အခန်း (၁၃၅၁-၁၃၅၃)
Vol. 91 Ch. 1351-1353
အခန်း( ၁၃၅၁)
ရင်းနှီးသော ပုံရိပ်
ပေထျန်းလု စကားပြောပြီးလျှင် ဧကရာဇ်လောင်းတစ်ဦးက အလျင်အစလိုပင် တုံ့ပြန်လိုက်၏။
“မင်းကြီး... ဘာတွေ ပြောနေတာလဲဗျာ။ ကျွန်တော်တို့ကသာ ချီယွဲ့နိုင်ငံကို မကာကွယ်နိုင်ခဲ့ပဲ ရန်သူ့ဆီမှာတောင် အညံ့ခံခဲ့တာပါ။”
ပေထျန်းလုက ခေါင်းခါရင်း ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
“ကျုပ်က အခု ကောင်းကင်ဧကရာဇ်အပေါ် သစ္စာစောင့်သိနေပြီ။ မင်းတို့ရဲ့ ဧကရာဇ် မဟုတ်တော့ဘူး။ နောင်ကို အဲ့ဒီလို မခေါ်ပါနဲ့တော့။”
ထိုအခိုက်တွင် အားလုံး၏ အကြည့်များ လုချန်းထံသို့ စုပြုံကျရောက်သွားကြ၏။ သူတို့ရှေ့တွင် ရှိနေသော လူငယ်မှာ ဧကရာဇ်အဆင့် တစ်ဦးဖြစ်ကြောင်း သူတို့ သိထားကြသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြဆဲပင်။ ပေထျန်းလုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဤလူငယ် ဧကရာဇ်အဆင့်ကို အဘယ်ကြောင့် လိုလိုလားလား အမှုထမ်းနေရသနည်းဟု သူတို့ တွေးတောနေကြသည်။
ပေထျန်းလုက ဆက်ပြောလိုက်ပြန်သည်။
“ဒါက မင်းတို့ အပြစ် မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ချီယွဲ့နိုင်ငံက မင်းတို့ကို အရင် မှားခဲ့တာပဲ။ ဒါ့ပြင် ရှနိုင်ငံကိုလည်း မင်းတို့ရဲ့ ရန်သူလို့ မသတ်မှတ်သင့်ဘူး။”
ထိုအကြောင်းကို အားလုံး စဉ်းစားကြည့်ကြရာ တကယ်ပင် အဓိပ္ပာယ်ရှိသည်ဟု တွေ့ရှိရပေသည်။ ချီယွဲ့နိုင်ငံကို တည်ထောင်သူ ကိုယ်တိုင်ကပင် ရှနိုင်ငံ၏ ဧကရာဇ်ထံတွင် သစ္စာခံထားပြီး ဖြစ်၏။ ထို့ကြောင့် ပေထျန်းလု၏ နောက်လိုက်များ အနေနှင့် ရှနိုင်ငံ၏ ဤကောင်းကင်ဧကရာဇ်ထံတွင် သစ္စာခံခြင်းက အကျိုးကြောင်းဆီလျော်လှပေသည်။
ထိုခဏ၌ ထိုဧကရာဇ်လောင်း ဆယ်ယောက် ကျော်တို့က လုချန်းကို တညီတညွတ်တည်း ဦးညွှတ်လိုက်ကြ၏။
“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”
လုချန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း
“အားလုံး ထကြပါ”
“ကျေးဇူးတင်ပါတယ် မင်းကြီး”
ဤဧကရာဇ်လောင်းများ၏ ဂါရဝပြုမှုသည် သူတို့ ချီယွဲ့နိုင်ငံမှ တရားဝင် ထွက်ခွာလိုက်ပြီး ရှနိုင်ငံအတွင်းသို့ ပေါင်းစည်းလိုက်ခြင်းကို ဖော်ပြနေခြင်းပင် ဖြစ်၏။
ထိုအချိန်တွင် ဧကရာဇ်လောင်းတစ်ဦးက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“မင်းကြီး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယဲ့မိသားစုတစ်စုလုံး ချီယွဲ့နိုင်ငံကနေ ပြောင်းရွှေ့သွားကြတယ်။ အဲ့ဒါက ရှနိုင်ငံနဲ့ ပတ်သက်နေတာလား။”
လုချန်း၏ ကိုယ်စား ပေထျန်းလုကပင် ဝင်၍ ဖြေကြားပေးလိုက်၏။
“ယဲ့မိသားစုက ချင်းယွမ်နိုင်ငံနဲ့ ပူးပေါင်းပြီး ရှနိုင်ငံကို တိုက်ခိုက်ခဲ့တယ်။ ချင်းယွမ်နိုင်ငံ ရှုံးနိမ့်သွားပြီးနောက်မှာ ယဲ့မိသားစုရဲ့ အကြီးအကဲက စစ်မြေပြင်ကနေ ထွက်ပြေးဖို့ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့တယ်။”
ပေထျန်းလု၏ အဖြေကို ကြားလျှင် ထိုနေရာရှိ ဧကရာဇ်လောင်းများ တုန်လှုပ်သွားကြကုန်၏။ အရင်က သိပင်မသိခဲ့ရသော နိုင်ငံသစ်တစ်ခုက ယဲ့မိသားစုနှင့် ချင်းယွမ်နိုင်ငံကိုပါ အောင်နိုင်ခဲ့သည်။ ချင်းယွမ်နိုင်ငံက ချီယွဲ့နိုင်ငံ ရှေ့တန်းသို့ အဘယ်ကြောင့် စစ်ကူမလွှတ်ခဲ့သလဲဆိုတာ ယခုတော့ အံ့ဩစရာ မဟုတ်တော့ပေ။
ဤကောင်းကင်ဧကရာဇ်သည် သူတို့ ထင်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းပုံရသည်။ တကယ်တော့ ပေထျန်းလု၏ စိတ်ရင်းမှန်ဖြင့် သစ္စာခံမှုကို ရရှိနိုင်သူ မည်သူမဆိုသည် သာမန်လူတစ်ဦး ဧကန်မုချ မဖြစ်နိုင်ပေ။
ထို့နောက် လုချန်းက အချိန်မဖြုန်းလိုတော့သဖြင့်
“ကောင်းပြီ။ ကျွန်တော်တို့ အမြန် သွားကြရအောင်။”
ချီယွဲ့နိုင်ငံတွင် ဧကရာဇ်အဆင့်ပင် မရှိတော့ပေ။ ထို့ကြောင့် ဤနေရာတွင် အချိန်အမြောက်အမြား မဖြုန်းရန် လုချန်း ဆုံးဖြတ်ထား၏။ ချင်းယွမ်နိုင်ငံသို့ ဆက်လက် သွားရောက်နိုင်ရန်အတွက် ချီယွဲ့နိုင်ငံကို သူ အမြန်ဆုံး သိမ်းပိုက်လိုသည်။ ထို့နောက်တွင် လုချန်းနှင့် သူ၏ စစ်ယာဉ်အုပ်စုသည် ချီယွဲ့နိုင်ငံ၏ ဧကရာဇ်ကြယ်ဆီသို့ အရှိန်အဟုန်ဖြင့် ဆက်လက် ချီတက်သွားကြသည်။
…….
