← Chapters

ဘာကွ....အပြင်စည်းတပည့်ဖြစ်သွားတယ်...ဟုတ်လား

Vol. 10 Ch. 93

ဘာကွ....အပြင်စည်းတပည့်ဖြစ်သွားတယ်...ဟုတ်လား

Vol. 10 Ch. 93

ဝူကျီခန်းမ....

ဝူကျီဂိုဏ်းချုပ်အိုးယန်ဟောက်နှင့် အကြီးအကဲများသည် ခန်းမဆောင်အပြင်ဘက်တွင် စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေကြသည်။

"ဂိုဏ်းချုပ်...တကယ်တမ်းက ဘာတွေဖြစ်ပျက်နေတာလဲ"

ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်တချို့သည် စုဝေးရောက်ရှိလာကြ၏။

သူတို့သည် ဘိုးဘေး ဒဏ်ရာအပြင်းအထန်ဖြင့် ပြန်ရောက်လာသည်ဟူသော သတင်းကို ကြားထားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ရှင်းလင်းစွာ မသိကြပေ။

ဂိုဏ်းချုပ်အိုးယန်ဟောက်၏မျက်နှာအမူအယာသည် မှုန်မှိုင်းနေပြီး စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် သူသည် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။

"ဘိုးဘေးက ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခုထဲ ဝင်ခဲ့တယ်"

"အဲ့ဒီလျှို့ဝှက်နယ်မြေထဲမှာ ဘိုးဘေးက တွေးကြည့်လို့တောင် မရနိုင်လောက်တဲ့ ပြင်းထန်တဲ့ဒဏ်ရာတွေကို ရခဲ့တယ်....အခု ဆဋ္ဌမအကြီးအကဲက ဘိုးဘေးကို ကုသပေးနေတယ်"

"အခြေအနေအပြည့်အစုံကို ဆဋ္ဌမအကြီးအကဲ ထွက်လာမှပဲ သိရလိမ့်မယ်"

သူ စကားပြောဆိုနေစဉ်မှာပင် နံဘေးအခန်းတစ်ခန်းမှ လူတစ်ယောက် ထွက်လာပြီး ပင်မခန်းမဆောင်ထဲသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းဝင်ရောက်လာသည်။

ဤလူသည် ဝူကျီဂိုဏ်းဘိုးဘေးကို ရောဂါရှာဖွေကုသပေးနေသော ဆဋ္ဌမအကြီးအကဲပင်။

"ဆဋ္ဌမအကြီးအကဲ... ဘိုးဘေးရဲ့ ဒဏ်ရာတွေ ဘယ်လိုနေလဲ"

ဂိုဏ်းချုပ်အိုးယန်ဟောက်က ရှေ့သို့ချက်ချင်းတိုးကာ တိုးညှင်းသောအသံဖြင့် မေးမြန်းလိုက်သည်။

ဤမေးခွန်းသည် လူတိုင်း၏နှလုံးသားကို ဆွဲကိုင်ပြီး လှုပ်ယမ်းလိုက်သည့်အလားပင်။

ဆဋ္ဌမအကြီးအကဲသည် မျက်မှောင်ကြုတ်၍ စဉ်းစားနေပြီး ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

ဤအပြုအမူသည် လူများအားလုံး၏ စိတ်နှလုံးသားကို တင်းကြပ်သွားစေသည်။

ထို့နောက် သူ ဖြည်းညှင်းစွာ ပြောလိုက်သည်ကို သူတို့အားလုံး ကြားလိုက်ရသည်။

"ဘိုးဘေးရဲ့ အခြေအနေက သိပ်မကောင်းဘူး"

"သူ့ရဲ့ ချီသွေးကြောတွေအများကြီး ပြတ်တောက်နေရုံတင်မကဘူး...ခန္ဓာကိုယ်တွင်းကလီစာတွေလည်း ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးထားတယ်"

