← Chapters

အခန်း (၁၃၅၄-၁၃၅၆)

Vol. 91 Ch. 1354-1356

အခန်း (၁၃၅၄-၁၃၅၆)

Vol. 91 Ch. 1354-1356

အခန်း (၁၃၅၄ )

လျှို့ဝှက်ဆန်းကြယ်သော နတ်လှေ

ရူးသွပ်နေသော ပေဝမ်ဖုကို ကြည့်ပြီး ပေထျန်းလု သက်ပြင်းသာ ချလိုက်၏။ သူသည် ယနေ့ မည်သူမှားသည် မည်သူမှန်သည်ကို ငြင်းခုံရန် လာခဲ့ခြင်း မဟုတ်ပေ။

ပေဝမ်ဖုသည် အိမ်ထဲသို့ ဝံပုလွေများကို ဆွဲသွင်းကာ ချီယွဲ့နိုင်ငံကို သစ္စာဖောက်ခဲ့သည်က ငြင်းမရသော အချက် ဖြစ်သည်။ သို့သော် ပေထျန်းလု ကိုယ်တိုင်လည်း ထိုသို့ပင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သူ့၌ ပေဝမ်ဖုကို အပြစ်တင်ရန် အခွင့်အရေး မရှိပေ။

ထိုအခိုက်အတန့်တွင် ပေထျန်းလုက

“ပေမိသားစုက မင်းနဲ့သက်ဆိုင်တဲ့ မျိုးဆက်တွေကို ခေါ်ပြီး ချီယွဲ့နိုင်ငံကနေ ထွက်သွားတော့။ ဘယ်တော့မှ ပြန်မလာနဲ့။”

ဒေါသများကို ပေါက်ကွဲရန် ပြင်နေသော ပေဝမ်ဖုလည်း ထိုစကားကို ကြားလိုက်ရလျှင် ဆွံ့အသွားတော့သည်။ ပေထျန်းလုက သူ့ကို တကယ် လွှတ်ပေးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သတိပြန်ဝင်လာလျှင် ပေဝမ်ဖုက မယုံကြည်နိုင်စွာ မေးလိုက်ပြန်၏။

“ကျုပ်ကို မသတ်ဘူးလား”

ပေထျန်းလုက အေးစက်စွာ တုံ့ပြန်လိုက်သည်။

“အဲ့ဒီတုန်းက မင်းကို ရွေးချယ်ခဲ့တာ ငါကိုယ်တိုင်ပဲ။ ငါ မျက်စိကန်းခဲ့တာ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းဆီမှာ ပေမိသားစုရဲ့ သွေးပါနေသေးတယ်။ အခု ငါ့စိတ်မပြောင်းခင် မျက်စိရှေ့က အမြန်ပျောက်သွားတော့။”

ပေဝမ်ဖု သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူသည် ပလ္လင်ကို ဆုံးရှုံးခဲ့ရသော်လည်း အနည်းဆုံးတော့ အသက်ရှင်ခွင့် ရခဲ့၏။

အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိပါသေးသည်။

ပေဝမ်ဖုလည်း တွေဝေမနေတော့ပဲ အပေါ်သို့ ခုန်တက်ပြီး နတ်လှေတစ်စင်းကို ထုတ်ကာ ထျန်းလော့ကြယ်နယ်မြေမှ နောက်လှည့်မကြည့်ပဲ ထွက်ခွာသွားတော့သည်။

သူ ဤမျှ လွယ်လွယ်ကူကူ ထွက်သွားသည်ကို မြင်လျှင် အားလုံး အံ့အားသင့်သွားကြသည်။ ပေထျန်းလုက ပေဝမ်ဖုကို စီရင်မည်ဟု ထင်ခဲ့ကြသော်လည်း စကားတစ်ခွန်းမှ မပြောပဲ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

လူများ တွေးတောနေကြစဉ်မှာပင် ပေထျန်းလုက သူ၏ ဧကရာဇ်အဆင့် အရှိန်အဝါကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ပြင်းထန်သော ဖိအားသည် ထျန်းလော့ကြယ်နယ်မြေ တစ်ခုလုံး အပေါ်သို့ ချက်ချင်း သက်ရောက်သွားတော့သည်။

ပေထျန်းလုက ပေဝမ်ဖုဘက်တော်သား ဝန်ကြီးများကို အေးစက်စွာ ပြောလိုက်၏။

“ပေဝမ်ဖုတော့ ထွက်သွားပြီ။ အခုကတော့ အရင်က ကိစ္စတွေကို ရှင်းရမယ့်အချိန်ပဲ။”

ပေထျန်းလု သူနှင့် သွေးသားနီးစပ်သူများကို မသတ်လိုခြင်းမှာ သူ သဘောကောင်းနေသောကြောင့် မဟုတ်ပေ။ ပေဝမ်ဖုက သူ့ကို သစ္စာဖောက်နိုင်သော်လည်း အခြားသူများ ကတော့ ထိုသို့လုပ်ရန် အခွင့်အရေး မရှိပေ။

မကြာမီမှာပင် ပေဝမ်ဖု၏ ဘက်တော်သားများကို ပေထျန်းလုကိုယ်တိုင် ရှင်းလင်းလိုက်တော့သည်။ ထို့နောက် သူ ပြန်လည် အာဏာရလာကြောင်း ချီယွဲ့နိုင်ငံ၏ ပြည်သူများကို အသိပေးရန် အမိန့်ထုတ်ပြန်လိုက်၏။

…….

ချီယွဲ့နိုင်ငံအတွင်းရှိ အင်အားစုအသီးသီး ပေထျန်းလု ပြန်လာသည့် သတင်းကို ကြားလျှင် ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်နိုင်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပေထျန်းလုသည် အစောကတည်းက သေမင်းအငွေ့အသက်များ လွှမ်းခြုံနေသူဖြစ်၏။ သူ အသက်ရှင်နေရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

သို့သော် ကင်းထောက်များက ပေဝမ်ဖု ထွက်ပြေးသွားကြောင်းနှင့် ပေထျန်းလု သူ၏ အကန့်အသတ်ကို ကျော်လွန်သွားကြောင်း အတည်ပြုပေးလိုက်လျှင်မှသာ ထိုကောလာဟလများကို ယုံကြည်သွားကြ၏။

မကြာမီမှာပင် ပေထျန်းလုသည် ဧကရာဇ်ကြယ်သို့ ပြန်ရောက်လာပြီး ချီယွဲ့နိုင်ငံကို ပြန်လည် ထိန်းချုပ်လိုက်သည်။ မင်းဆက်ကံစွမ်းအားလည်း သူ့ထံသို့ ပြန်လည် ရောက်ရှိလာသည်။

အာဏာပြန်ရပြီးနောက် ရှနိုင်ငံသို့ သစ္စာခံကြောင်း ပေထျန်းလု ချက်ချင်း မကြေညာသေးပေ။ ထိုအစား ရှနိုင်ငံမှ နည်းပညာ လုပ်ငန်းများကို သူ၏ နယ်မြေအတွင်း လာရောက် အခြေစိုက်ခွင့် ပေးလိုက်သည်။ ပြည်သူများ ရှနိုင်ငံကို လက်ခံလာရန်က အချိန်ယူရဦးမည် ဖြစ်သော်လည်း အချိန်အကြာကြီး မလိုတော့ကြောင်း သူ ယုံကြည်သည်။

……..

