← Chapters

ကောင်းကင်အဆင့် သီးသန့်ခန်း

Vol. 10 Ch. 97

ကောင်းကင်အဆင့် သီးသန့်ခန်း

Vol. 10 Ch. 97

ယနေ့တွင် ကျုံးချင်သည် လေလံအိမ်သို့ စောစီးစွာ ရောက်ရှိနေသည်။

ကျုံးချင်သည် တုယန်လင်း ပေးခဲ့သော အထူးဧည့်သည်ကတ်ကို ထုတ်ပြလိုက်ချိန်၌ လေလံအိမ်မှ တာဝန်ခံသည် ထိတ်လန့်သွားပေ၏။

တုယန်လင်းသည် အဆင့်နိမ့်နေရာလေးတစ်ခုကိုသာ တာဝန်ယူထားသော်လည်း သူမတစ်သက်တာတွင် ဤကဲ့သို့ အထူးသီးသန့်ဧည့်သည်ကတ်ကို တစ်ကြိမ်သာ ထုတ်ပေးနိုင်သည်။

ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်လျှင် တုယန်လင်းသည် မည်သည်ကြောင့် ဤအထူးဧည့်သည်ကတ်ကို ပေးအပ်မည်နည်း.....

ထို့ပြင် တုယန်လင်း၏ နေရာတွင် မကြာသေးမီက လူတစ်ယောက်သည် ဘုရင်အဆင့် ရတနာဟု သံသယရှိဖွယ် ပစ္စည်းတစ်ခုကို တခြားပစ္စည်းများနှင့် လဲလှယ်သွားခဲ့ကြောင်း ကောလာဟလများ ကြားထားခဲ့သည်။ ဖြစ်နိုင်ခြေများသည်က ဤသည်မှာ သူတို့၏ရှေ့က လူပင်။

ရုတ်ချည်းဆိုသလိုပင် ကြိုဆိုရေးအတွက် တာဝန်ယူထားသော အရပ်ရှည်ရှည် အစေခံအမျိုးသမီးများ၏ မျက်လုံးများသည် ကျုံးချင်ကို ကြည့်လိုက်ချိန်၌ ပြောင်းလဲသွားသည်။

တာဝန်ခံသည် ကျုံးချင် ရောက်ရှိလာကြောင်း အထက်လူကြီးများထံသို့ အလျင်အမြန် သတင်းပို့လိုက်၏။

အချိန်တခဏအကြာတွင် အထက်လူကြီးများထံမှ သတင်းပြန်ရောက်လာသည်။

"သူ့ကို ကောင်းကင်အဆင့် သီးသန့်ခန်းဆီ ခေါ်သွားလိုက်ပါ"

"ကောင်းကင်အဆင့် သီးသန့်ခန်း....ဟုတ်လား"

တာဝန်ခံသည် အံ့အားသင့်သွားသော်လည်း မေးခွန်းထုတ်ရဲခြင်း မရှိချေ။ သူသည် ကျုံးချင်ကို အပေါ်ထပ်သို့ အမြန်ခေါ်ဆောင်သွားပြီး ကောင်းကင်အဆင့် သီးသန့်ခန်းထဲသို့ ပို့ဆောင်ပေးလိုက်သည်။

လေလံအိမ်တစ်ခုလုံးတွင် အဓိကသီးသန့်ခန်း လေးခန်းရှိသည်။

ထိုအခန်းများကို ကောင်းကင် မြေကမ္ဘာ နက်နဲသိမ်မွေ့နှင့်အဝါရောင်ဟူ၍ အမည်ပေးထားသည်။

ကောင်းကင်အဆင့်သည် ဂုဏ်သိက္ခာအရှိဆုံးဖြစ်ပြီး မြေကမ္ဘာအဆင့်သည် ဒုတိယပင်။

ထိုသီးသန့်ခန်းများအတွင်းသို့ အလွန်အရေးကြီးသော ဧည့်သည်များကိုသာ ဝင်ခွင့်ပြုသည်။

ဖုန်မြို့တစ်မြို့လုံးကို ကြည့်လိုက်လျှင် အဓိက သီးသန့်ခန်းလေးခန်းထဲသို့ ဝင်ခွင့်ရှိသူဟူ၍ အလွန်နည်းပါးပေ၏။

