ပြီးတော့ ဘာဖြစ်လဲ
Vol. 10 Ch. 99
ဆွန်းယွီ မည်မျှပင် ဒေါသထွက်နေပါစေ နောက်ဆုံးတွင် လေလံအိမ်၌ သူ ပြဿနာရှာရဲခြင်း မရှိပေ။
ဟောက်ဟန်ဂိုဏ်း အစွမ်းထက်သော်လည်း တန်းထင်းခန်းမဆောင်၏ ကျောထောက်နောက်ခံရှိသော လေလံအိမ်အောက် တစ်ဆင့်နိမ့်နေဆဲပင်။
အချိန်သည် ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။
လေလံပွဲကို ကြီးမားသော စိတ်အားထက်သန်မှုဖြင့် ဆက်လက်၍ ကျင်းပနေသည်။
လျှို့ဝှက်နယ်မြေသံပြား ထွက်ပေါ်လာခြင်းသည် လေလံပွဲအခြေအနေကို ကွဲပြားခြားနားသော အထွတ်အထိပ်တစ်ခုသို့ တွန်းပို့လိုက်၏။
ထို့နောက်ပိုင်းတွင် ကျုံးချင်က လေလံဆွဲမှု အနည်းငယ်ကို ထပ်မံ၍ ပြုလုပ်ခဲ့သည်။
သူသည် အဖိုးတန်ရှားပါးသော စိတ်ဝိညာဉ်ဆေးပင်များစွာကို ရရှိခဲ့သည်။
လေလံပွဲ ပြီးဆုံးသွားချိန်တွင် ကျုံးချင်သည် စိတ်ဝိညာဉ်ကျောက်တုံး သန်းနှင့်ချီ တန်ဖိုးရှိသော ပစ္စည်းများကို လေလံဆွဲခဲ့ပြီး ဖြစ်သည်။
ထိုအရာများအနက် သူ၏ နတ်ဘုရားမီးတောက်ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများလည်း ပါဝင်သည်။
ခြုံငုံသုံးသပ်ရလျှင် ဤခရီးစဉ်သည် သူ့အတွက် အတော်လေး အကျိုးရှိခဲ့သည်။
"သခင်လေး လေလံဆွဲထားတဲ့ ပစ္စည်းတွေ ယူဆောင်ဖို့နဲ့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ပြီးစီးဖို့အတွက် အထူးဧည့်ခန်းမဆောင်ကို လိုက်ခဲ့ပေးပါ"
ကျုံးချင် သီးသန့်ခန်းထဲမှ ထွက်လာသည်နှင့် တာဝန်ခံက အလျင်အမြန် ရှေ့သို့တိုးကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
ကျုံးချင်က ခေါင်းညိတ်လိုက်ပြီး တာဝန်ခံ၏ လမ်းညွှန်မှုအောက်တွင် ရှည်လျားသော စင်္ကြန်လမ်းကို ဖြတ်သန်းကာ ခမ်းနားထည်ဝါသော အထူးဧည့်ခန်းမဆောင်သို့ ရောက်ရှိသွားသည်။
သူ ထိုင်ပြီး မကြာမီမှာပင် ဖုန်မြို့လေလံအိမ်၏ တာဝန်ခံဖြစ်သော ယဲ့ချန်ခုန်းသည် ကျုံးချင် လေလံဆွဲထားသော ပစ္စည်းများကို သူကိုယ်တိုင် ယူဆောင်လာပေးသည်။
စိတ်ဝိညာဉ်ဆေးပင်အမြောက်အများနှင့် ရတနာအမျိုးမျိုးကို တောင်ငယ်များပမာ ပုံထားသည်။
ထိုအရာများသည် ကောင်းကင်ဘုံအလင်းရောင်များဖြင့် တဖျပ်ဖျပ်လင်းလက်နေပြီး အလွန်တောက်ပနေသည်။
"သခင်လေး....သခင်လေး လေလံဆွဲထားတဲ့ ပစ္စည်းတွေ အကုန်လုံး ဒီမှာပါ.... တစ်ချက်လောက် စစ်ဆေးကြည့်ပါအုံး"
"ကြည့်စရာ မလိုပါဘူး....ခင်ဗျားတို့ရဲ့ ဂုဏ်သတင်းကို ကျွန်တော် ယုံကြည်ပါတယ်"
ကျုံးချင်က တစ်ချက်သာ ကြည့်ပြီးနောက် နတ်ဘုရားလက်နက်တစ်ခုကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်သည်။
"ဒါနဲ့ ရှင်းလိုက်...."