"ဒီဒဏ်ရာတွေလောက်ပဲဆိုရင်တော့ အစွမ်းထက်ဆေးဝါးတချို့သုံးဖို့ ဆန္ဒရှိသရွေ့ ကျွန်တော်ရဲ့ကုသမှုအောက်မှာ ပြန်ကောင်းလာဖို့ မခက်ဘူး"

"ဒါပေမဲ့ အရေးကြီးတဲ့အချက်က ဘိုးဘေးရဲ့နတ်ဘုရားစိတ်ဝိညာဉ်ပါ အရမ်းပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရထားတာပဲ"

"ဒါက တော်တော်လေး ကုသရခက်တယ်...ငါလည်း မတတ်နိုင်တော့ဘူး"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် မူလက လေးလံနေသော လူများအားလုံး၏စိတ်အခြေအနေသည် အောက်ဆုံးထိ နစ်မြုပ်သွားသည့်အလားပင်။

ဆဋ္ဌမအကြီးအကဲသည် ဆေးပညာရှင်တစ်ဦးပင်။

ဝူကျီဂိုဏ်းတစ်ဂိုဏ်းလုံးကို ကြည့်လိုက်လျှင် သူ၏ဆေးပညာစွမ်းရည်ကို ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။

ယခု သူကပင် မတတ်နိုင်တော့ဟု ပြောဆိုလာသည်။

သူတို့အနေဖြင့် ဘိုးဘေး ကွယ်လွန်သွားသည်ကို ထိုင်ကြည့်နေရုံမှတစ်ပါး တခြားနည်းလမ်း မရှိတော့သလော...

"ဆဋ္ဌမအကြီးအကဲ...တကယ်ပဲ နည်းလမ်း လုံးဝမရှိတော့တာလား"

ဂိုဏ်းချုပ်အိုးယန်ဟောက်က လက်မလျှော့ချင်သေးသဖြင့် မေးမြန်းလိုက်သည်။

ဆဋ္ဌမအကြီးအကဲသည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။

"ဒါက နည်းလမ်း လုံးဝမရှိတာတော့ မဟုတ်ဘူး"

"ဘိုးဘေးရဲ့ နတ်ဘုရားစိတ်ဝိညာဉ်က ထိခိုက်သွားတာကြောင့်...ကျွန်တော် သိသလောက်ဆိုရင် နတ်ဘုရားစိတ်ဝိညာဉ်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အစွမ်းထက် စိတ်ဝိညာဉ်ဆေးလုံးတစ်မျိုးဖြစ်တဲ့ နတ်ဘုရားမီးတောက်ဆေးလုံးဆိုတာ ရှိတယ်"

"တကယ်လို့ ကျွန်​တော်တို့က နတ်ဘုရားမီးတောက်ဆေးလုံးတစ်လုံးကို ရှာတွေ့နိုင်ရင် ဘိုးဘေးကို ကယ်တင်နိုင်ဖို့ ရာနှုန်းပြည့် ယုံကြည်မှု ရှိပါတယ်"

"ဒါပေမဲ့ ကောလာဟလတွေအရ ဒီဆေးညွှန်း ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ"

"နတ်ဘုရားမီးတောက်ဆေးလုံး ရှာတွေ့ဖို့ ကြိုးစားတာက ပင်လယ်ထဲ အပ်ပျောက်ရှာသလိုမျိုး ခက်ခဲလိမ့်မယ်"

ဂိုဏ်းချုပ်အိုးယန်ဟောက်က စိုးရိမ်တကြီး ပြောဆိုလိုက်သည်။

"တခြား စိတ်ဝိညာဉ်ဆေးလုံးတွေကို အစားထိုးပြီး သုံးလို့မရဘူးလား"

ဆဋ္ဌမအကြီးအကဲက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"ဆေးအာနိသင် နည်းနည်းလျော့တဲ့အရာကိုရရင်တော့ လုံးဝဖြစ်နိုင်တာမျိုး မဟုတ်ဘူး"

"စိတ်ဝိညာဉ်ဆေးလုံးတစ်လုံးက အစားထိုးအနေနဲ့ အလုပ်ဖြစ်နိုင်တယ်"

