← Chapters

ရွှေရောင်ကြာပန်းအားဖျက်စီးခြင်း

Vol. 54 Ch. 743

ရွှေရောင်ကြာပန်းအားဖျက်စီးခြင်း

Vol. 54 Ch. 743

အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားသော အဖိုးအိုမှာ ကောင်းကင်ထက်တွင် ပျံဝဲနေလျက် ရှိသည်။ ထိုအဖိုးအိုသည် တစ်ကြိမ်တစ်ခါမျှ ကျင့်ကြံခြင်းလမ်းအား မလျှောက်ခဲ့ဖူးသော သာမန်ရှေးကျသော လူကြီးတစ်ယောက်နှင့်သာ ဆင်တူနေသည်။

သို့သော် နန်းဆောင်သခင် ရှန့်ယွမ်၏ စွမ်းအင်များအားလုံး ပါဝင်နေသော ရွှေရောင်စွမ်းအင်လုံးအား ဖျက်စီးပြခဲ့သောကြောင့် လူတိုင်းမှာ အထိတ်တလန့် ဖြစ်သွားကြရသည်။

"အဲ့ဒါဘယ်သူလဲ..."

"သူ့ရဲ့အစွမ်းက မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း အသက်ရှင်တုန်းကထက်တောင် ကြောက်စရာကောင်းမယ့်ပုံပဲ..."

"ဒါပေမယ့် ကန်ရွှမ်းကောင်းကင်ဒေသမှာ သူ့ကိုတစ်ခါမှ မမြင်ဖူးဘူး။"

"......."

အဆင့်မြင့်ကျင့်ကြံသူများမှာ တီတိုးစကားဆိုနေကြလျက် ရှိသည်။

ကလန်ခေါင်းဆောင် ချင်းယန်၊ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်၊ မြတ်သောအရှင် ကုကျင်းနှင့် အခြားသူများသည်ပင် ထိုအနက်ရောင်ဝတ်စုံနှင့် အဖိုးအိုအား သိရှိကြဟန် မတူပေ။ သို့သော် သိသာထင်ရှားသည်မှာ ယင်းအဖိုးအိုသည် ဇူယွမ်နှင့် ယောင်ယောင်တို့အား သိရှိနေပြီး ၎င်းတို့အား အကူအညီပေးရန် ရောက်ရှိလာပုံ ရသည်။

ကလန်ခေါင်းဆောင် ချင်းယန်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။ ယောင်ယောင်သည် ထူးခြားဆန်းကြယ်လွန်းသော မိန်းမငယ်လေးတစ်ဦး ဖြစ်ပါသော်လည်း ဇူယွမ်မှာ ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိလာစဉ်က မူလစဦးအဆင့်မျှသာ ရှိသေးသာ အဆင့်နိမ့်ကျင့်ကြံသူ လူငယ်လေးတစ်ဦးသာ ဖြစ်သည်။ ထိုမျှနိမ့်ကျသော လူငယ်လေးသည် ထိုအနက်ရောင်ဝတ်စုံနှင့် အဖိုးအိုအား မည်သို့သိရှိနေပါသနည်း။

ဇူယွမ်မှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အဖိုးအိုအားကြည့်ကာ နှုတ်ဆက်လိုက်သည်။ "ဆရာသခင် ကန်းယွမ်..."

ကန်းယွမ်မှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "မဆိုးဘူးပဲ ကောင်ကလေး။ ငါတို့မတွေ့တာ ဘယ်လောက်မှ မရှိသေးပေမယ့် မင်းကနတ်ဘုံခန်းဝါအဆင့်တောင် ရောက်နေပြီပေါ့လေ။"

"ဒါပေမယ့် အခုချိန်က စကားစမြည် ပြောရမယ့် အချိန်မဟုတ်သေးဘူး။ ​ကြည့်ရတာ မင်းတို့နည်းနည်း ဒုက္ခရောက်နေကြတဲ့ပုံပဲ။"

ကန်းယွမ်မှာ နန်းဆောင်သခင် ရှန့်ယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အဝေးရှိ ကန်ရွှမ်းကောင်းကင်ဒေသ၏ အကာအကွယ်အား အေးစက်စွာ ကြည့်ရှုလိုက်သည်။

နန်းဆောင်သခင် ရှန့်ယွမ်မှာ အထက်စီးဆန်ခြင်းများ မရှိတော့ပဲ အံ့အားသင့်နေဟန်ဖြင့် အော်ဟစ်လိုက်သည်။ "ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ ကန်ရွှမ်းကောင်းကင်ဒေသက ကိစ္စတွေကို ဝင်ပါနေရတာလဲ။"

ကန်းယွမ်မှာ မည်သို့မျှ ကန်ရွှမ်းကောင်းကင်ဒေသမှ မဖြစ်နိုင်ပေ။

ကန်းယွမ်မှာ ရှန့်ယွမ်အား ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းလို တော်ဝင်နန်းတော်ရဲ့ ခွေးသာသာကောင်ကများ..."