တစ်လ ကြာမြင့်ပြီးနောက်။
ချီယွဲ့နိုင်ငံ။
နန်းတော်။
စာကြည့်ခန်း။
ပေဝမ်ဖုသည် မကြာသေးမီ ရက်များအတွင်း ကြယ်နယ်မြေ အသီးသီးမှ ပေးပို့လာသော စစ်သတင်းများကို ကြည့်နေသည်။ သူ၏ မျက်နှာအမူအရာက အလွန် တင်းမာနေ၏။ တစ်လအတွင်းမှာပင် ချီယွဲ့နိုင်ငံ၏ ထိန်းချုပ်မှုအောက်ရှိ ကြယ်နယ်မြေ ထက်ဝက်ကျော်သည် ရှနိုင်ငံ စစ်တပ်၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။
တစ်ခုခု မှားယွင်းနေသည်ဟု ပေဝမ်ဖု ခံစားလိုက်ရ၏။ ကြယ်နယ်မြေ သခင်အများစုသည် ချီယွဲ့နိုင်ငံကို အခိုင်အမာ ထောက်ခံသူများ ဖြစ်ကြောင်း သူ မှတ်မိနေသေးသည်။ သို့သော် ထောက်လှမ်းရေး သတင်းများအရ ကြယ်နယ်မြေ သခင်အများစုက မည်သည့် ခုခံမှုမှ မပြုပဲ အညံ့ခံခဲ့ကြသည်ဟု သိရသည်။
ဤအခြင်းအရာက ပေဝမ်ဖုကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။ ကြယ်နယ်မြေ သခင်များ အစုလိုက်အပြုံလိုက် အညံ့ခံခြင်းမှာ ပြည်သူ့ထောက်ခံမှု ပြိုလဲသွားခြင်းကို ဆိုလိုခြင်းပင် ဖြစ်၏။ အကယ်၍ ပြည်သူ့ထောက်ခံမှုကို လုံးဝ ဆုံးရှုံးသွားပါက ချီယွဲ့နိုင်ငံ၏ ကံစွမ်းအားကို ရှနိုင်ငံက အလွယ်တကူ သိမ်းယူသွားနိုင်သည်။
စိုးရိမ်ပူပန်မှုများနှင့်အတူ ပေဝမ်ဖုက တိုးတိုးလေး ရေရွတ်လိုက်၏။
“သံတမန်က ရှနိုင်ငံရဲ့ အုပ်ချုပ်သူနဲ့ တွေ့ပြီးပြီလားဆိုတာ သိချင်မိတယ်။”
ရှနိုင်ငံ၏ လက်ရှိ တိုက်စစ်အရှိန်အရ သူတို့၏ စစ်တပ်သည် ဧကရာဇ်ကြယ်သို့ ရောက်ရှိလာရန် မကြာတော့ပေ။ ထိုအချိန်ကျလျှင် စေ့စပ်ညှိနှိုင်းရန် အလွန် နောက်ကျသွားပေလိမ့်မည်။ ဤအကျပ်အတည်းမှ လွတ်မြောက်ရန် နည်းလမ်းကို စဉ်းစားရင်း ပေဝမ်ဖုတစ်ယောက် စာကြည့်ခန်းအတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။
ထိုအခိုက်တွင် အစောင့်တစ်ဦး ထောက်လှမ်းရေး သတင်းတစ်ခုနှင့်အတူ စာကြည့်ခန်းထဲသို့ ဝင်လာသည်။
“မင်းကြီး... ဆိုးရွားတဲ့အရာတစ်ခု ဖြစ်ပျက်နေပါပြီ။”
ထိုစကားကို ကြားလျှင် ပေဝမ်ဖု၏ မျက်နှာ ပို၍ ဖြူဖျော့သွား၏။
“ဆိုးရွားတဲ့အရာတစ်ခု ဖြစ်ပျက်နေပြီ” ဆိုသည့် စကားသည် လွန်ခဲ့သော တစ်လအတွင်း သူ အကြားခဲ့ရဆုံး စကားလုံးဖြစ်သည်။
ပေဝမ်ဖုက စိတ်မရှည်စွာ မေးလိုက်သည်။
“ဒီတစ်ခါကော ဘယ်ကြယ်နယ်မြေ ကျဆုံးသွားတာလဲ”
အစောင့်က ရိုသေစွာဖြင့်
“တော်ဝင်မိသားစုဝင် အချို့နဲ့အတူ စစ်သည် အမြောက်အမြားက ရှေ့တန်းမှာ ပေါ်လာပြီး ရှနိုင်ငံကို အသေခံတိုက်ဖို့ ရည်ရွယ်နေကြပါတယ်။”
အစောင့်၏ အစီရင်ခံမှုကို ကြားလျှင် ပေဝမ်ဖု၏ မျက်နှာ ပြာနှမ်းသွားတော့၏။ ထို့နောက် အစောင့်၏ လက်ထဲမှ ကျောက်စိမ်းပြားကို အလျင်အမြန် ယူလိုက်ပြီး စိတ်ဝိညာဉ် စွမ်းအားကို ထည့်သွင်းလိုက်သည်။ ခဏခန့်အတွင်းမှာပင် ကျောက်စိမ်းပြားမှ အကြောင်းအရာများ လေထုထဲတွင် ပေါ်လာ၏။ ထိုအကြောင်းအရာများကို မြင်လျှင် ပေဝမ်ဖု၏ ခန္ဓာကိုယ်လည်း ဒေါသကြောင့် တုန်ယင်လာတော့သည်။
“ဒီအဖိုးကြီးတွေ... ဘာတွေ လုပ်နေကြတာလဲ။ ငါ့ကို အသတ်ခံရအောင် လုပ်နေကြတာလား။”
သူက စေ့စပ်ညှိနှိုင်းရန် သံတမန်ကို ရှေ့တန်းသို့ စေလွှတ်လိုက်ရုံသာ ရှိသေးသော်လည်း ယခုအခါ ထိုတော်ဝင်မိသားစုဝင်များက ရှနိုင်ငံကို အသေခံတိုက်ရန် စစ်တပ်များကို ခေါ်ဆောင်သွားကြသည်။ အကယ်၍ ထိုသူများသည် ချီယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုဝင်များ ဖြစ်ကြောင်း ရှနိုင်ငံက သိသွားလျှင် သူတို့၏ ဧကရာဇ်က ဤအရာအားလုံး သူ၏ လက်ချက်ဟု ထင်သွားမည် မဟုတ်ပါလား။
ထိုသို့ဆိုလျှင် စေ့စပ်ညှိနှိုင်းမှုများသည် ပြက်လုံးတစ်ခု ဖြစ်သွားပေလိမ့်မည်။ ထိုအဖိုးကြီးများသည် သူ့ကို စေ့စပ်ညှိနှိုင်းစေလိုခြင်း မရှိပဲ ရှနိုင်ငံနှင့် ချီယွဲ့နိုင်ငံအကြား စစ်ပွဲဖြစ်ပွားရန် တမင် လှုံ့ဆော်လိုခြင်း ဖြစ်ကြောင်း ပေဝမ်ဖု ချက်ချင်း သိလိုက်ရ၏။
သူ၏ လက်သီးများကို တင်းတင်းဆုပ်ရင်း ပေဝမ်ဖုက ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ ထိုအဖိုးကြီးများကို သူ၏ အစီအစဉ်များကို ဖျက်ဆီးခွင့် ပေး၍ မရပေ။ သူကိုယ်တိုင် ရှေ့တန်းသို့ သွားရောက်ကာ စေ့စပ်ညှိနှိုင်းရမည် ဖြစ်သည်။
…….
