← Chapters

ဒီသခင်လေးက မင်းကို သေစေချင်တယ်

Vol. 10 Ch. 98

ဒီသခင်လေးက မင်းကို သေစေချင်တယ်

Vol. 10 Ch. 98

"ကောင်းကင်အဆင့် သီးသန့်ခန်းလား.... မင်း နားကြားမှားတာတော့ မဟုတ်ပါဘူးနော်"

"ဟောက်ဟန်ဂိုဏ်းက လူတွေပဲ အပေါ်ထပ်မှာ ရှိတာလို့ သူတို့ ပြောခဲ့တာ မဟုတ်လား"

"ဘယ်လိုလုပ်ပြီး တခြားလူ ရှိနေနိုင်မှာလဲ"

အချိန်တခဏအတွင်းတွင် လက်ရှိနေရာတွင် ရှိနေသူများအားလုံးသည် ကောင်းကင်အဆင့် သီးသန့်ခန်းဆီသို့ အံ့အားသင့်မှုများ ပြည့်နှက်နေသော အကြည့်များဖြင့် လှည့်ကြည့်လိုက်ကြ၏။ ထိုသီးသန့်ခန်းထဲတွင် မည်သူရှိနေသည်ကို သူတို့အားလုံး သိချင်နေကြသည်။

လိမ္မာပါးနပ်သူများကမူ တစ်စုံတစ်ခုကို သတိပြုမိသွားကြသည်။

ဟောက်ဟန်ဂိုဏ်း၏သခင်လေးကို မြေကမ္ဘာအဆင့် သီးသန့်ခန်းတွင် နေရာချထားသည်။

ထိုသို့ဆိုပါက လူသစ်၏အဆင့်အတန်းသည် ဟောက်ဟန်ဂိုဏ်း သခင်လေးထက် ပို၍မြင့်မားသည်ဟု ဆိုလိုခြင်း မဟုတ်လော....

တိုင်ပင်ဆွေးနွေးသံများ လေထုထဲတွင် ပြည့်နှက်သွားသည်။

ကျုံးချင်သည် အောက်ဘက်ရှိ လူများ၏ ဆွေးနွေးမှုများကို အာရုံမစိုက်ဘဲ သူ၏အကြည့်ကို မိုးကြိုးဝိညာဉ်သီးအပေါ် လုံးလုံးလျားလျား အာရုံစိုက်ထားသည်။

ဤမိုးကြိုးဝိညာဉ်သီးသည် ဆေးလုံးကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော ဆေးလုံးအမြောက်အများတွင် အသုံးပြုသည့် အဓိကပါဝင်ပစ္စည်းပင်။

သူ ထိုအရာကို တွေ့ပြီဖြစ်ရာ လက်လွှတ်လိုက်ရမည့် အကြောင်းပြချက် မရှိချေ။

သို့သော်....

မြေကမ္ဘာအဆင့် သီးသန့်ခန်းထဲတွင်...

ဆွန်းယွီ၏မျက်နှာ ချက်ချင်းမည်းမှောင်သွားပြီး သူ၏မျက်လုံးများထဲ၌ ဒေါသအရိပ်အယောင်များ အထင်းသား ထင်ဟပ်နေသည်။

သူ့အပြင် တခြားလူများသည် ဤအပေါ်ထပ်တွင် ရှိနေလိမ့်မည်ဟု သူလည်း မျှော်လင့်မထားခဲ့ပေ။

ထို့ပြင် ထိုလူ ရောက်လာခြင်းကြောင့် သူ မြေကမ္ဘာအဆင့် သီးသန့်ခန်းသို့ ပို့ဆောင်ခံလိုက်ရသည်။

အထူးသဖြင့် အောက်ဘက်မှ တီးတိုးပြောသံများက သူ၏မျက်နှာအမူအယာကို ပို၍ပင်ဆိုးရွားသွားစေသည်။

"ငါက ဟောက်ဟန်ဂိုဏ်းက ဆွန်းယွီပါ....လေးစားရတဲ့ လူကြီးမင်းက ဘယ်သူများပါလဲ"

သူက ကောင်းကင်အဆင့် သီးသန့်ခန်းဘက်သို့ကြည့်ကာ မေးမြန်းလိုက်သည်။

အချိန်အတော်ကြာသည်အထိ...