"ဒါပေမဲ့ အစားထိုးဆိုရင်တောင် ဒီဆေးလုံးက အရမ်းတန်ဖိုးရှိပြီး​တော့ ဈေးကွက်ထဲမှာ ပျံ့နှံ့နေတာမျိုး လုံးဝမရှိဘူး"

"ထိပ်တန်းဆေးပညာရှင်တစ်ယောက်ကပဲ ဒီဆေးလုံးကို ဖော်စပ်နိုင်လိမ့်မယ်"

"တကယ်လို့ ငါတို့က မဟာဆေးပညာရှင်နှစ်ယောက် ရှာတွေ့နိုင်ရင် ဘိုးဘေးအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာနိုင်တယ်"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး ပထမဆုံး တွေးမိသည်မှာ တန်းထင်းခန်းမဆောင်ပင်။

လူတိုင်း သိထားကြသည့်အတိုင်း....

တန်းထင်းခန်းမဆောင်သည် အရှေ့ပိုင်းဒေသရှိ မဟာမြင့်မြတ်နယ်မြေငါးခုအနက် တစ်ခုအပါအဝင်ပင်။

ထိုအင်အားစုသည် အရှေ့ပိုင်းဒေသရှိ ထိပ်သီးဆေးပညာရှင်များအနက် ၇၀ ရာခိုင်နှုန်းကျော်ကို စုစည်းထားသည်။

ဂိုဏ်းချုပ်အိုးယန်ဟောက်က တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းလိုက်၏။

"ဘိုးဘေးက ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မှာလဲ"

"ကျွန်တော်က သူ့ရဲ့အသက်ကို သုံးရက် ဆွဲထားပေးနိုင်တယ်"

"သုံးရက်ကျော်သွားရင် နတ်ဘုရားတွေတောင် သူ့ကိုကယ်နိုင်မှာ မဟုတ်တော့ဘူး"

ထိုစကားများက လူများအားလုံး၏မျက်ခုံးများကို နက်ရှိုင်းစွာ တွန့်ချိုးသွားစေသည်။

မဟာမြင့်မြတ်နယ်မြေငါးခုအနက် တန်းထင်းခန်းမဆောင်သည် အရှေ့ပိုင်းဒေသ၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ဝူကျီခန်းမသည် မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။

တစ်ခုသည် တောင်ဘက်စွန်း တစ်ခုက မြောက်ဘက်စွန်း ဖြစ်ပြီး မိုင်ပေါင်းသိန်းနှင့်ချီ၍ ဝေးကွာသည်။

တန်းထင်းခန်းမဆောင်မှ ထိပ်သီးဆေးပညာရှင်တစ်ဦးကို ဖိတ်ခေါ်ခြင်းသည် ကြီးမားသော ကုန်ကျစရိတ်နှင့်ပေးဆပ်မှု လိုအပ်မည်ဖြစ်ကြောင်း ထည့်မပြောလျှင်ပင်....

အကွာအဝေးတစ်ခုတည်းကပင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးအတွက် သုံးရက်အတွင်း အသွားအပြန် ပြုလုပ်ရန် မဖြစ်နိုင်ချေ။

လူများအားလုံး၏ စိတ်နှလုံးသားများ လေးလံနေချိန်တွင် ဆဋ္ဌမအကြီးအကဲက ဆက်လက်၍ ပြောဆိုသည်။

"ဂိုဏ်းချုပ်...တကယ်လို့ ကျွန်တော်တို့ဝူကျီဂိုဏ်းက ဆေးသန့်စင်ခြင်းတောင်ရဲ့ အင်အားတွေအားလုံးကို စုစည်းလိုက်ရင် ဖော်စပ်နိုင်ဖို့ အခွင့်အရေး နည်းနည်းတော့ ရှိနိုင်တယ်"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဂိုဏ်းချုပ်အိုးယန်ဟောက်၏မျက်လုံးများ တောက်ပလာသည်။

