← Chapters

နတ်ဘုံခန်းဝါ ဗဟိုအဆင့်

Vol. 54 Ch. 746

နတ်ဘုံခန်းဝါ ဗဟိုအဆင့်

Vol. 54 Ch. 746

ဆန်းကြယ်သောနေရာတစ်ခု၌

ကောင်းကင်မှာ နေ၊ လနှင့် ကြယ်တစ်စင်းမျှပင် ထွန်းလင်းနေခြင်းမရှိပဲ အထီးကျန်နေသော ညနက်တစ်ခုကဲ့သို့ နက်မှောင်နေလျက် ရှိသည်။

လွင်တီးခေါင်ပြင်ကဲ့သို့ လွမ်းဆွေးချင်စဖွယ်ကောင်းသော မြေပြန့်ပေါ်တွင် ကြီးမားလှသော သစ်ပင်ကြီးများက ကောင်းကင်ပြင်ကြီးအား ထောက်တိုင်များကဲ့သို့ ထောက်ကန်ပေးထားသည်။ ထိုသစ်ပင်ကြီးများပေါ်၌ သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေသော သစ်သီးအချို့ တွဲလဲခိုနေလေသည်။

၎င်းသစ်သီးများမှ ထွက်ပေါ်နေသော အလင်းများမှာ မိုင်တစ်ရာကျော်မျှအထိ တောက်ပနေ၏။ ဤဆန်းကြယ်သော နေရာအတွင်း ယင်းသစ်သီးများမှာ နေ၊ လတို့နှင့် အစားထိုးထားသကဲ့သို့ ဆန်းကြယ်စွာဖြင့် အလင်းရောင်ပေးစွမ်းလေသည်။

တောင်ထွတ်တစ်ခုပေါ်၌

ဇူယွမ်မှာ မျက်ဝန်းများကို တင်းကြပ်စွာ ပိတ်ထားလျက် ငြိမ်သက်စွာ ထိုင်နေပြီး ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားလျက် ရှိသည်။ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာ သူအသက်ရှူလိုက်တိုင်းတွင် နှာခေါင်းထံမှတဆင့် ခန္ဓာကိုယ်အတွင်း စီးဆင်းဝင်ရောက်သွားကြသည်။

ကျင့်ကြံအားထုတ်ခြင်းမှာ တစ်ရက်လုံးလုံး ကြာမြင့်သွားခဲ့သည်။

အချိန်တစ်ခုသို့အရောက်တွင် ဇူယွမ်၏ ဘေးပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များ ဆူပွက်လာတော့သည်။ ထို့နောက် သူ့ထံမှ အလင်းတန်းများ ထွက်ပေါ်လာကာ ရောင်လျှံဝန်းတစ်ခု ဖြစ်ပေါ်လာသည်။

ပထမ ရောင်လျှံဝန်းတစ်ခု ပေါ်ထွက်လာပြီး မကြာမီမှာပင် ချီစွမ်းအင်များ ထပ်မံစုဝေးသွားကာ အလင်းတန်းများ ထပ်မံလျှံထွက်လာပြီးနောက် ဒုတိယမြောက် ရောင်လျှံဝန်းတစ်ခု ဖြစ်တည်လာသည်။

ရောင်လျှံဝန်းနှစ်ခု....

ဆိုလိုသည်မှာ ဇူယွမ်သည် နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ဇူယွမ်၏ တင်းကြပ်စွာ ပိတ်ထားသော မျက်ဝန်းများ ပြန်လည်ပွင့်ဟလာသည်။ သူသည် တည်ငြိမ်စွာဖြင့် ရောင်လျှံဝန်းနှစ်ခုအား ကြည့်ရှုလိုက်သည်။ ဒုတိယမြောက် ရောင်လျှံဝန်း ဖြစ်ပေါ်လာလိမ့်မည်ဟု ခန့်မှန်းခဲ့ပြီးသားဖြစ်သောကြောင့် ဇူယွမ်မှာ အနည်းငယ်မျှပင် အံ့အားမသင့်မိပေ။