ရှန့်ယွမ်၏ ခန္ဓာကိုယ်အတွင်း တော်ဝင်နန်းတော်မှ စွမ်းအင်များ ပြည့်နှက်နေလျက်ရှိသည်ကို ကန်းယွမ်မှ အာရုံခံမိသည်။

ရှန့်ယွမ်မှ ဒေါသထွက်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "အဟက်....ခင်ဗျားက တော်တော်ရိုင်းတာပဲ။"

ရှန့်ယွမ်မှာ ယခုသူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သူသည် တစ်ကြိမ်တစ်ခါမျှ ထိုအဆင့်သို့ မတက်လှမ်းဖူးသောကြောင့် မောက်မာနေလေသည်။ သူ၏အမြင်တွင် ကန်းယွမ်မှာ မည်မျှပင် အစွမ်းထက်နေပါစေ သူ့အားလေးလေးစားစား ဆက်ဆံသင့်သည်ဟု ယူဆသည်။

ကန်းယွမ်မှာ ယောင်ယောင်၏ လက်ရှိအခြေအနေနှင့် သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲရာများအား မြင်တွေ့လိုက်ရသောအခါတွင် မျက်ဝန်းများ အေးစက်သွားရသည်။

ယောင်​ယောင်၏ မူလဇစ်မြစ်မှာ အလွန်ထူးခြားပါသော်လည်း ကန်းယွမ်သည် သူမဖြည်းဖြည်းချင်း အရွယ်ရောက်လာသည်ကို စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။ ယောင်ယောင်သည် ကန်းယွမ်အတွက် သားသမီးကဲ့သို့ ဖြစ်တည်မှုမျိုး ဖြစ်သည်။ ထို့ကြောင့် သူမအား ယခုအခြေအနေနှင့် တွေ့မြင်လိုက်ရသောအခါ၌ ဒေါသများ ဆူပွက်လာရတော့သည်။

ကန်းယွမ်မှ အေးစက်စွာ စကားဆိုလိုက်သည်။ "မင်းက သူများဆီက အကူအညီနဲ့ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်ကို ရောက်နေတဲ့ကောင်ပဲ။ မင်းရဲ့ကျင့်ကြံခြင်းအဆင့် အစစ်အမှန်က ကြာပန်းတစ်ပွင့်အဆင့်တောင် မရှိပဲနဲ့။ အဲ့ဒါကို ထားလိုက်ဦး။ တကယ့်အစစ်အမှန် သူတော်စင်မီးလျှံကြာပန်း တစ်ပွင့်ရှိတဲ့သူတောင် မင်းကိုကြောက်မှာမဟုတ်ဘူး။"

ရှန့်ယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ သူသည် ကန်းယွမ်၏ ကျင့်ကြံခြင်း အခြေအနေအား အနည်းငယ်မျှ မခံစားမိပါသော်လည်း တစ်ဖက်လူမှာ သူ၏အနေအထားအား ကောင်းမွန်စွာ သိရှိနေသောကြောင့် ကြောက်ရွံ့သွားမိသည်။ ထို့ကြောင့် ရှန့်ယွမ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ခင်ဗျားက သူတို့နှစ်ယောက်ကို ကယ်ဖို့ရောက်လာတာဆိုတော့လည်း ကျုပ်ဒီနေ့ကိစ္စကို မရှိခဲ့သလိုပဲ သဘောထားပေးလိုက်မယ်။"

ရှန့်ယွမ်သည် ဇူယွမ်မှ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဖျက်စီးပစ်ခဲ့ခြင်းကို အလွန်ဒေါသထွက်ရပါသော်လည်း ထိုလူငယ်လေးအား သတ်လိုက်ရုံမျှဖြင့် ပြဿနာများ မဖြေရှင်းနိုင်ကြောင်း ကောင်းစွာသိရှိထားသည်။ ထို့အပြင် လက်စားချေခြင်းအား ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ပြန်လည်ဖန်တီးပြီးသည်နှင့် မည်သည့်အချိန်မဆို ပြုလုပ်နိုင်ပေသည်။

