← Chapters

စိတ်ဝိညာဉ်ဆေးလုံး

Vol. 10 Ch. 95

စိတ်ဝိညာဉ်ဆေးလုံး

Vol. 10 Ch. 95

"မင်းတို့နှစ်ယောက်က ဘိုးဘေးအတွက် ဆေးလုံးကို ဦးဆောင်ပြီးတော့ ဖော်စပ်ပေးမယ်လို့ ပြောချင်တာလား"

ဂိုဏ်းချုပ်အိုးယန်ဟောက်က အံ့အားသင့်သော မျက်နှာအမူအယာဖြင့် မေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ် နားလည်မှုလွဲနေပြီ....ကျွန်တော်တို့က ဆေးဖော်စပ်တာကို ဦးဆောင်မှာ မဟုတ်ဘူး ...ကျွန်တော်တို့နှစ်ယောက်က ဆေးလုံးကို တိုက်ရိုက်ဖော်စပ်ပေးမှာပါ"

ရှီရှောင်ထျန်းက ပြောဆိုသည်။

သို့ရာတွင် သူ၏စကားဆုံးသည်နှင့် နံဘေးဘက်မှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"မောက်မာလိုက်တာ...."

အနီးအနားတွင် ရှိနေသော ဆေးသန့်စင်ခြင်းတောင်သခင်က ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။

"ဒီကိစ္စက ဘိုးဘေးရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတာ.... မင်းတို့ လာပြီးနောက်ပြောင်ရမယ့်နေရာ မဟုတ်ဘူး"

"ပြီးတော့ မင်းတို့နှစ်ယောက်က ဆေးလုံးကို တိုက်ရိုက် ဖော်စပ်မယ် ဟုတ်လား.... မင်းတို့က ဒီလိုဟာသမျိုးကို ပြောရဲသေးတယ်ပေါ့.....ဘိုးဘေးနဲ့ပတ်သက်ပြီး ပြဿနာနည်းနည်း ဖြစ်ခဲ့ရင်တောင် မင်းတို့ တာဝန်ယူနိုင်လို့လား...အခု ချက်ချင်း နောက်ဆုတ်လိုက်စမ်း"

ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြသည်။

သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။

"တောင်သခင် သုံးရက်ကြာ ခွဲခွာပြီးတဲ့နောက်မှာ လူတစ်ယောက်ကို အမြင်သစ်နဲ့ ကြည့်သင့်တယ်....ကျွန်​တော်တို့က ဘိုးဘေးရဲ့အသက်နဲ့ ပတ်သက်နေတဲ့ ကိစ္စကို ဘယ်လိုလုပ်ပြီး နောက်ပြောင်ပါ့မလဲ"

ဆေးသန့်စင်ခြင်းတောင်သခင်က နှာခေါင်းရှုံ့လိုက်သည်။

"စိတ်ဝိညာဉ်ဆေးလုံးဆိုတာ စိတ်ဝိညာဉ်ဆေးပင်တွေ အများကြီး လိုအပ်တယ်..."

"ဆေးဖော်စပ်ဖို့ စိတ်ဝိညာဉ်စွမ်းအားတွေကို အသက်သွင်းလိုက်ရုံနဲ့တင် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတွေအများကြီးကို မောပန်းသွားစေဖို့ လုံလောက်တယ်"

"ပြောစမ်းပါအုံး...မင်းတို့နှစ်ယောက် ပေါင်းစည်းထားတဲ့ စွမ်းအားလောက်နဲ့ ဘယ်လိုလုပ်ပြီးတော့ ဒီဆေးလုံးကို ဖော်စပ်နိုင်မှာလဲ"

ရှီရှောင်ထျန်းက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီးနောက် သူ မပြောဘဲ မနေနိုင်တော့ချေ။

"တောင်သခင်...ကျွန်တော်တို့က စိတ်ဝိညာဉ်ဆေးလုံး ဖော်စပ်မယ်လို့ မပြောခဲ့ဘူး"