ဆရာသခင် ကန်းယွမ်နှင့်အတူ ဆန်းကြယ်လွန်းသော နေရာတစ်ခုအတွင်း ရောက်ရှိနေသည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဇူယွမ်မှာ အချိန်ရလျှင်ရသလို ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားခဲ့သည်။ ထိုမှသာ ယောင်ယောင်၏ အခြေအနေနှင့်ပက်သတ်၍ ဖြစ်ပေါ်လာသော ဝမ်းနည်းမှုများကို ထိန်းချုပ်ထားနိုင်မည် ဖြစ်သည်။

တစ်လအတွင်း ဇူယွမ်၏ တိုးတက်မှုမှာ အံ့အားသင့်စရာကောင်းလောက်အောင် မြန်ဆန်ခဲ့သည်။

ယခင်တုန်းက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား၏ အကူအညီဖြင့် ဇူယွမ်မှာ နတ်ဘုံခန်းဝါ နိဗ္ဗာန်နှစ်ခုအား ချိတ်ဆက်နိုင်ခဲ့သည်။ ယခုတစ်လမျှ ကြာမြင့်သွားပြီးနောက် သူသည် ကိုယ်ပိုင်ကျင့်ကြံခြင်းဖြင့် နတ်ဘုံခန်းဝါ နိဗ္ဗာန်နှစ်ခုအား ထပ်မံချိတ်ဆက်နိုင်ခဲ့၏။ ဤသို့ဖြင့် နိဗ္ဗာန်လေးခုအား ပြီးပြည့်စုံစွာ သန့်စင်ချိတ်ဆက်နိုင်ခဲ့ပြီးနောက် နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။

မြန်ဆန်လွန်းလှသော ကျင့်ကြံခြင်း တိုးတက်မှုများကြောင့် ဇူယွမ်သည်ပင် ကိုယ့်ကိုယ်ကို အံ့သြခဲ့ရပါသော်လည်း ထိုသည်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း ကျန်ရစ်ခဲ့သော စွမ်းအင်များ၏ အထောက်အပံ့များကြောင့်ဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ရသည်။

အချိန်များကုန်လွန်လာသည်နှင့်အမျှ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ စွမ်းအင်များမှာ ပျောက်ကွယ်လာရပါသော်လည်း အလွန့်အလွန် သေးငယ်လွန်းလှသော စွမ်းအင်ပမာဏမှာ ဇူယွမ်၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့သည်။

ထိုမျှသေးငယ်သော ပမာဏမှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအတွက် မပြောပလောက်ပေ။ သို့သော် နတ်ဘုံခန်းဝါ အဆင့်သာရှိသော ဇူယွမ်အတွက်မူ ကြီးမားလှသော ကောင်းကျိုးတစ်ခုပင် ဖြစ်သည်။

ထို့ကြောင့်ပင် ဇူယွမ်မှာ တစ်လမျှသော အချိန်အတွင်း၌ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း ကျန်ရစ်ခဲ့သော စွမ်းအင်များအားလုံး ကုန်ဆုံးသွားသောအခါတွင် သူ၏ကျင့်ကြံခြင်းမှာလည်း သာမန်အခြေအနေထံသို့ ပြန်လည်ကျဆင်းသွားမည် ဖြစ်သည်။

ဇူယွမ်မှာ ရောင်လျှံဝန်းနှစ်ခုအား ပြန်လည်ရုတ်သိမ်းလိုက်သည်။

တစ်နေ့တာအတွက် ကျင့်ကြံခြင်း ပြီးဆုံးသွားပါသော်လည်း ဇူယွမ်မှာ ကျောက်ဖျာချပ်ပေါ်တွင် ဆက်လက်ထိုင်နေကာ သစ်ပင်ကြီးများအား ငေးမောနေလေသည်။

ဝှစ်.....