မိသားစုနှင့်အတူ ချီယွဲ့နိုင်ငံမှ ထွက်ပြေးလာပြီးနောက် ပေဝမ်ဖုသည် ဟင်းလင်းပြင်ထဲတွင် ဦးတည်ချက်မဲ့စွာ လွင့်မျောနေခဲ့သည်။ သူ ဘယ်ကိုသွားရမည်မှန်း မသိပေ။ သူနှင့် သူ၏ မျိုးဆက်များ၌ ရှိသော ကံစွမ်းအား လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းလည်း သူ ခံစားနေရ၏။

ကံစွမ်းအား မရှိလျှင် အနာဂတ်တွင် ပြဿနာအမျိုးမျိုးနှင့် ကြုံတွေ့ရနိုင်သဖြင့် ခိုလှုံရာအသစ်ကို အမြန်ရှာရန် လိုအပ်နေသည်။

သို့သော် သူ၏ စိတ်ထဲတွင် မကျေနပ်သေးပေ။ ထိုပလ္လင်သည် အစက သူ ပိုင်ဆိုင်သော အရာ ဖြစ်သည်။ သူ၏ အမြင်တွင် အရာအားလုံးမှာ ပေထျန်းလု၏ အမှားသာ ဖြစ်၏။ အကယ်၍ ပေထျန်းလုက သူ့ကို နန်းဆင်းခိုင်းပြီး ပေရှုဟွာကို နန်းတင်ရန် မကြိုးစားခဲ့ပါက ချင်းယွမ်နိုင်ငံနှင့် သူ မဟာမိတ်ဖွဲ့မိမည် မဟုတ်ပေ။

စိတ်ပျက်မှုကို ဖြေဖျောက်ရန် ပေဝမ်ဖုသည် နတ်လှေပေါ်ရှိ သူ၏ အခန်းထဲတွင်သာ နေ့စဉ် ပျော်ပါးနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ပေဝမ်ဖုသည် ကြိမ်လုံးတစ်ချောင်းကို ကိုင်ပြီး သူ၏ ရှေ့မှ အမျိုးသမီးကို ရက်ရက်စက်စက် ရိုက်နှက်နေ၏။ သူ၏ မျက်လုံးများသည် အလွန်ရက်စက်နေပြီး အမျိုးသမီး၏ အသနားခံမှုများကို ဂရုမစိုက်ပေ။

ထိုစဉ် ရုတ်တရက် နတ်လှေ သိမ့်သိမ့်တုန်သွားသည်။ မကြာမီ အပြင်ဘက်မှ အစောင့်၏ အသံ ထွက်ပေါ်လာ၏။

“မင်းကြီး... ဒုက္ခရောက်ပါပြီ။ အာကာသ မုန်တိုင်းနဲ့ တိုးနေပါတယ်။”

ထိုစကားကို ကြားလျှင် ပေဝမ်ဖု ချက်ချင်း သတိဝင်လာပြီး ကတိုက်ကရိုက်ပင် နတ်လှေ၏ ကုန်းပတ်ပေါ်သို့ ပြေးထွက်သွား၏။

ကုန်းပတ်ပေါ်တွင် ရပ်ကြည့်လိုက်လျှင် သူတို့ ရောက်နေသော ကြယ်နယ်မြေ၏ အာကာသ ဟင်းလင်းပြင်သည် လှိုင်းများကဲ့သို့ လှုပ်ခတ်နေတာကို မြင်လိုက်ရပေသည်။ သူတို့၏ ရှေ့တွင် အမည်းရောင် ဝဲဂယက်များ ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကမ္ဘာပျက် အပိုင်းအစများကို ဝါးမြိုနေ၏။

ပေဝမ်ဖု အလွန် စိုးရိမ်ခြင်း မရှိပေ။ သူသည် သူတော်စင်အဆင့် တစ်ဦး ဖြစ်သည့်အပြင် သူနှင့်အတူ သစ္စာရှိသော ဧကရာဇ်လောင်း အမြောက်အမြားလည်း ပါလာသည်။ ဧကရာဇ်လောင်းများ ရှိနေသရွေ့ အာကာသ မုန်တိုင်းမှ လွတ်မြောက်ရန် ပြဿနာ မရှိပေ။

သို့သော် သူ ခေါ်လိုက်သော်လည်း မည်သည့် ဧကရာဇ်လောင်းဆီကမှ တုံ့ပြန်မှု မရှိပေ။ ထိုစဉ် လူယုံတစ်ဦးက သူ့ထံသို့ ရောက်လာပြီး

“မင်းကြီး... တော်ဝင်အကြံပေးတွေ အားလုံး ထွက်သွားကြပါပြီ”

ထိုစကားကို ကြားလိုက်ရလျှင် ပေဝမ်ဖု အလွန်စိတ်ဓာတ်ကျသွားတော့သည်။ ထိုသူများ ထွက်သွားမည်ကို သူ ကြိုသိထားသင့်ပေသည်။

ထို့ကြောင့် သူကိုယ်တိုင် အစွမ်းထုတ်ပြီး နတ်လှေကို ထိန်းကျောင်းရန် ကြိုးစားရ တော့သည်။ သို့သော် သူတို့ ထွက်ခွာတော့မည့် အချိန်မှာပင် နတ်လှေ၏ အောက်တွင် အမည်းရောင် ဝဲဂယက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာ၏။ ပေဝမ်ဖုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး တစ်ကိုယ်တည်း ထွက်ပြေးရန် ကြိုးစားသော်လည်း ထိုဝဲဂယက်၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး သတိလစ်သွားတော့သည်။

………

ပေဝမ်ဖု ပြန်လည် နိုးလာလျှင် သူ မသိကျွမ်းသော ကြယ်နယ်မြေတစ်ခုတွင် လွင့်မျောနေသည်ကို တွေ့လိုက်ရ၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ထိုနေရာသည် အလွန် စည်ကားပြီး စိတ်ဝိညာဉ်စွမ်းအားများ ပြည့်ဝနေသော ကြယ်နယ်မြေတစ်ခု ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ပေဝမ်ဖုသည် အလွန် ဝမ်းသာသွား၏။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိနေသေးသည်။ ဤကဲ့သို့သော နေရာမျိုးတွင် ကျင့်ကြံပါက သူ ဆုံးရှုံးခဲ့သမျှကို ပြန်လည် ရယူနိုင်မည်ဟု သူ စိတ်ကူးယဉ် နေမိသည်။