"ကျွန်တော်တို့ ဖော်စပ်မှာက နတ်ဘုရားမီးတောက်ဆေးလုံးပါ"

'နတ်ဘုရားမီးတောက်ဆေးလုံး' ဟူသော စကားလုံးများ ထွက်ပေါ်လာသည်နှင့် ထူးဆန်းသော မှော်စွမ်းအားတစ်ရပ် ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်သွားသည်။

မူလက ဆူညံပြီး စည်ကားနေသော ခန်းမကြီးသည် ချက်ချင်းတိတ်ဆိတ်သွားကာ အပ်ကျသံကိုပင် ကြားနိုင်သည်။

စိတ်ဝိညာဉ်ဆေးလုံးနှင့် နတ်ဘုရားမီးတောက်ဆေးလုံးသည် စာလုံးတစ်လုံးသာ ကွာခြားသော်လည်း အာနိသင်သည် ကမ္ဘာတစ်ခုစီမျှ ကွာခြားပေ၏။

ဆဋ္ဌမအကြီးအကဲပင်လျှင် စိတ်ဝိညာဉ်ဆေးလုံး ရှိပါက ဘိုးဘေးအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာနိုင်သည်ဟု ပြောခဲ့သည်။

သို့သော် နတ်ဘုရားမီးတောက်ဆေးလုံး ရှိပါက သူသည် ဘိုးဘေးကို ကယ်တင်နိုင်ရန် ရာနှုန်းပြည့် သေချာပေ၏။

ဤကိစ္စနှစ်ခုသည် မိုးနှင့်မြေကဲ့သို့ ကွာခြားသည်။

"မင်းတို့နှစ်ယောက် ဘာတွေ စိတ်ရူးပေါက်ပြီး လျှောက်ပြောနေတာလဲ"

ဆေးသန့်စင်​ခြင်းတောင်သခင် လုပိုသည် ထိုလူနှစ်ယောက် ရူးသွပ်သွားပြီဟု ခံစားလိုက်ရသည်။

ဆေးဖော်စပ်မှုကို ဦးဆောင်ခြင်းသည် တစ်ကဏ္ဍဖြစ်သော်လည်း သူတို့က နတ်ဘုရားမီးတောက်ဆေးလုံးကို ဖော်စပ်ချင်သည်ဟုပင် ပြောနေကြသည်။

သူတို့၏နားများ ချို့ယွင်းနေသလော သို့မဟုတ် ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့သည် ရူးသွပ်သွားကြသလော...

တခြားလူများအားလုံး၏ အကြည့်များတွင်လည်း သံသယများဖြင့် ပြည့်နှက်နေသည်။ ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့၏ ပြောစကားများသည် အလွန်အမင်း လေလုံးထွားလွန်းသည်ဟု သူတို့အားလုံး ယုံကြည်ထားကြောင်း သိသာထင်ရှားသည်။

လူအုပ်ကြီးသည် သူတို့ကို မယုံကြည်ကြောင်း မြင်လိုက်ရသဖြင့် ရှီရှောင်ထျန်း၏မျက်နှာထား တည်ကြည်လေးနက်သွားသည်။

"အားလုံးပဲ....ခင်ဗျားတို့လည်း ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် အကြောင်းကို သိထားကြတာပဲ မဟုတ်လား.... ကျွန်တော်တို့က ဘယ်တုန်းကများ လေလုံးထွားပြီး ပြောခဲ့ဖူးလို့လဲ"

"ပြီးတော့ ကျွန်တော်တို့ ဂိုဏ်းမှာ ရှိတုန်းက ဘိုးဘေးက ကျွန်ုပ်တို့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်... ကျွန်တော်တို့က သူ့ကို ထိခိုက်အောင် လုပ်ပါ့မလား"

ထိုစကားကို ကြားချိန်၌ သံသယဖြစ်နေသော လူအုပ်ကြီးသည် အချိန်တခဏကြာမျှ စကားမပြောနိုင် ဖြစ်သွားသည်။

အမှန်တကယ်ကိုပင်....