တစ်စုံတစ်ခုမှ ဇူယွမ်၏ဘေးသို့ ရောက်ရှိလာသည်။ လှည့်ကြည့်လိုက်သောအခါတွင် ထန်ထန်အား တွေ့ရှိလိုက်ရသည်။

ထန်ထန်မှာ ဇူယွမ်၏ပေါင်ပေါ်တွင် ခွေခွေလေး လှဲအိပ်လိုက်သည်။ အမြဲလိုလို ပျော်ရွှင်နေတက်သော ထန်ထန်သည် ယောင်ယောင်၏ အသိစိတ် ချိပ်ပိတ်သွားပြီးနောက် ဝမ်းနည်းအားငယ်နေတက်သော သားရဲလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

ယောင်ယောင်၏ လက်ရှိအခြေအနေသည် လူသားတစ်ဦးကဲ့သို့ အသိစိတ်ရှိသော ထန်ထန်အတွက် ကြီးမားလှသော ရိုက်ခတ်မှုတစ်ခုပင်။

ဇူယွမ်မှာ ထန်ထန်၏ နူးညံ့သော သားမွေးလေးများအား ဖြည်းညင်းစွာ ပွတ်သပ်ပေးလိုက်သည်။ "စိတ်မပူပါနဲ့....ယောင်ယောင် ဘာမှဖြစ်မှာ မဟုတ်ပါဘူး။"

ထန်ထန်မှာ ပူနွေးနေသော လျှာလေးအားထုတ်လျက် ဇူယွမ်၏လက်အား လျက်ပေးလိုက်သည်။ သူသည် ဇူယွမ်၏ နှလုံးသားထဲမှ အပူမီးများအား နားလည်နေသကဲ့သို့ ရှိသည်။

လူငယ်တစ်ဦးနှင့် သားရဲလေးတစ်ကောင်မှာ တောင်ထွတ်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေကြလေသည်။ ယခင်ကနှင့် နှိုင်းယှဉ်ကြည့်ပါက ထိုမြင်ကွင်း၌ လှပနူးညံ့သော မိန်းမလှလေးတစ်ဦး ပျောက်ဆုံးနေသည်။ တနည်းဆိုသော် ပြီးပြည့်စုံသော ပန်းချီကားတစ်ချပ်အား ဆွဲဖြဲခံထားရသကဲ့သို့ပင်။

ဇူယွမ်မှာ အချိန်အတော်ကြာမြင့်သည်အထိ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေခဲ့ပြီး တောက်ပနေသော သစ်သီးများထံမှ အလင်းတန်းများ ကြယ်ရောင်ကဲ့သို့ အေးစက်လာသော အခါမှသာ ထန်ထန်အား ပွေ့ချီလျက် တောင်ကြားချိုင့်ဝှမ်းထံ ဆင်းသက်လာခဲ့သည်။

ချိုင့်ဝှမ်းတလျှောက်၌ သေးသွယ်သော စမ်းချောင်းငယ်လေးတစ်ခု စီးဆင်းနေလေသည်။

ထိုစမ်းချောင်းငယ်လေး၏ဘေးတွင် အိမ်လေးတစ်လုံးရှိနေပြီး အေးချမ်းသော အငွေ့အသက်အား ပေးစွမ်းနေသည်။

ကန်းယွမ်မှာ အိမ်ရှေ့တွင်ဖိုထားသော မီးပုံဘေးတွင် ထိုင်လျက်ရှိနေပြီး ဇူယွမ်ကို တွေ့သောအခါ ခေါင်းညိတ်ပြလိုက်သည်။

ဇူယွမ်မှာ ကန်းယွမ်အား လေးနက်စွာ အရိုအသေပေးလိုက်သည်။ "ဆရာသခင် ကန်းယွမ်...."

