တံဆိပ်ပြားအားဖျက်စီးခြင်း
Vol. 54 Ch. 741
ဖြာထွက်လာသော အလင်းတန်းများနှင့်အတူ အဆင့်မြင့်ကျင့်ကြံသူများမှာ နန်းဆောင်သခင် ရှန့်ယွမ်အား တွေ့ရှိလိုက်ကြရသည်။ သူ၏တဝက်ကျော်မျှ ကျိုးပြတ်နေသည့် ခန္ဓာကိုယ်မှာ မသတီစရာ ဖြစ်နေပါသော်လည်း ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ဦးခေါင်းနှင့် ဘယ်ဖက်ပုခုံး တစ်ဖက်တစ်ချပ်စီတွင် ရှိနေသော သူတော်စင်မီးလျှံကြာပန်းနှစ်ပွင့် ဖြစ်သည်။
သူတော်စင်မီးလျှံကြာပန်းနှစ်ပွင့်....
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ကန်ရွှမ်းကောင်းကင်ဒေသအား အုပ်စိုးခဲ့စဉ်က ထိုအဆင့် ရှိခဲ့သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ တစ်ခဏအတွင်း ထိုကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။ ပြင်ပအကူအညီကြောင့် ရောက်ရှိသွားခြင်း ဖြစ်ပါသော်လည်း နန်းဆောင်သခင် ရှန့်ယွမ်မှာ လက်ရှိအချိန်တွင် လွန်စွာကြောက်မက်ဖွယ်ကောင်းနေပေသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်သို့ ရောက်ရှိသွားပြီးနောက် ရွှေရောင်မျက်ဝန်းကြီးမှာ အနည်းငယ် မှေးမှိန်သွားပြီး ဖြူလွှလွှ လျှပ်စီးများလည်း ပျောက်ကွယ်သွားသည်။
တော်ဝင်နန်းတော်မှ အဆင့်မြင့်ကျင့်ကြံသူများမှာ စွမ်းအင်လွှဲပြောင်းပေးရန် များစွာပေးဆပ်လိုက်ရသဖြင့် အကာအကွယ်အားဖြတ်ကျော်ကာ တိုက်ခိုက်မှုများ မပြုလုပ်နိုင်တော့ပေ။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ မျက်ဝန်းများမှာ လေးနက်ခက်ထန်နေရသည်။ နန်းဆောင်သခင် ရှန့်ယွမ်၏ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်မှာ အလွန်မှေးမှိန်နေလျက် ရှိသည်။ သို့သော် မည်မျှပင် မထင်မရှား ဖြစ်နေစေကာမူ သူ၏ကျင့်ကြံခြင်းအဆင့်မှာ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်သို့ ရောက်ရှိနေခြင်းပင်။
"ဟားဟား...သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်တောင်လား...."
နန်းဆောင်သခင် ရှန့်ယွမ်၏ မျက်ဝန်းများမှာ ရီဝေယစ်မူးနေသကဲ့သို့ ရှိသည်။ သူသည် ခန္ဓာကိုယ်အတွင်းမှ တိုးတက်လာသော ကြောက်မက်ဖွယ်စွမ်းအင်များအား ကျေနပ်အားရစွာ ခံစားလိုက်သည်။
ထိုစွမ်းအင်များမှာ သူနှစ်ပေါင်းများစွာ စိတ်ကူးယဉ်နေခဲ့ရသော စွမ်းအင်များပင် ဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ မထီမဲ့မြင် ပြောလိုက်သည်။ "မင်းက တော်ဝင်နန်းတော်ရဲ့ အကူအညီကို ယူပြီးမှ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်ကို ရောက်လာခဲ့တာပဲ။ ဒီစွမ်းအင်တွေနဲ့ မပျော်ရွှင်ရခင် ဘဝပျက်သွားမှာ မကြောက်ဘူးလား။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ အလေးပင်မထားဟန်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ကြီးမားစွာ ပြန်လည်ပေးဆပ်ရမည့် နောက်ဆက်တွဲ အကျိုးဆက်များအားလုံးကို ရှန့်ယွမ်မှ ကောင်းစွာသိရှိထားပေသည်။ ဤတိုက်ပွဲပြီးလျှင် သူသည် ပြင်းထန်စွာ နာကျင်ခံစားရလိမ့်မည်ဖြစ်ပြီး ပြန်လည်ကောင်းမွန်နိုင်ရန်အတွက် အချိန်ပေါင်းများစွာ ပေးဆပ်ရမည် ဖြစ်သည်။
ဒါပေမယ့် ဘာဖြစ်လဲ....