သူတို့နှစ်ယောက်သည် လေလုံးထွားတတ်သည့် လူစားများ မဟုတ်ပေ။

သူတို့ထံတွင် ဘိုးဘေးကို ထိခိုက်အောင်လုပ်ရန် အကြောင်းပြချက်လည်း မရှိပေ။

"ခင်ဗျားတို့နှစ်ယောက်က တကယ်ကြီး ဒီနတ်ဘုရားဆေးလုံးကို ဖော်စပ်နိုင်လို့လား"

အကြီးအကဲတစ်ယောက်က အံ့အားသင့်ခြင်းနှင့် သံသယများ ရောထွေးနေသော မျက်နှာအမူအယာဖြင့် မေးမြန်းလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားမီးတောက်ဆေးလုံးသည် ရှေးဟောင်းနတ်ဘုရားဆေးလုံးဖြစ်ပြီး ကြားဖူးနားဝသာ ရှိသော်လည်း မည်သူမျှ မမြင်ဖူးကြပေ။

ထိုအရာ၏ဆေးညွှန်းသည် အချိန်၏မြစ်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"ကျွန်တော်တို့က အသက်နဲ့ ရင်းပြီး ကျိန်ဆိုရဲပါတယ်"

ရှီရှောင်ထျန်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

သူ ကျိန်ဆိုလိုက်ပြီဖြစ်ရာ လူများအားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့နှစ်ယောက်သည် အမှန်တကယ်ကို ထိုစွမ်းရည်အား ပိုင်ဆိုင်ထားသလော....

အချိန်တခဏအတွင်းတွင် ယခင်က သံသယများစွာ ရှိခဲ့သော ဆေးသန့်စင်ခြင်းတောင်သခင်ပင်လျှင် တိတ်ဆိတ်နေသည်။

သူတို့နှစ်ယောက်သည် အပြင်ထွက်သွားပြီးစဥ်မှစ၍ သူတို့ကို အကဲခတ်၍ မရနိုင်တော့ကြောင်း တခြားလူများအားလုံး နားလည်သဘောပေါက်သွားကြသည်။

"သူတို့ကို စမ်းကြည့်ခိုင်းရင် ဘယ်လိုလဲ"

ဂိုဏ်းချုပ်အိုးယန်ဟောက်က ပြောဆိုသည်။

လူများအားလုံးသည် ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့၏ တည်ကြည်လေးနက်သော မျက်နှာထားများကို ကြည့်လိုက်ကြကာ အချိန်ကြာမြင့်စွာ တွန့်ဆုတ်နေပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ကြ၏။

လူများအားလုံး သဘောတူသည်ကို မြင်တွေ့ချိန်၌ ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည်လည်း စတင်၍ လှုပ်ရှားလိုက်ကြသည်။

စကားလုံးများသည် လက်တွေ့လုပ်ရပ်လောက် ယုံကြည်လက်ခံနိုင်ဖွယ် မရှိချေ။

သူတို့နှစ်ယောက်သည် စိတ်ဝိညာဉ်ဆေးပင်ပုံအကြား၌ ရှာဖွေပြီး နတ်ဘုရားမီးတောက်ဆေးလုံး ဖော်စပ်ရန် ပါဝင်ပစ္စည်းများကို ရှာဖွေတွေ့ရှိလိုက်သည်နှင့်....

သူတို့သည် ဆေးမီးဖိုကို တိုက်ရိုက်အစပျိုးလိုက်ပြီး ဆေးဖော်စပ်ခြင်းကို စတင်လိုက်ကြသည်။

လူများအားလုံးထံ၌ သံသယများ ရှိနေဆဲ ဖြစ်သော်လည်း ဘိုးဘေး၏အခြေအနေမှာ စိုးရိမ်ရသဖြင့် သူတို့နှစ်ယောက်အတွက် အစောင့်အရှောက်များအဖြစ် လုပ်ဆောင်ပေးရန်သာ ရွေးချယ်နိုင်တော့သည်။