သူ အိမ်မက်မက်နေစဉ်မှာပင် အဝေးမှ ဧရာမ နတ်လှေတစ်စင်း ပေါ်လာ၏။ ထိုနတ် လှေ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အခြား နတ်လှေများ အားလုံး လမ်းဖယ်ပေးကြရသည်။ နတ်လှေကြီးမှ စိတ်ဝိညာဉ် စွမ်းအင်များနှင့်အတူ စောင်းသံများ ပျံ့လွင့် နေ၏။

ထိုစဉ် နတ်လှေ၏ ကုန်းပတ်ပေါ်ရှိ အခန်းထဲမှ လှပသော ပုံရိပ်တစ်ခုကို ခရမ်းရောင် ကုလားကာမှတဆင့် ပေဝမ်ဖု မြင်လိုက်ရသည်။

သူသည် ထိုပုံရိပ်ကို ငေးမောကြည့်နေမိပြီး သူ၏ နတ်အာရုံဖြင့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုကို စူးစမ်းမိနေမှန်း သူ မသိလိုက်ပေ။ ထိုခဏခန့်တွင် စောင်းသံ ရုတ်တရက် ရပ်တန့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အစွမ်းတစ်ခုက ပေဝမ်ဖုကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။

………….

အခန်း (၁၃၅၅)

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို

ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ ကြေမွတော့မည့်အလား ပေဝမ်ဖု ခံစားလိုက်ရ၏။ ထို့ကြောင့် အလွန်အမင်း ထိတ်လန့်သွားပြီး

“ကျွန်တော့်ကို အသက်ချမ်းသာပေးပါ ဝါစဉ်ကြီးသူ။ ကျွန်တော် တမင်တကာ ကျူးကျော်ဝင်ရောက်ခဲ့တာ မဟုတ်ပါဘူး”

ဟု အလျင်အမြန် တောင်းပန်လိုက်၏။

နတ်လှေပေါ်ရှိ အမျိုးသမီးကတော့ ပေဝမ်ဖု၏ တောင်းပန်မှုကို လျစ်လျူရှုလိုက်ကာ သူမ၏ လှပသော လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။ ထို့နောက် ခရမ်းရောင် အလင်းတန်းတစ်ခုသည် သူမ၏လက်မှ ထွက်ပေါ်လာပြီး ပေဝမ်ဖု၏ နဖူးအတွင်းသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။

ထိုစဉ် အမျိုးသမီး၏ အေးစက်သော အသံ နတ်လှေအတွင်းမှ ထွက်လာ၏။

“ဒါ သူ့ရဲ့ အငွေ့အသက်ပဲ”

နောက်တစ်ခဏတွင် သူ၏ ဝိညာဉ် ဆုတ်ဖြဲခံနေရသည်ဟု ပေဝမ်ဖု ခံစားလိုက်ရသည်။ သူက

“ဝါ... ဝါစဉ်ကြီးသူ... ...”

ဟု အော်ဟစ်လိုက်၏။

ဗုန်း...

ပေဝမ်ဖု၏ စကားမဆုံးခင်မှာပင် သူ၏ ခန္ဓာကိုယ်သည် အပိုင်းအစများစွာအဖြစ် ပေါက်ကွဲသွားလေတော့သည်။

………

ထိုအချိန်တွင်။

ချီယွဲ့နိုင်ငံ။

နန်းတော်အတွင်း၌။

ပေထျန်းလုသည် ချင်းယွမ်နိုင်ငံနှင့် ပတ်သက်သော အချက်အလက်များကို လုချန်းအား အစီရင်ခံနေ၏။ ထိုစဉ် ရုတ်တရက် သူ၏ စိတ်ပင်လယ်အတွင်း ထိတ်လန့်မှုနှင့် ပြင်းထန်သော နာကျင်မှုကို ပေထျန်းလု ခံစားလိုက်ရပြီး ခဏခန့် ဟန်ချက်ပျက်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

ဤရုတ်တရက် မြင်ကွင်းကို မြင်လျှင်

လုချန်း အံ့အားသင့်သွား၏။ ထို့နောက် ပေထျန်းလု၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို လျင်မြန်စွာ အသုံးပြုလိုက်သည်။

“အကြီးအကဲပေ... ဘာဖြစ်တာလဲ”

စစ်ဆေးကြည့်ရာတွင် ပေထျန်းလု၏ ခန္ဓာကိုယ်၌ ကြီးမားသော ပြဿနာနှင့် ပုန်းကွယ်နေသော ဒဏ်ရာများ မရှိကြောင်း လုချန်း တွေ့ရှိလိုက်ရသည်။ ပေထျန်းလု လုချန်းကို ချက်ချင်း တုံ့ပြန်ခြင်း မပြုနိုင်ပေ။ သူ၏ မျက်နှာသည် ဖြူလျော်နေပြီး နဖူးမှ ချွေးများ အဆက်မပြတ် စီးကျနေ၏။ ခဏခန့် ကြာမှ သူ နောက်ဆုံးတွင် တည်ငြိမ်သွားသည်။

“မင်းကြီး... တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ တည်နေရာကို ခြေရာခံဖို့ သွေးမျိုးဆက်စွမ်းအားကို သုံးနေပါတယ်။”

ပေဝမ်ဖု သေဆုံးသွားပြီ ဖြစ်ကြောင်း ပေထျန်းလု သိလိုက်၏။ တစ်စုံတစ်ယောက်က ပေဝမ်ဖု၏ သွေးမျိုးဆက်ကို ကြားခံအဖြစ် အသုံးပြုကာ မိမိကို ခြေရာခံနေကြောင်း သွေးမျိုးဆက်စွမ်းအားမှတစ်ဆင့် သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ရုတ်တရက် ပေါ်လာပြီး တစ်ဖက်လူ၏ ခံစားသိရှိမှုကို ဖြတ်တောက်လိုက်၏။ မဟုတ်ပါက သူ၏ တည်နေရာကို ဧကန်မုချ ရှာတွေ့သွားနိုင်ပေသည်။

ပေထျန်းလု၏ စကားကို ကြားလျှင် ဇဝေဇဝါဖြစ်စွာဖြင့် လုချန်းက

“ခင်ဗျားရဲ့ တည်နေရာကို ခြေရာခံနေတာလား။”

ပေထျန်းလုက ခဏခန့် တွေးတောပြီးနောက်

“ဟုတ်ပါတယ်... အဲ့ဒီအမျိုးသမီးက မယုံနိုင်လောက်အောင် အင်အားကြီးပါတယ်။ သူက ပေဝမ်ဖုကို သတ်ပြီးနောက် ကျွန်တော့်တည်နေရာကို ရှာဖို့ သူရဲ့ သွေးမျိုးဆက်စွမ်းအားကို သုံးခဲ့တာပါ။”