သူသည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းနှင့် ယောင်ယောင်တို့အားသတ်ကာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို အရယူနိုင်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်အရှင်သခင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက သူ၏နာကျင်မှုများ ကောင်းမွန်သွားရုံသာမကပဲ အစစ်အမှန် သူတော်စင်အဆင့်တစ်ဦး အမှန်တကယ် ဖြစ်လာဦးမည်ပင်။
"ကန်ရွှမ်း....မင်းကြောက်နေတာလား...."
နန်းဆောင်သခင် ရှန့်ယွမ်၏ ဦးခေါင်းထက်၌ အဆုံးအစမဲ့သော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ငွေမျှင်ရောင် ချီစွမ်းအင်များမှာ ကောင်းကင်မှ နေရောင်ကိုပင် ဖုံးအုပ်သွားပြီး ယင်းချီစွမ်းအင်များအတွင်း မှုန်ပြပြ ရွှေရောင်အလင်းမှုန်အချို့ ပါဝင်နေသည်။ ထိုရွှေရောင်အလင်းမှုန်များထံမှ ရွှေရောင်မီးလျှံများ ဖြစ်ပေါ်လာသည်။
ထိုချီစွမ်းအင်ထံမှ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။
၎င်းမှာ သူတော်စင်ချီပင် ဖြစ်သည်။
လောကကိုကြီးစိုးခြင်း အဆင့်ရှိသူသည် မူလချီစွမ်းအင်နှင့် လောကသစ်အား ပေါင်းစည်းကာ လောကကိုကြီးစိုးခြင်း ချီစွမ်းအင်ကို ဖန်တီးနိုင်လေသည်။
ဤသို့ဖြင့် သူတော်စင်အဆင့်သို့ ရောက်ရှိသွားလျှင် သူတော်စင်မီးတောက်နှင့် မူလချီစွမ်းအင်အား ပေါင်းစည်းကာ သူတော်စင်ချီအား ဖန်တီးနိုင်၏။
ထိုသူတော်စင်ချီသည် လောကကိုကြီးစိုးခြင်း ချီစွမ်းအင်ထက် အဆပေါင်းများစွာ ပိုမိုသန့်စင်သည်။
ယင်းကဲ့သို့ သန့်စင်ပြင်းထန်သော စွမ်းအင်နှင့် ရင်ဆိုင်ရပါက သူတော်စင်အဆင့်ထက် နိမ့်ကျသူများမှာ ကျားတစ်ကောင်အား တားဆီးရန် ကြိုးစားနေသော ပုရွက်ဆိတ်သာသာ အဆင့်မျှသာ ဖြစ်သွားပေလိမ့်မည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ အဆုံးအစမဲ့သော သူတော်စင်ချီများအား မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ရာနှင့်ချီသည့် အလင်းလုံးများအဖြစ် ပြောင်းလဲစေလိုက်သည်။
အလင်းလုံး တစ်ခုချင်းစီ၌ ပြင်းထန်လွန်းလှသော အဖျက်စွမ်းအင်များ ပါဝင်နေလျက် ရှိသည်။
ထိုအလင်းလုံးများမှာ ကောင်းကင်ထက်၌ ထွန်းလင်းနေသော နေမင်းအလား တောက်ပလွန်းလှသည်။
"ကန်ရွှမ်း....အရင်တုန်းက မင်းရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ ငါ့ကိုဖိနှိပ်ထားနိုင်ခဲ့တယ်။ အခုက ငါ့အလှည့်ပဲ။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ အားအင်အပြည့်ဖြင့် လက်အားလွှဲယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ရာနှင့်ချီသော အလင်းလုံးများမှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းထံ ပျံဝဲဆင်းသက်လာကြသည်။
ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသော အဆင့်မြင့်ကျင့်ကြံသူများမှာ သူတော်စင်ချီစွမ်းအင်အလင်းလုံးများအား ကြည့်ရှုနေရင်းဖြင့် အမူအရာများ ပျက်ယွင်းလာရသည်။ ၎င်းတို့သာ ထိုအလင်းလုံးများဖြင့် တိုက်ခိုက်ခံရပါက လွတ်မြောက်နိုင်မည် မဟုတ်ပေ။
နန်းဆောင်သခင် ရှန့်ယွမ်မှာ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေကြောင်း စိတ်ကူးကြည့်ရုံမျှဖြင့် သိရှိနိုင်ပေသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ မျက်မှောင်ကျုံ့ကာ အလင်းလုံးများအား ကြည့်ရှုလိုက်သည်။ အတိတ်ကာလများ၌သာဆိုလျှင် လက်ရှိအချိန်ရှိ နန်းဆောင်သခင် ရှမ့်ယွမ်၏ မှိန်ပြလှသော သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်မှာ သူ့အးခြိမ်းခြောက်နိုင်လိမ့်မည်ပင် မဟုတ်ပေ။ သို့သော် ယခုအချိန်၌ သူသည် စိတ်ဝိဉာဉ် အပိုင်းအစ တစ်ခုသာသာမျှသာ ဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ သက်ပြင်းချလိုက်ပြီးနောက် လက်ဟန်အမျိုးမျိုး ပြောင်းလဲလိုက်သည်။
"ကြီးမြတ်သောရှန့်ဟယ်အစီအရင်..."
