မိမိကိုယ်ကိုဖျက်စီးစေခြင်း
Vol. 54 Ch. 742
ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား တစ်စစီ ကွဲကြေသွားသည်ကို မြင်တွေ့လိုက်ရသောကြောင့် စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများအားလုံးမှာ ထိတ်လန့်သွားကြရသည်။
ကလန်ခေါင်းဆောင် ချင်းယန်၊ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် အခြားသူများမှာ အမူအရာ ပျက်ယွင်းသွားကြရသည်။ မည်သူကမှ လူငယ်လေးတစ်ဦးသည် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား စိတ်လိုလက်ရ ဖျက်စီးပစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထိုအရာမှာ ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခွင်လုံး၌ အမြင့်မြတ်ဆုံးသော အရာဝတ္ထု ဖြစ်သည်။
လူတိုင်းမှာ ၎င်းကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရရှိရန် ရူးသွပ်နေကြခြင်း မဟုတ်ပါလော။
နန်းဆောင်သခင် ရှန့်ယွမ်မှာ ထိုမြင်ကွင်းကြောင့် အလွန်အံ့အားသင့်သွားရသည်။ အခက်အခဲများစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ဖူးသော ရှန့်ယွမ်သည်ပင် လက်ရှိဖြစ်ပျက်သွားသော အခြေအနေကြောင့် အသိစိတ်လွတ်သွားရလေသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ခံစားချက်များကို လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်လိုက်သည်။ သူ၏အမူအရာမှာမူ ခက်ထန်နေလျက်သာ ရှိသည်။
"ကောင်စုတ်လေး.....ဒီနေ့ မင်းခန္ဓာကိုယ်ကို အပိုင်းတစ်ထောင်လောက်ဖြစ်အောင် ဖြတ်ပစ်မယ်။"
နန်းဆောင်သခင် ရှမ့်ယွမ်မှ ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
ဇူယွမ်း အမူအရာမှာ တည်ငြိမ်နေလျက်သာ ရှိသည်။ သူ၏ လက်အားခါယမ်းကာ အပိုင်းပိုင်းအစစ ဖြစ်သွားသော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား၏ အမှုန်အမွှားများအား လွင့်ပြယ်သွားစေလိုက်သည်။
ထိုအပိုင်းအစ အမှုန်အမွှားများသည် လေဟာနယ်အား ဖြတ်သန်းလျက် လွင့်မြောသွားကြလေသည်။
အဆင့်မြင့်ကျင့်ကြံသူများမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားသော တံဆိပ်ပြားအား ကြည့်ရှုနေရင်းဖြင့် မျက်ဝန်းများ နီရဲလာရသည်။ အဆုံးသတ်တွင်မူ လောဘရမ္မက်များကို မချိုးနှိမ်နိုင်တော့ပဲ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား၏ အမှုန်အမွှား အပိုင်းအစများကို လိုက်လံတားဆီးဖမ်းယူကြတော့သည်။
သို့သော် သူတော်စင်တံဆိပ်ပြား၏ အပိုင်းအစများသည် ကိုယ်ပိုင်အသိစိတ်ရှိသည့်အပြင် စကြာဝဠာနှင့်လည်း သဘာဝအရ ပေါင်းစည်းနိုင်သော အစွမ်းသတ္တိရှိသဖြင့် တားဆီးနိုင်ရန် ခက်ခဲလွန်းလှသည်။ ထို့ကြောင့် အဆင့်မြင့်ကျင့်ကြံသူများစွာ လိုက်လံတားဆီးကြပါသော်လည်း နည်းပါးလှသော လူအချို့ကသာ အပိုင်းအစ အနည်းငယ်မျှကို ရရှိလိုက်ကြသည်။