ဤသည်မှာ သုံးပေခြောက်လက်မ ရှည်ပြီး ငါးလက်မခွဲခန့် ကျယ်သော ဓားရှည်တစ်လက်ပင်။
ထိုဓားရှည်၏ကိုယ်ထည်တစ်ခုလုံးတွင် ဝေဝါးသော စိတ်ဝိညာဉ်ချီစွမ်းအင်များ ပျံ့နှံ့နေသည်။
စိတ်ဝိညာဉ်ချီစွမ်းအင်များ ရစ်သိုင်းလွှမ်းခြုံနေပြီး ဓား၏ထက်ရှမှုကို အပြည့်အဝ ပြသနေသည်။
ထိုနတ်ဘုရားလက်နက်ကို မြင်လိုက်ရသည့်အချိန်တွင် ယဲ့ချန်ခုန်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
"သခင်လေး....ကျွန်တော် ဒီနတ်ဘုရားလက်နက်ကို စစ်ဆေးကြည့်လို့ ရမလား"
"လုပ်ပါ"
ကျုံးချင်က လက်ကာပြလိုက်သည်။
ယဲ့ချန်ခုန်းက ဂရုတစိုက် ယူဆောင်လိုက်သည်။ ဓားရှည်ကို အချိန်အတော်ကြာ လေ့လာကြည့်ရှုပြီးနောက် သူ ကဏဦး ကောက်ချက်ချလိုက်၏။
ဤသည်မှာ ဘုရင်အဆင့် နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေနိုင်သည်။
သို့သော် ဘုရင်အဆင့် နတ်ဘုရားလက်နက်များသည် အလွန်မြင့်မားသော အဆင့်အတန်းရှိသဖြင့် သူ ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဤဓားသည် အမှန်အားဖြင့် မည်သည့်အဆင့်၌ ရှိနေသနည်း...
အကဲဖြတ်ရန်အတွက် ဤဓားကို သူ ရုံးချုပ်သို့ ပေးပို့ရပေမည်။
လင်မြို့လေလံအိမ်တွင် တစ်စုံတစ်ယောက်က ဘုရင်အဆင့် နတ်ဘုရားလက်နက်ဖြင့် ငွေပေးချေခဲ့သည်ဟူသော သတင်းများ ယခင်က ပျံ့နှံ့နေခဲ့သည်။ ယနေ့တွင် ကျုံးချင်သည် လင်မြို့ အထူးဧည့်သည်ကတ်ဖြင့် ရောက်ရှိလာခြင်းနှင့် ပေါင်းစပ်လိုက်ချိန်၌ ဤသူသည် ထိုလူဖြစ်ကြောင်း သေချာသလောက်နီးပါး ဖြစ်နေလေပြီ။
ဘုရင်အဆင့် နတ်ဘုရားလက်နက်တစ်ခုသည် မဟာမြင့်မြတ်နယ်မြေ လေးခုကို ထည့်သွင်းစဉ်းစားလျှင်ပင် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းပေးအပ်ထိုက်သော တည်ရှိမှုတစ်ခုဖြစ်သည်။
သူ သိသလောက်ဆိုလျှင် တခြားသော မဟာမြင့်မြတ်နယ်မြေလေးခုတွင် ဘုရင်အဆင့် နတ်ဘုရားလက်နက်များကို သူတို့ဂိုဏ်း၏ အဖိုးတန်ဆုံးရတနာများအဖြစ် သတ်မှတ်ထားကြ၏။
ဤလူသည် ထိုအဆင့်ရတနာနှစ်ခုကို ဆက်တိုက် ထုတ်ပေးနိုင်ပြီး ငွေပေးချေရန်အတွက်ပင် အသုံးပြုနေသည်။
သူ၏အထောက်အထားမှာ မည်သို့ ဖြစ်သနည်း....