“ကံကောင်းတာက လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုက သူ့ကို တားဆီးလိုက်ပါတယ်။”

လုချန်းက

“အဲ့ဒီလူက အမျိုးသမီးမှန်း ခင်ဗျား ဘယ်လိုသိတာလဲ။”

ပေထျန်းလုက

“သူက ကျွန်တော့်တည်နေရာကို ချိပ်ပိတ်ဖို့ လျှို့ဝှက်နည်းစနစ်ကို သုံးတဲ့အခါ ကျွန်တော့်ရဲ့ စိတ်အာရုံက သူ့ကို မသဲမကွဲ ခံစားမိလိုက်တာပါ။”

လုချန်းက မျက်မှောင်ကြုတ်ကာ

“အဲ့ဒီအမျိုးသမီးက ဘယ်လိုပုံစံလဲ”

ပေထျန်းလု ခေတ္တခန့် စဉ်းစားပြီး

“သူက နတ်လှေတစ်စင်းပေါ်မှာ ထိုင်နေပြီး ခရမ်းရောင် မျက်နှာဖုံးစွပ်ထားတဲ့အတွက် မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။”

ထိုအမျိုးသမီး ထုတ်လွှတ်သော ဖိအားပေးသည့် အငွေ့အသက်ကို ပြန်လည်အမှတ်ရသွားရင်း ပေထျန်းလု ကျောချမ်းသွား၏။

လုချန်းက

“သူရဲ့ ခြေရာခံမှုကို လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုက ကြားဖြတ်နှောင့်ယှက်ခဲ့တယ်လို့ ခင်ဗျား ပြောခဲ့တယ်နော်။ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားက ဘာလဲ။”

ပေထျန်းလုက

“ကျွန်တော် မသိပါဘူး။ အဲ့ဒီအမျိုးသမီးက ကျွန်တော့်တည်နေရာကို အတည်ပြုခါနီးမှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားက ရုတ်တရက် ပေါ်လာပြီး ကျွန်တော်နဲ့ ပေဝမ်ဖုရဲ့ သွေးမျိုးဆက်စွမ်းအား ကြားက ဆက်နွှယ်မှုကို ဖြတ်တောက်လိုက်တာပါ။”

လျှို့ဝှက်ဆန်းကြယ်သော အင်အားသည် စနစ်နှင့် ဆက်စပ်နေနိုင်ကြောင်း လုချန်း သံသယဝင်မိ၏။ ထိုအမျိုးသမီးသည် ရန်သူလား သို့မဟုတ် မိတ်ဆွေလား ဆိုတာကို သူ မသိသေးပေ။

လုချန်း အတွေးထဲနစ်မြောနေစဉ် ပေထျန်းလုက သတိပေးလိုက်၏။

“မင်းကြီး... အဲ့ဒီအမျိုးသမီးရဲ့ စွမ်းအားက ကြောက်စရာကောင်းပါတယ်။ သူရဲ့ တည်ရှိမှုကို ခံစားမိရုံနဲ့တင် ကျွန်တော့်ရဲ့ စွမ်းအားတွေက ချိပ်ပိတ်ခံလိုက်ရတာပါ။ သူက ဝိညာဉ်ကို ရှာဖွေစစ်ဆေးပြီး ရှနိုင်ငံအကြောင်း သိသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်။”

ထိုအခါ လုချန်း၏ မျက်နှာအမူအရာ အလွန် လေးနက်သွား၏။ သူသည် ပထမခြေလှမ်းကို လှမ်းလိုက်ရုံရှိသေးသော်လည်း နောက်ထပ် ကြီးမားသော ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

“ကျွန်တော် နားလည်ပါပြီ”

ချင်းယွမ်နိုင်ငံကို သိမ်းပိုက်ပြီးနောက်တွင် အေးအေးဆေးဆေး နေရန် လုချန်းက စဉ်းစားထားသည်။ နောက်ထပ် အစီအစဉ်များ မချမှတ်မီ ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများအကြောင်း အချက်အလက်များကို စုဆောင်းရန် ကင်းထောက်များကို စေလွှတ်ရန် သူက ရည်ရွယ်ထား၏။

စကြဝဠာအတွင်း၌ ပို၍အင်အားကြီးမားသော ပုဂ္ဂိုလ်များ အမြဲရှိနေတတ်သည်။ ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခြင်းက ပြိုင်ဘက်ကင်း ဖြစ်စေလိမ့်မည်ဟု သူ မယုံကြည်ပေ။

…….

ထိုအခိုက်အတန့်တွင်။

စည်ကားသော ကြယ်နယ်မြေတစ်ခု၌။

နတ်လှေတစ်စင်းသည် ဟင်းလင်းပြင်အတွင်း ဦးတည်ရာမဲ့စွာ လွင့်မျောနေ၏။

နတ်လှေ၏ ကုန်းပတ်ပေါ်ရှိ ခရမ်းရောင် မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးက အဝေးသို့ ကြည့်ကာ

“ရှာတွေ့ပြီ”

ဟု တစ်ကိုယ်တည်း ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။

ထိုအချိန်တွင် ရွှေရောင် ဧကရာဇ် နိယာမ ကိုယ်ထည်တစ်ခု နတ်လှေရှေ့၌ ရုတ်တရက် ပေါ်လာသည်။

ဟင်းလင်းပြင်ရှိ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်က နတ်လှေပေါ်ရှိ အမျိုးသမီးကို စူးစိုက်ကြည့်လိုက်၏။

“ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို... ကပ်ဘေးက နီးကပ်နေပြီ။ အဲ့ဒါကို အတူတူရင်ဆိုင်ဖို့ ကျုပ်နဲ့ ပူးပေါင်းဖို့ ခင်ဗျား တကယ်ပဲ ဝန်လေးနေတာလား။”

ဧကရာဇ်အဆင့် ပုဂ္ဂိုလ်၏ စကားများ ဆုံးသွားသည်နှင့် နတ်လှေပေါ်မှ အမျိုးသမီး၏ အေးစက်သောအသံ ပြန်လည်ထွက်ပေါ်လာ၏။

“ရှန်ဝူ ဧကရာဇ်... အဲ့ဒီ ကပ်ဘေးကနေ ရှင် တကယ် လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား။”

ထိုအရာကို ကြားလျှင် ရှန်ဝူ ဧကရာဇ်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွား၏။

“အဲ့ဒါက ဘာကို ဆိုလိုတာလဲ”

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ တွက်ချက်ခြင်း နည်းစနစ်သည် အတိတ်နှင့် အနာဂတ်ကို ထိုးထွင်းမြင်နိုင်သည်။ ထို့ကြောင့် သူမ ပြောသမျှကို ရှန်ဝူ ဧကရာဇ် အလွန်အလေးထား၏။

