← Chapters

လေလံပွဲ

Vol. 10 Ch. 96

လေလံပွဲ

Vol. 10 Ch. 96

ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် ကတိုက်ကရိုက် လာပြီး ကတိုက်ကရိုက် ပြန်သွားကြသည်။

သူတို့သည် ဝူကျီဂိုဏ်းမှ ပြန်ရောက်ကတည်းက အလုပ်တွင် ပို၍တက်ကြွလာကြောင်း ကျုံးချင်က ခံစားမိသည်။

သူတို့သည် ဆေးစမ်းသပ်ရန်အတွက် အချင်းချင်းပင် ယှဉ်ပြိုင်နေကြသည်။

ကံဆိုးစွာဖြင့် ကျုံးချင်သည် ဆေးလုံးအရိပ်အယောင်မျှပင် မဖော်စပ်နိုင်သေးသဖြင့် မည်သည့်အရာများ စမ်းသပ်စရာ ရှိနိုင်မည်နည်း....

ထို့ပြင် လွန်ခဲ့သောတစ်ကြိမ်က လေလံအိမ်မှ ဝယ်ယူခဲ့သော စိတ်ဝိညာဉ်ဆေးပင်များသည် ယခုအချိန်တွင် ကုန်ခါနီးဆဲ​ဆဲ ဖြစ်နေလေပြီ။

သူ နောက်ထပ်စိတ်ဝိညာဥ်ဆေးပင်တစ်သုတ် သွားရောက်ဝယ်ယူရန် စီစဉ်လိုက်၏။

...

လင်မြို့...

လေလံအိမ်..

မီးတောက်ကဲ့သို့နီမြန်းသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော တုယန်လင်းသည် ဒုတိယထပ် ပြတင်းပေါက်ဘေးရှိ ထိုင်ခုံတွင် ထိုင်ကာ အဝေးမှ ရှုခင်းများကို ငေးကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေသည်။

ကျုံးချင် သူမထံမှ စိတ်ဝိညာဉ်ဆေးပင်အသုတ်လိုက် ဝယ်ယူသွားကတည်းက သူမသည် နတ်ဘုရားလက်နက်ကို အကဲဖြတ်ရန် ရုံးချုပ်သို့ ညတွင်းချင်း ပို့ဆောင်ခဲ့သော်လည်း ယခုထိ ပြန်ကြားချက် မရရှိသေးချေ။

ထိုနတ်ဘုရားလက်နက်၏ အဆင့်အတန်းကို အပြည့်အဝ မသတ်မှတ်ရသေးခြင်းက သူမ၏စိတ်နှလုံးသားကို အဆက်မပြတ် မွန်းကြပ်စေသည်။

ဤအကြောင်းအရင်းကြောင့် ဤကာလအတွင်း သူမသည် စားသောက်ခြင်း သို့မဟုတ် မည်သည့်အရာကို လုပ်ကိုင်နေပါစေ ပျော်ရွှင်မှုကို မရရှိချေ။

"ကြီးကြပ်ရေးမှူး....သတင်းကြီး ရှိတယ်"

ထိုအချိန်မှာပင် အောက်ထပ်မှ တာဝန်ခံဝူ၏အသံ ထွက်ပေါ်လာသည်။

ဤအသံက တုယန်လင်း၏ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ခါသွားစေပြီး သူမ ထိုင်ခုံမှ ချက်ချင်းခုန်ထလိုက်သည်။

"နတ်ဘုရားလက်နက်ရဲ့ အကဲဖြတ်ရလဒ် ထွက်လာပြီလား"

ဝဖြိုးသော ခန္ဓာကိုယ်ရှိကာ မီးခိုးရောင် ပိုးသားဝတ်စုံဝတ်ဆင်ထားပြီး နှုတ်ခမ်းမွေးစစနှင့် တာဝန်ခံဝူသည် လှေကားပေါ်သို့ ကတိုက်ကရိုက် ပြေးတက်လာသည်။

စိတ်လှုပ်ရှားနေသော တုယန်လင်းကို ကြည့်ပြီး သူက ခေါင်းကုတ်ကာ ပြောဆိုသည်။

"နတ်ဘုရားလက်နက်ရဲ့သတင်း မဟုတ်ပါဘူး"