ယဲ့ချန်ခုန်း၏စိတ်ထဲတွင် စိတ်ခံစားမှုလှိုင်းတံပိုးများ မြင့်တက်လာသည်။
ယခုအချိန်တွင် သူ၏မျက်လုံးထဲ၌ ကျုံးချင်သည် လျှို့ဝှက်ဆန်းကြယ်သော အလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသည်။
သူသည် နားလည်ရန်ခက်ခဲပြီး နက်ရှိုင်းကာ ထူးကဲသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။
"ဒီလိုလူမျိုးကို ဘယ်နည်းနဲ့မဆို မိတ်ဆွေဖွဲ့ရမယ်"
ဤသို့တွေးတောမိပြီးနောက် ယဲ့ချန်ခုန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။
"သခင်လေး.... ဒီတစ်ခေါက် သခင်လေး လေလံဆွဲထားတဲ့ ပစ္စည်းတွေက တန်ဖိုးအရမ်းကြီးတာမို့ မသမာသူတွေက လိုချင်တပ်မက်နေကြတာမျိုး ဖြစ်နိုင်တယ်"
"ကျွန်တော်တို့ လေလံအိမ်က သခင်လေး ဘေးကင်းကင်းနဲ့ ထွက်ခွာနိုင်ဖို့ လုံခြုံရေး ပေးနိုင်တယ်"
"သခင်လေးအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပြဿနာတချို့ကိုတောင် ကျွန်တော်တို့ ဖယ်ရှားပေးနိုင်တယ်"
"ဥပမာအနေနဲ့ စောစောက လေလံပွဲမှာ သခင်လေးနဲ့ ပြိုင်ဆိုင်ခဲ့တဲ့လူမျိုးပေါ့..."
သိသာထင်ရှားသည်မှာ ကျုံးချင်ကို မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် ယဲ့ချန်ခုန်းသည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ခြင်းပင်။
သူသည် ဆွန်းယွီကိုပင် ခြေနင်းတုံးအဖြစ် အသုံးပြုရန် ဆန္ဒရှိနေသည်။
ဆွန်းယွီက မည်သူဖြစ်သနည်းဟုဆိုလျှင် သူသည် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ သခင်လေးပင်။
သေချာသည်မှာ ယဲ့ချန်ခုန်းတွင် ဤစကားမျိုး ပြောဆိုရန် ယုံကြည်ချက်ရှိနေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ တန်းထင်းခန်းမဆောင်၏ ရှေ့မှောက်တွင် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းသည် ဂျူနီယာတစ်ယောက်အဆင့်သာရှိသည်။
"မလိုပါဘူး...."
သို့သော် ကျုံးချင်က တိုက်ရိုက်ငြင်းပယ်လိုက်၏။
သူသည် ထိုလူပြက်အဆင့်မျှရှိသော လူများကို မျက်လုံးထဲပင် မထည့်ပေ။
"စာရင်းရှင်းပေးတော့..."