အမျိုးသမီးက ခပ်အေးအေးပင်

“ကပ်ဘေးကြီးက အသစ်စတင်ခြင်းတွေကိုလည်း ယူဆောင်လာတတ်ပါတယ်။ ဘယ်သူမှ အဲ့ဒါကို တားဆီးလို့ မရပါဘူး။”

ရှန်ဝူ ဧကရာဇ်က နှာခေါင်းရှုံ့လိုက်၏။

“ကျုပ်ရဲ့ ကံကြမ္မာက ကျုပ်ရဲ့ လက်ထဲမှာပဲ ရှိတယ်။”

အမျိုးသမီးက

“ရှင့်ရဲ့ ကြိုးစားမှုတွေ အားလုံးက နောက်ဆုံးမှာ အချည်းနှီး ဖြစ်သွားမှာပါ။”

ရှန်ဝူ ဧကရာဇ်က နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်ပြီး ဘာစကားမှ ဆက်မပြောတော့ပေ။ သူ၏ နိယာမ ပုံရိပ်ကိုယ်ထည်သည်လည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ရှန်ဝူ ဧကရာဇ်၏ နိယာမ ကိုယ်ထည် ပျောက်ကွယ်သွားပြီးနောက် အမျိုးသမီး၏ အကြည့်သည် စကြဝဠာ၏ အစွန်းဆီသို့ ပြန်ရောက်သွား၏။

“အပြောင်းအလဲတွေ ပေါ်ပေါက်လာပြီ... ကြီးကျယ်တဲ့ မြင်ကွင်းက စတင်တော့မှာပါ။”

ထို့သို့ ရေရွတ်ပြီးနောက် သူမ၏ လက်ချောင်းများဖြင့် သူမရှေ့ရှိ ရှေးဟောင်းစောင်းကို နောက်တစ်ကြိမ် ထိတွေ့ကာ ကြိုးများကို ဖြည်းညှင်းစွာ တီးခတ်လိုက်၏။ စောင်းကြိုးများမှ မည်သည့်အသံမှ ထွက်မလာသော်လည်း လျင်မြန်စွာ ပျံ့နှံ့သွားသော ခရမ်းရောင် အလင်းလှိုင်းများကို ထုတ်လွှတ်လိုက်သည်။

အမျိုးသမီး နေထိုင်သော ကြယ်နယ်မြေအတွင်း၌ ကြီးမားသော သက်ရှိကမ္ဘာတစ်ခု ရှိ၏။ ထိုသက်ရှိကမ္ဘာသည် လုံးဝိုင်းသော ပုံစံမဟုတ်ပဲ စက်ဝိုင်းခြမ်းပုံစံ ရှိသည်။

ထိုသက်ရှိကမ္ဘာသည် အလွန်စည်ကားပြီး နတ်လှေအမြောက်အမြား ဥဒဟို သွားလာနေကြ၏။ စိတ်ဝိညာဉ် စွမ်းအားများကလည်း ပေါများလှပြီး ရွာကျနေသော မိုးသည်ပင် စိတ်ဝိညာဉ် မိုးစက်များ ဖြစ်သည်။ ထိုသက်ရှိကမ္ဘာတွင် သာမန်လူမျာပင် ယင်ယန်အဆင့်များ ဖြစ်ကြ၏။

ထိုကမ္ဘာ၏ အလယ်ဗဟိုတွင် ခံတပ်မြို့များအမြောက်အမြားဖြင့် ကာကွယ်ထားသော မြင့်မားသည့် တောင်ကြီးတစ်လုံး ရှိ၏။ တောင်ထိပ်ပေါ်တွင် ယန်ယန်နန်းတော် ဟုခေါ်သော မဟာအင်အားကြီး အင်အားစုကြီး တည်ရှိသည်။

……

ထိုအခိုက်အတန့်တွင်။

ယန်ယန်နန်းတော်။

နန်းတော်သခင် ခန်းမအတွင်း။

အစိမ်းရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ခန်းမကြီးအတွင်းရှိ ဖန်သားပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူမသည် အလွန်လှပပြီးမြင့်မြတ်‌သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ခန်းမအတွင်း၌ ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ဦးသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေ၏။

လှပသောအမျိုးသမီးက ဒူးထောက်နေသောအမျိုးသမီးကို ကြည့်ကာ

“ပြောစမ်း... သူက ဘယ်သူလဲ”

ဟု အေးစက်စွာ မေးလိုက်သည်။

လျှိုချင်းယွမ်သည် ခေါင်းငုံ့ထားပြီး အဖြေမပေးပေ။

လှပသော အမျိုးသမီးက ဆက်ပြောလိုက်သည်။

“နင်က လူတိုင်းကို ဖုံးကွယ်ထားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

လျှိုချင်းယွမ် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူမသည် လုချန်းနှင့် ခွဲမရအောင် ပတ်သက်ခဲ့ပြီးပြီ ဖြစ်၏။ အကယ်၍ သူမ လုချန်းအကြောင်း ပြောလိုက်လျှင် နန်းတော်သခင်၏ စိတ်နေစိတ်ထားအရ လုချန်းကို သတ်ရန် လူများကို တိုက်ရိုက် စေလွှတ်ပေလိမ့်မည်။

ယန်ယန် နန်းတော်သည် စကြဝဠာ၏ မြင့်မြတ် နယ်မြေအဆင့်ရှိ အထူးအင်အားစုကြီး ဖြစ်ပြီး ဧကရာဇ်အဆင့် အနည်းဆုံး ငါးဆယ်ခန့် ရှိ၏။ ယန်ယန်နန်းတော်၏ အင်အားဖြင့် အသစ်ပေါ်ထွက်လာသော အင်ပါယာတစ်ခုကို ဖျက်ဆီးရန်မှာ ရိုးရှင်းသော ကိစ္စတစ်ခုသာ ဖြစ်သည်။

လျှိုချင်းယွမ်က အဖြေမပေးသေးသောကြောင့် လှပသော အမျိုးသမီး၏ ဖိအားပေးသည့် အငွေ့အသက်သည် ပို၍ပြင်းထန်လာပြီး လျှိုချင်းယွမ်ကို လွှမ်းမိုးသွား၏။ လျှိုချင်းယွမ်သည် သွေးတစ်ပွက် အန်လိုက်ရသော်လည်း သူမကိုယ်သူမ ထိန်းထားနိုင်ရန် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

အသက်ကယ်ဧကရီက

“ယွမ်ဟွာနန်းတော်ရဲ့ သူတော်စင်မ ပြီးတော့ အနာဂတ် နန်းတော်သခင်တစ်ယောက် အနေနှင့် နင့်မှာ ဘယ်လို ချစ်မှုရေးရာ ပတ်သက်မှုမှ မရှိရဘူးဆိုတာ နင် ကောင်းကောင်း သိပါတယ်။ အခုတော့ ယောက်ျားတစ်ယောက်ကို နင်ရဲ့ မူလယင်ဓာတ်ကို ပေးလိုက်ပြီပေါ့။”