မိုးပြာနက်ရောင် သူတော်စင်ချီများထံမှ ရှေးဟောင်းတောင်တန်းများနှင့် မြစ်ချောင်းများအသွင် ဖြစ်ပေါ်လာသည်။ တောင်တန်းနှင့် မြစ်ချောင်းများသည် သူတော်စင်ချီများမှတဆင့် ဖြစ်တည်လာခြင်းဖြစ်သောကြောင့် လောကကိုကြီးစိုးခြင်း အဆင့်ရှိသူများကိုပင် လွယ်ကူစွာ ဖျက်စီးပစ်နိုင်သော စွမ်းအင်များ ပါဝင်နေပေသည်။
ဝုန်း....
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ကောင်းကင်ထက်မှ ဆင်းသက်လာသော အလင်းလုံးများနှင့် ကြီးမားလှသော တောင်တန်းမြစ်ချောင်းများ တွေ့ဆုံသွားကြသည်။ ကမ္ဘာကြီးသည် ထိုအချိန်တွင် ခေတ္တမျှ ရပ်တန့်သွားသည်ဟု ထင်မှတ်ရပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာတော့သည်။
မဟူရာရေကန် အပေါ်ဖက်ရှိ လေဟာနယ်သည်ပင် အက်ကွဲသွားရသည်။
စွမ်းအင်လှိုင်းဂယက်အချို့မှာ မြေပြင်အား ရိုက်ခတ်မိသွားပြီး ကြီးမားလှသော အက်ကြောင်းကြီးများ ဖြစ်ပေါ်သွားစေသည်။
စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှာ အလျင်အမြန် နောက်သို့ဆုတ်ခွာလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏အကြည့်များမှာ ကောင်းကင်ထက်ရှိ တိုက်ပွဲမှ ခွာ၍မရနိုင်အောင် ဖြစ်နေကြသည်။ တိုက်ပွဲသည် အဆုံးသတ်နားသို့ ရောက်ရှိနေပြီဖြစ်ပြီး နှစ်ဖက်စလုံးမှာလည်း ဝှက်ဖဲများ ကုန်သလောက် ဖြစ်နေကြပြီ ဖြစ်သည်။
နောက်ဆုံးအချိန်၌ ရယ်မောနိုင်သူမှာ အနိုင်ရရှိသူ ဖြစ်လာလိမ့်မည်ပင်။
ဝုန်း....
နှစ်ဦးနှစ်ဖက်စလုံးမှာ အဆက်မပြတ် တိုက်ခိုက်နေကြလျက် ရှိသည်။ သို့သော် အချိန်အတော်မျှ ကြာမြင့်သွားပြီးနောက် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ သိသာစွာ စတင်အားနည်းလာလေသည်။
"ဆရာသခင်က စိတ်ဝိဉာဉ် အပိုင်းအစပဲ ကျန်တော့တာဆိုတော့ စွမ်းအင်အများကြီး သုံးဖို့မဖြစ်နိုင်ဘူး။ ဒီတိုင်းသာ ဆက်သွားနေရင် ရှန့်ယွမ်ကို မတိုက်နိုင်တော့မှာ စိုးရိမ်မိတယ်။" ဟုန်ယာတောင်ထွတ်ဆရာသခင်မှ အားလျော့နေဟန်ဖြင့် ပြောလိုက်သည်။ ၎င်းတို့ကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများသည်ပင် ထိုမျှကြမ်းတမ်းသော တိုက်ပွဲမျိုး၌ အသက်ရှင်ရန် မဖြစ်နိုင်လောက်ပေ။
ကလန်ခေါင်းဆောင် ချင်းယန်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ ယခုကဲ့သို့ အခြေအနေမျိုး၌ သူသည်ပင် ဝင်ရောက်ကူညီပေး၍မရချေ။
နန်းဆောင်သခင် ရှန့်ယွမ်မှာ ပြင်းထန်ရက်စက်သော တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်နေလျက် ရှိသည်။ သူသည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ ပြောင်းလဲလာမှုများကို ခံစားမိသဖြင့် အေးစက်စွာ ပြုံးလိုက်လေသည်။
ဝှစ်...