ကျုံးချင်သည် လေလံအိမ်၏ အကူအညီကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်အား မြင်တွေ့ချိန်၌ ယဲ့ချန်ခုန်းသည် ထပ်မံ၍ အတင်းအကြပ် မလုပ်တော့ချေ။
ဉာဏ်ကောင်းသူများသည် မည်သည့်အချိန်တွင် ရပ်တန့်ရမည်ဟူသော သဘောတရားကို သိထားကြသည်။
အတိုင်းအတာလွန်သွားခြင်းက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်သည်။
သူသည် နတ်ဘုရားလက်နက်ကို စစ်ဆေးကြည့်လိုက်ပြီး တွေးဆကာ အကြံပြုလိုက်၏။
"သခင်လေး... ဒီနတ်ဘုရားလက်နက်က အရမ်းထူးခြားတယ်....ကျွန်တော့်ရဲ့အမြင်နဲ့ဆိုရင် ဒီရတနာရဲ့ တိကျတဲ့အဆင့်ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပါဘူး.... ဒါကြောင့် ကျွန်တော်တို့ ရုံးချုပ်ကို တင်ပြပြီး သူတို့ကို တိကျတဲ့ အကဲဖြတ်ချက် ပေးခိုင်းရင် ဘယ်လိုလဲ"
"ပြီးရင် ကျွန်တော်တို့က သခင်လေးကို နောက်ဆုံးစာရင်းရှင်းတမ်း ပေးလို့ရတယ်"
"ဒီနည်းနဲ့ သခင်လေးရဲ့ အကျိုးစီးပွားကို အမြင့်ဆုံး ဖြစ်စေဖို့ အာမခံနိုင်မှာပါ"
"ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်က သခင်လေးကို ပုံမှန်ဈေးနှုန်းနဲ့ပဲ ရှင်းပေးပါ့မယ်... ခြားနားချက်ရှိရင် နောက်မှ ပြန်ပြီးညှိနှိုင်းပေးပါ့မယ်"
"ကောင်းပြီလေ..."
ကျုံးချင်သည် ဤနေရာ၌ အချိန်မဖြုန်းချင်ပေ။
"အခု ခင်ဗျားပေးမယ့် ဈေးနှုန်းနဲ့ဆိုရင် ဒီငွေပေးချေမှုအတွက် လုံလောက်ရဲ့လား"
"လုံလောက်ပါတယ်....ပိုငွေတောင် အများကြီး ကျန်ပါသေးတယ်"
"ဒါဆိုရင် ကျန်တဲ့ပမာဏအတွက် ကျွန်တော်ကို စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ လဲပေးပါ"
ဆေးပညာရှင်တစ်ယောက် ဖြစ်ရသည်မှာ အမှန်တကယ်ကို စရိတ်ကြီးမားသည်။
သိသာထင်ရှားသော မိသားစုကြွယ်ဝမှု မရှိသူတစ်ဦးအနေဖြင့် ဤစရိတ်စကကို မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။
လေလံအိမ်ဝန်ထမ်းများသည် အလွန်စွမ်းဆောင်ရည်မြင့်မားကြပြီး ဆယ့်ငါးမိနစ်အတွင်း ကိစ္စအဝဝကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။
ကျုံးချင်သည် လေလံအိမ်တံခါးပေါက်မှ ထွက်ခွာလာရာ ယဲ့ချန်ခုန်း ဦးဆောင်သော လေလံအိမ်၏ အဆင့်မြင့်အဖွဲ့ဝင်များက သူ့ကို ရိုသေလေးစားစွာ လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။
ကျုံးချင် အဝေးသို့ ထွက်ခွာသွားသည်နှင့်...
ယဲ့ချန်ခုန်းက လက်အောက်ငယ်သားတစ်ယောက်ကို ချက်ချင်းညွှန်ကြားလိုက်၏။
"ဒီနတ်ဘုရားလက်နက်ကို စစ်ဆေးဖို့အတွက် ရုံးချုပ်ကို ချက်ချင်းလူလွှတ်လိုက်တော့"
ဘုရင်အဆင့် နတ်ဘုရားလက်နက်တစ်ခု၏ တန်ဖိုးသည် ပြောစရာမလိုအောင် သိသာထင်ရှားသည်။
အကဲဖြတ်မှု အတည်ပြုပြီးသည်နှင့် ဤသည်က သူ့အတွက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
သူ၏ အရည်အချင်းများနှင့် နောက်ခံတို့ဖြင့် သူသည် ရာထူးတိုးပြီး တန်းထင်းခန်းမဆောင်၏ ရုံးချုပ်သို့ပင် ဝင်ရောက်နိုင်ကောင်း ဝင်ရောက်နိုင်ပေလိမ့်မည်။
...