အခြေအနေများမှာ အလျင်အမြန်ပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။
တံဆိပ်ပြား အပိုင်းအစများကို ရရှိလိုက်သော အဆင့်မြင့်ကျင့်ကြံသူများများမှာ ကမ္ဘာကြီးနှင့် ပိုမိုချိတ်ဆက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့မှာ မူလချီများနှင့်ပက်သတ်၍ အာရုံခံစားမှု ပိုမိုကောင်းမွန်သွားကြသည်။
ထို့အပြင် အချို့သော အဆင့်မြင့်ကျင့်ကြံသူများဆိုလျှင် နှစ်ပေါင်းများစွာ အဆင့်မတက်နိုင်ခဲ့သော ယင်းတို့၏ ကျင့်ကြံခြင်းများသည် တံဆိပ်ပြား အပိုင်းအစအား ရရှိလိုက်ပြီးနောက်တွင် အံ့အားသင့်စရာကောင်းလောက်အောင် ပြောင်းလဲလာသည်ကို ခံစားလိုက်ကြရသည်။
သူတော်စင်တံဆိပ်ပြား၏ ကောင်းကျိုးများကို သိရှိလိုက်ကြရပြီးနောက် လူတိုင်းမှာ ပိုမို၍ လောဘဇောများ တက်လာတော့သည်။
အဆင့်မြင့်ကျင့်ကြံသူများအားလုံးမှာ လက်ရှိအခြေအနေများကို ဂရုမစိုက်နိုင်တော့ပဲ သွေးများဆူပွက်စွာဖြင့် တံဆိပ်ပြား၏ အပိုင်းအစများကို တားဆီးရယူနိုင်ရန် အစွမ်းကုန် ကြိုးစားကြလေတော့သည်။
ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ ရှုပ်ယှက်ခက်ကုန်ရသည်။
"မင်းတို့အားလုံး ရပ်လိုက်ကြစမ်း..."
နန်းဆောင်သခင် ရှန့်ယွမ်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူတော်စင်ချီများအား ထုတ်လွှတ်ကာ အဆင့်မြင့်ကျင့်ကြံသူအချို့အား တိုက်ခိုက်လိုက်သည်။
"သူတော်စင်တံဆိပ်ပြားရဲ့ အပိုင်းအစတွေကို ဘယ်သူယူရဲလဲ။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ ပတ်ဝန်းကျင်အား အေးစက်စွာ ကြည့်ရှုလိုက်သည်။ အဆင့်မြင့်ကျင့်ကြံသူများမှာ သူ၏အကြည့်ကြောင့် အေးစက်တောင့်တင်းသွားရပြီး ခြေတစ်လှမ်းမျှပင် မရွေ့လျားရဲတော့ပေ။
အဆင့်မြင့်ကျင့်ကြံသူများအား ငြိမ်သက်စေလိုက်ပြီးနောက် နန်းဆောင်သခင် ရှန့်ယွမ်မှာ ယောင်ယောင်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ သူတော်စင်တံဆိပ်ပြားများမှာ လေထုအား ဖြတ်သန်းလျက် မြင်ကွင်းအတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားနေသည်။ အကယ်၍ ယခုချက်ချင်းသာ လှုပ်ရှားခြင်းမပြုပါက အနာဂတ်တွင် သူတော်စင်တံဆိပ်ပြား၏ အပိုင်းအစများအားလုံးကို ရှာဖွေနိုင်ရန် ကန်ရွှမ်းကောင်းကင်ဒေသ၏ နေရာတိုင်းတွင် ရူးသွပ်လောက်အောင် အချိန်များစွာပေးကာ လုပ်ဆောင်ရတော့မည် ဖြစ်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ ခြေအားဆောင့်နင်းကာ သူတော်စင်ချီများကို ထွက်ပေါ်စေလျက် ဝဲဂယက်တစ်ခု ဖြစ်ပေါ်စေလိုက်သည်။ ပြင်းထန်လှသော စုပ်ယူအားများ ထွက်ပေါ်လာကာ သူတော်စင်တံဆိပ်ပြား၏ အပိုင်းအစများအား ဆွဲယူတော့သည်။