"ဒါဆို ဘာလို့ ဆေးသန့်စင်ခြင်းတောင်က လူတွေအားလုံးကို အမြန်ဆုံး မစုစည်းသေးတာလဲ" ဂိုဏ်းချုပ်အိုးယန်ဟောက်က အလျင်စလို ပြောဆိုသည်။

"သတ္တမအကြီးအကဲနဲ့ အဋ္ဌမအကြီးအကဲတို့က နှုတ်ထွက်သွားကြပြီလေ... ပြီးတော့ ကျွန်တော်တို့မှာ လူအင်အား ပြတ်လပ်နေတယ်"

ဆဋ္ဌမအကြီးအကဲက တုံ့ပြန်သည်။

"သူတို့ ထွက်သွားကြပေမယ့် ကူညီဖို့ ပြန်ခေါ်မယ်ဆိုရင် ပြဿနာမရှိလောက်ပါဘူး" ဂိုဏ်းချုပ်အိုးယန်ဟောက်က ထပ်မံ၍ ပြောဆိုလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့ကြား၌ သံယောဇဉ်ဟောင်းများ ကျန်ရှိနေဆဲပင်။

သူကိုယ်တိုင် တောင်းဆိုလျှင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် သေချာပေါက် မျက်နှာသာ ပေးကြပေလိမ့်မည်။

ဤသို့တွေးတောပြီးနောက် ဂိုဏ်းချုပ်အိုးယန်ဟောက်သည် အမှောင်အစောင့်ခေါင်းဆောင်ကို ခေါ်ယူရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

အမှောင်အစောင့်ခေါင်းဆောင် ရောက်ရှိလာသည်နှင့်...

ဂိုဏ်းချုပ်အိုးယန်ဟောက်က ချက်ချင်း မေးမြန်းလိုက်သည်။

"သတ္တမအကြီးအကဲနဲ့ အဋ္ဌမအကြီးအကဲတို့ ဂိုဏ်းကနေ ထွက်သွားပြီးတဲ့နောက်မှာ ဘယ်ရောက်သွားလဲဆိုတာ မင်း သိလား"

အမှောင်အစောင့်ခေါင်းဆောင်၏ မျက်နှာအမူအယာ ချက်ချင်းထူးဆန်းသွားသည်။

ဝူကျီဂိုဏ်း အမှောင်အစောင့်အဖွဲ့အစည်း၏ လွှမ်းမိုးမှုသည် အရှေ့ပိုင်းဒေသ၏ထက်ဝက်ခန့်အထိ ပျံ့နှံ့နေပြီး ဒေသတစ်ခုလုံးရှိ သေးငယ်သော လှုပ်ရှားမှုများကိုပင် ကောင်းစွာသိထားကြသည်။

အမှောင်အစောင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သူတို့နှစ်ယောက်၏လှုပ်ရှားမှုများကို သူ သဘာဝကျကျ သိနေသည်။

ဤကိစ္စကို ဂိုဏ်းချုပ်အား တင်ပြသင့်မသင့် သူ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

ယခုချိန်၌ ဂိုဏ်းချုပ်က မေးမြန်းလာသဖြင့် သူရရှိထားသော သတင်းအချက်အလက်များကို ချက်ချင်းပြောပြလိုက်၏။

"ဂိုဏ်းချုပ်ကို တင်ပြပါတယ်..."

"သတ္တမအကြီးအကဲနဲ့ အဋ္ဌမအကြီးအကဲတို့က ဝူကျီဂိုဏ်းက ထွက်သွားကတည်းက ဒုတိယတန်းစားဂိုဏ်းဖြစ်တဲ့ ရှန်ကျန်းဂိုဏ်းကို ဝင်ရောက်သွားပြီးတော့....ရှန်ကျန်းဂိုဏ်း မူဖူတောင်ရဲ့ အပြင်စည်းတပည့်တွေ ဖြစ်သွားကြပါပြီ"