စည်ကားသော လမ်းမပေါ်တွင်....
ကျုံးချင်သည် လူအုပ်ကြီးကြားမှ ဖြတ်သန်းသွားလာနေသည်။
သူသည် ခရီးဝေး သိပ်မသွားဖူးသဖြင့် သူ ပြန်ရန် အလျင်မလိုချေ။
ထို့အစား သူသည် ဒေသခံထုံးတမ်းစဉ်လာများနှင့်ဓလေ့ထုံးစံများကို တွေ့ကြုံခံစားရန် စီစဉ်ထားသည်။
ကျင့်ကြံခြင်းလမ်းစဉ်သည် ရှည်လျားပြီး ထာဝရအသက်သည် လက်လှမ်းမီနိုင်သော နေရာတွင် ရှိသည်။
ရှည်လျားသော ဘဝသက်တမ်းတွင် လူတစ်ယောက်သည် နေရာတစ်နေရာတည်း၌ အမြဲတမ်း ကန့်သတ်မခံထားသင့်ချေ။
ကျင့်ကြံသူတစ်ယောက်အတွက် သင့်လျော်သလို ခရီးသွားခြင်းနှင့် အမြင်ကျယ်အောင် လုပ်ဆောင်ခြင်းသည် အလွန်လိုအပ်ပေ၏။
ကျုံးချင်သည် ပင်မလမ်းမကြီးများကို ဖြတ်လျှောက်ပြီး လမ်းကြားလေးများကို ဖြတ်သန်းသွားလာခဲ့သည်။
သူသည် မိုးမခပင်များ တန်းစီနေသော မြစ်ကမ်းဘေးသို့ ရောက်ရှိလာပြီး သစ်ပင်တစ်ပင်၏နံဘေးတွင် ရပ်လိုက်သည်။
အဝေးတွင် ကလေးများ ဆော့ကစားနေကြပြီး အမျိုးသမီးများက မြစ်ထဲတွင် အဝတ်လျှော်နေကြသည်။
လမ်းသွားလမ်းလာ နှစ်ယောက်သုံးယောက် စကားစမြည်ပြောဆို ရယ်မောကာ ဖြတ်သန်းသွားကြပြီး ချစ်သူများက မိုးမခပင်များအောက်တွင် ထာဝရချစ်သွားမည်ဟု ကတိသစ္စာပြုကာ ရင်ဖွင့်နေကြသည်။
ဤမြင်ကွင်းသည် မရေမတွက်နိုင်သော နာမည်ကြီး ရှုခင်းပန်းချီကားများထက် ကျော်လွန်နေပေ၏။
သူသည် ရှုခင်းကို ကြည့်နေသည့်အပြင် လူတစ်ယောက်ကိုလည်း စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
"မင်း ငါ့ကို အရမ်းကြာကြာ မစောင့်ခိုင်းဖို့ပဲ မျှော်လင့်မိတယ်"
ကျုံးချင်က တီးတိုးရေရွတ်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် ကျီစယ်စနောက်လိုသော အပြုံးတစ်ခု ထင်ဟပ်လာသည်။
တစ်ချိန်တည်းမှာပင်....
လေလံပွဲပြီးနောက် ထွက်ခွာသွားသော ဆွန်းယွီသည် လူအမြောက်အများကို စုစည်းပြီး ကျုံးချင် ရှိရာသို့ အပြေးအလွှား လာနေလေပြီ။
"ဝုန်း..."