"မြင့်မြတ်သောနန်းတော်က လူတွေအားလုံး ငါ့အမိန့်ကိုနာခံပြီး ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား အပိုင်းအစတွေကို တက်နိုင်သမျှ တားဆီးထားကြ။" နန်းဆောင်သခင် ရှန့်ယွမ်မှ အမိန့်ပေးလိုက်သည်။
မြင့်မြတ်သောနန်းတော်၏ အကြီးအကဲများမှာ အလျင်အမြန် လှုပ်ရှားကြတော့သည်။
သို့သော် အခြားသော အင်အားကြီးကလန်ကြီး ငါးခုဖြစ်သော မြင့်မြတ်သောနန်းတော်နှင့် ပူးပေါင်းထားသည့် ကောင်းကင်တစ္ဆေကလန် အပါအဝင် အခြားသော ကလန်များမှ အဆင့်မြင့်ကျင့်ကြံသူများမှာ တိုက်ခိုက်နေကြခြင်းကို ရပ်တန့်လိုက်ပြီး သူတော်စင်တံဆိပ်ပြား၏ အပိုင်းအစများအား ကြည့်ရှုလိုက်ကြသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ အေးစက်နေသော မျက်ဝန်းများဖြင့် ၎င်းတို့အား ကြည့်ရှုလိုက်သည်။ သို့သော် သူသည် ယင်းအဆင့်မြင့်ကျင့်ကြံသူများအား တားဆီးရန် မပြုလုပ်ပေ။ အဘယ့်ကြောင့်ဆိုသော် မြင့်မြတ်သောနန်းတော် တစ်ခုတည်းဖြင့် သူတော်စင်တံဆိပ်ပြား၏ အပိုင်းအစများအားလုံးကို တားဆီးမရနိုင်ကြောင်း သိရှိနေသောကြောင့် ဖြစ်သည်။
သူသည် အင်အားကြီးကလန်ကြီးများမှ သူတော်စင်တံဆိပ်ပြား၏ အပိုင်းအစများ တားဆီးရယူနေသည်ကို ခွင့်ပြုထားလိုက်သည်။ ထိုမှသာ အနာဂတ်တစ်ချိန်တွင် အပိုင်းအစများ ပြန်လည်ခိုးယူရသည်မှာ သူ့အတွက် ပိုမိုလွယ်ကူနေပေလိမ့်မည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူတော်စင်တံဆိပ်ပြား၏ အပိုင်းအစများမှာလည်း လျင်မြန်စွာ ပျောက်ကွယ်လာကြသည်။ အပိုင်းအစ အချို့မှာ ကလန်အနည်းငယ်မှ အဆင့်မြင့်ကျင့်ကြံသူများထံ ရောက်ရှိပြီးကြပြီဖြစ်သော်လည်း အများစုမှာ ပျောက်ကွယ်သွားနေကြသည်။ နန်းဆောင်သခင် ရှန့်ယွမ်သည်ပင် ၎င်းအပိုင်းအစများအား မတားဆီးနိုင်ပေ။
အပိုင်းအစများအား ဖမ်းယူနိုင်ခဲ့လျှင်ပင် ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်မှသာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ သူ၏လက်ဝါးထက်၌ ဝဲပျံနေသော ရာနှင့်ချီသည့် အပိုင်းအစ အချို့အား ခံစားချက်ကင်းမဲ့နေဟန်ဖြင့် ကြည့်ရှုလိုက်သည်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာ အပိုင်းအစ ထောင်နှင့်ချီ၍ ကွဲထွက်သွားခဲ့ခြင်း ဖြစ်သောကြောင့် သူရရှိထားသည်မှာ တံဆိပ်ပြား၏ တစ်ရာခိုင်နှုန်းမျှပင် မရှိပေ။
နန်းဆောင်သခင် ရှန့်ယွမ်သည် အပိုင်းအစများအား သိမ်းဆည်းလိုက်ပြီးနောက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "အမှိုက်လိုကောင်....မင်းကငါ့ကို တော်တော်ဒုက္ခပေးတာပဲ။"
"ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို လွယ်လွယ်နဲ့ ဖျက်စီးလို့ရမယ်များ ထင်နေလား။"
