်သည်။

ဖုန်မှုန့်များ ပျောက်ကွယ်သွားချိန်၌ အနက်ရောင် နတ်ဆိုးလူဝံတစ်ကောင်သည် အလယ်ဗဟိုတွင် မားမားမတ်မတ် ရပ်နေသည်။

ထိုနတ်ဆိုးလူဝံ၏ခန္ဓာကိုယ်သည် ပေပေါင်းများစွာ မြင့်မားပြီး မင်ကဲ့သို့ မည်းနက်နေသော အမွှေးများသည် ပေပေါင်းများစွာ ရှည်လျားကာ လေထဲတွင် ယိမ်းနွဲ့နေသည်။

တောင်ကြီးတစ်လုံးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါသည် လူများအားလုံး၏စိတ်နှလုံးသားကို ဖိစီးထားသည်။

သူသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ကြည့်ရှုလိုက်ပြီးနောက် သူတောင်းစားအဘိုးအိုအပေါ်၌ သူ၏အကြည့်ကို ရပ်တန့်လိုက်သည်။

"အဘိုးကြီး.... မင်းက ငါ ဒဏ်ရာအပြင်းအထန် ရနေတာကို အခွင့်ကောင်းယူပြီးတော့ တခြားလူတွေနဲ့ ပူးပေါင်းပြီး ငါ့ကို နှစ်တစ်ထောင်လောက် ဖိနှိပ်ထားခဲ့တယ်"

"ဒီနေ့တော့ စာရင်းရှင်းရမယ့်အချိန် ရောက်ပြီ"

သူ၏မျက်လုံးများသည် သွေးကဲ့သို့ နီမြန်းနေပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီးနောက် သူတောင်းစားအဘိုးအိုကို သတ်ဖြတ်ရန်အတွက် ရှေ့သို့တိုးလာသည်။

"ဝုန်း..."

ဤလှုပ်ရှားမှုသည် အမှန်တကယ်ကို မြေပြင်တပြင်လုံးအား တုန်ခါသွားစေသည်။

သူ၏အမြန်နှုန်းသည် အလွန်မြန်ဆန်ပေ၏။

သူ၏တိုက်ခိုက်မှုတွင် ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားကို သယ်ဆောင်လာသဖြင့် လေဟာနယ်ပင်လျှင် ကွဲကြေသွားတော့မည့်အလား ထင်မှတ်ရသည်။

ဤကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ သူတောင်းစားအဘိုးအိုသည် မပေါ့ဆရဲဘဲ အစွမ်းကုန် ခုခံလိုက်သည်။

သို့ရာတွင် နှစ်ဖက်ကြားက ကွာဟချက်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည်။

လက်ဝါးတစ်ချက် ရိုက်လိုက်ရုံဖြင့် သူသည် နတ်ဆိုးလူဝံ၏လက်ချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဤမြင်ကွင်းသည် ဖူယွင်မြင့်မြတ်နယ်မြေမှ လူများအတွက် ကောင်းကင်ပြိုကျပြီး မြေပြင်ကျွံဝင်သွားသည့်အလားပင်။

သူတို့၏ဘိုးဘေးသည် မည်သူ ဖြစ်သနည်း...

သူသည် အရှေ့ပိုင်းဒေသ၏ အစွမ်းထက်ဆုံး တည်ရှိမှုများအနက်မှ တစ်ဦးပင်။

သူ၏ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်က သူ့ကို အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်စေနိုင်သည်။

သို့သော် ယခုချိန်၌ နတ်ဆိုးလူဝံကို ရင်ဆိုင်ရချိန်တွင် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သူ လွင့်ထွက်သွားခဲ့သည်။

နတ်ဆိုးလူဝံသည် အစွမ်းထက်ကြောင်း သူတို့ သိထားကြသော်လည်း ဤမျှထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားခဲ့ကြပေ။

သူတောင်းစားအဘိုးအိုသည် ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ရပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

"ခြေလှမ်းတစ်ဝက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်...."

ထိုစကားများ ထွက်ပေါ်လာသည်နှင့်....

လက်ရှိနေရာတွင် ရှိနေသူများအားလုံး၏ စိတ်နှလုံးသားများ အောက်ဆုံးထိ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူများသည် သူတို့အတွက် ဒဏ္ဍာရီလာ တည်ရှိမှုများပင်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သည်ပင် သူတို့ ခုခံနိုင်သော အရာမျိုး မဟုတ်ချေ။

"ငါတို့ ဖူယွင်မြင့်မြတ်နယ်မြေက ဒီနေ့ တကယ်ပဲ ပျက်စီးတော့မှာလား"

အကြီးအကဲတစ်ဦးက ဖြူဖပ်ဖြူရော်မျက်နှာဖြင့် မျှော်လင့်ချက်မဲ့စွာ မေးမြန်းလိုက်၏။

"ဟား...ဟား...."