တုံ့ပြန်အဖြေပေးသံ မရှိချေ။

ကျုံးချင်သည် မိတ်ဆွေဖွဲ့ရန် သို့မဟုတ် တခြားအရာများ လုပ်ဆောင်ရန် ရည်ရွယ်ချက် မရှိသဖြင့် သူ့ကို လျစ်လျူရှုထားလိုက်သည်။

အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှု မရှိသည်ကို မြင်တွေ့ချိန်၌ ဆွန်းယွီ၏မျက်နှာထားသည် သုန်မှုန်လိုက် ကြည်လင်လိုက်ဖြင့် အမျိုးမျိုးပြောင်းလဲနေသည်။

"ကြည့်ရတာတော့ လေးစားရတဲ့ လူကြီးမင်းက ငါနဲ့ ကြွယ်ဝမှုခြင်း ပြိုင်ချင်နေပုံပဲ"

ဆွန်းယွီက ဈေးနှုန်းကို တိုက်ရိုက်မြှင့်တင်လိုက်သည်။

"စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်း"

သို့သော် သူ၏အသံ အဆုံးသတ်သွားပြီး အချိန်အတော်ကြာသည့်တိုင် ကောင်းကင်အဆင့် သီးသန့်ခန်းမှ အသံတစ်သံမျှ မကြားရချေ။

တစ်ချိန်တည်းမှာပင် ကောင်းကင်အဆင့် သီးသန့်ခန်းထဲ၌ ကျုံးချင်သည် ထိုင်ပြီး လက်ဖက်ရည် သောက်နေသည်။

ဘယ်ကောင်က မင်းနဲ့ ကြွယ်ဝချမ်းသာမှု ပြိုင်ချင်နေလို့လဲ.....

သူ ဤမိုးကြိုးဝိညာဉ်သီးကို အမှန်တကယ် လိုချင်သော်လည်း လေးသိန်းဆိုသည်မှာ မူရင်းဈေးထက် များစွာကျော်လွန်နေလေပြီ။

အရူးတစ်ယောက်ကသာ ဆွန်းယွီနှင့် ဆက်လက်၍ လေလံပြိုင်ဆွဲလိမ့်မည်။

အပြန်အလှန် လျှို့ဝှက်တိုက်ပွဲတစ်ခုကို မြင်တွေ့ရမည်ဟု လူတိုင်း မူလက ထင်မှတ်ထားကြသော်လည်း ကောင်းကင်အဆင့် သီးသန့်ခန်း ပိုင်ရှင်က တိုက်ရိုက်တိတ်ဆိတ်သွားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိကြပေ။

တခြားမည်သူမျှလည်း ဤဈေးနှုန်းကို မတတ်နိုင်ကြချေ။

ထို့ကြောင့် လေလံပွဲတင်ဆက်သူ၏ နောက်ဆုံး တူထုသံအပြီးတွင် မိုးကြိုးဝိညာဉ်သီးကို ဆွန်းယွီက အောင်မြင်စွာ ရရှိသွားသည်။

"သောက်ကျိုးနည်း....."

သို့သော် ဆွန်းယွီ၏မျက်နှာသည် မစင်စားမိသကဲ့သို့ ရှုံမဲ့နေသည်။

သိသာထင်ရှားသည်မှာ...

လေးသိန်းဆိုသည်မှာ မိုးကြိုးဝိညာဉ်သီး၏ ဈေးနှုန်းထက် ကျော်လွန်နေကြောင်း သူလည်း သိရှိထားခြင်းပင်။

အများဆုံးအနေဖြင့် ထိုအရာ၏တန်ဖိုးမှာ သုံးသိန်းသာ ရှိပေမည်။

ဤဈေးနှုန်းကို သူကမ်းလှမ်းရသည့် မူလရည်ရွယ်ချက်မှာ ဘေးခန်းမှလူကို ဖိနှိပ်ရန် ဖြစ်သည်။ သို့ရာတွင် တစ်ဖက်လူက တိုက်ရိုက် လက်လျှော့လိုက်သဖြင့် သူ့အနေဖြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို အပိုဖြုန်းတီးမိသကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

"ကောင်းပြီ ကောင်းပြီ ကောင်းပြီလေ...."

"ငါ မင်းကို မှတ်ထားမယ်"

ဆွန်းယွီ၏လက်ထဲမှ ခွက်သည် ဖုန်မှုန့်အဖြစ် ချက်ချင်းပြောင်းလဲသွားပြီး အေးစက်သော အသံတစ်သံ သူ၏ပါးစပ်မှ ထွက်ပေါ်လာသည်။

သို့သော်...