"မင်းလောက်အဆင့်ကို မပြောနဲ့ဦး။ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းရဲ့ ရှိသမျှ စွမ်းအင်တွေ အကုန်သုံးမယ်ဆိုရင်တောင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ဖျက်စီးလို့မရဘူး။ အခုမင်းက အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်လိုက်တာပဲရှိတာ။ သူတော်စင်တံဆိပ်ပြားရဲ့ အပိုင်းအစတွေက စကြာဝဠာကြီးနဲ့ ပေါင်းစည်းနိုင်တယ်ဆိုရင်တောင်မှ သူတို့ကို တွေ့အောင်ရှာလို့ရသေးတာပဲ။"
"အဲ့အပိုင်းအစတွေ အကုန်လုံးကို ရှာပြီးပေါင်းလိုက်တာနဲ့ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက ငါ့အပိုင်ဖြစ်လာမှာ။"
ဇူယွမ်မှ ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။ "အနည်းဆုံးတော့ အခုခင်ဗျား ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို မရနိုင်တော့ဘူးလေ။"
နန်းဆောင်သခင် ရှန့်ယွမ် ပြောနေသည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သူသာ တံဆိပ်ပြား အပိုင်းအစများအားလုံးကို စုဆောင်းနိုင်ခဲ့ပါက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ပြန်လည်ဖန်တီးနိုင်လိမ့်မည်ပင်။ သို့သော် မည်မျှပင် လျင်မြန်နေပါစေ ယင်းအပိုင်းအစများအားလုံးကို ရှာဖွေနိုင်ရန်အတွက် နှစ်အနည်းငယ်မျှ အချိန်ပေးရပေလိမ့်မည်။
ထို့အပြင် အချို့သော အပိုင်းအစများသည် အမျိုးမျိုးသော ကလန်နှင့်ဂိုဏ်းများမှ အဆင့်မြင့်ကျင့်ကြံသူများထံ ရောက်ရှိသွားခဲ့ပြီပင်။ ထိုသူများအားလုံးမှာလည်း သူတော်စင်တံဆိပ်ပြား၏ ကောင်းကျိုးများကို သိရှိထားကြပြီဖြစ်သောကြောင့် လွယ်လွယ်နှင့် လက်လွှတ်တော့မည် မဟုတ်ပေ။
ထို့ကြောင့် မြင့်မြတ်သောနန်းတော်မှ ပြန်လည်စုဆောင်းမည်ဆိုလျှင်ပင် မည်သို့မျှ မတက်နိုင်ပဲ အားသုံး၍သာ ဖြေရှင်းရလိမ့်မည် ဖြစ်သည်။
ထိုသို့ဖြစ်လာပါက အခြားသော ကလန်နှင့်ဂိုဏ်းများမှာလည်း မြင့်မြတ်သောနန်းတော်အား ဆန့်ကျင်ကြပေလိမ့်မည်။ နန်းဆောင်သခင် ရှန့်ယွမ်ကိုယ်တိုင် အကြမ်းနည်းဖြင့် လိုက်လံစုဆောင်းမည်ဆိုလျှင်ပင် အချိန်များစွာ ပေးဆပ်ရဦးမည်ပင်။
၎င်းကိစ္စနှင့်ပက်သတ်၍ နန်းဆောင်သခင် ရှန့်ယွမ်မှာ ခေါင်းခဲနေရသည်။
ဇူယွမ့်အား ကြည့်ရှုနေသော နန်းဆောင်သခင် ရှန့်ယွမ်၏ မျက်ဝန်းများမှာလည်း ပို၍ပို၍ အေးစက်လာရသည်။ သူ၏မျက်ဝန်းများတွင်လည်း မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအား ရင်ဆိုင်ခဲ့ရစဉ်ကထက်ပင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပိုမိုများပြားနေလေသည်။
သူသည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအား အနိုင်ယူကာ အခြားသော အဆင့်မြင့်ကျင့်ကြံသူများကို ကြောက်ရွံ့စေခဲ့သည်။