“နင် ဘာတွေ လုပ်ခဲ့တာလဲဆိုတာ နင် သိရဲ့လား။”

လျှိုချင်းယွမ်က နှုတ်ခမ်းကို ကိုက်ကာ “တပည့်က ယန်ယန် နန်းတော်နဲ့ ဆရာမရဲ့ သွန်သင်ဆုံးမမှုတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။ ကျွန်မကို အပြစ်ပေးပါ။”

အသက်ကယ်ဧကရီက

“နင်က ယန်ယန်နန်းတော်နဲ့ ငါ့ကိုပဲ ထိခိုက်ခဲ့တာ မဟုတ်ဘူး။ နင့်ကိုယ်နင်လည်း ထိခိုက်ခဲ့တာ။”

ထိုသို့ပြောပြီးနောက် အသက်ကယ်ဧကရီ၏ အငွေ့အသက်သည် ပိုအားကောင်းလာကာ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ လျှိုချင်းယွမ်လည်း ပြင်းထန်သော အင်အားတစ်ခုကြောင့် လွင့်ထွက်သွားတော့သည်။

ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီးနောက် လျှိုချင်းယွမ် အလျင်အမြန် ပြန်ထကာ ဒူးထောက်လိုက်၏။

ထိုအခိုက်အတန့်တွင် ခန်းမကြီးအတွင်းရှိ ဖိအားများ ချက်ချင်း ပျောက်ကွယ်သွားပြီး

“တော်ပြီ... နင့်ရဲ့ သန့်စင်မှု ပျက်ပြားသွားပြီဖြစ်လို့ ဒီနေ့ကစပြီး နင်က ယန်ယန် နန်းတော်ရဲ့ သူတော်စင်မ မဟုတ်တော့ဘူး။ သူတော်စင်မဘွဲ့ကို လေဟုန်ယွမ်ဆီ လွှဲပြောင်းပေးရမယ်။”

…………..

အခန်း (၁၃၅၆ )

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုထံမှ သတိပေးချက်

အသက်ကယ် ဧကရီ၏ ထိုစကားကို ကြားလျှင် လျှိုချင်းယွမ် ချက်ချင်း ဦးချလိုက်သည်။

“ကျွန်မရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလို့ ကျေးဇူးတင်ပါတယ် ဆရာမ။”

သူမအတွက် သူတော်စင်မ ရာထူး မရှိတော့ခြင်းမှာ ယခုမှစ၍ အိမ်ထောင်ဖက် ရှိနိုင်ပြီဟု အဓိပ္ပာယ်ရလေသည်။ ဤအရာက သူမအတွက် အပြစ်ပေးခံရခြင်းဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ကောင်းချီးတစ်ခု ဖြစ်၏။

ထိုစဉ် အသက်ကယ် ဧကရီက အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။

“ဘာလဲ... ဒါကို နင့်ရဲ့ ဆန္ဒ ဖြည့်ဆည်းပေးနေတယ်လို့ ထင်နေတာလား။”

“နင် ဒီနေ့ကစပြီး ငြိမ်သက်သော မျှော်စင်မှာပဲ နင် နေရမယ်။ နှစ်ပေါင်း တစ်သောင်း ပြည့်တဲ့အထိ အပြင်ထွက်ခွင့် မရှိဘူး။”

ထိုစကားကို ကြားရလျှင် လျှိုချင်းယွမ်၏ မျက်နှာတွင် ဘာခံစားချက်မှ မရှိပဲ လုံးဝ ဂရုမစိုက်သကဲ့သို့ ရှိနေသည်။ လုချန်း၏ နံဘေးတွင် လျှိုချင်းချို၏ ခန္ဓာပွား ရှိနေသောကြောင့် သူမ၏ ပင်မခန္ဓာက ယွမ်ဟွာနန်းတော်မှ မထွက်ခွာရသော်လည်း လျှိုချင်းချို၏ ခန္ဓာကိုယ်ကို အသုံးပြုကာ လုချန်းနှင့်အတူ လှုပ်ရှားမှုများ ပြုလုပ်နိုင်ဆဲ ဖြစ်သည်။

လျှိုချင်းယွမ်၏ ဂရုမစိုက်သော အမူအရာကို ကြည့်ကာ အသက်ကယ် ဧကရီက မျက်ခုံးတွန့် လိုက်သော်လည်း ဘာမှ ဆက်မပြောတော့ပေ။ သူမက လက်ဝေ့ယမ်းလိုက်သည်။

“နင် အခု ငြိမ်သက်သော မျှော်စင်ကို သွားလို့ရပြီ”

လျှိုချင်းယွမ်က ချက်ချင်း ထရပ်လိုက်ကာ

“တပည့်ကို ခွင့်ပြုပါဦး”

ထိုစကားနှင့်အတူ လျှိုချင်းယွမ်က လှည့်ထွက်ကာ ခန်းမထဲမှ ထွက်ခွာသွားသည်။ ထွက်ခွာသွားသော လျှိုချင်းယွမ်၏ ကျောပြင်ကို ကြည့်ကာ အသက်ကယ် ဧကရီ၏ မျက်နှာ ပို၍ပျက်ယွင်းလာသည်။ သူမ အပင်ပန်းခံ ပျိုးထောင်ခဲ့ရသော ခန္ဓာကိုယ်က ဤကဲ့သို့ ပျက်စီးသွားရသဖြင့် သူမ မည်သို့ စိတ်မဆိုးပဲ နေနိုင်မည်နည်း။

ကံကောင်းသည်မှာ ကံတရားက ယန်ယန်နန်းတော်သို့ နောက်ထပ် ပါရမီရှင် အမျိုးသမီးတစ်ဦးကို စေလွှတ်ပေးခဲ့ခြင်း ဖြစ်၏။ လေဟုန်ယွမ်၏ ပါရမီနှင့်ဆိုလျှင် သူမ၏ အင်အားက လျှိုချင်းယွမ်ကို ကျော်တက်သွားရန် မကြာတော့ပေ။

သို့သော် ထိုကိစ္စကို ဒီအတိုင်း လွှတ်ထားရန် အသက်ကယ် ဧကရီ၌ အစီအစဉ် မရှိပေ။ လျှိုချင်းယွမ်၏ အပျိုစင်ဘဝကို ဖျက်ဆီးခဲ့သောသူကို ရှင်းပစ်ရန် သူမ နည်းလမ်းရှာရမည် ဖြစ်သည်။ လျှိုချင်းယွမ်က သူမကို မပြောပြလျှင်တောင် ထိုသူက မည်သူဖြစ်သည်ကို အခြားနည်းလမ်းများဖြင့် သူမ စုံစမ်းနိုင်သည်။

လျှိုချင်းယွမ် ထွက်ခွာသွားသည်ကို ကြည့်ရင်း အသက်ကယ် ဧကရီ အတွေးများနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ထူးခြားသော စွမ်းအားတစ်ခု ဖြတ်စီးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူမ၏ စိတ်ထဲတွင် အေးစက်သော အမျိုးသမီး အသံတစ်သံ ပေါ်ထွက်လာ၏။

“ကပ်ဘေးကြီး စတင်တော့မယ်။ နောက်ထပ် နှစ်တစ်သောင်းပဲ ကျန်တော့တယ်။”

ထိုအရာကို ကြားလျှင် အသက်ကယ် ဧကရီ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...”