"မင်းက နတ်ဘုံခန်းဝါ ဗဟိုအဆင့်ကို တက်သွားပြီပေါ့..." ကန်းယွမ်မှ ပြုံးကာပြောလိုက်သည်။

"မင်းရဲ့ နတ်ဘုံခန်းဝါ နိဗ္ဗာန်က တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုချင်းတူရင်တောင် မင်းက ထိပ်သီးအဆင့်မှာ ရှိလိမ့်မယ်။" ကန်းယွမ်မှာ တစ်ချက်ကြည့်ရုံမျှဖြင့် ဇူယွမ်၏ထူးခြားနေသော နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုအား တွေ့မြင်နိုင်ပေသည်။

ကန်းယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဇူယွမ်အား မေးလိုက်သည်။ "မင်း...ဘိုးဘေးနဂါးပုရပိုက်ကို ကျင့်ကြံနေတာလား။"

ဇူယွမ်မှာ အားတုံ့အားနာ ဖြစ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ အတိတ်ကာလများ၌ ဆရာသခင် ကန်းယွမ်သည် သူ့အား အဆင့်ခုနစ်ရှိသည့် ချီကျင့်စဉ်ကို ပေးခဲ့သည်။ သို့သော် ဇူယွမ်သည် ဘိုးဘေးနဂါးပုရပိုက်ကို ကျင့်ကြံရန်သာ ရွေးချယ်ခဲ့သည်။

ကန်းယွမ်မှ မျက်မှောင်ကျုံ့ကာ ​ပြောလိုက်သည်။ "ဒီကောင်မလေးက တော်တော်မဆင်မခြင်လုပ်တာပဲ။"

"ဘိုးဘေးနဂါးပုရပိုက်ကို ကျင့်ကြံရတာ ဘယ်လောက်ခက်ခဲဆိုတာ သူမ မင်းကို မပြောပြခဲ့ဘူးလား။"

ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ "ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ။"

သူသည် ထိုရွေးချယ်မှုနှင့်ပက်သတ်၍ ယနေ့ထက်တိုင် အနည်းငယ်မျှ နောင်တမရမိပေ။

ကန်းယွမ်သည် သူ့အား ကောင်းကင်ယွမ်ကျင့်စဉ်ဟုခေါ်သော အဆင့်ခုနစ်ရှိသည့် ချီကျင့်စဉ်အား ပေးအပ်ခဲ့သည်။ သို့သော် သူ၏ယခုအနေအထားအရ လိုအပ်သော မူလပစ္စည်းအချို့အား စုဆောင်းပြီးလျှင် ဘိုးဘေးနဂါးပုရပိုက်၏ ဒုတိယအဆင့်ဖြစ်သော ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီအဆင့်သို့ တက်ရောက်နိုင်တော့မည် ဖြစ်သည်။ ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီသည် အဆင့်ခုနစ်ရှိပြီး ကောင်းကင်ယွမ်ကျင့်စဉ်ထက် ပို၍သာလွန်မည်မှာ အသေအချာပင်။

အနာဂတ်တွင်လည်း သူ၏ဘိုးဘေးနဂါးပုရပိုက်မှာ ကောင်းကင်ယွမ်ကျင့်စဉ်ထက် အဆပေါင်းများစွာ ကောင်းမွန်လာပေလိမ့်မည်။

ကန်းယွမ်မှာ ခေါင်းညိတ်လိုက်ပြီးနောက် ထိုအကြောင်းအရာနှင့်ပက်သတ်၍ ထပ်မံပြောကြားခြင်း မရှိတော့ပေ။ ဇူယွမ်သည် ဆုံးဖြတ်ချက် ပြတ်သားခိုင်မာသူတစ်ယောက်ဖြစ်ကြောင်း ကောင်းစွာသိရှိနေသောကြောင့် ဖြစ်သည်။

"ဆရာသခင် ကန်းယွမ်..."

ဇူယွမ်မှာ အိမ်အတွင်းပိုင်းသို့ တစ်ချက်မျှ လှမ်း​ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ယောင်ယောင်ရဲ့ကိစ္စနဲ့ပက်သတ်ပြီး တိုးတက်လာတာတွေဘာတွေ ရှိလားဟင်.."

