ထွက်ပြေးသွားသောရှန့်ယွမ်
Vol. 54 Ch. 744
"အား...."
ရွှေရောင်ကြာပန်းနှစ်ပွင့် ဖျက်စီးခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါ၌ နန်းဆောင်သခင် ရှန့်ယွမ်မှာ ဖြူဖက်ဖြူရော် ဖြစ်သွားရကာ ပါးစပ်အပြည့် သွေးများပင် အန်ထုတ်လိုက်ရသည်။
နန်းဆောင်သခင် ရှန့်ယွမ်၏ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်မှာ တော်ဝင်နန်းတော်မှ စွမ်းအင်များဖြင့် ဖန်တီးထားရခြင်းဖြစ်သောကြောင့် အစစ်အမှန် သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်နှင့် မနှိုင်းယှဉ်နိုင်ပေ။
ကြာပန်းနှစ်ပွင့် ပျက်စီးသွားခြင်းမှာ တော်ဝင်နန်းတော်မှ စွမ်းအင်များ ပျက်စီးသွားခြင်းပင် ဖြစ်သည်။
ရလဒ်အနေဖြင့် နန်းဆောင်သခင် ရှန့်ယွမ်မှာ သူ၏အစစ်အမှန် ကျင့်ကြံခြင်းအဆင့်သို့ ပြန်လည်ကျဆင်းသွားရသည်။
သူသည် ရွှေရည်စိမ် သူတော်စင်အဆင့်သို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။
စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှာ နန်းဆောင်သခင် ရှန့်ယွမ်ကြောင့် အထိတ်တလန့် ဖြစ်ကုန်ကြရသည်။ အစောပိုင်းကပင် မောက်မာလွန်းလှသော နန်းဆောင်သခင် ရှန့်ယွမ်သည် လျင်မြန်လှသော အချိန်အတွင်းမှာပင် မူလကျင့်ကြံခြင်းအဆင့်ထံ ကျဆင်းသွားရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
မြင့်မြတ်သောနန်းတော်မှ အကြီးအကဲများမှာလည်း ကြောက်ရွံ့ထိတ်လန့်ကုန်ရသည်။
တစ်ဖက်တွင်မူ ကလန်ခေါင်းဆောင် ချင်းယန်၊ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် အခြားသူများသည်လည်း ထိန်းချုပ်မထားနိုင်လောက်အောင် ကျေနပ်အားရနေကြသည်။
ရုတ်တရက် ဖြစ်ပေါ်သွားသော အခြေအနေ အပြောင်းအလဲမှာ ကောင်းကင်ဘုံမှ ပေးအပ်လာသော လက်ဆောင်မွန်ကဲ့သို့ ကောင်းမွန်လှသည်။
စင်စစ်အားဖြင့် ၎င်းတို့အားလုံးမှာ ဝှက်ဖဲများအား ထုတ်သုံးစရာပင် မကျန်လောက်အောင် အသုံးပြုခဲ့ပြီး ဖြစ်သည်။ အကယ်၍ အနက်ရောင်ဝတ်စုံနှင့် အဖိုးအိုးသာ ရောက်လာခြင်းမရှိပါက ရှန့်ယွမ်မှာ အနိုင်ရသူ ဖြစ်သွားလောက်ပြီပင်။
"ဘယ်လို....ဘယ်လိုဖြစ်နိုင်မှာလဲ...." နန်းဆောင်သခင် ရှန့်ယွမ်မှ ဆောက်တည်ရာမရဖြစ်ကာ အော်ဟစ်လိုက်သည်။
၎င်းတို့နှစ်ဦးလုံးမှာ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့် ဖြစ်ပါသော်လည်း စွမ်းအင်ကွာခြားချက်မှာ လွန်စွာကြီးမားနေခဲ့သည်။
ရှန့်ယွမ်မှာ နှလုံးသားအတွင်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာရသည်။ တော်ဝင်နန်းတော်မှ စွမ်းအင်များ လက်ခံရရှိခဲ့ပြီးသည့် အချိန်၌ပင် အစစ်အမှန် သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်ရှိသူနှင့် ယှဉ်ပြိုင်ရန်မဖြစ်နိုင်ပေ။
အဆုံးသတ်တွင်မူ ရွှေရည်စိမ် သူတော်စင်အဆင့်သို့သာ ပြန်လည်ကျဆင်းခဲ့ရသည်။
ကောင်းကင်ထက်တွင် ရှိနေသော ကန်းယွမ်မှာ နန်းဆောင်သခင် ရှန့်ယွမ်အား အေးစက်စွာ ကြည့်ရှုလိုက်ပြီးနောက် အတွေးတစ်ချက်ဖြင့် ကြာပန်းနှစ်ပွင့်အား ရှန့်ယွမ်ထံ စေလွှတ်လိုက်သည်။
ဝုန်း....
