လက်သီးတစ်ချက်ဖြင့် ရိုက်ခွဲခြင်း
Vol. 68 Ch. 966
“ဘုန်း... ရွှီး...”
ကောင်းကင်ယံမှ ဘေးဒုက္ခလျှပ်စီးတစ်ခုသည် တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ဖြာထွက်လာပြီး ယီထျန်းယွမ်ဆီသို့ တိုက်ရိုက် ပစ်ချလိုက်သည်။
ဤဘေးဒုက္ခလျှပ်စီး၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကြယ်စွမ်းအား ၄ သိန်းကျော်အထိ မြင့်မားလှပြီး သာမန်မြေကမ္ဘာအရှင်တစ်ဦးကို မီးကျွမ်းသွားအောင် လုပ်ဆောင်ရန် လုံလောက်လှသည်။
“ဖယ်စမ်း...”
ယီထျန်းယွမ်က လက်တစ်ဖက်ဖြင့် ခါထုတ်လိုက်ရာ ထိုလျှပ်စီးမှာ ကြယ်စင်အလင်းတန်းများအဖြစ် ကွဲကြေသွားပြီး ကောင်းကင်ယံ၌ မီးရှူးမီးပန်းများ ဖောက်လိုက်သကဲ့သို့ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသဖြင့် ကြည့်ရသည်မှာ အတော်လေး လှပလှသည်။
လူအများကို တုန်လှုပ်စေသော ဘေးဒုက္ခလျှပ်စီးကို လက်တစ်ဖက်ဖြင့်ပင် ရိုက်ခွဲပစ်လိုက်သည်ကို မြင်သည့်အခါ စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
မကြာမီမှာပင် ဘေးဒုက္ခမီးလျှံတစ်ခုသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ဤဂုဏ်သိက္ခာကို စိန်ခေါ်သူအား သုတ်သင်ရန် သူ၏ဘေးသို့ ရစ်ပတ်ဆင်းသက်လာသည်။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ မလျော့သွားဘဲ ကြယ်စွမ်းအား ၄ သိန်းခွဲ အထိ မြင့်တက်လာခဲ့သည်။
“ဒီလောက် မီးလျှံလေးနဲ့ ငါ့ရှေ့မှာ လာပြီး မောက်မာနေတာလား...”
ယီထျန်းယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်ဝါးဖြင့် ထပ်မံ ရိုက်ချလိုက်ရာ ဘုန်းခနဲ အသံနှင့်အတူ နဂါးမီးလျှံမှာ ပြန့်ကျဲသွားပြီး မီးပန်းများအဖြစ် ပျံ့လွင့်သွားပြန်ရာ ခုနက လျှပ်စီးအလင်းတန်းထက်ပင် ပို၍ လှပနေချေသည်။
တိုက်ခိုက်မှုနှစ်ခုကို ရိုက်ထုတ်ပြီးနောက် သူသည် ဘေးဒုက္ခတိမ်တိုက်ရှေ့သို့ ရောက်ရှိသွားပြီး လက်ဝါးဖြင့် အပေါ်မှ အုပ်မိုးလိုက်သည်။
“ဘုန်း...”
ကြမ်းတမ်းလှသော စွမ်းအားများက ဘေးဒုက္ခတိမ်တိုက်၏ အလယ်ဗဟို၌ ပေါက်ကွဲသွားပြီး ထိုတိမ်တိုက်ကြီးမှာ ချက်ချင်းပင် ကွဲကြေပျက်စီးသွားတော့သည်။ ဘေးဒုက္ခတိမ်တိုက်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် ယီထျန်းယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ အလင်းတန်းတစ်ခု ကျဆင်းလာကာ စွမ်းအင်သစ်များကို စီးဝင်စေခဲ့သည်။
ကောင်းကင်ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ပါက အကျိုးကျေးဇူးများ ရရှိမည်သာ ဖြစ်သည်။ ယီထျန်းယွမ်သည် ထိုစွမ်းအင်များအောက်တွင် ရေချိုးနေသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များ အဆက်မပြတ် စီးဝင်လာခဲ့သည်။
- ကောင်းကင်ဘေးဒုက္ခစွမ်းအားကို ခံစားသိရှိရသဖြင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူမည်လား။
“စုပ်ယူမယ်...”