ထျန်းလော့ကြယ်နယ်မြေ။
သတ္တုရောင်များ တလက်လက် တောက်ပနေသော နတ်လှေ ရာပေါင်းများစွာသည် ဟင်းလင်းပြင်ထဲ၌ တိတ်ဆိတ်စွာ ပျံဝဲနေကြ၏။ ကြီးမားလှသော လှေအုပ်စုကြီးကို မြင်လျှင် ပေနီယန်သည် သူ၏ နတ်လှေ၏ ကုန်းပတ်ပေါ်တွင် ရပ်နေရင်း
ကြောက်ရွံ့မှု အနည်းငယ်ကို ခံစားလိုက်ရသည်။
ပေနီယန်၏ အနီးရှိ စစ်သည်တစ်ဦးက မှတ်ချက်ပြုလိုက်သည်။
“ထူးဆန်းတယ်။ ရှနိုင်ငံက ဘာလို့ အခုထိ မတိုက်သေးတာလဲ။”
ရှေ့တန်းသို့ လာရာလမ်းတစ်လျှောက် ကြားသိခဲ့ရသော အခြေအနေများက စိုးရိမ်စရာ ကောင်းလှ၏။ ရှနိုင်ငံ စစ်တပ်က ချီယွဲ့နိုင်ငံပိုင် ကြယ်နယ်မြေ ထက်ဝက်ကို သိမ်းပိုက်ပြီး ဖြစ်ကြောင်း သူတို့ ကြားသိခဲ့ရ၏။ ယုတ္တိကျကျ စဉ်းစားကြည့်လျှင် ရှနိုင်ငံသည် ချီယွဲ့နိုင်ငံတစ်ခုလုံးကို တစ်ပြိုင်နက် သိမ်းပိုက်ရန် ရည်ရွယ်သင့်သည်။ ထိုသို့ဆိုလျှင် သူတို့က အဘယ်ကြောင့် ရပ်တန့်နေကြသနည်း။
ပေနီယန်က ဤအကြောင်းကို စဉ်းစားနေပြီး စုံစမ်းရန် တစ်စုံတစ်ဦးကို စေလွှတ်တော့မည့် ဆဲဆဲတွင် သူတို့၏ နတ်လှေရှေ့၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာ၏။
“ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်... အညံ့ခံတဲ့ ချီယွဲ့နိုင်ငံ တော်ဝင်မိသားစုဝင်တွေကို အသက်ချမ်းသာခွင့်ပေးမယ်။”
ပေနီယန်နှင့် သူ၏ အဖွဲ့ ရှေ့တန်းသို့ မရောက်မီမှာပင် ပေထျန်းလုက သွေးမျိုးဆက်စွမ်းအား မှတစ်ဆင့် သူတို့ ရှိနေခြင်းကို သိလိုက်ပြီး ဖြစ်၏။ ထိုပေမိသားစုဝင်များသည် အညံ့ခံရန် လာခြင်း မဟုတ်ပဲ ရှနိုင်ငံကို အသေခံတိုက်ရန် လာခြင်း ဖြစ်ကြောင်းလည်း သူ သိလိုက်ရသည်။ သူ၏ မျိုးဆက်အားလုံးသည် ပေဝမ်ဖုကဲ့သို့ မဟုတ်ကြောင်း သိလိုက်ရသဖြင့်လည်း ပေထျန်းလုကို အနည်းငယ် စိတ်သက်သာရာ ရစေသည်။
ဟင်းလင်းပြင်ထဲမှ သတင်းစကားကို ကြားလျှင် ပေနီယန်က နှာခေါင်းရှုံ့ကာ
“ကျုပ်တို့ သေရင်သေပါစေ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး။”
ပေနီယန် ပြောနေစဉ်မှာပင် ပေမိသားစုမှ ဧကရာဇ်လောင်းတစ်ဦးက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
“တိုက်ကြ။ ကျုပ်တို့ ပေမိသားစုရဲ့ ကြယ်နယ်မြေတွေကို ဒီလောက် အလွယ်တကူ သိမ်းလို့မရဘူးဆိုတာ ဒီကျူးကျော်သူတွေကို ပြလိုက်ကြစမ်း။”
ချက်ချင်းပင် ပေနီယန်နှင့် ပေမိသားစုမှ ဧကရာဇ်လောင်း အချို့သည် နတ်လှေပေါ်မှ ဆင်းကာ အဝေးရှိ နတ်လှေများကို ဖျက်ဆီးရန် တိုက်ခိုက်လိုက်ကြ၏။
သို့သော် ထိုအခိုက်အတန့်တွင် ကြီးမားလှသော ရွှေရောင် နိယာမ ပုံရိပ် တစ်ခု ရှနိုင်ငံ စစ်နတ်လှေ အုပ်စု၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ကြီးမားလှသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ဧကရာဇ်အဆင့်၏ ဖိအားကို ခံစားလိုက်ရသဖြင့် ပေနီယန်နှင့် အခြားသူများ သွားကို တင်းတင်းကြိတ်ထားလိုက်ကြ၏။
ဧကရာဇ်လောင်းများသည် ထိုဖိအားကို ခက်ခဲစွာ တောင့်ခံနိုင်သော်လည်း သူတို့၏ အောက်ရှိ သူတော်စင်များနှင့် အခြားကျင့်ကြံသူများ ကတော့ သူတို့၏ အရိုးများ ချေဖျက်ခံနေရသကဲ့သို့ ခံစားရပြီး အလွန် ဒုက္ခရောက်နေကြသည်။
ထိုအခိုက်အတန့်တွင် ပေနီယန်သည် သူ့ရှေ့ရှိ နိယာမ ပုံရိပ် ကို မြင်လိုက်ရပြီး ခေတ္တခန့် ဇဝေဇဝါ ဖြစ်သွားသည်။ ထို့နောက် သူ၏ မျက်ခုံးများတွန့်ခေါက်သွားကာ လက်ကိုမြှောက်၍ မျက်လုံးများကို ပွတ်လိုက်၏။ သို့သော်လည်း သူ၏ မျက်လုံးများကို မယုံကြည်နိုင် ဖြစ်နေသေးသည်။
ဤ နိယာမ ပုံရိပ်သည် သူတို့၏ အဘိုးနှင့် အံ့ဩစရာကောင်းလောက်အောင် တူနေ၏။
……………
အခန်း (၁၃၅၂ )
အဘိုး မသေသေး