သာမန် ဆေးပညာရှင်များအတွက် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်သည် သံသယဖြစ်ဖွယ်မရှိဘဲ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်။

သို့သော် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့၏ ဆေးဖော်စပ်ခြင်း နည်းစနစ်များသည် ချောမွေ့ပြီး အဆက်မပြတ် စီးဆင်းနေသည်။

ဤသည်က လူအများကို အနုပညာခံစားမှုမျိုး ပေးစွမ်းနိုင်ပေ၏။

ထို့ပြင် သူတို့နှစ်ယောက် အသုံးပြုသော ဆေးဖော်စပ်ခြင်း နည်းလမ်းမှာလည်း ထူးခြားနေသည်။

သာမန် ဆေးပညာရှင် အများစုသည် မီးဖြင့်သန့်စင်ခြင်းနည်းလမ်းကို အသုံးပြုကြသည်။

သူတို့နှစ်ဦးသည် သာလွန်ထူးကဲသော ဆေးပညာစွမ်းရည်များကို ချက်ချင်းထုတ်ပြလိုက်ကြ၏။

ရေနှင့်မီး တပြိုင်နက်တည်း ပေါ်လာပြီး မီးက စိတ်ဝိညာဉ်စွမ်းအင်ကို သန့်စင်ပေးကာ ရေက စိတ်ဝိညာဉ်ပုံဆောင်ခဲများကို စုစည်းပေးသည်။

ဤနည်းစနစ်တစ်ခုတည်းကပင် လက်ရှိနေရာတွင်ရှိနေသော ဆေးပညာရှင်များကို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသွားစေသည်။

မည်သို့ပင်ဆိုစေကာမူ ဤအဆင့်ထိ အစွန်းရောက်အောင် ထိန်းချုပ်နိုင်မှုမျိုးသည် သာမန်လူများအတွက် မည်သို့မျှ မဖြစ်နိုင်ချေ။

ဤသည်မှာ ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့၏ အထူးကျွမ်းကျင်သော စွမ်းရည်ပင်။

သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ....

ရေနှင့်မီး၏ စွမ်းအားသည် ဒြပ်စင်ငါးပါး၏ အလင်းရောင်အဖြစ် ပြောင်းလဲသွားသည်။

ဤရုတ်တရက် အပြောင်းအလဲသည် ဆေးပညာရှင်တစ်စုကို အံ့အားတသင့် ရေရွတ်မိသွားစေသည်။

"ဒြပ်စင်ငါးပါး ဆေးဖော်စပ်နည်း...."

ဤသည်မှာ လက်ရှိခေတ်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး ဒဏ္ဍာရီထဲတွင်သာ ရှိသော ဆေးဖော်စပ်နည်းပင်။

လက်ရှိ အရှေ့ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်လျှင် မည်သူကမျှ ဤဆေးဖော်စပ်နည်းကို ကျွမ်းကျင်ပိုင်နိုင်သည်ဟု မကြားဖူးကြပေ။

"သူတို့က ဘယ်လိုလုပ်ပြီးတော့ ဒီနည်းစနစ်ကို ပိုင်ဆိုင်ထားကြတာလဲ"

ဆေးပညာရှင်တစ်စုသည် နားမလည်နိုင် ဖြစ်နေကြ၏။

သေချာသည်မှာ ဤအချိန်တွင် မည်သူမျှ စကားမပြောရဲကြချေ။ ဤသည်မှာ သူတို့နှစ်ယောက်ကို အနှောင့်အယှက် ဖြစ်စေမည်အား စိုးရိမ်သောကြောင့်ပင်။

ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် နတ်ဘုရားမီးတောက်ဆေးလုံးကို ဖော်စပ်နိုင်မလောဆိုသည့် လူများအားလုံး၏အတွေးများသည် သံသယဖြစ်မှုမှ မျှော်လင့်စောင့်စားမှုအဖြစ် အလိုအလျောက် ပြောင်းလဲသွားသည်။