"မကြာသေးခင်က အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံမှာ အကြီးအကဲနှစ်ယောက်က ရှန်ကျန်းဂိုဏ်း မူဖူတောင်ရဲ့ အပြင်စည်းတပည့်တွေအနေနဲ့ ပြိုင်ဘက်အားလုံးကို ဖယ်ရှားပြီးတော့.... အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံရဲ့ တပည့်ယှဥ်ပြိုင်ပွဲမှာ ပထမနေရာကို ရရှိခဲ့ပါတယ်"

"ဘာ....ဘာ.... ဘာပြောလိုက်တာလဲ"

ဤသတင်း ထွက်ပေါ်လာသည်နှင့် ဂိုဏ်းချုပ်အိုးယန်ဟောက်၏မျက်လုံးများ ပြူးကျယ်သွားသည်။

အကြီးအကဲများနှင့် အဆင့်မြင့်အဖွဲ့ဝင်များသည်လည်း မယုံကြည်နိုင်စွာဖြင့် သူတို့၏နားများကို ကုတ်ဖဲ့နေကြသည်။

သူတို့၏ နားကြားမှားနေသလောဟု သူတို့ သံသယဝင်မိကြသည်။

မြင့်မြတ်နယ်မြေတစ်ခု၏ အကြီးအကဲများသည် ရာထူးမြင့်မားပြီး ဩဇာအာဏာကြီးမားကာ လူထောင်ပေါင်းများစွာ၏ လေးစားမှုကို ခံရပြီး သူတို့သွားလေရာ နေရာတိုင်းတွင် အာရုံစိုက်ခံရသော ဗဟိုချက်ပင်။

သို့သော် သူတို့သည် မည်သည့်အရာအား ကြားလိုက်ရသနည်း။

လူတစ်ယောက်သည် ထိုကဲ့သို့ မြင့်မားသည့် ရာထူးကို စွန့်လွှတ်ပြီး ဒုတိယတန်းစားဂိုဏ်းကို ဝင်ရောက်ကာ သောက်ကျိုးနည်း အပြင်စည်းတပည့် ဖြစ်သွားသည်ဟု ဆိုသလော....

ဤသည်မှာ ပုံမှန်လူတစ်ယောက် လုပ်ဆောင်မည့်ကိစ္စ ဟုတ်ပါသလော...

ဝူကျီဂိုဏ်းချုပ်ဖြစ်သော အိုးယန်ဟောက်သည် ရူးသွပ်ချင်သကဲ့သို့ ခံစားလိုက်ရသည်။

သတ္တမအကြီးအကဲနှင့် အဋ္ဌမအကြီးအကဲတို့သည် သူ့ထံလာရောက်ပြီး နှုတ်ထွက်စဉ်က တောတောင်များထဲတွင် အနားယူချင်သည်ဟု ပြောခဲ့ကြသည်။

သို့သော် ရလဒ်သည် မည်သို့ ဖြစ်လာခဲ့သနည်း....

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် အခြားဂိုဏ်းတစ်ဂိုဏ်း၏ရင်ခွင်ထဲသို့ ပစ်ဝင်သွားကြသည်။

အကယ်၍ သူတို့သည် ဝူကျီဂိုဏ်းထက် ပို၍ကောင်းမွန်သော ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပို၍သင့်လျော်သော အင်အားစုတစ်စုသို့ သွားခဲ့လျှင် ဂိုဏ်းချုပ်အိုးယန်ဟောက် နားလည်ပေးနိုင်သည်။

ဥပမာအနေဖြင့် တန်းထင်းခန်းမဆောင်ကဲ့သို့ နေရာမျိုးပင်။

ထိုအင်အားစုသည် ဝူကျီဂိုဏ်း မပေးနိုင်သော အရာများကို ပေးစွမ်းနိုင်သည်။

သို့သော် ယခု၌မူ သူတို့ဝင်ရောက်သွားသည်မှာ ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်သည်။

ဒုတိယတန်းစားဂိုဏ်း...