ရွေးချယ်စရာ ပေါ်လာချိန်တွင် ယီထျန်းယွမ်က များစွာ မတွေးတောတော့ဘဲ စုပ်ယူလိုက်သည်။ ဤအရာက ဆိုးကျိုးရှိမည် မဟုတ်ပေ။ မှတ်တမ်းများ မရှိသော်လည်း ဘေးဒုက္ခတိမ်တိုက်ကို ဖြိုခွဲနိုင်ခြင်းက အကျိုးကျေးဇူး အမြောက်အများ ရရှိစေသည်ဟု သူ ခံစားမိသည်။
- ကောင်းကင်ဘေးဒုက္ခစွမ်းအားကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သဖြင့် ကောင်းကင်ဘေးဒုက္ခစွမ်းအားကို ရရှိပါသည်။
- ကောင်းကင်ဘေးဒုက္ခစွမ်းအား: ကောင်းကင်ဘေးဒုက္ခ၏ စွမ်းအားကို အသုံးပြု၍ ရန်သူကို သတ်ဖြတ်နိုင်ပြီး ခံယူထားသော ကောင်းကင်ဘေးဒုက္ခ အကြိမ်အရေအတွက်ပေါ် မူတည်၍ အဆင့်မြင့်တက်မည်။ (သတိပြုရန်: နဝမအဆင့် မြေကမ္ဘာအရှင်၏ ကောင်းကင်ဘေးဒုက္ခကို ဝါးမျိုပြီးမှသာ မိမိ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် အပြည့်အဝ ပြောင်းလဲနိုင်မည်ဖြစ်သည်)
ယီထျန်းယွမ်၏ မျက်လုံးများ ဝင်းလက်သွားသည်။ ဤကဲ့သို့သော အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သို့သော် ရယူရန် အခက်အခဲမှာ မသေးလှပေ။ အနည်းဆုံးတော့ ကိုးကြိမ်မြောက် မြေကမ္ဘာအရှင် ဘေးဒုက္ခကို ဝါးမျိုရမည် ဖြစ်၏။
ဆိုလိုသည်မှာ ကောင်းကင်သခင်အဆင့်သို့ ထိုးဖောက်ချိန်မှသာ အမှန်တကယ် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ကိုးကြိမ်မြောက် မြေကမ္ဘာအရှင် အဆင့်မှာ ဘေးဒုက္ခကို ကျော်ဖြတ်ပြီးမှသာ ပြည့်စုံမည် မဟုတ်ပါလား။
ဤသည်မှာ မည်သည့်မှတ်တမ်းမှ မရှိခြင်းမှာ မဆန်းလှပေ။ အခက်အခဲက အလွန်ကြီးမားလွန်းလှပြီး တစ်ကြိမ်မျှပင် လွဲချော်၍ မရသောကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ တစ်ကြိမ်ချင်းစီတိုင်းတွင် ဘေးဒုက္ခတိမ်တိုက်ကို ဖြိုခွဲနိုင်မှသာ ဤအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်၏။
ပုံမှန်အတိုင်း ကောင်းကင်ဘေးဒုက္ခကို ကျော်ဖြတ်သူများသည် ဤကဲ့သို့သော ဆုလာဘ်မျိုး ရရှိမည် မဟုတ်ဘဲ ခန္ဓာကိုယ် သန်မာလာစေရန် စွမ်းအင်အချို့ကိုသာ ရရှိမည် ဖြစ်၏။
“တကယ့်ကို ကောင်းတဲ့အရာပဲ၊ ဒါပေမဲ့ ခက်ခဲလွန်းတာပဲ...”