ထိုလူများ ဝင်ရောက်လာသည်နှင့် ဖုန်မှုန့်များ တထောင်းထောင်းထလာသည်။
ဆယ်ပေမြင့်သော အလံတိုင်သည် လေထဲတွင် တဖျပ်ဖျပ် လူးလွန့်နေသည်။
အလံပေါ်တွင် ရွှေရောင်ချည်မျှင်ဖြင့် ထိုးထားသော 'ဟောက်'ဟူသော စာလုံးသည် ထူးခြားထင်ရှားနေပြီး နေဝင်ချိန်၏အလင်းရောင်အောက်တွင် ရွှေရောင်အစက်အပြောက်များကို ထုတ်လွှတ်ကာ လွှမ်းမိုးနိုင်သော အရှိန်အဝါကို ပြသနေပေ၏။
"ဟောက်ဟန်ဂိုဏ်းက ကိစ္စတစ်ခု ဆောင်ရွက်နေတယ်....မဆိုင်တဲ့လူတွေ ဘေးဖယ်ကြစမ်း"
အချိန်တခဏအတွင်း မိုးမခမြစ်ကမ်းပါးရှိ ရှုခင်း ရုတ်တရက် ပြောင်းလဲသွားသည်။
လမ်းသွားလမ်းလာများသည် ထိတ်လန့်တကြား ထွက်ပြေးကြပြီး လန့်ဖျပ်သွားသော ငှက်များနှင့် သားရဲများကဲ့သို့ ပြန့်ကျဲသွားကြသည်။
မျက်စိတစ်မှိတ်အတွင်း ကျယ်ဝန်းသော နေရာ၌ ကျုံးချင်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
ကျုံးချင်က မျက်ခုံးပင့်လိုက်ပြီး မိုးမခပင်၏နံဘေးတွင် လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်တတ်ရပ်နေသည်။
"နောက်ဆုံးတော့ မင်း ငါ့ကို သိပ်အကြာကြီး မစောင့်ခိုင်းခဲ့ဘူးပဲ"
သူနှင့်မျက်နှာချင်းဆိုင်တွင် မြင်းစီးသူရဲတစ်ရာသည် စစ်ကြောင်းချီလာကာ ရပ်တန့်နေကြပြီး သူတို့၏လက်နက်များ တောက်ပနေကာ သတ်ဖြတ်လိုစိတ်များ လေဟာနယ်ထဲတွင် ပျံ့နှံ့နေသည်။
ပိုးသားဝတ်ရုံ ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားသော ဆွန်းယွီသည် မြင်းစီးသူရဲတစ်ရာကို ကျော်ဖြတ်ပြီး ကျုံးချင်၏ရှေ့သို့ တန်းတန်းမတ်မတ် ရောက်ရှိလာသည်။
သူသည် အောက်သို့ငုံ့ကြည့်ရင်း တင်းမာခက်ထန်သောမျက်နှာထားဖြင့် ပြောဆိုလိုက်သည်။
"ဒီဖုန်မြို့မှာ ဘယ်သူမှ ဒီသခင်လေးရဲ့ မျက်နှာကို မထောက်ဘဲ မနေရဲဘူးဆိုတာ မင်း သိလား..."