စိတ်လှုပ်ရှားနေသော တုယန်လင်း၏မျက်နှာ ချက်ချင်းရှုံ့မဲ့သွားသည်။

ထို့နောက် သူမသည် ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်၏။

"နတ်ဘုရားလက်နက် သတင်းမဟုတ်ရင် ဘာသတင်းကြီး ဖြစ်နိုင်မှာလဲ"

ဤအချိန်တွင် တာဝန်ခံဝူသည် သူမ၏အနီးသို့ ရောက်ရှိနေလေပြီ။

သူက ခါးကိုညွတ်ကိုင်းပြီးနောက် ပြောဆိုသည်။

"ကြီးကြပ်ရေးမှူး....မကြာသေးခင်က ဖုန်မြို့လေလံအိမ်က မိုင်တစ်သောင်းပတ်လည်အတွင်းမှာရှိတဲ့ တန်းထင်းခန်းမဆောင် လေလံအိမ်ခွဲတွေအားလုံးနဲ့ ပူးပေါင်းပြီး ပူးတွဲလေလံပွဲ ကျင်းပဖို့ ရည်ရွယ်ထားပါတယ်"

ပူးတွဲလေလံပွဲဆိုသည်မှာ လေလံအိမ်အသီးသီးမှ အဖိုးတန်ရတနာများအားလုံးကို စုစည်းပြီး တပြိုင်နက်တည်း လေလံတင်ရောင်းချခြင်းပင်။

အာရုံပျံ့လွင့်နေပြီဖြစ်သော တုယန်လင်းသည် ထိုစကားကို ကြားချိန်၌ ပို၍စိတ်ဓာတ်ကျသွားသည်။

တခြားလူများအတွက် ထိုကဲ့သို့သော ပူးတွဲလေလံပွဲသည် ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပွားလေ့ရှိသော ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်နိုင်သည်။

သို့သော် ဤကဲ့သို့ လေလံအိမ်ခွဲငယ်လေးများတွင် ရှိနေသူများအတွက်မူ သိပ်ပြီးအဆင်ပြေလှသည် မဟုတ်ပေ။

သူတို့သည် အဖိုးတန်ရတနာများကို မိုင်ပေါင်းထောင်နှင့်ချီ၍ သယ်ဆောင်သွားရပေမည်။

အကယ်၍ လမ်းခရီးတွင် တစ်စုံတစ်ခု အမှားအယွင်း ဖြစ်ပါက သူတို့ တာဝန်ယူရပေမည်။

မည်သည့်အမှားအယွင်းမျှ မဖြစ်ပါက အများဆုံးအနေဖြင့် သူတို့၏အထက်လူကြီးများထံမှ 'အပင်ပန်းခံလုပ်ဆောင်ပေးလို့ ကျေးဇူးပါ' ဟူသော စကားတစ်ခွန်းသာ ရရှိပေလိမ့်မည်။

သို့သော် ဖုန်မြို့လေလံအိမ်သည် ပထမအဆင့် လေလံအိမ်ခွဲတစ်ခုဖြစ်ကာ သူမတို့၏လင်မြို့လေလံအိမ်သည် ဒုတိယအဆင့် လေလံအိမ်ခွဲသာဖြစ်သည်။

တစ်ဖက်လူသည် သူမတို့ထက် ရာထူးပိုကြီးသည်မှာ သိသာထင်ရှားသည်။

ဤသည်မှာ ရာထူးကြီးသော အရာရှိက လူများကို ဖိနှိပ်သည် ဟူသည့် ဆိုရိုးစကားအလားပင်။

အထက်လူကြီးများထံမှ စကားတစ်ခွန်းကြောင့် လက်အောက်ငယ်သားများသည် ခြေကုန်လက်ပန်းကျအောင် ပြေးလွှားရမည်ဖြစ်ပြီး ထိုပူးတွဲလေလံပွဲ၌ ပါဝင်ရန်မှတစ်ပါး သူမထံ၌ တခြားရွေးချယ်စရာ မရှိပေ။

"ပူးတွဲလေလံပွဲက ဘယ်တော့ စမှာလဲ"

"နောက်တစ်လကြာရင်ပါ"

တိုတောင်းသော အပြန်အလှန်ပြောဆိုမှုတွင် တုယန်လင်းက အားအင်ချည့်နဲ့စွာဖြင့် သူမ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"သွားပြီး ပြင်ဆင်တော့...."