သို့သော် ရှန့်ယွမ်သည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအား တက်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရန် ကြိုးစားနေစဉ်မှာပင် သူ၏ရှေ့ရှိ လေဟာနယ်မှာ ဆုတ်ပြဲသွားကာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်၏ မူလမှော်စာလုံးစုတ်တံမှတဆင့် အသင်္ချေမျှသော မှော်စာလုံးများ စီးဆင်းထွက်ပေါ်လာကာ ပေတစ်သောင်းကျော်မျှရှိသော လက်သည်းကြီးအဖြစ် ပြောင်းလဲသွားလေသည်။
ထိုပုံရိပ်မှာ ယောင်ယောင် ဖြစ်သည်။
"အဟက်...." ရှန့်ယွမ်မှ အေးစက်စွာ လှောင်ပြောင်လိုက်သည်။ ထက်ပိုင်းပြတ်နေသော သူ၏ခန္ဓာကိုယ်မှ သူတော်စင်ချီစွမ်းအင်များ ထွက်ပေါ်လာကာ ကြီးမားလှသော သွေးလက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယောင်ယောင်၏ တောက်ပနေသော လက်သည်းကြီးနှင့် တွေ့ဆုံသွားကြသည်။
ဒုန်း.....
ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာ ပြင်းထန်စွာ ဆုတ်ပြဲသွားရလေသည်။
ရှန့်ယွမ်မှာ ခြေလှမ်းအနည်းငယ်မျှ နောက်သို့ဆုတ်သွားသကဲ့သို့ ယောင်ယောင်မှာလည်း အဝေးသို့ လွင့်စင်သွားရကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးများယိုစီးလာရသည်။
"ငါက သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်တောင် ရောက်နေပြီ။ မင်းကငါ့ကို ထိပ်တိုက်ရင်ဆိုင်ရဲသေးတယ်ပေါ့လေ။ ဟားဟားဟား..." နန်းဆောင်သခင် ရှန့်ယွမ်မှာ အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် ယခုအခါတွင် ယောင်ယောင်အား အထက်စီးမှ တိုက်ခိုက်နိုက်ခဲ့ပြီပင် ဖြစ်သည်။
"ကိစ္စမရှိပါဘူး။ ကန်ရွှမ်းက သူ့ဘာသူတောင် မကယ်နိုင်တော့တဲ့ ငြိမ်းတော့မယ့်မီးတောက်ဖြစ်နေပြီ။ အဲ့တော့ မင်းကိုပဲ အရင်ဖမ်းရမှာပေါ့။"
နန်းဆောင်သခင်ရှန့်ယွမ်မှာ လေထုအား ဖမ်းဆုပ်လိုက်သည်။
သူတော်စင်ချီစွမ်းအင်များ တစ်ပြိုင်နက် ထွက်ပေါ်လာပြီး ပိုက်ကွန်တစ်ခုအသွင် ဖြစ်ပေါ်ကာ ယောင်ယောင့်ထံ ဦးတည်ပျံဝဲသွားသည်။
၎င်းသူတော်စင်ချီစွမ်းအင်ပိုက်ကွန်မှာ ယောင်ယောင်နှင့် အနီးတဝိုက်ရှိ ပတ်ဝန်းကျင်အား ပိတ်ကာထားလိုက်သည်။
အဝေးတွင် ရှိနေသော မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ သူသည် ယောင်ယောင်အား အကူအညီပေးလိုပါသော်လည်း ရှန့်ယွမ်၏ ဖိနှိပ်ထားမှုကြောင့် မည်သို့မျှ မတက်နိုင်ပဲ ခုခံတိုက်ခိုက်နေရသည်။ ထို့အပြင် သူ၏စိတ်ဝိဉာဉ်မှာလည်း တဖြည်းဖြည်းနှင့် ပိုမိုအားနည်းလာနေပြီ ဖြစ်သည်။
သူသည် ကူကယ်ရာမဲ့စွာဖြင့် တိုးညင်းစွာ သက်ပြင်းချလိုက်မိသည်။ အတိတ်ကာလများမှ တားဆီးမရနိုင်သော မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းနှင့် ယခုအခြေအနေမှာ များစွာကွာခြားသွားခဲ့ပြီပင်။
ပြင်ပအကူအညီများကြောင့် သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်သို့ ရောက်ရှိလာခဲ့သော ရှမ့်ယွမ်သည်ပင် သူ့အားဖိနှိပ်နိုင်နေလေသည်။
"မျိုးနွယ်စုခေါင်းဆောင်...."