ယခုအချိန်၌ ဆေးမီးဖို၏အထက်တွင် ရွှေသစ်သား ရေ မီးနှင့် မြေကြီးဟူသော ဒြပ်စင်ငါးပါး၏စွမ်းအားများ ပျံ့နှံ့နေပြီး ရောင်စဥ်ငါးသွယ် နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်နေသည်ကို တွေ့မြင်နိုင်သည်။

စိတ်ဝိညာဉ်ဆေးပင် တစ်ပင်ချင်းစီသည် ဒြပ်စင်ငါးပါးစွမ်းအား၏ သန့်စင်မှုအောက်တွင် အနီရောင် အဖြူရောင် အပြာရောင် ခရမ်းရောင် သို့မဟုတ် အစိမ်းရောင်ရှိသော စိတ်ဝိညာဉ်အရည်စက်များ ဖြစ်ပေါ်လာသည်။

ဝေ့ဝဲနေသော မြူခိုးများ ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်။

ထိုအရာများသည် အနက်ရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပေ၏။

ထိုအရာများသည် စိတ်ဝိညာဉ်ဆေးပင်များ၏ အနည်အဖတ်များ ဖြစ်ကြသည်။

အညစ်အကြေးများကို ဖယ်ရှားပြီး အနှစ်သာရကို ထိန်းသိမ်းထားသော ဤကဲ့သို့ နည်းလမ်းမျိုးသည် အမှန်တကယ်ကို အံ့သြဖွယ်ကောင်းပြီး လူအများကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်စေသည်။

ဤသည်မှာ ဆေးပညာလောကအတွက် သေချာပေါက် မျက်စိပသာဒ ဖြစ်စေသော မြင်ကွင်းတစ်ခုပင်။

တစ်ရက်ကြာ သန့်စင်ပြီးနောက်...

ဆေးမီးဖိုကို ဖွင့်လိုက်ချိန်တွင် ကြည်လင်တောက်ပပြီး ချောမွတ်ကာ မွှေးကြိုင်ပြီး တဖျပ်ဖျပ်​​တောက်ပနေသော နတ်ဘုရားမီးတောက်ဆေးလုံးတစ်လုံး ထွက်ပေါ်လာသည်။

ဤအချိန်တွင် သမိုင်းမှတ်တမ်းများထဲ၌ ပျောက်ကွယ်သွားပြီဟု ကောလာဟလ ထွက်နေသော နတ်ဘုရားမီးတောက်ဆေးလုံးသည် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့၏ လက်ထဲတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ဖော်စပ်ပြီးစီးသွားသော ဆေးလုံးကို မြင်လိုက်ရသည့်အချိန်တွင်....

လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဤသည်မှာ ဘုရင်အဆင့် ဆေးလုံးတစ်လုံးပင်။

ဘုရင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သူသည် ဆေးဘုရင်ဟု ခေါ်ဆိုထိုက်သည်။

ထိုသို့ဆိုလျှင် ယခုချိန်၌ သူတို့၏ရှေ့တွင် မတ်တတ်ရပ်နေသည့် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် ဆေးဘုရင်နှစ်ပါး ဖြစ်နေပေ၏။

"ရှီး..."

အချိန်တခဏတာအတွင်းတွင် လူများအားလုံး လေအေးများ ရှိုက်သွင်းလိုက်ကြပြီး ထိုလူနှစ်ယောက်အပေါ် ထားရှိသော သူတို့၏အကြည့်များ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။

ဆေးဘုရင်ဟူသော ဘွဲ့တစ်ခုတည်းဖြင့် မြင့်မြတ်နယ်မြေဂိုဏ်းချုပ်တစ်ဦးသည်ပင်လျှင် လေးစားမှု ပြသရပေမည်။

ဤဆေးလုံး၏ အာနိသင်သည် အမှန်တကယ်ကို အစွမ်းထက်လှသည်။

ထိုဆေးလုံးကို သောက်သုံးပြီးသည်နှင့်။

သေလုမြောပါးဖြစ်နေသော ဝူကျီဂိုဏ်းဘိုးဘေးသည် ငရဲတံခါးဝမှ တိုက်ရိုက်ပြန်လည်ဆွဲခေါ်ခြင်း ခံလိုက်ရပေ၏။

သူ သတိပြန်မရသေးသော်လည်း....