ထိုခဏ၌ ပေမိသားစုမှ ဧကရာဇ်လောင်းတစ်ဦးသည် ဖိအားကို အံတုလျက် အဝေးရှိ ဧကရာဇ်အဆင့် နိယာမ ပုံရိပ်ကို တိုက်ခိုက်ရန် ရည်ရွယ်လိုက်သည်။ သူတို့သည် အသက်ရှင်လျက် ပြန်ရန် မစဉ်းစားထားကြပေ။ ထို့ကြောင့် ဧကရာဇ်အဆင့်ရှိသူတစ်ဦးကို တိုက်ခိုက်ရမည် ဖြစ်သော်လည်း ကြောက်ရွံ့ခြင်း လုံးဝ မရှိကြတော့ပေ။
သို့ရာတွင် ထိုဧကရာဇ်လောင်း မလှုပ်ရှားမီမှာပင် ပေနီယန်က အလျင်အမြန် တားဆီးလိုက်သည်။
“နေဦး။ ဒီနိယာမ ကိုယ်ထည်ကို တစ်နေရာရာမှာ မြင်ဖူးသလိုလို မရှိဘူးလား။”
ပေနီယန်၏ စကားကို ကြားလိုက်ရလျှင် ပေမိသားစုဝင်များ စတင် သတိပြုမိလာကြသည်။ ပေမိသားစု၏ မျိုးဆက်သစ်များသည် ပေထျန်းလု၏ နိယာမ ပုံရိပ်ကို မမြင်ဖူးကြသော်လည်း ပေနီယန်ကဲ့သို့သော ဧကရာဇ်လောင်းများကတော့ အကြိမ်အနည်းငယ် မြင်တွေ့ဖူးကြသည်။
ထိုခဏ၌ ပေမိသားစုမှ ဧကရာဇ်လောင်းတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်၏။
“ထူးဆန်းတယ်။ ဒီနိယာမ ပုံရိပ်ကိုယ်ထည်က အဘိုးရဲ့ နိယာမ ကိုယ်ထည်နဲ့ ဘာလို့ ဒီလောက်တောင် တူနေရတာလဲ။”
ထိုအသံကို ကြားလျှင် ပေမိသားစုဝင်များလည်း ထိုပုံစံနှင့် သူတို့ အဘယ်ကြောင့် ရင်းနှီးနေရသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားကြ၏။ ဤနိယာမ ပုံရိပ်သည် သူတို့ အဘိုး၏ နိယာမ ကိုယ်ထည်နှင့် တကယ်ပင် ထပ်တူကျနေသည် မဟုတ်ပါလား။
ဘာတွေ ဖြစ်ပျက်နေသနည်း။
သူတို့ အဘိုး၏ နိယာမ ပုံရိပ်သည် ဤနေရာ၌ အဘယ်ကြောင့် ပေါ်လာရသနည်း။ ပေမိသားစုမှ ဧကရာဇ်လောင်း အချို့လည်း ဘာဆက်လုပ်ရမှန်း မသိတော့ပဲ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
ထိုခဏ၌ ဟင်းလင်းပြင်ထဲမှ အဖိုးအိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“မင်းတို့က ချီးကျူးစရာ ကောင်းပါတယ်။ ဒီအဘိုးကြီးကို စိတ်မပျက်စေခဲ့ဘူးပဲ။”
ထိုအသံကို ကြားလိုက်ရလျှင် ပေနီယန်၏ ဦးနှောက်ထဲ ဇဝေဇဝါ ဖြစ်သွားသည်။ နိယာမ ကိုယ်ထည်ကို မြင်ရရုံနှင့် သူ ရာနှုန်းပြည့် မသေချာနိုင်သေးပေ။ သို့သော် အသံကို ကြားလိုက်ရပြီးနောက်တွင်မူ ဤနိယာမ ပုံရိပ်သည် သူတို့အဘိုး ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ခဏခန့်အတွင်းမှာပင် မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကို ပေနီယန်က ဆက်စပ်ကြည့်လိုက်ပြီး ချက်ချင်းပင် သဘောပေါက်သွားသည်။
“ဒါကြောင့်ကိုး... ဒါကြောင့်ကိုး... ကြယ်နယ်မြေတွေ ဘာလို့ ဒီလောက် မြန်မြန် ကျရှုံးသွားလဲဆိုတာ သိချင်နေတာ... အဘိုးပဲ... အဘိုး ပြန်လာပြီ”
ဟု အော်ဟစ်လိုက်သည်။
ပေနီယန်၏ အသံဆုံးလျှင် အခြားသော ပေမိသားစုဝင်များလည်း တုံ့ပြန်လာကြ၏။ အားလုံး ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။
“အဘိုးပဲ”
“ကောင်းလိုက်တာ။ အဘိုး မသေသေးဘူးပဲ”
“အဘိုး ပြန်လာပြီ”
ထိုအချိန်၌ ပေနီယန်သည် အခြားသော ဧကရာဇ်လောင်းများနှင့်အတူ ပေထျန်းလု၏ နိယာမ ပုံရိပ်ရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်သည်။
“ဝါစဉ်ငယ်သူက အဘိုးကို ဂါရဝပြုပါတယ်။ အဘိုး နန်းတွင်းကို ပြန်ကြွလာတာကို ကြိုဆိုပါတယ်။”
ထိုစကားကို ကြားလျှင် ဖေးဟုန်နတ်လှေပေါ်ရှိ ပေထျန်းလု ခပ်ဖွဖွပြုံးလိုက်၏။ ပေမိသားစုသည် သူ ရှနိုင်ငံတော်သို့ ဝင်ရောက်သွားခြင်းကို မသိကြပေ။ သူ အာဏာပြန်သိမ်းရန် ပြန်လာသည်ဟု ထင်နေကြဆဲဖြစ်ကြောင်း သူ သိလိုက်ရသည်။
ထို့နောက် ပေထျန်းလုက
“ပေနီယန်... ဒီကို လာခဲ့ပါဦး။ ကျုပ် မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်။”
ပေနီယန်နှင့် ထိုသူများသည် ပေထျန်းလု၏ မျိုးဆက်များ ဖြစ်ကြသည်။ ထို့ကြောင့် ပေထျန်းလုက သူတို့ကို ထိခိုက်စေမည် မဟုတ်ပေ။ သူ၏ မျိုးဆက်များကို သူ ရှနိုင်ငံတော်သို့ ဝင်ရောက်ခဲ့သည့် အကြောင်းကို ရှင်းပြရန် လိုအပ်သည်ဟု သူယူဆသည်။