နတ်ဆိုးလူဝံက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"မင်းတို့ ဒီသခင်ကြီးကို ဖမ်းချုပ်ထားတုန်းက လက်ရှိအခြေအနေမျိုးကို ကြိုတွေးထားသင့်တာပေါ့"

"ဒီနေ့ ဒီသခင်ကြီးက နှစ်တစ်ထောင်လောက် ဖမ်းချုပ်ခံခဲ့ရတဲ့ အရှက်တရားကို ဆေးကြောဖို့ ဖူယွင်မြင့်မြတ်နယ်မြေကို သွေးချောင်းစီးစေရမယ်"

သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး သူ၏အစွမ်းထက်သော အရှိန်အဝါက လူအများကို အသက်ရှူရန်ခက်ခဲစေသည်။

သူတောင်းစားအဘိုးအိုက အံ့တင်းတင်းကြိတ်ပြီး လူများအားလုံးရှေ့တွင် အခိုင်အမာ မတ်တတ်ရပ်လိုက်သည်။

"မင်းတို့အားလုံး.... မြန်မြန် ထွက်ပြေးကြတော့....ငါ သူ့ကို တားထားမယ်"

အကြွင်းမဲ့စွမ်းအား၏ရှေ့တွင် လူအင်အားများခြင်းက အဓိပ္ပာယ်သိပ်မရှိပေ။

လူများအားလုံး ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရန်အတွက် သူ့ကိုယ်သူ စွန့်လွှတ်ကာ အချိန်ဆွဲပေးရန် ပြင်ဆင်နေကြောင်း သိသာထင်ရှားသည်။

"ဘိုးဘေး"

အကြီးအကဲတစ်ယောက်က နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုဖြင့် အော်ဟစ်လိုက်သည်။

"မြန်မြန် ထွက်သွားကြစမ်း...."

သူတောင်းစားအဘိုးအိုက အသံတိမ်ဝင်သွားသည်အထိ အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး ကျန်ရှိနေသရွေ့ ငါ တည်ထောင်ခဲ့တဲ့ ဖူယွင်မြင့်မြတ်နယ်မြေက ပျက်စီးသွားတယ်လို့ မသတ်မှတ်နိုင်ဘူး"

"ငါ့ရဲ့အသက်ကို စွန့်လွှတ်ထားတာတောင် မင်းတို့က ဒီအတိုင်း ထိုင်ကြည့်နေကြတော့မှာလား"

"သွားကြစမ်း..."

ဂိုဏ်းချုပ်မုန့်ရှောင်က အော်ဟစ်လိုက်၏။

သူသည် လူများအားလုံးကို ဦးဆောင်ပြီး ဆုတ်ခွာရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

"ဒီသခင်ကြီးရဲ့ရှေ့ကနေ မင်းတို့က တကယ် လွတ်အောင် ပြေးနိုင်မယ်လို့ ထင်နေတာလား..."

နတ်ဆိုးလူဝံက လှောင်ပြောင်လိုက်သည်။

ထို့နောက် သူသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ထူးခြားသော အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

"ငါ့ရဲ့စိတ်ထဲက အမုန်းတရားတွေ ပြေပျောက်ဖို့အတွက် ဖူယွင်မြင့်မြတ်နယ်မြေကို သွေးချောင်းစီးစေရမယ်လို့ ငါ ပြောပြီးပြီ"

"ဒီအတိုးကို မင်းဆီကနေ အရင်ယူရမယ်"

သူသည် မောက်မာထောင်လွှားစွာဖြင့် သူ၏ကြီးမားသော လက်ကြီးကို ဝှေ့ယမ်းလိုက်ကာ ယခင်ထက် အဆပေါင်းများစွာ ပို၍ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်၏။

"ငါ သေရတော့မှာလား"

သူတောင်းစားအဘိုးအို၏စိတ်နှလုံးသား လေးလံနေသည်။

ဤလက်ဝါးရိုက်ချက်သည် သူ၏ ဆုတ်ခွာလမ်းကြောင်းကို လုံးဝပိတ်ဆို့ထားသည်။

သူ့အတွက် ဆုတ်ခွာရန်နေရာ မရှိတော့သဖြင့် ထိပ်တိုက်ရင်ဆိုင်ရုံမှတစ်ပါး တခြားမရှိတော့ချေ။

သို့သော် ခြေလှမ်းတစ်ဝက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကို သူ မည်သို့မျှ ခုခံနိုင်မည် မဟုတ်ကြောင်း သူ သိရှိထားသည်။

ထိုအချိန်မှာပင်...

သူ၏ရင်ခွင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရကာ ရုတ်ချည်းဆိုသလိုပင် အလင်းတန်းတစ်တန်း ပျံ့လွင့်လာသည်။

"ဒါက..."

သူတောင်းစားအဘိုးအို ကြောင်အသွားသည်။

ဤကဲ့သို့အချိန်မျိုးတွင် ကျုံးချင်ပေးခဲ့သော သစ်သားပန်းပုရုပ်က ထူးခြားသော လက္ခဏာများကို ပြသလာလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ပေ။

သို့သော် ဤသစ်သားပန်းပုရုပ်သည် အနည်းငယ် ထူးခြားနေသည် ဆိုလျှင်ပင်...

မည်သို့ အသုံးဝင်နိုင်မည်နည်း...

သူတောင်းစားအဘိုးအို၏စိတ်ထဲတွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးကို သစ်သားပန်းပုရုပ်လေးတစ်ရုပ်က မည်သို့ တားဆီးနိုင်မည်နည်းဟု တွေးတောနေမိသည်။

All Chapters