ထိုသီးသန့်ခန်းများမှတဆင့် လေလံခန်းမတစ်ခုလုံးကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။

ကျုံးချင်သည် လေလံအိမ်၏ အစီအစဉ်များအပေါ် အလွန်စိတ်ကျေနပ်မိသည်။

သူသည် သီးသန့်ခန်းထဲတွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း မျက်လုံးများကို မှေးစင်း၍ လေလံပွဲ တရားဝင် စတင်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းလိုက်၏။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ခန်းမထဲသို့ လူများ ပို၍ဝင်ရောက်လာကြသည်။

ပိုးသားဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ထွက်ပေါ်လာခြင်းက လူအများ၏အာရုံစိုက်မှုများစွာကို ရရှိသွားစေသည်။

ထိုလူငယ်သည် သွယ်လျသော ခန္ဓာကိုယ်ရှိပြီး ခမ်းနားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။

သူ၏မျက်နှာထားကမူ အနည်းငယ် သုန်မှုန်ပြီး တင်းမာခက်ထန်နေသည်။

"သခင်လေးဆွန်း ရောက်လာပြီပဲ"

"သခင်လေးအတွက် နေရာပြင်ဆင်ပြီးပါပြီ... အမြန် ကြွပါ"

သူ၏နံဘေးရှိ တာဝန်ခံတစ်ဦးက မျက်နှာချိုသွေးသော လေသံဖြင့် ပြောဆိုလိုက်သည်။

ဤမြင်ကွင်းက လူအမြောက်အများကို အံ့အားသင့်သွားစေသည်။

"ဒါက ဘယ်သူလဲ..... လေလံအိမ်ရဲ့ တာဝန်ခံကတောင် သူ့ကို မျက်နှာလိုမျက်နှာရလုပ်ပြီး လိုက်ပါပို့ဆောင်ပေးရတယ်...."

"မင်း သူ့ကိုတောင် မသိဘူးလား....မင်းက တခြားမြို့ကလာတာ ဖြစ်ရမယ်"

"ဒီလူက ဟောက်ဟန်ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသောသား ဆွန်းယွီလေ"

"ဟောက်ဟန်ဂိုဏ်းအကြောင်း မင်း သိတယ်မလား.... အဲ့ဒါက ပထမတန်းစားဂိုဏ်းလေ.....ဖုန်မြို့တစ်မြို့လုံးက သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်"

"ဟူး....သူ့ရဲ့နောက်ခံက တကယ့်ကို အာဏာကြီးတာပဲ"

လူတချို့ ​ထိတ်လန့်သွားကြသည်။

ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းသည် ကျုံးချင်၏ရှေ့တွင် သိပ်အရာမဝင်ပုံ ပေါက်နိုင်သည်။

မြင့်မြတ်နယ်မြေတစ်ခုပင်လျှင် သူ့အတွက် သာမန်မျှသာ ဖြစ်သည်။

သို့သော် တခြားလူများအတွက်မူ အရှေ့ပိုင်းနယ်မြေတစ်ခုလုံးကို ကြည့်လိုက်လျှင် မဟာမြင့်မြတ်နယ်မြေငါးခုသည် သာမန်လောကီအဆင့်ထက် ကျော်လွန်နေသည်။

ကြွင်းကျန်သော ပထမတန်းစားဂိုဏ်းများသည် သူတို့၏ ကိုယ်ပိုင်နယ်မြေများကို လွှမ်းမိုးထားပြီး အခွင့်အာဏာ ဖြန့်ကျက်ထားသော မွန်းစတားကြီးများ ဖြစ်ကြသည်။

လူတိုင်း ဆွေးနွေးနေကြစဉ်တွင် ဆွန်းယွီကို တာဝန်ခံက မြေကမ္ဘာအဆင့် သီးသန့်ခန်းဆီသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။

ဤအရာက သူ့ကို မျက်မှောင်ကြုတ်သွားစေသည်။

ယခင်က သူ လေလံအိမ်သို့ လာတိုင်း ကောင်းကင်အဆင့် သီးသန့်ခန်းသည် သူ့အတွက် သီးသန့်နေရာဖြစ်သည်။

ဤတစ်ကြိမ်တွင် သူ့အား မြေကမ္ဘာသီးသန့်ခန်းသို့ ခေါ်လာသည်မှာ မည်သည့်သဘောကို ဆောင်သနည်း....