သို့သော် သူ၏အကြံအစည်များအားလုံး အောင်မြင်တော့မည့် အချိန်မှာပင် နတ်ဘုံခန်းဝါ အဆင့်သာရှိသော လူငယ်လေးမှ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ဖျက်စီးပစ်လိုက်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ အလွန်အမင်း ဒေါသထွက်နေရသည်။
"ဒီနေ့ မင်းကိုသတ်ပေးပါတော့ဆိုပြီး မင်းကိုယ်တိုင် တောင်းပန်လာစေရမယ်။"
နန်းဆောင်သခင် ရှန့်ယွမ်၏ မျက်ဝန်းများ၌ အညှာအတာကင်းမဲ့သော အရိပ်အယောင်များ ကြီးစိုးနေလျက် ရှိသည်။ သူသည် လက်အားဝေ့ယမ်းကာ သူတော်စင်ချီများအား ထွက်ပေါ်စေလျက် ကြီးမားသော လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်စေကာ ဇူယွမ်အား ဖမ်းဆုပ်လိုက်သည်။
သူသည် ဇူယွမ်၏ စိတ်ဝိဉာဉ်အား ဆွဲထုတ်ကာ သူတော်စင်မီးတောက်ဖြင့် နှစ်ပေါင်းများစွာ လောင်ကျွမ်းနေစေရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ဇူယွမ်မှာ ကြီးမားလှသော ချီလက်ဝါးကြီးအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ ထိုမျှပြင်းထန်သော စွမ်းအင်ဖိအားများအား မည်သို့မျှ ရှောင်ရှားရန် မဖြစ်နိုင်ကြောင်း ဇူယွမ်မှ သဘောပေါက်လိုက်သည်။
ဝုန်း.....
သို့သော် လက်ဝါးကြီးမှ ဇူယွမ်အား ရိုက်ခတ်မိတော့မည့် အချိန်မှာပင် လှပသောပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ရွှေရောင်ဆံနွယ်များ ယိမ်းနွဲ့ကခုန်နေရင်းဖြင့် သူမသည် တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဝုန်း.....
လေဟာနယ်မှာ ပေါက်ကွဲသွားရပြီး ချီလက်ဝါးကြီးလည်း ပျောက်ကွယ်သွားသည်။
လှပသောပုံရိပ်လေးမှာလည်း အဝေးသို့ လွင့်စင်သွားရကာ သူမ၏နှုတ်ခမ်းထက်မှ သွေးများယိုစီးကျလာသည်။
"ယောင်ယောင်...."
ဇူယွမ်မှာ ယောင်ယောင်အနီးသို့ အလျင်အမြန် ရွေ့လျားလိုက်သည်။ သူမ၏ ဖြူဖွေးနူးညံ့သော အသားအရေပေါ်တွင် မှိန်ပြပြ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး ရင်ကွဲဖွယ်မြင်ကွင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။
"အဟား.....ဘယ်လောက်တောင် ခံစားရစေတဲ့ မြင်ကွင်းလဲ။ မင်းတို့မောင်နှံနှစ်ယောက်ကို အတူတူသေရအောင် လုပ်ပေးပါ့မယ်။"
နန်းဆောင်သခင် ရှန့်ယွမ်၏ အေးစက်စက် စကားသံ ထွက်ပေါ်လာသည်။ သူသည် နေနှင့်လအား ဖမ်းဆုပ်ထားသကဲ့သို့ လက်ဝါးနှစ်ဖက်ကို မျက်နှာချင်းဆိုင် အနေအထားတွင် ရှိစေလိုက်သည်။ အဆုံးအစမဲ့သော သူတော်စင်ချီစွမ်းအင်များ ထွက်ပေါ်လာလေသည်။
သူ၏လက်ဝါးနှစ်ဖက်ကြား၌ ရွှေရောင်စွမ်းအင်လုံးတစ်ခု ဖြစ်ပေါ်လာသည်။
အကန့်အသတ်မဲ့သော သူတော်စင်ချီစွမ်းအင်များအား ရွှေရောင်စွမ်းအင်လုံးအတွင်း သိပ်သည်းစေလိုက်သောကြောင့် အနီးနားရှိ လေထုမှာ အက်ကွဲတုန်ခါလာရသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ ရွှေရောင်စွမ်းအင်လုံးအား ဖြည်းညင်းစွာ လွှတ်ပေးလိုက်ပြီးနောက် ဇူယွမ်နှင့် ယောင်ယောင်ထံ ပျံဝဲသွားစေသည်။