ပေထျန်းလု၏ စကားကို ကြားလျှင် ပေနီယန်နှင့် အခြားသော ဧကရာဇ်လောင်းတို့လည်း တွေဝေမနေကြတော့ပဲ အလင်းတန်းများအဖြစ် ပြောင်းလဲလိုက်ကြပြီး ဖေးဟုန်နတ်လှေပေါ်သို့ လျင်မြန်စွာ ရောက်ရှိလာကြ၏။
နတ်လှေ၏ ကုန်းပတ်ပေါ်၌ သေမင်းအငွေ့အသက်များ ကင်းစင်နေသည့် ပေထျန်းလုကို မြင်လျှင် သူတို့မှာ နောက်တစ်ကြိမ် မှင်တက်သွားကြပြန်သည်။
အဘိုးသည် ပြန်လာရုံသာမက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သေမင်း အငွေ့အသက်များပင် ကွယ်ပျောက်သွားပြီ ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့အဘိုးသည် သက်တမ်းကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ပိုမြင့်မားသော ကျင့်စဉ်အဆင့်သို့ အဘိုး ရောက်ရှိသွားပြီလားဟုလည်း အားလုံး တွေးတောလိုက်ကြ၏။
ပေနီယန်သည် ပေထျန်းလုဆီသို့ အပြေးအလွှား သွားလိုက်သည်။
“အဘိုး... အဘိုးက သက်တမ်းကန့်သတ်ချက်ကို ကျော်လွန်သွားတာလား”
“အဲဒီလိုပဲ ပြောရမှာပေါ့”
ဟု ပေထျန်းလုက တုံ့ပြန်လိုက်သည်။
ပေနီယန်က ချက်ချင်း ဒူးထောက်လိုက်ပြန်သည်။
“ကျေးဇူးပြုပြီး အဘိုး... နန်းတွင်းကို ပြန်ကြွပြီး ရာဇပလ္လင်ကို ပြန်သိမ်းပိုက်ပေးပါ။”
သူတို့ အဘိုးသည် ပြန်လည် နာလန်ထူလာပြီး သက်တမ်းကန့်သတ်ချက်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သစ္စာဖောက် ပေဝမ်ဖုကို ဖယ်ရှားပစ်ရမည် ဖြစ်ပေသည်။ ပေနီယန် ဒူးထောက်ပြီးနောက် အခြားသော ဧကရာဇ်လောင်းများကလည်း လိုက်လံ ဒူးထောက်ကြသည်။
“ကျေးဇူးပြုပြီး အဘိုး... နန်းတွင်းကို ပြန်ကြွပြီး ပလ္လင်ကို ပြန်သိမ်းပိုက်ပေးပါ”
ပေထျန်းလုက သက်ပြင်းချလိုက်သည်။
“အရင် ထကြပါဦး။ ကျုပ် စကားဆုံးအောင် ပြောပါရစေ။”
ပေနီယန် ထရပ်လိုက်၏။ ထိုခဏ၌ ပေထျန်းလု ဘာပြောချင်သည်ကို သူ အလွန်သိချင်နေသည်။
ပေထျန်းလုသည် နတ်လှေ၏ အစွန်းသို့ လမ်းလျှောက်သွားပြီး အဝေးရှိ ဟင်းလင်းပြင်ကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်သည်။ အချိန်အတော်ကြာပြီးမှ ပေထျန်းလုက
“ကျုပ်က ရှဧကရာဇ်ဆီမှာ သစ္စာခံပြီးပြီ။ အခု ရှဧကရာဇ်ဆီမှာ အမှုထမ်းနေတာ။ ဒီနေ့ကစပြီး ချီယွဲ့နိုင်ငံဆိုတာ မရှိတော့ဘူး။”
ထိုစကားကို ကြားလျှင် ပေနီယန်နှင့် အခြားသူများ ချက်ချင်း မှင်တက်သွားကြသည်။ ပေထျန်းလုသည် ပလ္လင်ပြန်သိမ်းရန် ပြန်လာသည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် မထင်မှတ်ပဲ သူသည် ချီယွဲ့နိုင်ငံကို သိမ်းပိုက်ရရာ၌ ရှနိုင်ငံတော်ကို ကူညီပေးရန် ရောက်လာခြင်း ဖြစ်နေသည်။
ခဏခန့်အတွင်းမှာပင် ပေနီယန်တို့လူစု ဘာပြောရမည်မှန်း မသိတော့ပဲ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားကြသည်။ သူတို့သည် ချီယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုဝင်များ ဖြစ်ကြသည်။
သို့သော် အဆုံးစွန်၌ ဤနိုင်ငံကို တည်ထောင်ခဲ့သူမှာ သူတို့၏ အဘိုးပင် ဖြစ်၏။ ယခု အဘိုးသည် အခြားအင်အားစုတစ်ခုသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း သူ့နောက်သို့ လိုက်သင့်ပေသည်။ သို့သော် ချီယွဲ့နိုင်ငံကို ဤသို့ စွန့်ခွာရခြင်းက သူတို့ကို ချီတုံချတုံ ဖြစ်စေသည်။
သူတို့သည် ကိုယ်ကျိုးတစ်ခုတည်းအတွက် လုပ်ဆောင်နေခြင်း မဟုတ်ပေ။ အကယ်၍ သူတို့၏ ကိုယ်ကျိုးကိုသာ ကြည့်ခဲ့မည်ဆိုလျှင် ရှနိုင်ငံတော်ကို အံတုရန် လာကြမည် မဟုတ်ပေ။
သူတို့၏ အဓိက စိုးရိမ်မှုမှာ အကယ်၍ ရှနိုင်ငံတော်သို့ ဝင်ရောက်လိုက်လျှင် သူတို့၏ မင်းဆက်ကံစွမ်းအား လုံးဝ ပျောက်ကွယ်သွားမည်ကို ဖြစ်ပြီး သူတို့၏ မျိုးဆက်များ ဘေးထွက်ဆိုးကျိုးများကို ခံစားရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ပေနီယန်တို့ အချိန်အတော်ကြာ တိတ်ဆိတ်သွားကြသည်။ အချိန်မည်မျှ ကြာသွားသည်ကို မသိ နောက်ဆုံးတွင် ပေနီယန်က