သူမ၏စကားဆုံးသည်နှင့် တာဝန်ခံဝူသည် လှည့်ထွက်သွားရင်း ရုတ်တရက် သူ၏မျက်နှာထား တည်ကြည်လေးနက်သွားသည်။

"ကြီးကြပ်ရေးမှူး....ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက် ရောက်လာပါတယ်"

တုယန်လင်းက အောက်ထပ်သို့ လှမ်းကြည့်လိုက်သည်။

လေလံအိမ်ထဲသို့ ဝင်လာသူမှာ ကျုံးချင်မှလွဲ၍ တခြားလူ မဟုတ်ချေ။

ဤသည်မှာ အမှန်တကယ်ကို ဂုဏ်သရေရှိ ဧည့်သည်ပင်။

သူမက အပျက်သဘောဆောင်သော ခံစားချက်များအားလုံးကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။

သူမ၏အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး သူ့ကို ကြိုဆိုရန် အောက်ထပ်သို့ အလျင်အမြန် ဆင်းသွားလိုက်၏။

"သခင်လေး....ဘာများ ကူညီပေးရမလဲရှင်"

ကျုံးချင်က စင်ပေါ်ရှိ စိတ်ဝိညာဉ်ဆေးပင်များကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

ထို့နောက် သူက တိုးညှင်းစွာ ပြောဆိုသည်။

"အရင်တစ်ခေါက်က စိတ်ဝိညာဉ်ဆေးပင်တွေ ကုန်ခါနီးပြီ....အဲ့ဒါကြောင့် နောက်ထပ်အသုတ်တစ်သုတ် လာဝယ်တာပါ"

"ရေခဲမီးမြက် မိုးကြိုးပန်းနဲ့သရဲတစ္ဆေသစ်သီး ရှိလား"

ဤအရာက တုယန်လင်းကို အနည်းငယ် အံ့အားသင့်သွားစေသည်။

ဤထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်များအားလုံးသည် တန်ဖိုးမဖြတ်နိုင်သော ရတနာများပင်။

ထိုအရာများသည် ဒုတိယတန်းစားဂိုဏ်းတချို့၏ အခြေခံအုတ်မြစ်တစ်ခုလုံးကို ကုန်ခမ်းသွားစေရန် လုံလောက်သည်။

သို့သော် တစ်ဖက်လူက ထိုအရာများကို အလွန်လျင်မြန်စွာ သုံးစွဲလိုက်သည်။ သူသည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်များကို အစားအစာသဖွယ် စားသုံးနေခြင်း ဖြစ်နေသလော...

ထိုထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်များအားလုံးကို ကျုံးချင်က အနည်အဖတ်များဖြစ်အောင် ဖော်စပ်လိုက်ကြောင်း သူမ မည်သို့ သိနိုင်မည်နည်း။

ဤလုပ်ရပ်သည် အစားအစာသဖွယ် စားသုံးခြင်းထက်ပင် ပို၍ဖြုန်းတီးရာရောက်သည်။

မည်သို့ပင်ဆိုစေကာမူ အစားအစာသဖွယ် စားသုံးခြင်းသည် အနည်းဆုံးအနေဖြင့် လေလည်သံတချို့ ထွက်ပေါ်လာစေနိုင်သည်။

အနည်အဖတ်များဖြစ်အောင် ဖော်စပ်လိုက်ခြင်းကမူ အမှန်တကယ်ကို မည်သည့်အရာမျှ ကျန်ရစ်ခြင်း မရှိချေ။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဆေးပညာရှင်များသည် ငွေသုံးကြမ်းသူများ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ပိုင်ဆိုင်မှုနှင့်မိသားစုကြွယ်ဝမှု မရှိပါက ဤပညာရပ်နယ်ပယ်တွင် အမှန်တကယ်ကို လေ့လာလိုက်စားနိုင်မည် မဟုတ်ပေ။

တုယန်လင်းက အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် အလျင်အမြန် ပြောဆိုလိုက်သည်။

"သခင်လေး....သခင်လေး လိုအပ်တဲ့ ပစ္စည်းတွေကို ကျွန်မတို့ လင်မြို့လေလံအိမ်က အချိန်တိုအတွင်း စုဆောင်းပေးနိုင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ နောက်တစ်လကြာရင် ဖုန်မြို့လေလံအိမ်က ပတ်ဝန်းကျင်ဒေသတွေက ဆယ်နဲ့ချီတဲ့ လေလံအိမ်ခွဲတွေနဲ့ ပူးပေါင်းပြီး ပူးတွဲလေလံပွဲတစ်ခုကို ကျင်းပမှာပါ"