သို့သော် သူ အလျင်အမြန် ပြန်လည်စဉ်းစားလိုက်၏။

ယခင်က သူမှလွဲ၍ အဓိက သီးသန့်ခန်းလေးခန်းသည် များသောအားဖြင့် လူလွတ်နေတတ်သည်။

ရံဖန်ရံခါ တခြားသီးသန့်ခန်းတစ်ခန်းတွင် သူ ထိုင်ရခြင်းက ကိစ္စမရှိချေ။

သူသည် ထိုကဲ့သို့ ကိစ္စငယ်လေးအပေါ် အငြင်းမပွားလိုပေ။

ဆွန်းယွီထိုင်ပြီး မကြာမီ...

လေလံပွဲတင်ဆက်သူသည် စိတ်အားထက်သန်ဖွယ်ရာ အဖွင့်မိန့်ခွန်းကို ပြောကြားပြီးနောက် လေလံပွဲ တရားဝင် စတင်တော့သည်။

ပထမဆုံး ထွက်ပေါ်လာသော ပစ္စည်းမှာ ပဉ္စမအဆင့် ဆေးလုံးတစ်လုံးပင်။

အရှေ့ပိုင်းဒေသ၏ အစွမ်းအထက်ဆုံး ဆေးပညာရှင်နောက်ခံရှိသော လေလံအိမ်ဖြစ်ရာ....

ဆေးလုံးများသည် လက်တွေ့အားဖြင့် လေလံအိမ်၏ အထူးကုန်ပစ္စည်းများ ဖြစ်ပေ၏။

ပဉ္စမအဆင့် ဆေးလုံးတစ်လုံးသည် အဆင့်နိမ့်ကျင့်ကြံသူ အများစု၏ မျက်လုံးထဲတွင် ရှားပါးပြီး အဖိုးတန်သော ရတနာတစ်ပါး ဖြစ်ကာ ရရှိရန် ခက်ခဲသည်။

ရုတ်ချည်းဆိုသလိုပင် လူအမြောက်အများ စတင်၍ လေလံဆွဲကြသည်။

ပြိုင်ဆိုင်မှုတချို့ ပြုလုပ်ပြီးနောက် ဆေးလုံးကို နောက်ဆုံးတွင် သူ၏ပိုင်ဆိုင်မှုအားလုံး ပုံအောလိုက်သော လေလွင့်ကျင့်ကြံသူတစ်ဦးက ရရှိသွားသည်။

ပထမဆုံးပစ္စည်း အောင်မြင်စွာ လေလံတင်ပြီးနောက်....

ရှားပါးပြီး ထူးခြားဆန်းပြားသော ရတနာအမျိုးမျိုးကို လေလံစားပွဲပေါ်သို့ ချောမွေ့စွာ ယူဆောင်လာသည်။

လေလံပွဲတင်ဆက်သူ၏ မိတ်ဆက်ခြင်းနှင့် အရောင်းမြှင့်တင်ခြင်းအောက်တွင် အောက်ဘက်ရှိ လူအုပ်ကြီးသည် အော်ဟစ်ပြီး ဈေးနှုန်းများ မြှင့်တင်လာကြသည်။

အခြေအနေသည် အတော်လေး သက်ဝင်လှုပ်ရှားနေပေ၏။

အရောင်းအဝယ်ဈေးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာသည်။

"နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ပစ္စည်းဖြစ်တဲ့ မိုးကြိုးဝိညာဉ်သီး ဖြစ်ပါတယ်..."

"မိုးကြိုးဝိညာဉ်သီးက မိုးကြိုးတောင်တန်းမှာ ပေါက်ရောက်တယ်...."