“အဘိုးက... ရှဧကရာဇ်ရဲ့ အကူအညီကြောင့်ပဲ သက်တမ်းကန့်သတ်ချက်ကို ကျော်လွန်နိုင်ခဲ့တာလား။”
သူတို့အဘိုးသည် အကျိုးကျေးဇူးကြီးကြီးမားမား မရပဲ အခြားသူ၏အောက်တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်မည့်သူ မဟုတ်ဟု ပေနီယန် ယုံကြည်ထား၏။
“ဟုတ်တယ်”
ဟု ပေထျန်းလုက တုံ့ပြန်လိုက်သည်။
ပေနီယန်က
“ဝါစဉ်ငယ်သူ နားလည်ပါပြီ။ ကျွန်တော်တို့လည်း အဘိုးနောက်ကို လိုက်ပြီး ရှနိုင်ငံတော်ထဲကို ဝင်ပါ့မယ်။”
ပေနီယန်၏ အသံဆုံးလျှင် အခြားသော ဧကရာဇ်လောင်းများကလည်း
“ကျွန်တော်တို့လည်း အဘိုးနောက်ကို လိုက်ပြီး ရှနိုင်ငံတော်ထဲကို ဝင်ပါ့မယ်။”
သူတို့ စကားပြောပြီးသည်နှင့် ရွှေချည်ထိုးထားသော အဖြူရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး သူတို့ရှေ့တွင် ပေါ်လာ၏။ ပေထျန်းလုက ပေနီယန်နှင့် အခြားသူများကို
“ဒါက ရှဧကရာဇ်ပဲ”
ပေနီယန်သည် အခြားသော ဧကရာဇ်လောင်းများနှင့်အတူ တွေဝေမနေတော့ပဲ လုချန်းကို ဂါရဝပြုလိုက်ကြသည်။
“မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီးနောက်ကို အသေခံ လိုက်ပါ့မယ်လို့ သစ္စာဆိုပါတယ်။”
သူတို့ စကားဆုံးသည်နှင့် သူတို့၏ လက်ရှိ ကံစွမ်းအားများ လျင်မြန်စွာ ကွယ်ပျောက်သွားသည်ကို အားလုံး သတိထားမိလိုက်ကြသည်။ သို့သော် ချက်ချင်းဆိုသလိုပင် ပို ၍ခမ်းနားထည်ဝါသော ကံစွမ်းအားသစ်တစ်ခုက သူတို့ကို လွှမ်းခြုံလာသည်။ ကံစွမ်းအားအသစ်က သူတို့ကို လွှမ်းခြုံလိုက်ပြီးချက်ချင်းပင် သူတို့၏ ကျင့်စဉ်များ တိုးတက်လာသည် ခံစားလိုက်ရ၏။
ဤဧကရာဇ်လောင်း အမြောက်အမြားအတွက် ဧကရာဇ် အဆင့်သို့ တက်လှမ်းအခွင့်အရေး မရှိကြပေ။ ဧကရာဇ်လောင်း အဆင့်တွင်သာ သက်တမ်းကုန်ဆုံးရန် စောင့်ဆိုင်းနေကြရမည့်သူများ ဖြစ်၏။
ဧကရာဇ်လောင်း တစ်သောင်းတွင် တစ်ယောက်ပင် လမ်းစဉ်ကို အောင်မြင်ရန် မသေချာပေ။ မထင်မှတ်ပဲ ရှဧကရာဇ်ထံ၌ ရိုးရိုးရှင်းရှင်း သစ္စာခံလိုက်ရုံနှင့် ရှနိုင်ငံတော်၏ ကံစွမ်းအားကြောင့် သူတို့သည် ကျင့်စဉ်တိုးတက်မှု အငွေ့အသက်များကို ခံစားလိုက်ရသည်။
ယခု ပေနီယန်တို့ လုံးဝ စိတ်အေးသွားကြပြီ ဖြစ်၏။ ရှနိုင်ငံတော်သို့ ဝင်ရောက်ခြင်းက သူတို့အတွက် ကံစွမ်းအား အထောက်အပံ့ကို ရရှိစေပြီး သူတို့၏ မျိုးဆက်များအတွက်လည်း အကျိုးရှိစေသည်။ ဤရှုထောင့်မှကြည့်လျှင် ရှနိုင်ငံတော်သို့ ဝင်ရောက်ခြင်းသည် ဆုတ်ယုတ်နေသော ချီယွဲ့နိုင်ငံကို ထိန်းသိမ်းထားခြင်းထက် ပိုကောင်းပေသည်။
ထိုခဏ၌ ပေနီယန်က
“အဘိုး... ပေဝမ်ဖုကို ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားလဲ”
ပေထျန်းလုနှင့် ပေဝမ်ဖု နှစ်ဦးလုံးသည် အခြားသော အင်အားစုများသို့ ဝင်ရောက်ခဲ့ကြသော်လည်း ပေဝမ်ဖုက ချီယွဲ့နိုင်ငံကို အရင်ဆုံး သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။
ပေထျန်းလုက သက်ပြင်းချလိုက်ပြီး အဖြေ မပေးပေ။ အမှန်အတိုင်းပြောရလျှင် ပေဝမ်ဖုကို မည်သို့ကိုင်တွယ်ရမည်မှန်း သူကိုယ်တိုင်လည်း မသိပေ။
အဘိုးတစ်ဦးအနေနှင့် သူကိုယ်တိုင်လည်း အခြားအင်အားစုတစ်ခုသို့ ဝင်ရောက်ခဲ့ပြီး ရှနိုင်ငံတော်ဘက်မှ ချီယွဲ့နိုင်ငံကို တိုက်ခိုက်နေခြင်းမှာ အိမ်ထဲသို့ ဝံပုလွေ ခေါ်သွင်းနေခြင်းနှင့် တူနေ၏။ ပေဝမ်ဖု မှားယွင်းသည်ဟု ပြောရန် သူ့၌ အခွင့်အရေး မရှိပေ။
ပေနီယန်လည်း ပေထျန်းလု၏ အကျပ်အတည်းကို မြင်လိုက်ရသည်။
“သူ့ရဲ့ မျိုးဆက်တွေကို ပေမိသားစုကနေ နှင်ထုတ်လိုက်ရင်ရော”
ဟု သူက အကြံပြုလိုက်၏။
ပေထျန်းလု ခဏခန့် စဉ်းစားလိုက်သော်လည်း မတုံ့ပြန်ပေ။ ထိုစဉ် သူ၏ အကြည့်များ လုချန်းဆီသို့ ကျရောက်သွားလေတော့သည်။
…………….