ရွှေရောင်စွမ်းအင်လုံး၏ လှုပ်ရှားမှုမှာ နှေးကွေးပါသော်လည်း ဇူယွမ်နှင့်ယောင်ယောင်တို့၏ စိတ်ဝိဉာဉ်များအား ပစ်မှတ်ထားပြီးသွားပြီဖြစ်သောကြောင့် ရှောင်လွှဲရန် မဖြစ်နိုင်ပေ။
ယင်းစွမ်းအင်လုံး ဖြတ်သန်းသွားရာ လမ်းတလျှောက်ရှိ လေထုများမှာ အဆက်မပြတ် အက်ကွဲတုန်ခါနေရသည်။
ကလန်ခေါင်းဆောင် ချင်းယန်မှာ အံကြိတ်လိုက်ပြီးနောက် ကန်ရွှန်းတံဆိပ်ပြားငယ်အား အသက်သွင်းကာ နန်းဆောင်သခင် ရှန့်ယွမ်ထံ ပစ်လွှတ်လိုက်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ အနည်းငယ်မျှပင် အလေးမထားဟန်ဖြင့် စွမ်းအင်လှိုင်းတစ်ခုအားလွှတ်ကာ ပြောလိုက်သည်။ "မင်းနဲ့က နောက်မှစာရင်းရှင်းကြတာပေါ့။"
ရွှေရောင်စွမ်းအင်လုံးအတွင်း ပါဝင်နေသော အဖျက်စွမ်းအင်များကြောင့် ယောင်ယောင်၏ မျက်ဝန်းများမှာ ခက်ထန်လာရပြီးနောက် အံကိုကြိတ်ကာ အရှေ့သို့တိုးရန် ပြင်လိုက်သည်။
သို့သော် ဇူယွမ်မှ သူမ၏ခါးလေးအား လှမ်းဆွဲထားလိုက်သည်။
ယောင်ယောင်မှ လှည့်ကြည့်လိုက်သောအခါတွင်
ဇူယွမ်၏ တည်ငြိမ်နေသော မျက်ဝန်းများအတွင်း၌ ဒေါသအရိပ်အယောင်များကို တွေ့မြင်လိုက်ရသည်။
"ယောင်ယောင်....ကျွန်တော်သူ့ကိုတားလိုက်မယ်။ ထွက်ပြေးတော့။"
ဇူယွမ်၏ မျက်ဝန်းများမှာ ဆုံးဖြတ်ချက် ပြတ်သားနေဟန် ရှိသည်။ သူ၏စွမ်းအင်သည် နန်းဆောင်သခင် ရှန့်ယွမ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းထံမှ ကျန်ရစ်ခဲ့သော စွမ်းအင်များကိုသုံးကာ တားဆီးရန်သာ ရှိသည်။
သူ့ကိုသာ မကာကွယ်ရပါက ယောင်ယောင် လွတ်မြောက်သွားနိုင်လိမ့်မည်ဟု ဇူယွမ်မှ ယုံကြည်ထားသည်။
ယောင်ယောင်မှာ အံကိုကြိတ်လျက် ခေါင်းအားခါယမ်းလိုက်သည်။
"သွားတော့..." ဇူယွမ်မှာ အော်ဟစ်လိုက်ပြီးနောက် တိုးညင်းစွာ စကားဆိုလိုက်သည်။ "ဖြစ်နိုင်မယ်ဆိုရင် ခမည်းတော်နဲ့မယ်တော့်ကို ဂရုစိုက်ပေးပါ။"
ထို့နောက် ဇူယွမ်မှာ အရှေ့သို့ ထွက်သွားတော့သည်။
ယောင်ယောင်မှာ ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်သည်။ ဇူယွမ်သည် ပိန်သွယ်ခန့်ညားသော လူငယ်တစ်ဦး ဖြစ်ပါသော်လည်း သူမ၏ မျက်ဝန်းထဲတွင် တောင်များထက်ပင် ကာကွယ်မှုပေးနိုင်လောက်အောင် လုံခြုံစိတ်ချရသူ ဖြစ်သည်။
ဇူယွမ်မှာ ရှန့်ယွမ်အား ရင်ဆိုင်ရန် စွမ်းအင်မလောက်ငသည်ကို သိရှိနေပါသော်လည်း အနည်းငယ်မျှပင် တွေဝေမနေခဲ့ပေ။
ထိုသည်မှာ အဖိုးဟေးအား ပေးခဲ့သော ကတိကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သူမအား ထိခိုက်စေလိုသည့် မည်သူမဆို ဇူယွမ်၏အလောင်းအား အရင်ဖြတ်ကျော်ရလိမ့်မည်ဟူသည့် ကတိ။