"အဲ့ဒီသစ်သီးမှာ မိုးကြိုးစွမ်းအား ပါဝင်ပြီးတော့ တိုက်ရိုက်စားသုံးမယ်ဆိုရင် ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံကို မြှင့်တင်ပေးနိုင်တယ်...အရိုးတည်ဆောက်ပုံကို ကောင်းမွန်စေနိုင်တယ်.... ပြီးတော့ ကျင့်ကြံခြင်းပါရမီကို တိုးတက်စေဖို့ အခွင့်အလမ်းတချို့တောင် ရှိပါတယ်"

"ဒါတင် မကဘူး.....ဆေးလုံးဖော်စပ်ရာမှာလည်း အသုံးပြုနိုင်ပြီးတော့ အဆင့်မြင့်ဆေးလုံးတွေ အများကြီးအတွက် အဓိကပါဝင်ပစ္စည်းတစ်ခုပဲ"

"အဖွင့်ဈေးက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းပါ... ဈေးတစ်ကြိမ်တိုးရင် တစ်သောင်းထက် မနည်းရဘူး"

လေလံတင်ဆက်သူ၏ အသံဆုံးသည်နှင့်....

အောက်ဘက်မှ ဆူညံသံများနှင့် အာမေဋိတ်သံများ လှိုင်းလုံးကြီးများပမာ ထွက်ပေါ်လာသည်။

ဤသို့ဖြစ်ရခြင်းမှာ ထိုအရာ၏ ကောင်းကင်ကို ဖီဆန်သော လုပ်ဆောင်ချက်များကြောင့်သာမက အလွန်အမင်း ကြီးမြင့်သော ဈေးနှုန်းကြောင့်လည်း ဖြစ်သည်။

ကျင့်ကြံခြင်းပါရမီသည် သဘာဝအလျောက် သတ်မှတ်ထားခြင်း ဖြစ်​သည်။

ထိုအရာကို အနည်းငယ်မျှ တိုးတက်အောင် လုပ်ဆောင်ခြင်းသည်ပင် အလွန်ခက်ခဲသော ကိစ္စတစ်ခုပင်။

မိုးကြိုးဝိညာဉ်သီးတွင် ပါရမီတိုးတက်စေရန် အခွင့်အလမ်းရှိသည်ဟူသော အချက်တစ်ခုတည်းကပင် မရေမတွက်နိုင်သော လူများကို လိုချင်တပ်မက်စေရန် လုံလောက်သည်။

သို့သော် ထိုအရာ၏ မြင့်မားသော တန်ဖိုးက လူအမြောက်အများကို ဟန့်တားထားသည်။

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းဆိုသည်မှာ မည်သည့်အရာမျိုး ဖြစ်သနည်း....

ဤကမ္ဘာတွင် စိတ်ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံသူများကြားတွင် အရောင်းအဝယ်ပြုလုပ်ရာ၌ အသုံးပြုသော ဘုံငွေကြေးဖြစ်ပေ၏။

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် လဲလှယ်နိုင်သည်။ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် လဲလှယ်နိုင်သည်။

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို တတိယတန်းစား ကျင့်ကြံခြင်းဂိုဏ်းအမြောက်အများသည် ဒေဝါလီခံလိုက်လျှင်ပင် ဤမျှ ကြီးမားသော ပမာဏကို ထုတ်ပေးနိုင်မည် မဟုတ်ချေ။

ဒုတိယတန်းစားဂိုဏ်းများသာလျှင် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အင်အားကို ပေါင်းစည်းလိုက်ပါက ဤမျှထိများပြားသော စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးနိုင်ပေလိမ့်မည်။

ဤရတနာသည် ကောင်းမွန်သည်မှာ အမှန်ဖြစ်သော်လည်း....

ခန်းမထဲရှိ လူများအနက် ကိုးဆယ့်ကိုးရာခိုင်နှုန်းသော လူများသည် ကြည့်ပြီး သက်ပြင်းချရုံသာ တတ်နိုင်ကြသည်။

အားကျခြင်း မနာလိုခြင်းနှင့် မျက်လုံးနီမြန်းခြင်းတို့အပြင် သူတို့ တခြားမည်သည့်အရာမျှ မလုပ်နိုင်ကြချေ။

မြေကမ္ဘာအဆင့် သီးသန့်ခန်း အတွင်း၌..