ရှန့်ယွမ်မှာ ကန်းယွမ်၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို ခံစားမိသဖြင့် စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ခန္ဓာကိုယ်အား ဖျက်စီးပစ်လိုက်သည်။ ထွက်ပေါ်လာသော ပြင်းထန်လှသည့် အဖျက်စွမ်းအင်များကြောင့် ရွှေရောင်ကြာပန်းနှစ်ပွင့်မှာ အဝေးသို့ လွင့်သွားရသည်။
"ကောင်းပြီ။ ဒီနေ့ ငါရှုံးတာလက်ခံတယ်။"
"ဒါပေမယ့် သိပ်လည်းပျော်မနေနဲ့ဦး။ တော်ဝင်နန်းတော်က မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။"
"ပြီးတော့ ဇူယွမ်....ငါကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ပြန်ဖန်တီးနိုင်တဲ့နေ့ကြရင် ကန်ရွှမ်းကောင်းကင်ဒေသမှာ မင်းသိသမျှ လူအားလုံးကို ငါသတ်ပြမယ်။"
ရှန့်ယွမ်၏ ခန္ဓာကိုယ် ပေါက်ကွဲပျက်စီးသွားပြီးနောက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော စကားသံသာ လေထုအတွင်း ပဲ့တက်ထပ်လျက် ကျန်ရစ်ခဲ့သည်။
ထို့နောက် ရှန့်ယွမ်၏ အရှိန်အဝါမှာ ပတ်ဝန်းကျင်မှ ပျောက်ကွယ်သွားတော့သည်။
ရှန့်ယွမ်မှာ အရှုံးအား လက်ခံလိုက်ရပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား၏ အပိုင်းအစများမှာ ကန်ရွှမ်းကောင်းကင်ဒေသတလျှောက် ပျံ့နှံ့တည်ရှိနေဆဲ ဖြစ်သည်။ ထိုအပိုင်းအစများအားလုံးကို စုဆောင်းကာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ပြန်လည်ဖန်တီးနိုင်မည့် အခွင့်အရေး ရှိနေပေသေးသည်။
အနက်ရောင်ဝတ်စုံနှင့် အဖိုးအိုမှာ ကန်ရွှမ်းကောင်းကင်ဒေသအတွင်း အချိန်ကြာမြင့်စွာ ရှိနေလောက်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုလူပေါ်ထွက်လာချိန်တွင် အကာအကွယ် အပြင်ဖက်ရှိ တော်ဝင်နန်းတော်မှ အကြီးအကဲများ အလွန်အမင်း ဒေါသထွက်လာကြသည်ကို ရှန့်ယွမ်မှ ခံစားမိသောကြောင့် ဖြစ်သည်။
ထိုအနက်ရောင်ဝတ်စုံနှင့် အဖိုးအိုမှာ တော်ဝင်နန်းတော်၏ ရန်သူတစ်ဦး ဖြစ်ပေလိမ့်မည်။
ယခုအခါတွင် သူ၏တည်နေရာအား သိရှိသွားကြပြီဖြစ်သောကြောင့် ထိုအဖိုးအိုသာ ကန်ရွှမ်းကောင်းကင်ဒေသအတွင်း အချိန်ကြာမြင့်စွာ နေထိုင်ပါက တော်ဝင်နန်းတော်မှာ အတိတ်ကာလ၌ ကန်ရွှမ်းအား သတ်ဖြတ်ခဲ့သကဲ့သို့ တစ်ပုံစံတည်း ပြုလုပ်လိမ့်မည်ပင်။
ထိုအဖိုးအို ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ရှန့်ယွမ်အား မည်သူကမှ တားဆီးနိုင်တော့မည် မဟုတ်ပေ။
ထို့အပြင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ပြန်လည်ဖန်တီးနိုင်ခဲ့ပါက သူသည် အစစ်အမှန် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ဦးမည် ဖြစ်သည်။
ထို့ကြောင့် ရှန့်ယွမ်မှာ အနည်းငယ်မျှပင် တွေဝေမနေပဲ သူ၏ခန္ဓာကိုယ်အား ဖျက်စီးကာ ထွက်ပြေးလာခဲ့ခြင်းပင်။