"အဲဒီအချိန်ကျရင် လေလံအိမ်ခွဲတွေအများကြီးက ရတနာတွေ စုဝေးရောက်ရှိလာမှာမို့ သခင်လေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်"

"ပူးတွဲလေလံပွဲ.... ဟုတ်လား"

ကျုံးချင်က စဉ်းစားတွေး​တောပြီးနောက် တည်နေရာကို မှတ်သားထားလိုက်သည်။

သူ အမှန်တကယ်ကို မယုံကြည်ချေ။

အကန့်အသတ်မဲ့ အရင်းအမြစ်များကို အသုံးပြုသည့်တိုင် နတ်ဘုရားမီးတောက်ဆေးလုံးကို သူ အောင်မြင်စွာ မဖော်စပ်နိုင်ဟု သူ မယုံကြည်ပေ။

ဤနေရာ၌ သူ လိုအပ်သည့်အရာ မရှိတော့သဖြင့် ကျုံးချင်က ထွက်ခွာသွားရန် ဟန်ပြင်ဆင်လိုက်၏။

ထိုအချိန်မှာပင် တုယန်လင်းက ပြောဆိုသည်။ "သခင်လေး....သခင်လေးက ဖုန်မြို့လေလံပွဲကို ပါဝင်ချင်တယ်ဆိုရင် ဒီအထူးဧည့်သည်ကတ်ကို ယူဆောင်သွားပါ"

"အဲ့ဒီနေရာကိုရောက်ရင် လေလံပွဲအစီအစဉ်မှူးက သခင်လေးကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးပါလိမ့်မယ်"

လုပ်ငန်းနယ်ပယ်တိုင်းတွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်ဟု ပြောရပေမည်။

ဤကောင်းကင်ပြာရောင် အထူးဧည့်သည်ကတ်သည် ကျုံးချင်၏ယခင်ဘဝမှ ထိပ်တန်းဗွီအိုင်ပီကတ်နှင့် ညီမျှသည်။

ဤကတ်ကို ပိုင်ဆိုင်သူများသည် အရှေ့ပိုင်းနယ်မြေရှိ လေလံအိမ်ခွဲများတွင် လျှော့ဈေးများ ရရှိနိုင်ရုံသာမက လေလံအိမ်၏ ဂုဏ်သရေရှိ ဧည့်သည်များလည်း ဖြစ်လာကြသည်။

ထိုကဲ့သို့ အထူးဧည့်သည်ကတ်သည် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး တုယန်လင်း၏လုပ်ပိုင်ခွင့်အာဏာဖြင့်ပင် သူမ၏ဘဝတစ်သက်တာတွင် တစ်ကြိမ်သာ ပေးခွင့်ရှိသည်။

ကျုံးချင်သည် သူမ ကြုံဖူးသမျှ လူများအနက် လက်အဖွာဆုံး ဧည့်သည်တစ်ယောက်ပင်။

သူ၏ ထူးကဲသော အမူအယာနှင့် စိတ်ဝိညာဉ်ဆေးပင် အမြောက်အများကို လိုအပ်နေခြင်းနှင့် ပေါင်းစပ်လိုက်ချိန်၌....

တုယန်လင်းသည် သူမ၏တစ်ခုတည်းသော မိုးပြာရောင် အထူးဧည့်သည်ကတ်ကို တွေဝေတုံ့ဆိုင်းမနေဘဲ ပေးအပ်လိုက်သည်။

ကျုံးချင်က ထိုကတ်ပြားကို ယူလိုက်ပြီးနောက်သူ၏မျက်နှာအမူအယာ အနည်းငယ် ထူးဆန်းနေသည်။

တန်းထင်းခန်းမဆောင် လေလံအိမ်များက အရှေ့ပိုင်းနယ်မြေတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားနိုင်သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။

ဤကဲ့သို့ စီးပွားရေးနည်းဗျူဟာများဖြင့် သူတို့ကို ဈေးကွက်ထဲတွင် ယှဉ်ပြိုင်နိုင်သူဟူ၍ အနည်းငယ်သာ ရှိပေမည်။