ဆွန်းယွီ၏မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဒီလောက်ထိကြာအောင် စောင့်ပြီးမှ ငါ မျက်စေ့ကျတဲ့ ရတနာတစ်ခုကို နောက်ဆုံးတော့ ရှာတွေ့ပြီပဲ"

သူ၏ကျင့်ကြံခြင်းသည် မကြာသေးမီက အတားအဆီးတစ်ခုသို့ ရောက်ရှိနေသည်။

အကယ်၍ သူသာ သူ၏ပါရမီကို မြှင့်တင်နိုင်လျှင် ကျင့်ကြံဆင့်ချိုးဖျက်မှုသည် သဘာဝကျကျပင် နောက်မှလိုက်ပါလာလိမ့်မည်။

ထိုကြောင့် မိုးကြိုးဝိညာဉ်သီးကို ရယူရန် သူ ဆုံးဖြတ်ထားပေ၏။။

"ဒီသခင်လေးက မိုးကြိုးဝိညာဉ်သီးကို သဘောကျတယ်.... အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်း"

ဤဈေးနှုန်းကို ကြေညာလိုက်သည်နှင့် ခန်းမတစ်ခုလုံးရှိလူများ ချက်ချင်းထိတ်လန့်သွားသည်။

"ဒါက ဘယ်သူလဲ"

"သူက ကမ်းလှမ်းမှုလုပ်တာနဲ့ ဈေးကို တိုက်ရိုက်နှစ်ဆတိုးလိုက်တယ်.... တော်တော်လေး လွှမ်းမိုးချင်တာပဲ"

"အသံကို နားထောင်ရတာတော့ မြေကမ္ဘာအဆင့် သီးသန့်ခန်က လာတဲ့ပုံပဲ"

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်း ကမ်းလှမ်းမှုသည် လူအုပ်ကြီးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး အသံပိုင်ရှင်၏ အထောက်အထားကို လူအားလုံးက ခန့်မှန်းနေကြသည်။

"ဟမ့်..."

"မင်းတို့က ဖုန်မြို့လေလံအိမ်ကို မကြာခဏ မလာကြဘူးဆိုတာ သိသာတယ်"

ထိုအချိန်တွင် လူတစ်ယောက်က မပြောဘဲ မနေနိုင်တော့ချေ။

"ဒီဖုန်မြို့မှာ ဟောက်ဟန်ဂိုဏ်းက စကားပြောရင် ဘယ်သူမှ နောက်ကလိုက်မပြောရဲဘူး.... ဟောက်ဟန်ဂိုဏ်းနဲ့ ယှဉ်နိုင်တဲ့သူတောင် မရှိဘူး အပေါ်ထပ်မှာ အဓိကသီးသန့်ခန်း လေးခန်း ရှိပေမယ့် ဟောက်ဟန်ဂိုဏ်းက လူတွေပဲ အဲ့ဒီမှာ နေဖူးကြတာ...."

"ဒါဆို အဲ့ဒီအသံက ဟောက်ဟန်ဂိုဏ်း သခင်လေးကလွဲပြီး ဘယ်သူ ဖြစ်နိုင်မှာလဲ"

သို့သော် ထိုလူသည် စကားပြောနေစဉ်မှာပင် တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်မိသည်။

ပုံမှန်အားဖြင့် ဆွန်းယွီသည် ကောင်းကင်အဆင့် သီးသန့်ခန်းတွင် ရှိနေတတ်သည်။ မည်သည်ကြောင့် ယနေ့မှ ရုတ်တရက်ကြီး သူသည် မြေကမ္ဘာအဆင့် သီးသန့်ခန်းတွင် ရောက်နေရသနည်း။

သေချာသည်မှာ သူ၏ရှင်းပြချက်သည် အံ့အားသင့်နေသော လူများအတွက် ရှင်းလင်းမှုနှင့် နားလည်မှုတချို့ကို ယူဆောင်လာပေးသည်။

ပထမတန်းစားဂိုဏ်း....ဒါက တကယ့်ကို ပထမတန်းစားဂိုဏ်းပဲ....

မိုးကြိုးဝိညာဉ်သီးသည် သူ၏ပိုင်ဆိုင်မှု ဖြစ်သွားပြီဟု ဆွန်းယွီ တွေးထင်လိုက်စဉ်မှာပင်...

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းခွဲ"

ထိုစကားတစ်ခွန်းသည် ခန်းမတစ်ခုလုံးမှ လူများ၏ အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်သွားသည်။

"ဘယ်သူလဲ...."

"အသံက ကောင်းကင်အဆင့် သီးသန့်ခန်းက လာတဲ့ပုံပဲ...."

လူတစ်ယောက်က မရေရာစွာဖြင့် ပြောဆိုလိုက်သည်။

All Chapters