သူ၏နတ်ဘုရားစိတ်ဝိညာဉ်မှ ဒဏ်ရာများသည် မနက်ခင်းနေရောင်နှင့် ထိတွေ့သော နှင်းများအလား လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။

သူ သတိပြန်ရလာရန် အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်တော့သည်။

ဤသတင်းသည် လူများအားလုံးကို အလွန်စိတ်လှုပ်ရှားသွားစေသည်။

ထို့နောက် သူတို့အနက်မှတစ်ယောက်က သူ၏စိတ်ထဲရှိ သံသယကို မေးမြန်းလိုက်သည်။

"အကြီးအကဲဝူနဲ့ အကြီးအကဲရှီ....ခင်ဗျားတို့ရဲ့ ဆေးပညာစွမ်းရည်တွေက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိမြန်မြန် တိုးတက်လာရတာလဲ.... ကျွန်တော်တို့ကို နည်းနည်းလောက် ပြောပြလို့ရမလား"

ဤမေးခွန်းသည် အမှန်တကယ်ကို လူတိုင်း၏ အတွေးများကို ထုတ်ဖော်လိုက်ခြင်းပင်။

မရေမတွက်နိုင်သော အကြည့်များသည် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့အပေါ်သို့ တပြိုင်နက်တည်း ကျရောက်သွားသည်။

သူတို့နှစ်ယောက်သား ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် အပြုံးချင်း ဖလှယ်လိုက်ကြ၏။

ရှီရှောင်ထျန်းသည် ဟန်ဆောင်မနေဘဲ တိုက်ရိုက်ပြောဆိုလိုက်သည်။

"ဒါက ကျွန်တော်တို့နှစ်ယောက် ရှန်ကျန်းဂိုဏ်းကို ဝင်ရောက်ခဲ့တဲ့ အကြောင်းအရင်းပဲ"

"နတ်ဘုရားမီးတောက်ဆေးလုံးရဲ့ ဆေးညွှန်းက ကျွန်တော်တို့ရဲ့ မူဖူတောင်သခင်ဆီက လာတာလေ"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏စိတ်ထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။

ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းသည် ဆေးဘုရင်နှစ်ပါးကို အမှန်တကယ် မွေးထုတ်ပေးနိုင်ခဲ့သလော....

ထို့ပြင် ထိုဂိုဏ်းသည် အံ့အားသင့်ဖွယ်ကောင်းသော ဆေးညွှန်းကို ပိုင်ဆိုင်ထားခဲ့သလော....

ဝူယွဲ့သည် လူများအားလုံးကို စဉ်းစားချိန် မပေးချေ။

သူက ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"အခု အရာရာ အဆင်ပြေသွားပြီဆိုတော့ ကျွန်တော်တို့ ပြန်သင့်ပြီ"

"တောင်သခင်က ကျွန်တော်တို့ ဆေးလုံးစမ်းသပ်ခံဖို့ စောင့်နေတုန်းပဲ"

လူတိုင်း အံ့အားတသင့် ရေရွတ်လိုက်ကြသည်။

"ဘုရားရေ...."

ဆေးဘုရင်နှစ်ပါးကို အသုံးပြုပြီး ဆေးလုံးစမ်းသပ်သည်ဟု ဆိုသလော....

ဤသည်က မည်ကဲ့သို့ ရူးသွပ်သော လုပ်ရပ်မျိုး ဖြစ်သနည်း....