အခန်း (၁၃၅၃)
ရှနိုင်ငံ၏ သံတမန်
ပေထျန်းလုသည် ယခုအချိန်တွင် လုချန်း၏ လက်အောက်၌ သစ္စာခံနေပြီ ဖြစ်သည်။ ချီယွဲ့နိုင်ငံနှင့် ရှနိုင်ငံတို့သည် လက်ရှိတွင် ရန်ဘက်ဖြစ်နေကြပြီး ပေဝမ်ဖုကို မည်သို့ စီမံမည်ဆိုတာ သူ၏ ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်သည်။
ပေထျန်းလုက မိမိကို ကြည့်နေသည်ကို လုချန်း သတိထားမိလိုက်လျှင် ပေထျန်းလု သူ၏ အမြင်ကို တောင်းခံနေခြင်းဖြစ်ကြောင်း နားလည်သွားပြီး
“ပေဝမ်ဖုက ခင်ဗျားရဲ့ မျိုးဆက်ပဲ။ ဘယ်လို ဆက်လုပ်မလဲဆိုတာ ခင်ဗျားရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်။”
ပေထျန်းလုက အလျင်အမြန် ဦးညွှတ်လိုက်ပြီး
“မင်းကြီးကို ကျေးဇူးတင်ပါတယ်”
လုချန်း၏ စကားကြောင့် ပေဝမ်ဖု သေဘေးမှ လွတ်ငြိမ်းခွင့် ရလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
……..
ပေထျန်းလုနှင့် ပေမိသားစုနှင့် ပြန်လည် ဆုံစည်းမိကြပြီးနောက် ပေထျန်းလု ပြန်လာသည့် သတင်းကို ဖြန့်ဝေရန် သူတို့ ချက်ချင်းပင် ပြင်ဆင်လိုက်ကြသည်။ ချီယွဲ့နိုင်ငံ၏ မင်းဆက်ကံစွမ်းအားကို ရရှိရန် အကောင်းဆုံးနည်းလမ်းမှာ ပေထျန်းလု ချီယွဲ့နိုင်ငံသို့ ပြန်လာကြောင်း ကြေညာရန် ဖြစ်သည်။ ထို့နောက် ပေထျန်းလုကို ချီယွဲ့နိုင်ငံအား တစ်ကျော့ပြန် ထိန်းချုပ်ခွင့် ပေးရန်လည်း လိုအပ်သည်။
ထို့နောက် ချီယွဲ့နိုင်ငံ၏ ပြည်သူများရှေ့တွင် ပေထျန်းလုက လုချန်းထံ၌ သစ္စာခံကြောင်း လူသိရှင်ကြား ကြေညာမည် ဖြစ်သည်။ ထို့နောက် ချီယွဲ့နိုင်ငံကို ရှနိုင်ငံအတွင်းသို့ ပေါင်းစည်းလိုက်မည်။ ဤနည်းနှင့် ချီယွဲ့နိုင်ငံ၏ ကံစွမ်းအားသည် ရှနိုင်ငံ၏ ကံစွမ်းအားအတွင်းသို့ စီးဝင်သွားမည် ဖြစ်သည်။
…….
ပေဝမ်ဖုတစ်ယောက်ကတော့ ဖြစ်ပျက်တော့မည့်အရာကို လုံးဝ မသိသေးပေ။ သူသည် ရှနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရန် ဝန်ကြီးများကို ဦးဆောင်ကာ ထျန်းလော့ကြယ်နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပေဝမ်ဖုကိုယ်တိုင် ထျန်းလော့ကြယ်နယ်မြေသို့ လာရောက်ကြောင်း သိလိုက်ရလျှင် လုချန်းက ရှစစ်တပ်ကို ထပ်မံ မချီတက်စေတော့ပေ။ စေ့စပ်ညှိနှိုင်းရန် ပေဝမ်ဖု ရောက်လာသည်အထိ ထျန်းလော့ကြယ်နယ်မြေတွင်သာ စောင့်ဆိုင်းနေခဲ့သည်။
တစ်လတာဟူသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ပေဝမ်ဖုသည် ချီယွဲ့နိုင်ငံ၏ ဝန်ကြီးများကို ဦးဆောင်ကာ ထျန်းလော့ကြယ်နယ်မြေသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
ပေဝမ်ဖု၏ နတ်လှေထျန်းလော့ကြယ်နယ်မြေသို့ ရောက်သည်နှင့် ထိုနေရာရှိ နတ်လှေများ၏ အငွေ့အသက်ကို သူ ခံစားလိုက်ရသည်။ သူသည် နတ်လှေပေါ်ရှိ သူ၏ အခန်းထဲမှ ထွက်လာပြီး ကုန်းပတ်ပေါ်တွင် ရပ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ ထျန်းလော့ကြယ်နယ်မြေ၏ အခြားတစ်ဖက်တွင် သတ္တုရောင် တလက်လက် တောက်ပနေသော နတ်လှေ အမြောက်အမြား တန်းစီနေကြသည်ကို တွေ့လိုက်ရသည်။
ထိုလှေများ၏ ရှေ့တွင် ရွှေရောင်တောက်ပကာ ခမ်းနားထည်ဝါသော နတ်လှေတစ်စင်း ရှိနေသည်။ တပ်ဆင်ထားသော အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသော နည်းဗျူဟာ အစီအမံများက ၎င်း၏ အဆင့်အတန်း မြင့်မားမှုကို ဖော်ပြနေသည်။
ထိုအခိုက်တွင် ပေဝမ်ဖုက သူ၏ ဘေးရှိ အစောင့်ကို
“ကိုယ်စားလှယ်အဖွဲ့နဲ့ ရှနိုင်ငံကြားက စေ့စပ်ညှိနှိုင်းမှု အခြေအနေ ဘယ်လိုရှိလဲ။”
အစောင့်က
“ဘယ်လို ရလဒ်မှ မထွက်သေးပါဘူး။ သူတို့ ရှနိုင်ငံရဲ့ အုပ်ချုပ်သူနဲ့ မတွေ့ရသေးဘူး။ ကိုယ်စားလှယ်အဖွဲ့ထဲက တချို့တောင် ပြန်လာကြပါပြီ။”
ထိုအဖြေကို ကြားလျှင် ပေဝမ်ဖုသည် ပို၍ စိုးရိမ်လာသည်။
ထိုစဉ် ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးဖြစ်သော ဝန်ကြီးလျူက ပေဝမ်ဖု၏ နတ်လှေပေါ်သို့ စိတ်လှုပ်ရှားစွာ ရောက်လာပြီး
“မင်းကြီး... သတင်းကောင်းပါ။ သတင်းကောင်းကြီးပါ”
ပေဝမ်ဖုက