“ကပ်ဘေးကြီးက ဘာလို့ စောပြီး ရောက်လာတာလဲ”

စကြဝဠာအတွင်းရှိ ဧကရာဇ်အဆင့်အားလုံးထံသို့ ဤကဲ့သို့သော သတင်းစကားကို ပေးပို့နိုင်သူမှာ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ဖြစ်ကြောင်း အသက်ကယ် ဧကရီ ကောင်းစွာ သိသည်။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ စကားများကို သူမ လုံးဝ မယုံကြည်ပဲ မနေနိုင်ပေ။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုသည် အတိတ်နှင့် အနာဂတ်ကို မြင်နိုင်စွမ်းရှိရာ သူမ ပြောပြီဆိုလျှင် ဧကန်မလွဲ ဖြစ်လာမည်သာ ဖြစ်၏။

လွန်ခဲ့သော နှစ်တစ်သိန်းက ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို တွက်ချက်ခဲ့သည်က စကြဝဠာသည် အနည်းဆုံး နှစ်ပေါင်း တစ်သန်းအထိ နောက်ထပ် ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။ နှစ်ပေါင်း တစ်သန်းဟူသော အချိန်သည် ဧကရာဇ်အဆင့်များအတွက် တိုတောင်းသော အချိန်ဖြစ်သော်လည်း အနည်းဆုံးတော့ ထိုအချိန် အတိုင်းအတာက ဧကရာဇ်များ ကပ်ဘေးကြီးအတွက် ပြင်ဆင်ရန် လုံလောက်သော အချိန်ဖြစ်သည်။

ယခုမူ ကပ်ဘေးကြီးက အလွန်စောစောစီးစီး ရောက်ရှိလာပြီး ပြင်ဆင်ရန် နှစ်ပေါင်း တစ်သောင်းသာ ကျန်တော့သဖြင့် သူတို့ မည်သို့ ရင်ဆိုင်ကြမည်နည်း။ လေဟုန်ယွမ်ကို အမြန်ဆုံး အင်အားကြီးထွားလာအောင် လုပ်ရမည်ဟု အသက်ကယ် ဧကရီက တွေးလိုက်သည်။

အကယ်၍ လေဟုန်ယွမ်သာ နှစ်ပေါင်း တစ်သောင်းအတွင်း ဧကရာဇ်လောင်း အဆင့်သို့ မရောက်ရှိနိုင်လျှင် ခန္ဓာကိုယ် လဲလှယ်ခြင်းမရှိပဲ ကပ်ဘေးကြီးမှ သူမ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထိုအတွေးနှင့်အတူ ယန်ယန်နန်းတော်ရှိ တပည့်များနှင့် အကြီးအကဲ အားလုံးထံသို့ သတင်းစကား ပေးပို့လိုက်သည်။

“ယနေ့ကစပြီး လျှိုချင်းယွမ်က ယန်ယန်နန်းတော်ရဲ့ သူတော်စင်မ မဟုတ်တော့ဘူး။ သူတော်စင်မ အသစ်က လေဟုန်ယွမ် ဖြစ်တယ်။ နောက်သုံးရက်မှာ သူတော်စင်မ အသစ်အတွက် ရာထူးခံယူပွဲ အခမ်းအနား ကျင်းပမယ်။”

ထိုအရာကို ကြားလျှင် ယန်ယန် နန်းတော်ရှိ တပည့်များနှင့် အကြီးအကဲများ အားလုံး အံ့အားသင့်သွားကြသည်။ အသက်ကယ် ဧကရီက လျှိုချင်းယွမ်ကို သူမ၏ သမီးအရင်းကဲ့သို့ အလွန် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြောင်း ယန်ယန် နန်းတော်ရှိ လူတိုင်း သိကြသည်။ ယခု သူမက လျှိုချင်းယွမ်၏ သူတော်စင်မ ရာထူးကို ပယ်ဖျက်လိုက်ပြီ ဖြစ်၏။

ဘာတွေ ဖြစ်ကုန်တာလဲ။

အသက်ကယ် ဧကရီက ဘာလို့ ဒီလို ဆုံးဖြတ်ချက် ချလိုက်တာလဲ။

ယုံရခက်သော်လည်း အသက်ကယ် ဧကရီ၏ ဆုံးဖြတ်ချက် ဖြစ်နေသောကြောင့် မည်သူမှ မကန့်ကွက်ရဲကြပေ။

ငြိမ်သက်သော မျှော်စင်သို့ ရောက်ရှိနေပြီဖြစ်သော လျှိုချင်းယွမ်ကတော့ အသက်ကယ် ဧကရီ၏ သတင်းစကားကို ကြားသောအခါ သက်ပြင်းတစ်ချက်ကို အရှည်ကြီး မှုတ်ထုတ်လိုက်လေသည်။ သူမသည် ဤအဆင့်အတန်းမှ နောက်ဆုံးတွင် လွတ်မြောက်သွားပြီးဖြစ်သည်။ယခုသူမကို ဘာကမှ ချည်နှောင်ထားခြင်း မရှိတော့ပေ။ သို့သော် နောက်ထပ် နှစ်ပေါင်း တစ်သောင်းအထိ လုချန်းကို မတွေ့နိုင်တော့တာကို တွေးမိလျှင် သူမ၏ စိတ်ထဲ အနည်းငယ် ဟာတာတာ ခံစားလိုက်ရသည်။

……..