ရှန့်ယွမ် ထွက်ပြေးသွားမှုကြောင့် အခြေအနေမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။ မည်သူကမှ ယနေ့တိုက်ပွဲ၏ အဆုံးသတ်ရလဒ်သည် ထိုသို့ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားကြပေ။
မြင့်မြတ်သောနန်းတော်မှ အကြီးအကဲများမှာလည်း ရှန့်ယွမ်ထွက်ပြေးသွားသဖြင့် ထိုနေရာ၌ ဆက်လက်မနေရဲတော့ပဲ ဆုတ်ခွာကုန်ကြသည်။
တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းမှာ ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ထိုနေရာမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။
ဟုန်ယာတောင်ထွတ်ဆရာသခင်မှ တားဆီးရန် ပြုလုပ်လိုက်ပါသော်လည်း ကလန်ခေါင်းဆောင် ချင်းယန်မှ လက်ကာပြလိုက်သည်။
ကလန်ခေါင်းဆောင် ချင်းယန်မှ တည်ငြိမ်စွာ ပြောလိုက်သည်။ "လောစရာမလိုပါဘူး။ အနာဂတ်မှာ ငါတို့ပြဿနာတွေဖြေရှင်းဖို့ အချိန်ရှိပါသေးတယ်။"
လဲ့ကျွမ်းမှာ ကန်ရွှမ်းကလန်အား သစ္စာဖောက်ခဲ့ရုံမက မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေဆုံးခဲ့ရသည့် အကြောင်းအရင်း၏ နောက်ကွယ်မှ အဓိက ကြံစည်သူပင် ဖြစ်ခဲ့သည်။ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ထိုပြဿနာအား ဖြေရှင်းခဲ့ရခြင်း မရှိပါသော်လည်း ချင်းယန်တို့မှာ ကန်ရွှမ်း၏ တပည့်များဖြစ်နေသည့်အတွက် ကိုင်တွယ်ဖြေရှင်းပေးရပေလိမ့်မည်။
နန်းဆောင်သခင် ရှန့်ယွမ်နှင့် မြင့်မြတ်သောနန်းတော်မှ အကြီးအကဲများ ဆုတ်ခွာသွားပြီးနောက် အခြေအနေများမှာ ပြန်လည်ငြိမ်သက်သွားလေသည်။ များစွာသော အဆင့်မြင့်ကျင့်ကြံသူများမှာ ကောင်းကင်ထက်တွင် ရှိနေသော ကန်းယွမ်အား လေးစားစွာဖြင့် ကြည့်ရှုလိုက်ကြသည်။
ကန်းယွမ်၏ သူ၏ကျင့်ကြံခြင်းစွမ်းအင်ဖြင့် လူတိုင်းအား အံ့အားသင့်စေခဲ့သည်။
အဆင့်မြင့်ကျင့်ကြံသူများမှာ ကန်းယွမ်အား ကြည့်ရှုနေရင်းဖြင့် အတိတ်တစ်ချိန်က မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအား ပြန်လည်အမှတ်ရနေမိကြသည်။
သို့သော် ကန်းယွမ်အား ကန်ရွှမ်းကောင်းကင်ဒေသအတွင်း မည်သူကမှ မမြင်တွေ့ခဲ့ဖူးပေ။ ကလန်ခေါင်းဆောင် ချင်းယန်၊ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် အခြားသူများသည်ပင် ကန်းယွမ်အနီးသို့ သွားရောက်ရန် မဝံ့မရဲ ဖြစ်နေရသည်။
ကောင်းကင်ထက်တွင် ရှိနေသော ကန်းယွမ်မှာ နန်းဆောင်သခင် ရှန့်ယွမ် ထွက်ပြေးသွားသည်ကို တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ယောင်ယောင်နှင့် ဇူယွမ်အနီးသို့ ဆင်းသက်လာလိုက်သည်။