သူ မမျှော်လင့်ထားသည်မှာ မိုးကြိုးဝိညာဉ်သီးပြီးနောက် လေလံအိမ်က နောက်ထပ် အကြီးစားပစ္စည်းတစ်ခုကို ထုတ်ပြလိုက်ခြင်းပင်။

ဤသည်က မိုးကြိုးဝိညာဉ်သီးထက်ပင် ပို၍တန်ဖိုးရှိသော အရာတစ်ခု ဖြစ်သည်။

"နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခုကလို့ သံသယရှိဖွယ်ရာ ကမ္ဗည်းထိုးထားတဲ့ သံပြားတစ်ခုပဲ.."

"လျှို့ဝှက်နယ်မြေတွေအကြောင်းကို ကျွန်တော် ဒီနေရာမှာ မိတ်ဆက်မနေတော့ဘူး....အားလုံးပဲ အဲ့ဒီအရာရဲ့တန်ဖိုးရှိပုံကို သိကြမယ်လို့ ကျွန်တော် ယုံကြည်တယ်"

"အဖွင့်ဈေးက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းပါ...ဈေးတစ်ကြိမ်တိုးရင် တစ်သောင်းထက် မနည်းရဘူး"

လျှို့ဝှက်နယ်မြေသံပြား ထွက်ပေါ်လာခြင်းက အောက်ဘက်ရှိ လူတိုင်းကို အသက်ရှူ မြန်လာစေသည်။

လျှို့ဝှက်နယ်မြေတစ်ခုသည် ဖော်ထုတ်ရန် စောင့်ဆိုင်းနေသော ရတနာသိုက်တစ်ခု ဖြစ်သည်ကို လူသိများသည်။

ထိုအရာတွင် မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများဖြင့် ပြည့်နှက်နေပေ၏။

ထို့အပြင် ဤလျှို့ဝှက်နယ်မြေတွင် 'ရှေးဟောင်း' ဟူသော စကားလုံးပင် ပါဝင်နေသည်။

ဤအရာသည် သံသယဖြစ်ဖွယ်မရှိဘဲ ထိုရတနာ၏တန်ဖိုးကို များစွာတိုးမြှင့်ပေးသည်။

လျှို့ဝှက်နယ်မြေများတွင် အကောင်းနှင့်အဆိုး ရှိနိုင်ပြီး တချို့သော လျှို့ဝှက်နယ်မြေများသည် ကာလကြာရှည်လာသည်နှင့်အမျှ ပျက်စီးသွားနိုင်သော်လည်း....

ထိုနယ်မြေများအတွင်းမှ တန်ဖိုးရှိသော ပစ္စည်းများကို ဖော်ထုတ်နိုင်ခဲ့လျှင် ကောင်းကင်သို့ ပျံတက်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။

[ရှေးဟောင်းလျှို့ဝှက်နယ်မြေ မြေပုံကို တွေ့ရှိရသည်....ထိုအရာကို မရရအောင် လေလံဆွဲရန် လက်ခံသူအား အကြံပြုသည်]

ကောင်းကင်အဆင့် သီးသန့်ခန်းထဲတွင် ကျုံးချင် အံ့အားသင့်သွားသည်။

မထင်ရှားသော သံပြားလေးတစ်ခုက စနစ်ကပင် သတိပေးရသည်အထိ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

ဤအချက်က ထိုသံပြား၏တန်ဖိုးကို သက်သေပြရန် လုံလောက်သည်။

"ဒီပစ္စည်းကို မရရအောင် ယူရမယ်"

ကျုံးချင်၏မျက်နှာထား တည်ကြည်လေးနက်သွားသည်။

သူ လေလံဆွဲရန် ဟန်ပြင်လိုက်စဉ်မှာပင် ဆွန်းယွီက ဦးစွာကမ်းလှမ်းလိုက်သည်။

"နှစ်သိန်း"

သိသာထင်ရှားသည်မှာ ဆွန်းယွီသည်လည်း ဤသံပြားကို စိတ်ဝင်စားနေသည်။

သို့သော် သူ မမျှော်လင့်ထားသည်မှာ မိုးကြိုးဝိညာဉ်သီးကို လေလံဆွဲအပြီးတွင် တိတ်ဆိတ်နေသော ကောင်းကင်အဆင့် သီးသန့်ခန်းမှ ရုတ်တရက် ဈေးကမ်းလှမ်းလာခြင်းပင်။

"သုံးသိန်း"

"လေးသိန်း"

ကျုံးချင်၏ ကမ်းလှမ်းသံကို ကြားလိုက်သည်နှင့် ဆွန်းယွီ၏ဒေါသများ မြင့်တက်လာသည်။

"လေးသိန်းခွဲ"

ကျုံးချင်က ဈေးဆက်တိုးလိုက်သည်။

မူလက တစ်သိန်းဖြင့် စတင်ခဲ့သော လျှို့ဝှက်နယ်မြေသံပြားသည် သူတို့၏အပြန်အလှန် ကမ်းလှမ်းမှုဖြင့် လေးသိန်းခွဲသို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။

ထို့ပြင် ဤလေလံတိုက်ပွဲသည် ရပ်တန့်မည့် အရိပ်အယောင် မရှိချေ။

အိုး ဘုရားရေ...