ယန်ယန် နန်းတော်။

တပည့်များ၏ အဆောင်ဝင်း။

ဝါးတောတစ်ခုအတွင်းရှိ အဆောင်ငယ်လေးတစ်ခုတွင် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် လှံရှည်တစ်လက်ကို ဆုပ်ကိုင်လျက် လေ့ကျင့်နေသည်။ အသက်ကယ် ဧကရီ၏ သတင်းစကားကို ကြားလျှင် လေဟုန်ယွမ်သည် လေ့ကျင့်မှုကို ရပ်လိုက်ပြီး ခန်းမရှိရာဘက်သို့ တည်ငြိမ်သော မျက်နှာဖြင့် ကြည့်လိုက်သည်။

သူတော်စင်မ ရာထူးကို သူမ ဂရုမစိုက်ပေ။ ဆန့်ကျင်ဘက် အနေနှင့် ထိုအရာက သူမအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဟုသာ ထင်မှတ်၏။ သူတော်စင်မ ရာထူး ကိစ္စထက်စာလျှင် သူမ ခုနက ကြားလိုက်ရသော သတိပေးစကားကို လေဟုန်ယွမ် ပို၍စိတ်ပူနေသည်။ ဧကရာဇ်အဆင့်သို့ မရောက်သေးသော်လည်း သူမ၏ ဧကရာဇ် ဝိညာဉ်ကြောင့် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ သတင်းစကားကို ခံစားသိရှိနိုင်ခဲ့သည်။

လေဟုန်ယွမ် တိုးတိုးလေး ရေရွတ်လိုက်သည်။

“နှစ်ပေါင်း တစ်သောင်းပဲလား... ငါ အမြန်လုပ်မှ ဖြစ်တော့မယ်”

သုမသည် သူတော်စင် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အစောပိုင်း ကျင့်စဉ်အဆင့်များက မြန်ဆန်သော်လည်း နောက်ပိုင်း အဆင့်တက်ရန် နှစ်ပေါင်း ထောင်ချီ ကြာမြင့်နိုင်သည်။ သူမအတွက် နှစ်ပေါင်း တစ်သောင်းက အလွန် တိုတောင်းလှသည်။

ထိုသို့ ပြောပြီးနောက် လေဟုန်ယွမ်သည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်နေသော လက်ထပ်ခြင်း ကြိုးမျှင်များကို ကြည့်ကာ မျက်ခုံးတွန့် လိုက်သည်။ သူမ၏ ကျင့်စဉ်အဆင့် ကို အမြန်တိုးတက်စေရန် စိတ်ပျံ့လွင့်မှု မရှိပဲ နေရမည် ဖြစ်သော်လည်း ထိုလူနှင့် တွေ့ပြီးကတည်းက လက်ထပ်ခြင်း ကြိုးမျှင်များ၏ လွှမ်းမိုးမှုကို သူမ ရံဖန်ရံခါ ခံနေရသဖြင့် ကျင့်စဉ်အပေါ် အာရုံမစိုက်နိုင်ပဲ ဖြစ်နေသည်။

အစက ဧကရာဇ်အဆင့်သို့ ရောက်မှ ထိုကြိုးမျှင်များကို ဖြတ်တောက်ပစ်ရန် သူမ ဆုံးဖြတ်ကာ လျစ်လျူရှုထားနိုင်ခဲ့သည်။ ယခုမူ ကပ်ဘေးကြီး ရောက်ရန် နှစ်ပေါင်း တစ်သောင်းသာ ကျန်တော့သဖြင့် ဤထိုကြိုးမျှင်များက သူမကို နှောင့်နှေးစေလျှင် ဧကရာဇ်အဆင့်သို့ အချိန်မီ ရောက်ရှိနိုင်မည် မဟုတ်ပေ။ ထိုအခါတွင် သူမလည်း လက်ထပ်ခြင်း ကြိုးမျှင်များကို ဖြတ်တောက်နိုင်မည် မဟုတ်သလို သူမ၏ အသက်ပါ အန္တရာယ်ရှိလာနိုင်သည်။

ယခု ထိုလက်ထပ်ခြင်း ကြိုးမျှင်များကို ဖြေရှင်းရန် နည်းလမ်းနှစ်ခုသာ ရှိသည်။ ထိုလူကို ရှာပြီး သတ်ပစ်ရန် သို့မဟုတ် အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းရန်ဖြစ်သည်။ ထိုသို့လုပ် မှသာ သူမ၏ ကျင့်စဉ်အတွက် အနှောင့်အယှက် ကင်းနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမ ထိုလူကို အရင်ဆုံး ရှာရမည်။

ထိုလူ ဖရိုဖရဲကြယ်ပင်လယ်တွင် ရှိနေသေးသလားဆိုတာကို သူမ မသေချာပေ။ လက်ထပ်ခြင်း ကြိုးမျှင်များကို ခြေရာခံကာ ရှာနိုင်သော်လည်း စကြဝဠာကြီးက ကျယ်ပြောလှသဖြင့် အကယ်၍ သူက အလွန်ဝေးကွာသော နေရာသို့ ရောက်နေလျှင် သူ့ဆီသွားဖို့ အချိန်အတော်ကြာလိမ့်မည် ဖြစ်၏။ ထို့ပြင် ဧကရာဇ် ပြန်လည်ဝင်စားသူ ဖြစ်သောကြောင့် သူသည် တစ်နေရာတည်းတွင် ကြာကြာနေမည် မဟုတ်ရာ ရှာဖွေရ ပိုခက်ခဲစေသည်။

……..

ချီယွဲ့နိုင်ငံ ။

နန်းတော်။

ဥယျာဉ်အတွင်း။

လုချန်း ဆက်တိုက် နှာချေနေသည်။

“ဟတ်ချိုး...”

“ဟတ်... ဟတ်ချိုး...”

“ထူးဆန်းတယ်... ဘယ်သူက ငါ့ကို လွမ်းနေတာလဲ။”

“ဧကရာဇ်တစ်ယောက် ဖြစ်တဲ့ ငါက နှာစေးနေတာတော့ မဖြစ်နိုင်ပါဘူး။”

ထိုသို့ပြောပြီးသည်နှင့် ခန္ဓာကိုယ်အတွင်းသို့ ထူးဆန်းသော စွမ်းအားတစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရ၏။ ယင်းသည် လှိုင်းတစ်ခုကဲ့သို့ စကြဝဠာ အစွန်းအထိ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထို့နောက် ချက်ချင်းပင်

“ကပ်ဘေးကြီး စတင်တော့မယ်။ နောက်ထပ် နှစ်တစ်သောင်းပဲ ကျန်တော့တယ်။”

ဟူသော အေးစက်သော အမျိုးသမီး အသံတစ်သံ သူ့စိတ်ထဲတွင် ပေါ်လာသည်။

လုချန်းက အနည်းငယ် မှင်သက်သွားသည်။ ဤသတင်းစကားကို မည်သူက ပေးပို့လိုက်သနည်း။

မကြာမီမှာပင် ပေထျန်းလုလည်း ထိုအသံကို ကြားလိုက်ရပြီး ဥယျာဉ်သို့ ရောက်ရှိလာသည်။ ပေထျန်းလုလည်း အံ့အားသင့်နေသည်ကို မြင်သောအခါ လုချန်းက စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။

“အကြီးအကဲပေ... ခင်ဗျားလည်း အဲဒီအသံကို ကြားလိုက်တာလား။”

All Chapters