ထိုအချိန်သို့ ရောက်ရှိလာပါက ဇူယွမ်တင်မကပဲ ကြီးမြတ်သောဇူအင်ပါယာ တစ်ခုလုံးကိုပါ မီးလောင်တိုက်သွင်းပစ်မည် ဖြစ်သည်။ မြက်တစ်ပင်မျှပင် သူ၏လက်မှ လွတ်မြောက်ခြင်း မရှိစေရ။

နန်းဆောင်သခင် ရှန့်ယွမ်မှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ထိုအတွေးများအား ခေါင်းထဲတွင် စဉ်းစားနေလျက် ရှိသည်။

ကန်းယွမ်မှ ရယ်မောကာ ပြောလိုက်သည်။ "ဒီနေ့ကိစ္စကို မရှိခဲ့သလို သဘောထားမယ်ဟုတ်လား။ မင်းက ငါ့ရဲ့ကလေးနှစ်ယောက်ကို နာကျင်စေခဲ့ပြီးပြီလေ။ အဲ့လိုထားလိုက်လို့ရကြေးလား။ မင်းဆီက အကြွေးပြန်ယူမှ ရမှာပေါ့။"

သူ၏စကားသံမှာ အလွန်တည်ငြိမ်နေပါသော်လည်း ကျောချမ်းရလောက်အောင် ကြောက်မက်ဖွယ် အငွေ့အသက်များ ပါဝင်နေသည်။

ရှန့်ယွမ်မှ အေးစက်စွာ ပြောလိုက်သည်။ "ကျုပ်က ပြဿနာမတက်ချင်လို့ ပြောနေတာကို ခင်ဗျားတရားမလွန်လာနဲ့။"

ကန်းယွမ်မှာ မည်သည့်စကားမှ ထပ်၍မပြောတော့ပဲ လက်ဟန်အမျိုးမျိုး ပြောင်းလဲကာ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အား ထွက်ပေါ်စေလိုက်သည်။

သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်.....

ကန်းယွမ်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ ကျင့်ကြံခြင်းအဆင့်နှင့် တူညီနေလေသည်။

ထို့အပြင် သူ၏သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်မှာ ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် ရရှိလာခြင်းဖြစ်သောကြောင့် ရှန့်ယွမ်၏ မှိန်ပြပြ ကြာပွင့်နှစ်ပွင့်နှင့် အတော်ကွဲပြားလှသည်။

"သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်ရဲ့ တကယ့်အစွမ်းက ဘယ်လိုလဲဆိုတာ မင်းကိုပြရသေးတာပေါ့။"

ကန်းယွမ်မှာ ကြာပန်းနှစ်ပွင့်အား ကောင်းကင်ထက်သို့ လွှတ်တင်လိုက်သည်။ ကမ္ဘာမြေပြင် တစ်ခုလုံး ချာချာလည်သွားသည့်အလား ကောင်းကင်တစ်ခွင်လုံး မဲမှောင်သွားပြီးနောက် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးရှိ ချီစွမ်းအင်များမှာ ပြင်းထန်စွာ လည်ပတ်လာတော့သည်။

အဆင့်မြင့်ကျင့်ကြံသူများမှာ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များနှင့် အဆက်အသွယ် ပြတ်တောက်သွားသဖြင့် အလွန်ထိတ်လန့်သွားကြရသည်။

ဝုန်း....

ကြာပန်းနှစ်ပွင့်မှာ ကောင်းကင်ထက်တွင် လည်ပတ်နေပြီးနောက် အလင်းတန်းများအလား ရှန့်ယွမ်ထံသို့ ပျံဝဲသွားသည်။

စကြာဝဠာကြီးတစ်ခုလုံးမှာ ကြာပန်းနှစ်ပွင့်နှင့် ပေါင်းစပ်နေသကဲ့သို့ ထင်မှတ်ရသည်။

ကန်းယွမ်၏ ကြာပန်းနှစ်ပွင့်အတွင်း ပါဝင်နေသော စွမ်းအင်သက်သက်သည်ပင် သူတော်စင်ရတနာများနှင့် အဆင့်တူညီလေသည်။

ပြောရမည်ဆိုလျှင် ထိုသူတော်စင်မီးလျှံကြာပန်းနှစ်ပွင့်မှာ အသက်ဓာတ်ရှိသည့် သူတော်စင်ရတနာများပင် ဖြစ်သည်။

ရှန့်ယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကျုံ့လိုက်မိသည်။ အစစ်အမှန် သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်၏ စွမ်းအင်အား မြင်တွေ့လိုက်ရချိန်တွင် သူတို့အကြားရှိ ကွာခြားချက်ကိုလည်း ကောင်းစွာတွေ့မြင်သွားမိသည်။