သို့သော် သူ သိပ်ဂရုမစိုက်ချေ။

ဤသည်မှာ ကျင့်ကြံခြင်းက လွှမ်းမိုးသော ကမ္ဘာဖြစ်ပြီး ကြွယ်ဝမှုက လွှမ်းမိုးသော ကမ္ဘာနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားသည်။

အင်အားသည် လူတစ်ယောက်၏ ရပ်တည်မှု အခြေခံအုတ်မြစ်ဖြစ်ပြီး ကြွယ်ဝမှုသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှ အထောက်အပံ့မျှသာ ဖြစ်သည်။

...

အချိန်သည် ရေကဲ့သို့ စီးဆင်းသွားပြီး မျက်စိတစ်မှိတ်အတွင်း အချိန်တစ်လကြာ ကုန်ဆုံးသွားခဲ့လေပြီ။

ဖုန်မြို့....

ဤသည်မှာ အလွန်စည်ကားသော မြို့ကြီးတစ်မြို့ပင်။

ဖုန်မြို့တွင် လူဦးရေ ဆယ်သန်းကျော် ရှိသည်။

အဆင်ပြေချောမွေ့သော သယ်ယူပို့ဆောင်ရေးနှင့် ဖွံ့ဖြိုးသော ကုန်သွယ်ရေးတို့ကြောင့် ဤသည်မှာ မိုင်တစ်ထောင်ပတ်လည်အတွင်း နာမည်ကျော်ကြားသော မြို့ကြီးတစ်မြို့ပင်။

မကြာသေးမီက ဖုန်မြို့တွင် အစည်ကားဆုံးအရာမှာ သံသယဖြစ်ဖွယ်မရှိဘဲ ပူးတွဲလေလံပွဲ ကျင်းပခြင်း ဖြစ်သညိ။

လေလံအိမ်တစ်ခုမှ ပွဲကျင်းပတိုင်း ရူးသွပ်မှုတစ်ခုကို ဖြစ်ပေါ်စေလေ့ရှိသည်။

ဤတစ်ကြိမ်တွင် ဖုန်မြို့လေလံအိမ်က တခြားသော ဆယ်နှင့်ချီသည့် လေလံအိမ်ခွဲများနှင့်ပူးပေါင်းပြီး ကျင်းပသော လေလံပွဲသည် ကြီးကျယ်ခမ်းနားလွန်းသဖြင့် ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပွားသော ရှားပါးလေလံပွဲတစ်ပွဲပင်။

မွန်းတည့်ချိန်၌...

မရေမတွက်နိုင်သော ကျင့်ကြံသူများ ဖုန်မြို့လေလံအိမ်သို့ စုဝေး၍ ရောက်ရှိနေကြလေပြီ။

လူတချို့သည် လေလံအိမ်မှ ထုတ်ပြန်ထားသော အဖိုးတန်ရတနာများအကြောင်း သတင်းအချက်အလက်များကြောင့် စိတ်ဝင်စားကြသည်။

လူတချို့က ရေနောက်တုန်းငါးဖမ်းရန်အခွင့်အရေး စောင့်နေကြသည်။

လူအများစုကမူ အပျော်သက်သက် လာကြည့်ကြခြင်း ဖြစ်ပေ၏။

လေလံပွဲသည် တရားဝင် မစတင်သေးသော်လည်း လေလံခန်းမထဲတွင် လူများဖြင့် ပြည့်နှက်နေလေပြီ။

ဤနေရာသို့ နယ်ပယ်ပေါင်းစုံမှလူများ ရောက်ရှိနေကြသည်။

ထိုင်ခုံနေရာများကိုလည်း သူတို့၏ အထောက်အထား အဆင့်အတန်းနှင့် စွမ်းအားအလိုက် ခွဲခြားသတ်မှတ်ထားသည်။

ဤကျင့်ကြံခြင်းကမ္ဘာတွင် အဆင့်အတန်းခွဲခြားမှုသည် နေရာတိုင်း၌ ရှိနေပေ၏။

ရိုးရှင်းပုံရသော ထိုင်ခုံနေရာချထားမှုသည်ပင် လူတစ်ယောက်၏တန်ဖိုးကို တိတ်တဆိတ် သတ်မှတ်ပေးထားပြီးဖြစ်သည်။

All Chapters