လက်ရှိနေရာတွင် ရှိနေသူများအားလုံး စိတ်လှုပ်ရှားနေကြသည်။

ကောင်းကင်အဆင့် သီးသန့်ခန်းသည် မြေကမ္ဘာအဆင့် သီးသန့်ခန်းနှင့် နောက်ဆုံးတွင် ထိပ်တိုက်တွေ့ဆုံခဲ့သလော....

ထို့ပြင် သူတို့သည် တစ်ကြိမ်လျှင် ငါးသောင်း ငါးသောင်းစီ တိုးနေခြင်းက လူများအားလုံး၏ နှလုံးသားများကို မခံရပ်နိုင်တော့အောင် နာကျင်စေသည်။

ဤတစ်ကြိမ်တည်း တိုးလိုက်သော စိတ်ဝိညာဉ်ကျောက်တုံး ပမာဏသည် လူအများစုမှ သူတို့၏ဘဝတစ်သက်လုံး စုဆောင်း၍ မရနိုင်သော ပမာဏဖြစ်သည်။

သို့သော်…

လေလံဆွဲခြင်းသည် ဆက်လက်၍ ဖြစ်ပွားနေဆဲပင်။

"ငါးသိန်း"

"ငါးသိန်းခွဲ"

....

"ခုနစ်သိန်း"

"ခုနစ်သိန်းခွဲ"

ဆက်တိုက်ကမ်းလှမ်းမှုတစ်ခုစီတိုင်းနှင့်အတူ လူများအားလုံးသည် အလွန်ထိတ်လန့်တုန်လှုပ်ကာ ထုံကျင်နေကြလေပြီ။

ယခင်က သူတို့သည် သူဌေးဟူသော စကားလုံးနှင့် ရင်းနှီးမှု မရှိခဲ့သော်လည်း ယခု၌မူ ရှိသွားလေပြီ။

မြေကမ္ဘာအဆင့် သီးသန့်ခန်းထဲတွင်.....

ဆွန်းယွီ၏မျက်နှာ အလွန်အမင်း မည်းမှောင်နေသည်။

ယခင်က ကျုံးချင်သည် သူ့ကို လှည့်စားခဲ့ရုံသာမက ယခုချိန်၌ သူ့ကို ထပ်မံ၍ ဆန့်ကျင်နေသည်။

သူ့ကို ပို၍ဒေါသထွက်စေသည်မှာ ယခင် မိုးကြိုးဝိညာဉ်သီးကြောင့် ယခုချိန်၌ သူ လေလံဆက်ဆွဲရန် မတတ်နိုင်တော့ခြင်းပင်။

စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်ဆိုသည်မှာ ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းအတွက်ပင် နည်းပါးသောပမာဏ မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ဂိုဏ်းချုပ်၏ သားမျှသာ ဖြစ်သည်။

ဂိုဏ်း၏ပိုင်ဆိုင်မှုများအားလုံးကို အသုံးပြုခွင့် သူ့ထံတွင် မရှိချေ။

သူ ပိုင်ဆိုင်သော စိတ်ဝိညာဉ်ကျောက်တုံးများသည် အကန့်အသတ် ရှိပေ၏။

ယခင် မိုးကြိုးဝိညာဉ်သီးနှင့် လက်ရှိ ကမ်းလှမ်းမှု ပေါင်းလိုက်လျှင် သူ့ကြွယ်ဝမှု၏ ကန့်သတ်ချက်သို့ ရောက်ရှိနေလေပြီ။

လေလံစျေး ထပ်တိုးလျှင် သူ ထုတ်ပေးနိုင်တော့မည် မဟုတ်ပေ။

သို့သော် လျှို့ဝှက်နယ်မြေ သံပြားကို ဤအတိုင်း လက်လွှတ်လိုက်ရမည်အား သူ အလွန် မလိုလားချေ။