သူသည် အစောပိုင်း၌ ကန်ရွှမ်းအား အနိုင်ရနိုင်ခဲ့ခြင်းမှာ ၎င်းသည် စိတ်ဝိဉာဉ် အပိုင်းအစ တစ်ခုမျှသာ ဖြစ်နေသောကြောင့် ဖြစ်သည်။ အကယ်၍ ကန်ရွှမ်းသာ သက်ရှိထင်ရှား ရှိနေသေးပါက သူတို့နှစ်ဦး၏အဆင့်မှာ များစွာကွာခြားနေဦးမည်ပင်။

မည်သို့ပင်ဆိုစေကာမူ ယခုအခါတွင် ကန်းယွမ်မှာ ဒေါသထွက်စွာဖြင့် သူ့အားအစစ်အမှန် သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်ဖြင့် တိုက်ခိုက်နေလေပြီ။

ရှန့်ယွမ်မှာ ဆုံးဖြတ်ချက်အား အလျင်အမြန် ချမှတ်လိုက်သည်။

သူ၏ရန်သူသည် အလွန်ကြောက်မက်ဖွယ် ကောင်းနေပေသည်။ သို့သော် ရှန့်ယွမ် ကိုယ်တိုင်သည်လည်း သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်၌ ရောက်ရှိနေသူပင်။ ထို့ကြောင့် တစ်ဖက်လူမှ သူ့အားအပြည့်အဝ ဖျက်စီးနိုင်စွမ်း ရှိမည်မဟုတ်ပေ။

ဝုန်း....

ရှန့်ယွမ်မှာ ကြာပန်းနှစ်ပွင့်အား ကောင်းကင်ထက်သို့ လွှတ်တင်လိုက်သည်။

ဒုန်း....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ကြာပန်းလေးပွင့် တွေ့ဆုံသွားကြလေသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်အား ချက်ချင်းဆိုသလို လွှမ်းခြုံစိုးမိုးသွားသည်။

စွမ်းအင်လှိုင်းဂယက်များသည် ကန်ရွှမ်းကောင်းကင်ဒေသ တဝက်ကျော်မျှအထိ ဖုံးလွှမ်းသွားသောကြောင့် အချို့သော တိုက်ကြီးများ၌ ချီစွမ်းအင်မုန်တိုင်းများပင် ဖြစ်ပေါ်သွားရသည်။

မဟူရာရေကန်၏ ကောင်းကင်ထက်၌

လူတိုင်းမှာ ကြာပန်းလေးပွင့်ထံမှ အကြည့်မခွာနိုင် ဖြစ်နေကြရသည်။ အစောပိုင်း တွေ့ဆုံမှု၌ လေထုမှာ ပေါက်ကွဲသွားသောကြောင့် လေဟာနယ်များ အများအပြား ဖြစ်ပေါ်နေလျက် ရှိသည်။

ကန်းယွမ်မှာ ခံစားချက်ကင်းမဲ့နေဟန်ဖြင့် ကြာပန်းလေးပွင့်အား ကြည့်ရှုလိုက်ပြီးနောက် မထီမဲ့မြင်ပြုံးကာ လက်ဖြောက်တစ်ချက် တီးလိုက်သည်။

ဒုန်း....

ကြာပန်းနှစ်ပွင့်ထံမှ သန်းနှင့်ချီသော အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေပြီးနောက် နန်းဆောင်သခင် ရှန့်ယွမ်၏ ကြာပန်းနှစ်ပွင့်မှာ ပျက်စီးသွားရသည်။

စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှာ ထိတ်လန့်သွားကြရသည်။

နန်းဆောင်သခင် ရှန့်ယွမ်၏ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်မှာ အနက်ရောင်ဝတ်စုံနှင့် ရိုးရှင်းလှသော အဖိုးအိုတစ်ဦးထံတွင် ဖျက်စီးခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

နန်းဆောင်သခင် ရှန့်ယွမ်၏ မောက်မာမှုများမှာလည်း ပေါက်ကွဲသွားသော လေဘောလုံးတစ်ခုကဲ့သို့ ပျောက်ကွယ်သွားရပြီ ဖြစ်သည်။

ယခုအချိန်သည် နန်းဆောင်သခင် ရှန့်ယွမ်အတွက် အဆုံးသတ်အချိန်ပင်ဖြစ်ကြောင့် လူတိုင်းမှ သိရှိလိုက်ကြလေတော့သတည်း....

All Chapters