ထိုအချက်မှာ ဇူယွမ် စိတ်အဝင်စားဆုံး အကြောင်းအရာပင်။

ကန်းယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ရှေးဟောင်းစာပေတွေ တော်တော်များများကို ရှာဖတ်ပြီးတဲ့နောက် သူမရဲ့ခန္ဓာကိုယ်ကို ပြန်ပြီးထိန်းသိမ်းနိုင်မယ့် နည်းလမ်းတစ်ခုကို တွေ့ခဲ့တယ်။"

ဇူယွမ်မှာ အလွန်ပျော်ရွှင်သွားရသကဲ့သို့ ထန်ထန်မှာလည်း စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်သည်။

"ဒါပေမယ့် အဲ့လောက်ကြီး မရိုးရှင်းဘူး။ ငါမင်းရဲ့ အကူအညီကို လိုအပ်တယ်။" ကန်းယွမ်မှ ပြောလိုက်သည်။

ဇူယွမ်မှ ဆုံးဖြတ်ချက် ပြတ်သားစွာ စကားဆိုလိုက်သည်။ "ဘာကိစ္စပဲဖြစ်ဖြစ် ယောင်ယောင် နိုးထလာဖို့အတွက်ဆို ကျွန်တော်မလုပ်ရဲတာ မရှိဘူး။"

ကန်းယွမ်မှ အဓိပ္ပါယ်ပြည့်ဝနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်လိုက်သည်။ "မင်းနဲ့ယောင်ယောင်...."

"အရင်တုန်းက သူမကို ငါ့အစား စောင့်ရှောက်ပေးဖို့ပဲ မင်းကိုအကူအညီတောင်းခဲ့တာလေ။"

ဇူယွမ်မှာ အနည်းငယ် ရှက်ရွံ့သွားရသည်။ ကန်းယွမ်သည် ယောင်ယောင်နှင့် ဇူယွမ်အကြားရှိ သာမန်သူငယ်ချင်း ခင်မင်မှုထက် နက်ရှိုင်းသော ဆက်ဆံရေးအား သိရှိသွားလေပြီ။

ကန်းယွမ်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငါတကယ် မထင်ထားမိဘူး။ ငါသိခဲ့တာက သူမက

စိတ်ခံစားချက် မရှိဘူးဆိုတာပဲ။ မင်းက တော်တော်အံ့သြစရာကောင်းတဲ့ ကောင်စုတ်လေးပဲကွ...ဟမ်.."

ကန်းယွမ်မှာ ပြုံးရယ်နေလျက် ရှိသည်။

ဇူယွမ်မှာလည်း မည်သည့်စကားမှ မဆိုရဲသဖြင့် မချိတင်ကဲ ပြုံးလိုက်ရသည်။ ဆရာသခင် ကန်းယွမ်သည် ယောင်ယောင်၏ မိဘကဲ့သို့ဖြစ်နေပြီး သူ့အား သူမကို စောင့်ရှောက်ပေးရန်အတွက်သာ မှာကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယောင်ယောင်နှင့်သူ၏ ဆက်ဆံရေးမှာ တဖြည်းဖြည်းနှင့် ပိုမိုနက်ရှိုင်းလာခဲ့သည်။ ထို့ကြောင့် ဇူယွမ်မှာ ဆရာသခင် ကန်းယွမ်အပေါ် အပြစ်လုပ်မိသကဲ့သို့ ခံစားနေရလေသည်။

"ဆရာသခင် ကန်းယွမ်....ဆရာရှာတွေ့ထားတဲ့ နည်းလမ်းအကြောင်းလေး ပြောကြရအောင်လေ..." ဇူယွမ်မှာ စကားခေါင်းစဉ်ကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။

ကန်းယွမ်မှာ ရယ်မောလိုက်ပြီးနောက် ဇူယွမ်အားစနောက်မနေတော့ပဲ လေးနက်သော အမူအရာဖြင့် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဟွမ်းယွမ်ကောင်းကင်ဒေသအကြောင်း မင်းလည်းကြားဖူးတယ်မလား။"

All Chapters