ဇူယွမ်မှ စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။ "ဆရာသခင် ကန်းယွမ်....ကျွန်တော်တို့ ရှန့်ယွမ်ကို လွှတ်ပေးလိုက်မလို့လား။ သူသာ အသက်ရှင်နေဦးမယ်ဆိုရင် အနာဂတ်မှာ အန္တရာယ်ရှိလာလိမ့်မယ်။"
ဇူယွမ်မှာ ရှန့်ယွမ် ထွက်ပြေးသွားစဉ်က ပြောခဲ့သော စကားများကြောင့် စိုးရိမ်မကင်း ဖြစ်နေရသည်။
ကန်းယွမ်မှ စကားဆိုလိုက်သည်။ "ရွှေရည်စိမ် သူတော်စင်တစ်ယောက်ကို သတ်ဖို့က အဲ့လောက်မရိုးရှင်းဘူး။ ပြီးတော့ တော်ဝင်နန်းတော်က ငါရှိနေတာကို သိသွားပြီဆိုတော့ ဒီမှာအကြာကြီး နေလို့မရတော့ဘူး။"
"ရှန့်ယွမ်က တော်ဝင်နန်းတော်က စွမ်းအင်တွေကို လက်ခံလိုက်တဲ့အတွက် အများကြီး ထိခိုက်သွားမှာပဲ။ ပြီးတော့ သူ့ကိုယ်သူလည်း ဖျက်စီးထားတယ်ဆိုတော့ ပြန်ကောင်းလာဖို့ အတွက်ဆိုရင်တောင် အချိန်အများကြီး လိုလိမ့်မယ်။"
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ဆရာသခင် ကန်းယွမ်၏စွမ်းအင်များကို ငှားရမ်းကာ ရှန့်ယွမ်အား အဆုံးသတ်ပစ်လိုက်ချင်နေမိသည်။
ရှန့်ယွမ်မှာ မည်မျှပင် ထိခိုက်ဒဏ်ရာ ရထားစေကာမူ အန္တရာယ် များလွန်းလှသည့် ရန်သူတစ်ဦး ဖြစ်သည်။
ဇူယွမ်မှာ ခမည်းတော်၊ မယ်တော်နှင့် ကြီးမြတ်သောဇူအင်ပါယာတို့အတွက် ပိုမိုစိုးရိမ်နေမိခြင်းပင်။
သူနှင့် မြင့်မြတ်သောနန်းတော်အကြားရှိ ပဋိပက္ခများသည် ယခုအခါ သွေးပင်လယ်တစ်ခုကဲ့သို့ ဖြစ်နေရလေပြီ။ အခွင့်သာပါက နှစ်ဦးနှစ်ဖက်လုံးမှ ညှာတာမှုမရှိပဲ တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။
ထိုအချိန်၌ ယောင်ယောင်၏ ဆန်းကြယ်သော အရှိန်အဝါများ ပျောက်ကွယ်လာကာ ရွှေရောင်ဆံနွယ်များမှာလည်း အနက်ရောင်ဆံကေသာအဖြစ် ဖြည်းညင်းစွာ ပြန်လည်ပြောင်းလဲသွားသည်။
သူမ၏မျက်ဝန်းအတွင်းရှိ ကြောက်ရွံ့တုန်လှုပ်စေရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်။
ဇူယွမ်မှု အလွန်ပျော်ရွှင်သွားရသည်။ အစောပိုင်း၌ သူမ၏ပြောင်းလဲမှုများက သူ့အား မသက်မသာ ခံစားရစေသည်။
ဇူယွမ်မှာ စိတ်အေးလက်အေး ဖြစ်သွားရဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ယောင်ယောင်မှာ ဇူယွမ်အားကြည့်ကာ ပြုံးလိုက်ပြီးနောက် အရှေ့သို့ တိုးလာလိုက်သည်။ သို့သော် သူမ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါနေလေသည်။ ထို့နောက် သူမ၏ဖြူဖွေးနူးညံ့သော အသားအရေမှာ နီရဲလာရပြီး ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။
ယောင်ယောင်မှာ ဇူယွမ်၏ရင်ခွင်အတွင်းသို့ အရုပ်ကြိုးပြတ် လဲကျသွားရသည်။
ဇူယွမ်၏ နှုတ်ခမ်းထက်ရှိ အပြုံးများ ပျောက်ကွယ်သွားရသည်။ သူ၏နှလုံးသားမှာ အဆုံးမရှိသော လေဟာနယ်အတွင်း ပြုတ်ကျသွားသည့်အလား ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း အေးစက်တောင့်တင်းသွားရလေတော့သတည်း....