ယီထျန်းယွမ်သည် တရားထိုင်ကာ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။
ဘေးနားရှိ လူအုပ်ကြီးမှာ မှင်တက်မိနေကြသော်လည်း ယီထျန်းယွမ်က အောက်ခြေအထိ ဆင်းနိုင်သူဖြစ်ရာ မိမိ၏ ခွန်အားဖြင့် ဘေးဒုက္ခတိမ်တိုက်ကို ရိုက်ခွဲနိုင်ခြင်းက ပြဿနာ မရှိလှဟု ယူဆလိုက်ကြသည်။
ယွမ်ထျန်းယို၏ ကျိန်ဆဲမှုမှာ အသုံးမဝင်ခဲ့ဘဲ ယီထျန်းယွမ်က အလွယ်တကူ ကျော်ဖြတ်သွားသဖြင့် သူ မနာလိုစိတ်ဖြင့် ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။ သူ ယီထျန်းယွမ်ကဲ့သို့ ကျင့်စဉ်အဆင့်ရှိစဉ်က ဤအဆင့်သို့ မရောက်နိုင်ခဲ့သလို ဤကဲ့သို့ လုပ်ဆောင်ရန်လည်း မဝံ့ရဲခဲ့ပေ။ ကောင်းကင်ဘေးဒုက္ခကို ဒေါသထွက်အောင် လုပ်ဆောင်မိပါက မိမိသာ သေဆုံးသွားမည် မဟုတ်ပါလား။
ယခု ယီထျန်းယွမ်က လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ရာ ဤစွမ်းဆောင်ရည်က အံ့ဩစရာ ကောင်းလှသဖြင့် မုရုန်ရှောင်းသည် ယီထျန်းယွမ်ကို သဘောကျသွားမည်လားဟု သူ သံသယဝင်မိသည်။
အမှန်တကယ်တော့ သူ အတွေးလွန်နေခြင်းသာ ဖြစ်၏။ မုရုန်ရှောင်းက နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ် ရေရွတ်လိုက်သည်။
“ဘာတွေ မောက်မာနေတာလဲ၊ ငါလည်း ဒီလို လုပ်နိုင်တာပဲ... ဟွန်း...”
သူမသည် ထရပ်လိုက်ပြီး အောက်သို့ အပြေးကလေး ဆင်းသွားတော့သည်။ အကွာအဝေးကို လိုက်မမီနိုင်လျှင်ပင် သူမသည် မိမိကိုယ်မိမိ သက်သေပြလိုရုံသာ ဖြစ်၏။
ယီထျန်းယွမ်သည် သူမအတွက် တိုက်တွန်းအားတစ်ခု ဖြစ်နေခဲ့သည်။
မကြာမီမှာပင် အကြီးအကဲနျန် လျင်မြန်စွာ ရောက်ရှိလာသည်။ သူမ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ယီထျန်းယွမ်သည် တည်ငြိမ်စွာ ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ကင်းစောင့်ကို ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ၊ သူ ထိုးဖောက်တော့မယ်လို့ ပြောတယ် မဟုတ်လား...”
“အဲဒီ ကောင်းကင်ဘေးဒုက္ခကို သခင်လေးယီက လက်သီးတစ်ချက်တည်းနဲ့ ရိုက်ခွဲပစ်လိုက်ပါပြီ...”
ကင်းစောင့်က မချိပြုံးဖြင့် တင်ပြလိုက်သည်။
“လက်သီးတစ်ချက်နဲ့ ရိုက်ခွဲလိုက်တယ် ဟုတ်လား...”
အကြီးအကဲနျန် မှင်တက်မိသွားပြီးနောက် ပြန်လည် တည်ငြိမ်သွားသည်။
“ကောင်းပြီလေ... ဒါက သူ့အတွက်တော့ အခက်အခဲ မရှိလောက်ပါဘူး။ ဒါပေမဲ့ ဘေးဒုက္ခတိမ်တိုက်ကို ဖြိုခွဲနိုင်တာက သူ့အတွက်တော့ အကျိုးကျေးဇူး မနည်းဘူးပေါ့...”
သူမသည် ယီထျန်းယွမ်၏ စွမ်းဆောင်ရည်အပေါ် ကျေနပ်မိသော်လည်း အလဟဿ စိုးရိမ်ခဲ့မိသည်ဟု ခံစားလိုက်ရသည်။
ဤမျှ ခွန်အားကြီးမားသူအတွက် သူမ စိုးရိမ်နေရန် မလိုပေ။
“ဒါဆိုရင် နောက်တစ်ကြိမ် သူ ထပ်ပြီး ထိုးဖောက်ရင် ငါ့ကို ထပ်ပြောဦး...”
အကြီးအကဲနျန်က မှာကြားပြီးနောက် ထွက်ခွာသွားတော့သည်။
“နောက်တစ်ကြိမ် ဟုတ်လား...”