"မိတ်ဆွေ ငါက ဟောက်ဟန်ဂိုဏ်းရဲ့ သခင်လေးပါ.... ဒီနေ့ ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီသံပြားကို ငါ့အတွက် လက်လွှတ်ပေးနိုင်မလား... နောင်တစ်ချိန်ကျရင် ငါက သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်"

သူက သီးသန့်ခန်းမှတဆင့် ကျုံးချင်ကို ပြောဆိုလိုက်သည်။

ဖုန်မြို့တစ်ခုလုံးသည် ဟောက်ဟန်ဂိုဏ်း၏ ပိုင်နက်ဖြစ်နေသည့်တိုင် သူ၏ပိုင်နက်ထဲတွင် သူ လိုချင်သောအရာကို လေလံဆွဲခံရလျှင် သူ၏မျက်နှာအား မည်သည့်နေရာ၌ သွားထားရမည်နည်း။

ထို့ကြောင့် ကျုံးချင် တွန့်ဆုတ်သွားစေရန်အတွက် သူ၏အထောက်အထားကို ထုတ်ဖော်ရုံမှတစ်ပါး တခြားမရှိတော့ပေ။

သို့သော်....

ကျုံးချင်က သူ့ကို လုံးဝ လျစ်လျူရှုလိုက်သည်။

သူ တိုက်ရိုက်​စျေးမြှင့်တင်လိုက်၏။

စနစ်က ရယူရန် တောင်းဆိုထားသော အရာကို သူ မည်သည်ကြောင့် လက်လွှတ်ပေးနိုင်မည်နည်း။

"ကိုးသိန်း"

ဆွန်းယွီ၏မျက်လုံးများမှ မီးတောက်များ ပျံ့လွင့်လာတော့လုမတတ်ပင်။

သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ရပ်က ဆွန်းယွီ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

အကြောင်းအရင်းမှာ ဤဈေးနှုန်းအရောက်တွင် သူ လေလံဆက်ဆွဲရန် လုံးဝမတတ်နိုင်တော့သောကြောင့်ပင်။

ကျုံးချင်က ဤဈေးနှုန်းကို ကြေညာလိုက်သည်နှင့် ခန်းမတစ်ခုလုံး အလွန်တိတ်ဆိတ်သွားပြီး မည်သူမျှ လေလံဆက်မဆွဲကြတော့ပေ။

လေလံစင်မြင့်ပေါ်တွင်....

ဈေးတိုးမည့်သူရှိမရှိ လေလံပွဲတင်ဆက်သူက ထပ်ခါတလဲလဲ မေးမြန်းပြီးနောက် မရှိကြောင်း သိရသဖြင့် တူထုလိုက်ကာ အောင်မြင်စွာ လေလံတင်လိုက်ပြီ ဖြစ်ကြောင်း အချက်ပြလိုက်သည်။

"ဒီပစ္စည်းကို အောင်မြင်စွာ ရရှိသွားတဲ့ ကောင်းကင်အဆင့် သီးသန့်ခန်းက ဧည့်သည်ကို ဂုဏ်ပြုပါတယ်"

ဤတူထုသံ...

ဤအရာသည် ဆွန်းယွီ၏ ရင်ထဲမှ ဒေါသများကို မီးတောင်ပေါက်ကွဲတော့မည့်အလား ဖြစ်သွားစေသည်။

သူသည် ဟောက်ဟန်ဂိုဏ်း၏သခင်လေးဖြစ်ကာ ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ အနာဂတ်ခေါင်းဆောင်ဖြစ်ပြီး ဖုန်မြို့တွင် မည်သူမျှ ရန်မစရဲသော တည်ရှိမှုကြီးပင်။ သူ၏ နာမည်ကို ​ထုတ်ဖော်ပြောဆိုခဲ့သော်လည်း တစ်ဖက်လူသည် နောက်မဆုတ်ခဲ့ချေ။

"သောက်ကျိုးနည်း...."

"ဒီသခင်လေးကို လျစ်လျူရှုရဲတယ်ပေါ့...."

ဆွန်းယွီ၏မျက်နှာ ရှုံ့မဲ့သွားပြီး သူ၏နားထင်ကြောများ ထောင်ထလာသည်။

"ဒီသခင်လေးက မင်းကို သေစေချင်တယ်"

ဤသည်မှာ ငရဲမှတွားသွားတက်လာသော မိစ္ဆာတစ်ကောင်၏ တိုးညှင်းသည့် ဟိန်းဟောက်သံအလားပင်။

All Chapters