ယောင်ယောင်မှာ ခပ်ဖွဖွ ရယ်မောလိုက်မိသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားမှ ချိပ်စည်းမှာ ပိုမိုပျက်ပြယ်လာကာ ခန္ဓာကိုယ်ထက်ရှိ ရွှေရောင်အက်ကွဲရာများလည်း ပို၍ထင်ရှားလာသည်။
ထိတ်လန့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ရွှေရောင်စွမ်းအင်လုံးထံသို့ ပျံဝဲသွားလိုက်သည်။
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် တွေဝေမှုမရှိပဲ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ ကျန်ရစ်နေသော စွမ်းအင်များအားလုံးကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ ခေါင်းတခါခါဖြင့် လှောင်ပြောင်သရော်ကာ ကြည့်ရှုနေလေသည်။ ပုရွက်ဆိတ်တစ်ကောင်မှ လှည်းဘီးအား တွန်းနိုင်ရန် ကြိုးစားနေခြင်းမှာ အလွန်ရယ်မောဖွယ်ကောင်းလှသည်။
ဇူယွမ်၏ခန္ဓာကိုယ်ထံမှ အလင်းတန်းများ ထွက်ပေါ်လာကာ အသွေးအသားများလည်း စတင်ပြိုကွဲလာရသည်။
ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ လွန်စွာစိတ်မကောင်း ဖြစ်နေကြရသည်။
သို့သော် ဇူယွမ်၏စွမ်းအင်များအား မဖျက်စီးရသေးခင်မှာပင် လေဟာနယ်မှာ ဆုတ်ပြဲသွားပြီးနောက် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် ဇူယွမ်၏မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိဉာဉ်တည်နေရာအား လက်ညှိုးဖြင့် ထိတွေ့လိုက်သည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ပေါက်ကွဲရန် တာဆူနေသော စွမ်းအင်များအားလုံးမှာ ငြိမ်သက်သွားရသည်။
ထို့နောက် ၎င်းပုံရိပ်မှာ လက်တစ်ဖက်တည်းဖြင့် ရွှေရောင်စွမ်းအင်လုံးအား ဆုပ်ပိုင်ကာ ဖျက်စီးပစ်လိုက်သည်။
ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် ထိုပုံရိပ်အား ကြည့်ရှုလိုက်မိသည်။
အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားသော ပုံရိပ်တစ်ခုမှာ လေထုထဲတွင် ပျံဝဲနေလေသည်။
ထိုပုံရိပ်၏ မျက်ဝန်းများမှာ အနည်းငယ် ကူကယ်ရာမဲ့နေဟန် ရှိသည်။
၎င်းမျက်နှာအား ဇူယွမ်မှ ကောင်းစွာရင်းနှီးကျွမ်းဝင်နေသည်။
ဇူယွမ်မှာ ခေတ္တမျှ တွေဝေနေပြီးနောက် မျက်မှောင်ကျုံ့လိုက်မိသည်။
အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားသော ပုံရိပ်မှာ ယောင်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် ခါးသက်စွာ ရယ်မောလိုက်သည်။
"ဟားဟား....အရှုပ်တွေ ထပ်မလုပ်နဲ့တော့ ကောင်မလေး..."
ယောင်ယောင်၏ မျက်ခုံးနှစ်ခုကြားမှ ချိပ်စည်း ပျက်ပြယ်နေမှုမှာ ရပ်တန့်သွားသည်။ သူမသည် အနက်ရောင်ဝတ်စုံဖြင့် အဖိုးအိုအား ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများ နီရဲလာကာ သေးငယ်သော အသံလေးဖြင့် စကားဆိုလိုက်လေသည်။ "အဖိုးဟေး...."