ဇူယွမ်၏အသံမှာ ဦးနှောက်အတွင်း ပဲ့တင်ထပ်နေလျက် ရှိသည်။ မျိုးနွယ်စုခေါင်းဆောင်၏ အသိစိတ် မှေးမှိန်လာသည်ကို ဇူယွမ်မှ ခံစားနေရလေသည်။
ဇူယွမ်၏အသံအား ကြားလိုက်ရသောအခါ၌ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ခါးသက်စွာ ရယ်မောလိုက်သည်။ "ကောင်လေး.....ငါဒီလောက်ထိပဲ အကူအညီပေးနိုင်တော့မယ်ထင်တယ်။"
ဇူယွမ်မှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။ ယနေ့သည် အခြေအနေ အတက်အကျများစွာနှင့် အမှန်တကယ် ရင်ဖိုခဲ့ရသည်။ ကံကြမ္မာသည် ရှမ့်ယွမ်ဘက်၌ အဆုံးစွန်ထိ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ တကယ်ပဲ မြေခွေးအိုကြီး ရှမ့်ယွမ်ပြောတဲ့အတိုင်း ကံကောင်းမှုတွေက သူ့ဖက်မှာ ရှိနေတာလား.....
ယောင်ယောင်၏ လက်ရှိအခြေအနေမှာလည်း အလွန်အန္တရာယ်များနေသောကြောင့် ဇူယွမ်မှာ အတော်ပင် စိတ်မသက်မသာ ဖြစ်နေရသည်။
"ဇူယွမ်...ငါ့ရဲ့စိတ်ဝိဉာဉ် အပိုင်းအစ ပျောက်ကွယ်သွားတာနဲ့ မင်းရဲ့ခန္ဓာကိုယ်ကို မင်းပြန်ထိန်းချုပ်လို့ ရသွားလိမ့်မယ်။ ပြီးတော့ ငါ့ရဲ့စွမ်းအင်တချို့ မင်းဆီမှာ ကျန်နေလိမ့်မယ်။ အဲ့ဒါက မင်းကိုနည်းနည်းဖြစ်ဖြစ် ကာကွယ်ပေးနိုင်မှာပါ။ အဲ့ဒါကြောင့် အဲ့စွမ်းအင်တွေကိုသုံးပြီး အခွင့်အရေးရတာနဲ့ ယောင်ယောင်နဲ့အတူ ထွက်ပြေးဖို့ နည်းလမ်းရှာလိုက်။"
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ စကားသံမှာ တဖြည်းဖြည်းနှင့် ပို၍တိုးညင်းလာသည်။
"ဟားဟား....ဒီတစ်ခေါက် နှုတ်ဆက်တာကတော့ တကယ်ကို နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်။ ငါ့မှာ ဘာဝှက်ဖဲမှ ထုတ်ပြစရာ မကျန်တော့ဘူး။"
ဇူယွမ်မှာ ဖြေမဆည်နိုင်လောက်အောင် ခံစားနေရသည်။ ယောင်ယောင်၏ အခြေအနေများကြောင့်သာ မဟုတ်ပါက နန်းဆောင်သခင် ရှန့်ယွမ်မှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရရှိလိုက်ချိန်တွင် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ ထောင်ချောက်အတွင်း ဆင်းသက်သွားရလိမ့်မည် ဖြစ်သည်။
သို့သော် ယခုအခါတွင် ယောင်ယောင်အား ကာကွယ်ပေးနိုင်ရန်အတွက် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအတွင်း ပုန်းကွယ်နေသော မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ စိတ်ဝိဉာဉ်မှာ မဖြစ်မနေ ထွက်ပေါ်လာခဲ့ရသည်။
ထို့နောက် တော်ဝင်နန်းတော်နှင့် နန်းဆောင်သခင် ရှန့်ယွမ်တို့အား အကြိမ်ပေါင်းများစွာ ခုခံတိုက်ခိုက်ပေးခဲ့ပြီးသည့်နောက်တွင် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ စွမ်းအင်များအားလုံးမှာ ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့ရလေပြီ။
"ဇူယွမ်....မင်းတို့နှစ်ယောက်လုံး ရှေ့ဆက်ပြီး အဆင်ပြေကြပါစေလို့ ငါမျှော်လင့်ပါတယ်။"
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏အသံမှာ ဖြည်းညင်းစွာဖြင့် ပျောက်ကွယ်သွားသည်။
ဇူယွမ်၏ ခန္ဓာကိုယ်မှာ တောင့်တင်သွားရပြီးနောက် သူ၏မျက်ဝန်းများမှာ ပြောင်းလဲသွားသည်။ အရာအားလုံးကို ထိုးထွင်းသိမြင်နေသည့် အငွေ့အသက်များအစား ငယ်ရွယ်ဖျက်လတ်သော အရိပ်အယောင်များက အစားထိုးနေရာယူသွားကြသည်။
"ကျေးဇူးတင်ပါတယ် မျိုးနွယ်စုခေါင်းဆောင်..." ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဟားဟားဟား....."