“ဝန်ကြီးလျူ... ဘယ်လို သတင်းကောင်းလဲ”
ဟု သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဝန်ကြီးလျှူက
“ရှနိုင်ငံက စေ့စပ်ညှိနှိုင်းဖို့ သဘောတူလိုက်ပါပြီ။ သူတို့က မနက်ဖြန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာဖြစ်ပြီး ကျွန်တော်တို့ဘက်က ညှိနှိုင်းမယ့် နေရာကို ဆုံးဖြတ်နိုင်ပါတယ်။”
ပေဝမ်ဖု စိတ်သက်သာရာ ရသွားပြီး
“ဒါ တကယ်လား”
ရှနိုင်ငံ အုပ်ချုပ်သူက ညှိနှိုင်းရန် သဘောတူလိုက်ပြီ ဖြစ်သဖြင့် သူ၏ ဧကရာဇ် ပလ္လင်အန္တရာယ် ကင်းသွားပြီဟု ပေဝမ်ဖု ယူဆလိုက်သည်။
………
စေ့စပ်ညှိနှိုင်းမှုကို ထျန်းလော့ကြယ်နယ်မြေ၏ နယ်မြေသခင် ဂေဟာတွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်တစ်နေ့ မွန်းတည့်ချိန်အထိ ရှနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ရောက်မလာသေးသဖြင့် ပေဝမ်ဖုလည်း စိုးရိမ်စိတ်ဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။
ပေနီယန်တို့ အဖွဲ့ကို သူ ရှာမတွေ့သဖြင့် ရှနိုင်ငံ စစ်တပ်က ရှင်းလင်းလိုက်ပြီဟု အစက သူ ယူဆထားခဲ့သည်။ သို့သော်လည်း ယခု ပြန်စဉ်းစားကြည့်လျှင် ပေနီယန်တို့အဖွဲ့သည် စေ့စပ်ညှိနှိုင်းမှုကို ဖျက်ဆီးရန် ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်ဟု ထင်လာမိသည်။
ပေဝမ်ဖု၏ မျက်နှာ ပျက်သွားပြီး
“မြန်မြန်... ရှနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ချောင်းမြောင်း တိုက်ခိုက်ခံရလားဆိုတာ သွားစစ်ကြ”
ဟု အမိန့်ပေးလိုက်သည်။
ပေဝမ်ဖု စကားဆုံးသည်နှင့် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာပေသည်။
“လဧကရာဇ်... မစိုးရိမ်ပါနဲ့။ ဒီလိုအချိန်မျိုးမှာ ရှနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ဘယ်သူက ချောင်းတိုက်ရဲမှာလဲ။”
၎င်းမှာ ပေနီယန်၏ အသံမှန်း သူ ချက်ချင်း သိလိုက်သည်။ ခဏခန့် အကြာတွင် ပေနီယန်သည် သူ၏ နောက်လိုက်များနှင့်အတူ ကောင်းကင်တွင် ပေါ်လာသည်။ ထိုအခါ ပေဝမ်ဖု၏ ဧကရာဇ်လောင်း အဆင့်ရှိသော အစောင့်များက သူ့ကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။
ပေနီယန်က
“အလံ လွှင့်ထူလိုက်”
ဟု အမိန့်ပေးလိုက်သည်။
ရှနိုင်ငံ၏ အလံတော်ကြီး ကောင်းကင်တွင် ပေါ်လာပြီး ပေနီယန်က
“ဒီနေ့ ကျုပ်က ရှနိုင်ငံကို ကိုယ်စားပြုတဲ့ သံတမန်အဖြစ် စေ့စပ်ညှိနှိုင်းဖို့ လာတာပါ။”
ချီယွဲ့နိုင်ငံ၏ ဝန်ကြီးများအားလုံး မှင်တက်သွားကြသည်။ တော်ဝင်မိသားစုဝင်များက အညံ့မခံဘူးဟု ထင်ထားသော်လည်း သူတို့၏ ဧကရာဇ်ထက်ပင် ဦးအောင် ဒူးထောက်သွားကြသည် မဟုတ်လား။
ပေဝမ်ဖုလည်း ကြောင်အမ်းသွားသော်လည်း သူ၏ ပလ္လင် မြဲဖို့သာ အရေးကြီးသဖြင့်
“သံတမန်ပေ... စေ့စပ်ညှိနှိုင်းမှုကို စတင်နိုင်ပါတယ်။”
ပေနီယန်က ရယ်မောလိုက်ပြီး
“လဧကရာဇ်... အလျင်မလိုပါနဲ့ဦး။ စေ့စပ်ညှိနှိုင်းမှု မစခင် လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။”
ထိုအခိုက်တွင် အာကာသသည် လှိုင်းဂယက်ထသကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုလူကို မြင်လိုက်ရလျှင် ပေဝမ်ဖုနှင့် ဝန်ကြီးများ၏ ဦးနှောက်များ ဗလာဖြစ်သွားကြသည်။
ပေဝမ်ဖုက
“မဖြစ်နိုင်ဘူး... ခင်ဗျား ဘယ်လိုလုပ် အသက်ရှင်နေတာလဲ”
ဟု အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
ပေထျန်းလု ရောက်ရှိလာပြီ ဖြစ်သဖြင့် ပေဝမ်ဖု၏ ကံကြမ္မာက ဆုံးဖြတ်ပြီးသား ဖြစ်သွားသည်။ ပေထျန်းလုထံမှ သေမင်းအငွေ့အသက်များ ကွယ်ပျောက်သွားသည်ကိုလည်း အားလုံး တွေ့မြင်လိုက်ရသည်။ ချီယွဲ့နိုင်ငံ၏ ဝန်ကြီးများက ချက်ချင်း ဒူးထောက်ကာ
“အကြီးအကဲချုပ် ပြန်လာတာကို ကြိုဆိုပါတယ်။”
မိမိ၏ လူယုံများပင် ဒူးထောက်သွားသည်ကို မြင်လျှင် ဒေါသနှင့် ကြောက်ရွံ့မှုများ ရောပြွမ်းကာ ကောင်းကင်ရှိ ပေထျန်းလုကို ပေဝမ်ဖု စိုက်ကြည့်လိုက်သည်။
ထို့နောက်
“ကျွန်တော် မမှားဘူး”
ဟု ဟစ်အော်လိုက်တော့သည်။