သာမန် ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းနှင့် ယှဉ်လိုက်လျှင် သူ၏ဝူကျီဂိုဏ်းတွင် မည်သည့်လိုအပ်ချက်မျိုး ရှိနေသနည်း....

ဤအရာသည် ဂိုဏ်းချုပ်အိုးယန်ဟောက်အား လှည့်စားခံရသကဲ့သို့ ခံစားစေပြီး တစ်ချိန်တည်းမှာပင် အမည်မသိ နတ်ဆိုးချီစွမ်းအင်တစ်ခုက သူ၏ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်စွာ လောင်ကျွမ်းလာသည်။

ဒေါသ ရှုပ်ထွေးမှု သံသယစသည့် ခံစားချက်အမျိုးမျိုးက သူ၏မျက်လုံးများထဲတွင် ရောယှက်၍ ထင်ဟပ်နေပေ၏။

သူသည် ထိုလူနှစ်ယောက်အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ဖူးခြင်းရှိမရှိဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိသော်လည်း သူတို့၏လုပ်ရပ်က သူ၏စိတ်နှလုံးသားကို အမှန်တကယ် ကြေကွဲစေသည်။ သို့သော် ထိုအရာထက်ပိုသည်မှာ နားမလည်နိုင်မှုပင်။

သို့ရာတွင် ဤအချိန်သည် ဒေါသထွက်နေရမည့်အချိန် မဟုတ်ချေ။

ဘိုးဘေးသည် အရေးကြီးသော အန္တရာယ်နှင့် ကြုံတွေ့နေရသည်။

သတ္တမအကြီးအကဲနှင့် အဋ္ဌမအကြီးအကဲတို့သည် လောလောဆယ်တွင် သူတို့ ဆုပ်ကိုင်နိုင်သည့် တစ်ခုတည်းသော အသက်ကယ်ကောက်ရိုးမျှင်ပင်။

"ရှန်ကျန်းဂိုဏ်းက ဘယ်မှာလဲ....ဒီဂိုဏ်းချုပ်က အဲ့ဒီကို ခရီးတစ်ခေါက် သွားချင်တယ်"

သူ အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး အပျက်သဘောဆောင်သော ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။

သူသည် အမှောင်အစောင့်ခေါင်းဆောင်ကို မေးမြန်းလိုက်၏။

အမှောင်အစောင့် ခေါင်းဆောင်က မြေပုံတစ်ခုကို လေးစားစွာ ပေးအပ်လိုက်သည်။

ထို့ပြင် တည်နေရာအတိအကျကို သေသေချာချာ မှတ်သားပေးထားသည်။

တစ်ချိန်တည်းမှာပင် သူသည် တိတ်တဆိတ် ညည်းညူနေမိသည်။

ဤရှန်ကျန်းဂိုဏ်းသည် အတော်လေး ထူးဆန်းပုံရသည်။

ယခင်က အဋ္ဌမအကြီးအကဲက သူ့အား ဒေါသတကြီးဖြင့် ရှန်ကျန်းဂိုဏ်းမြေပုံ လာတောင်းဖူးသည်။

မကြာမီမှာပင် သူ ပျောက်သွားသည်။

သတ္တမအကြီးအကဲသည်လည်း ထပ်တူထပ်မျှပင်။

သူတို့နှစ်ယောက် ဝူကျီဂိုဏ်းကို တစ်ခေါက်ပြန်လာပြီးနောက် သူတို့၏သတင်းကို ထပ်မံ၍ ကြားရသည့်အချိန်တွင် ရှန်ကျန်းဂိုဏ်း၏ အပြင်စည်းတပည့်များ ဖြစ်နေကြလေပြီ။

ယခု ဂိုဏ်းချုပ်ကလည်း သူ့ထံမှ မြေပုံ လာတောင်းနေပေ၏။

"ရှီး..."

သူ လေအေးတစ်ချက် ရှိုက်သွင်းလိုက်ပြီး သူ၏စိတ်ထဲရှိ လက်တွေ့မကျသော အတွေးကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။

All Chapters