ဆေးဘုရင်တစ်ပါး၏ဂုဏ်ပုဒ်အရ သူတို့သွားလေရာတွင် လေးစားခံရပြီး အထူးဧည့်သည်တော်တွေများအဖြစ် ဆက်ဆံခြင်း ခံရပေမည်။

သို့ရာတွင် ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ မူဖူတောင်တွင်မူ သူတို့သည် ဆေးလုံးစမ်းသပ်ခံများ အမှန်တကယ် ဖြစ်သွားကြ၏။

ထို့ထက်ပို၍အရေးကြီးသည်မှာ သူတို့ထံ၌ မလိုလားသည့် အရိပ်အယောင် အနည်းငယ်မျှမရှိဘဲ ပျော်ရွှင်နေပုံ ပေါက်နေခြင်းပင်။

အချိန်တခဏတာအတွင်းဤ ရှန်ကျန်းဂိုဏ်း၏ မူဖူတောင်သည် လူတိုင်း၏စိတ်နှလုံးသားထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ကန့်လန့်ကာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။

ဂိုဏ်းချုပ်အိုးယန်ဟောက်က သူတို့ကို နေရစ်ရန် ထပ်ခါတလဲလဲ ဖျောင်းဖျလိုက်သည်။

"နောက်ကျနေပြီ.... ဘာလို့ အလျင်စလို ပြန်ဖို့လုပ်နေတာလဲ"

"ခင်ဗျားတို့က ဘိုးဘေးကို ကယ်တင်ခဲ့မှတော့ ဝူကျီဂိုဏ်းရဲ့ သူရဲကောင်းတွေပဲ"

"ငါက စားသောက်ပွဲ စီစဉ်ပေးပါရစေ.... စားသောက်ပြီးမှ ပြန်ကြတာပေါ့ ပထမအချက်က ကျေးဇူးတင်တဲ့အနေနဲ့ ဒုတိယအချက်က နှုတ်ဆက်ပွဲအနေနဲ့ပေါ့...."

သို့သော် ဝူယွဲ့က တိုက်ရိုက်ငြင်းပယ်လိုက်၏။

"ဂိုဏ်းချုပ်.... ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး"

"ဝူကျီဂိုဏ်းက ကျွန်တော်တို့ရဲ့ အိမ်တစ်ဝက်ပါပဲ.... ဘိုးဘေးကို ကယ်တင်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ"

"စားသောက်ပွဲ လုပ်ဖို့မလိုပါဘူး...တကယ်လို့ ဂိုဏ်းချုပ်က နောင်တစ်ချိန်မှာ တစ်ခုခု လိုအပ်လာရင် မူဖူတောင်ကို လူလွှတ်ပြီးတော့ ကျွန်တော်တို့ညီအစ်ကိုတွေကို အကြောင်းကြားလိုက်ပါ"

"ကျွန်တော်တို့ ကူညီနိုင်ရင် သေချာပေါက် ငြင်းဆန်မှာ မဟုတ်ပါဘူး"

ထွက်ခွာသွားသော ထိုလူနှစ်ယောက်၏ ပုံရိပ်များကို ကြည့်ရင်း ဂိုဏ်းချုပ်အိုးယန်ဟောက်၏ ခံစားချက်များ ရှုပ်ထွေးနေပြီး မည်သို့ခံစားရမှန်း မသိတော့ချေ။

အချိန်တခဏကြာသည့်တိုင် သူတို့ ဝူကျီဂိုဏ်းမှ ထွက်ခွာသွားခြင်းသည် ကောင်းသလော ဆိုးသလောကို သူ မပြောနိုင်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဝူကျီဂိုဏ်းမှ ထွက်ခွာသွားခြင်းကြောင့်သာ သူတို့၏လက်ရှိအောင်မြင်မှုများကို ရရှိခဲ့ပြီး ဂိုဏ်းအတွက် အစွမ်းထက်သော ပြင်ပအကူအညီများပင် ဖြစ်လာခဲ့သည်။

ဆိုးကျိုးမှာ ထိုအချိန်မှစ၍ သူတို့အပေါ်မှ အမှတ်အသားသည် ဝူကျီဂိုဏ်း မဟုတ်တော့ဘဲ ရှန်ကျန်းဂိုဏ်း ဖြစ်သွားခြင်းပင်။

All Chapters