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ စိတ်ဝိဉာဉ် အပိုင်းအစ ပျောက်ကွယ်သွားသည်ကို သတိထားလိုက်မိသော နန်းဆောင်သခင် ရှန့်ယွမ်မှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကန်ရွှမ်း..... ကန်ရွှမ်း....နောက်ဆုံးတော့လည်း မင်းငါ့ကို ရှုံးရတာပဲမလား။ အခုဆိုရင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက ငါ့အပိုင် ဖြစ်တော့မယ်။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ ဇူယွမ်အား တစ်ချက်ကလေးမျှပင် ကြည့်ရှုခြင်းမရှိချေ။ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ စိတ်ဝိဉာဉ် ပျောက်ကွယ်သွားပြီးနောက် ဇူယွမ်ဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်သာသာမျှသာ ရှိတော့သည်။
သူသည် ယောင်ယောင့်ကိုသာ အာရုံစိုက်ထားလျက် ရှိသည်။ သူမအား ဖမ်းဆီးနိုင်သည်နှင့် သူ၏အောင်ပွဲမှာ ပြီးပြည့်စုံသွားလိမ့်မည် ဖြစ်သည်။
"နောက်ဆုံးမှာ ငါပဲအပြတ်အသတ်နိုင်တာပဲ။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ ယောင်ယောင်နှင့် နီးကပ်နေပြီဖြစ်သော ပိုက်ကွန်အား ကြည့်ရှုနေရင်းဖြင့် သတ်ဖြတ်လိုစိတ်များ ပိုမိုများပြားလာရသည်။ သူမအား ဖမ်းချုပ်နိုင်ပြီဆိုလျှင် သူ၏နောက်ဆုံးအောင်ပွဲမှာ အောင်မြင်သွားလိမ့်မည်ပင်။
ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ နန်းဆောင်သခင် ရှန့်ယွမ်အား စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ရူးသွပ်သော အရိပ်အယောင်များ လွှမ်းခြုံလာလေသည်။
ထို့နောက် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ လက်ကျန်စွမ်းအင်များအား အသုံးပြုကာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဆုပ်ကိုင်လိုက်သည်။
နန်းဆောင်သခင် ရှန့်ယွမ်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရသည်။ သူသည် ဇူယွမ်အား အထင်သေးစွာဖြင့်ကြည့်ကာ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ကောင်လေး....မင်းအခု တံဆိပ်ပြားကို အေးအေးဆေးဆေး ပေးမယ်ဆိုရင် နာကျင်မှုမရှိပဲ သေရအောင် လုပ်ပေးမယ်။"
"ခင်ဗျားက သူတော်စင်တံဆိပ်ပြားကို လိုချင်တာမလား။"
ဇူယွမ်၏ မျက်ဝန်းများမှာ နီရဲလာရပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။
"ခင်ဗျားကို ပေးလိုက်မယ်။ ဟားဟားဟား..."
သူသည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ ကျန်ရှိနေသော စွမ်းအင်များအားလုံးကို တံဆိပ်ပြားအတွင်း ထည့်သွင်းကာ လက်အားလွှဲယမ်းလိုက်သည်။
ဝုန်း.....
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားပေါ်၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာရပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
အသင်္ချေမျှသော အပိုင်းအစများ ကွဲထွက်ကုန်လေသည်။
ဇူယွမ်မှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဖျက်စီးပစ်လိုက်ပြီပင် ဖြစ်လေတော့သတည်း....