ကျုံးချင်၏မျက်နှာထား ပုံမှန်အတိုင်း ရှိနေဆဲပင်။
"ပြီးတော့ ဘာဖြစ်လဲ"
ဆွန်းယွီသည် အလွန်ဒေါသထွက်နေသဖြင့် ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
"မင်းက နည်းနည်း ထူးခြားတယ်ဆိုတာ ငါ သိတယ်.....ဒါပေမဲ့ ဒီနေ့ ဒီသခင်လေးက မင်းကို သင်ခန်းစာပေးမယ်...အမြဲတမ်း ပိုတော်တဲ့လူ ရှိစမြဲပဲ....ဒီဖုန်မြို့ရဲ့ ထောင့်ကျဉ်းလေးမှာ မင်းက နဂါးဆိုရင်တောင် ငါ့အတွက် ခွေနေရမယ် မင်းက ကျားဆိုရင် ငါ့အတွက် ဝပ်နေရမယ်"
"ငါတို့ဟောက်ဟန်ဂိုဏ်းက ဒီဒေသရဲ့ ကောင်းကင်ပဲ"
"ဒီမှာ ငါက ပထမလို့ ပြောရင် ဘယ်သူမှ ဒုတိယလို့ လိုက်မပြောရဲဘူး"
ကျုံးချင်က ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်၏။ ဤသည်မှာ သူ ကြောက်လန့်၍ မဟုတ်ဘဲ ထိုကောင်လေး၏ အလွန်အမင်း ပြဇာတ်ဆန်သော ကြေညာချက်ကြောင့် နားငြီးသွားသောကြောင့်ပင်။
"ကောင်းပြီလေ.... မင်း အရမ်းအစွမ်းထက်မှန်း ငါ သိပြီ....ပြီးတော့ ဘာဖြစ်လဲ"
ကျုံးချင်၏ ပေါ့ပေါ့ပါးပါး အမူအယာက ဆွန်းယွီကို သွေးအန်လုမတတ် စိတ်ပျက်သွားစေပြီး တစ်ချိန်တည်းမှာပင် အကြီးအကျယ် စော်ကားခံရသကဲ့သို့ ခံစားမိစေသည်။
သူ၏သတ်ဖြတ်လိုစိတ် မည်မျှထိ ပြင်းထန်နေသည်ကို ထိုလူ မမြင်သလော..
ထို့ပြင် သူသည် "ပြီးတော့ ဘာဖြစ်လဲ"ဟုပင် မေးမြန်းနေပေ၏။
"ရှေးဟောင်းလျှို့ဝှက်နယ်မြေ သံပြားကို ပေးစမ်း"
"ဒါမှမဟုတ်ရင် မင်းကို ဖုန်မြို့ဒေသကနေ ထွက်ခွာခွင့်မရအောင် ငါ လုပ်ပစ်မယ်"
ကျုံးချင်က ပြုံးလိုက်သည်။ သူသည်လည်း သည်းခံမနေတော့ဘဲ ဆွန်းယွီ၏ပါးကို ဖြတ်ရိုက်လိုက်သည်။
ထို့နောက် လွန်ခဲ့သော အချိန်တခဏကမှ လောကကြီးပေါ်တွင် အကြီးမြတ်ဆုံးဖြစ်ကြောင်း အော်ဟစ်နေသော ဆွန်းယွီသည် တိုက်ရိုက်လွင့်ထွက်သွားတော့သည်။
အမြှောက်ဆန်တစ်ဆန်ကို ပစ်လွှတ်လိုက်သည့်အလား သူ အတော်ဝေးဝေးသို့ လွင့်ထွက်သွားသည်။
အချိန်တခဏအတွင်းမှာပင် သူ မိုးကုပ်စက်ဝိုင်းထဲသို့ တိုးဝင်၍ ပျောက်ကွယ်သွားသည်။
ဤသည်မှာ လူအများ၏အမြင်အာရုံအောက်မှ လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းပင်။
ကျုံးချင်၏လက်ထဲတွင်မူ ကျောက်စိမ်းသေတ္တာတစ်လုံး ထွက်ပေါ်လာခဲ့သည်။
ထိုသေတ္တာကို ဖွင့်ကြည့်လိုက်ချိန်၌ မိုးကြိုးဝိညာဉ်သီးမှလွဲ၍ တခြားမဟုတ်ချေ။
တစ်ဖက်လူသည် သူ့ဆီမှ ရတနာများကို လိုချင်တပ်မက်နေစဉ်မှာပင် ကျုံးချင်သည်လည်း ဆွန်းယွီထံမှ မိုးကြိုးဝိညာဉ်သီးကို မျက်စိကျနေခဲ့ခြင်းဖြစ်သည်။
တစ်ခါတစ်ရံတွင် မုဆိုးနှင့် သားကောင်ကြား ဆက်ဆံရေးသည် မကြာခဏဆိုသလို အပြန်အလှန် ပြောင်းလဲသွားတတ်သည်။