ကင်းစောင့်၏ မျက်နှာမှာ ထူးဆန်းသွားပြီး အောက်တွင် ကျင့်ကြံနေသော ယီထျန်းယွမ်ကို ကြည့်ကာ တွေးတောနေခဲ့သည်။ ခုမှ ထိုးဖောက်ထားတာကို နောက်ထပ် ထိုးဖောက်ဖို့အတွက် အချိန်လုံလောက်ပါ့မလား။
ပါရမီရှင် ဖြစ်နေလျှင်ပင် နောက်တစ်ဆင့်အတွက် အချိန်အတော်ကြာ လိုအပ်မည် မဟုတ်ပါလား။
အကြီးအကဲနျန်သည်လည်း ထိုသို့ပင် တွေးတောခဲ့ဖူးသော်လည်း ယီထျန်းယွမ်နှင့် တွေ့ပြီးနောက်တွင်မူ။
ယီထျန်းယွမ်သည် အစွမ်းကုန် စုပ်ယူနေဆဲ ဖြစ်ပြီး နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲ မတိုင်မီ မိမိ၏ ကျင့်စဉ်ကို ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်အထိ ထိုးဖောက်နိုင်ရန် ကြိုးစားနေခဲ့သည်။ ထိုသို့မှသာ အနိုင်ရရှိရန် အခွင့်အရေး ပိုများပေလိမ့်မည်။
အချိန်များစွာ ကုန်ဆုံးသွားခဲ့သည်။
တစ်လ၊
နှစ်လ၊
သုံးလ...။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ အဆင့်မှာ မြင့်တက်မလာသေးချေ။ အတွေ့အကြုံအမှတ် အမြောက်အများ လိုအပ်သဖြင့် အချိန်ယူရခြင်း ဖြစ်၏။ ဆန်းကြယ်အတွေ့အကြုံစနစ်ကို အသုံးပြုလျှင် မြန်ဆန်မည်ဖြစ်သော်လည်း ဆန်းကြယ်မှတ် အလွန် ကုန်ဆုံးပေလိမ့်မည်။
ယခု သူ့တွင် အချိန်အလုံအလောက် ရှိနေသဖြင့် အလျင်မလိုပေ။ အဓိက အချက်မှာ ခန္ဓာကိုယ်အတွင်းရှိ ဗဟိုချက်ကို သန်မာအောင် လုပ်ဆောင်ရန် ဖြစ်သည်။ တစ်နှစ်ကျော်အတွင်း ဗဟိုချက်မှာ အတော်လေး ကြီးထွားလာခဲ့သော်လည်း ရှေ့ရှိ ဝိညာဉ်စွမ်းအင် ဗဟိုချက်နှင့် နှိုင်းယှဉ်လျှင်မူ ကွာခြားချက်က ကြီးမားလွန်းလှသည်။
သဲကန္တာရထဲမှ သဲတစ်ပွင့် အဆင့်မှ သဲတစ်ဆုပ် အဆင့်သို့ ပြောင်းလဲသွားခြင်းသာ ဖြစ်၏။
မုရုန်ရှောင်းသည်လည်း ဤအချိန်အတွင်း ရှေ့သို့ တိုးဝင်လာနိုင်ခဲ့သည်။ ဤနေရာ၌ ကြာရှည်စွာ ကျင့်ကြံနိုင်သူမှာ အနည်းငယ်သာ ရှိသည်။ ခေါင်းဆောင်ကူး တို့မှာ အချိန်မလုံလောက်သဖြင့် အစောကြီးကတည်းက ထွက်ခွာသွားခဲ့ကြပြီ ဖြစ်၏။
အစကတည်းက ဤနေရာ၌ ဆက်တိုက် ရှိနေသူမှာ သုံးဦးသာ ရှိချေသည်။ ကျန်ရှိသူများမှာ အသုတ်လိုက် ပြောင်းလဲနေခဲ့ကြပြီး ယီထျန်းယွမ်၏ အခြေအနေကို မြင်သည့်အခါတိုင်း အံ့ဩနေကြရသည်။
- ကစားသမား ‘ယီထျန်းယွမ်’ သည် ပဉ္စမအဆင့် မြေကမ္ဘာအရှင်သို့ ထိုးဖောက်ရန် လုံလောက်သော အတွေ့အကြုံအမှတ်များ ရရှိပါပြီ။ အဆင့်မြှင့်တင်မည်လား။
စနစ်က အဆင်ပြေစွာ သတိပေးလိုက်သည်။
“အဆင့်မြှင့်မယ်...”
ယီထျန်းယွမ်က များစွာ မတွေးတောတော့ဘဲ အဆင့်မြှင့်တင်ရန် ထပ်မံ ရွေးချယ်လိုက်တော့သည်ချေ။
အခန်း ၉၆၆ ပြီးပါပြီ။