အခန်း (၁၃၅၇-၁၃၅၉)
Vol. 91 Ch. 1357-1359
အခန်း (၁၃၅၇)
လုယွမ်ကျန်း
လုချန်းက သူ့အား မေးမြန်းသည်ကို မြင်လျှင် လုချန်းလည်း ထိုအသံကို ကြားခဲ့ရမည်ဖြစ်ကြောင်း ပေထျန်းလု သိလိုက်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ပြီး
“ကျုပ် ကြားလိုက်ပါတယ်”
မည်သည့်စကားမှ မဆိုပဲ လုချန်း သူ၏စိတ်အာရုံကို ထုတ်လွှတ်လိုက်ရာ ခဏချင်းတွင်ပင် ချီယွဲ့နိုင်ငံတစ်ခုလုံးကို လုချန်း၏စိတ်အာရုံက လွှမ်းခြုံသွားသည်။ သို့သော် ချီယွဲ့နိုင်ငံအတွင်း သတင်းစကားပါးလိုက်သည့် အမျိုးသမီးကိုမူ သူ ရှာမတွေ့ခဲ့ပေ။ ထိုအသံသည် ပိုဝေးကွာသော အရပ်မှ လာခြင်းဖြစ်ကြောင်း ထိုအချက်က သက်သေပြနေသည်။
ထိုအသံသည် အစောပိုင်းက ထူးဆန်းသော စွမ်းအားနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ရမည်ဟု မကြာမီတွင် လုချန်း သဘောပေါက်သွားသည်။ ဤစွမ်းအားသည် အလွန်ဝေးကွာသော အရပ်မှ လာခြင်းဖြစ် လောက်၏။ သတင်းစကားပါးသော အမျိုးသမီးသည် သတင်းအချက်အလက်ကို သတ်မှတ်ထားသူတစ်ဦးထံသို့သာ ပို့ဆောင်ခြင်းမျိုးမဟုတ်ပဲ စကြဝဠာအတွင်းရှိ လူတိုင်းထံသို့ ပို့ဆောင်နေခြင်း ဖြစ်ပေသည်။
ထိုအချက်ကို တွေးမိရင်း ဘေးနားရှိ ပိုင်ချင်းချင်းဘက်သို့ လုချန်း ချက်ချင်းလှည့်လိုက်သည်။
“ပိုင်... မင်း အဲဒီအသံကို ကြားလိုက်လား”
လုချန်း၏ မေးခွန်းကို ကြားလျှင် ဇဝေဇဝါဖြစ်နေသော မျက်နှာဖြင့် ပိုင်ချင်းချင်းက သူ့ကို ကြည့်လိုက်သည်။
“ဘာအသံကို ပြောတာလဲ မင်းကြီး”
ပိုင်ချင်းချင်း၏ ဇဝေဇဝါဖြစ်နေသော ပုံစံကို မြင်လျှင် လုချန်း ခဏခန့် ကြောင်အသွားသည်။ လူတိုင်း ဤအသံကို ကြားနိုင်သည်ဟူသော သူ၏ခန့်မှန်းချက် မှားယွင်းနေပုံရလေသည်။ ထိုအချိန်တွင် ပေထျန်းလုက အယူအဆတစ်ခုကို တင်ပြလိုက်၏။
“မင်းကြီး... အဲဒီအမျိုးသမီးရဲ့ အသံကို ဧကရာဇ်အဆင့်ရှိသူတွေပဲ ကြားနိုင်တာ ဖြစ်နိုင်ပါတယ်။”
ပေထျန်းလု၏ စကားကို ကြားလျှင် ထိုစွမ်းအားသည် တကယ်ပင် အလွန်ထူးခြားပြီး မူလအစစွမ်းအား အငွေ့အသက်အချို့ ပါဝင်နေကြောင်း လုချန်း သတိပြုမိသွားသည်။ အကယ်၍ သာမန်ကျင့်ကြံသူများသာဆိုလျှင် ထိုစွမ်းအား တည်ရှိနေမှုကို တကယ် ခံစားမိနိုင်မည် မဟုတ်ပေ။ အကယ်၍ ထိုစွမ်းအားကို မခံစားမိပါက ထိုစွမ်းအားအပေါ် အခြေခံထားသည့် အသံကိုလည်း ရရှိနိုင်မည် မဟုတ်တာ သဘာဝကျ၏။
ဤအယူအဆကို အတည်ပြုရန်အတွက် နောက်ထပ်လူအချို့ကို လုချန်း မေးမြန်းကြည့်ရာ မည်သည့်အသံကိုမှ မကြားရကြောင်း အဖြေရသည်။ ယင်းက ပေထျန်းလု၏ ခန့်မှန်းချက်ကို အခြေခံအားဖြင့် အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
သို့သော် နောက်ဆုံးအတည်ပြုချက်အနေနှင့် “ဟုန်ဟုန်... မင်းလည်း အခုနက အမျိုးသမီးရဲ့ အသံကို ကြားလိုက်လား”
ဟု ထျန်းဟုန် ဧကရီထံသို့ လုချန်းက အသံလှိုင်းဖြင့် မေးလိုက်သည်။
လုချန်း သတင်းစကား ပို့လိုက်သည်နှင့် ထျန်းဟုန် ဧကရီ၏ အေးစက်သော အသံကို သူ ကြားလိုက်ရ၏။
“အဲ့ဒါ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုရဲ့ အသံပဲ။”
ထျန်းဟုန် ဧကရီ၏ အဖြေကို ကြားလျှင် “ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုလား” ဟု လုချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
လုချန်းက ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုဟု ရွတ်လိုက်သည်ကို ကြားလျှင် ပေထျန်းလု တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ သူ၏မျက်နှာတွင် တစ်ခုခု နားလည်သွားသည့် ပုံစံမျိုး ပေါ်လာသည်။
လုချန်းက ပေထျန်းလုကို ကြည့်လိုက်ကာ “အကြီးအကဲပေ... ခင်ဗျား ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုအကြောင်း ကြားဖူးလား”
ပေထျန်းလုက
“ကျွန်တော် ပြင်ပနယ်မြေမှာ ရှိတုန်းက အဲ့ဒီအမျိုးသမီး အကြောင်း ကြားဖူးပါတယ်။ သူက အတိတ်နဲ့ အနာဂတ် ဖြစ်ရပ်တွေကို တွက်ချက်နိုင်တယ်လို့ ကောလာဟလ ရှိပါတယ်။”
“ပြီးတော့ သူရဲ့ အင်အားကလည်း မယုံနိုင်လောက်အောင် အစွမ်းထက်ပါတယ်။ အကယ်၍ သူက စကြဝဠာတစ်ခုလုံးကို သတိပေးနေတာဆိုရင်တော့ ဒါက ဖြစ်နိုင် ခြေရှိပါတယ်။”
ထိုအသံ မည်သူ့အသံဖြစ်နိုင်မှန်း လုချန်း ခဏခန့် စဉ်းစားနေပြီးနောက် ဆက်လက်၍ အတွေးမပွားတော့ပေ။ မည်သူ့အသံပင်ဖြစ်စေ လက်ရှိအချိန်တွင် ထိုသူနှင့် ဆက်သွယ်၍ မရနိုင်သေးပေ။
အခုအချိန်တွင် အရေးကြီးဆုံးအချက်မှာ အခြားတစ်ဖက်မှ ပြောဆိုချက်များ အမှန်လား၊ အမှားလားဆိုတာကို သိနိုင်ရန်သာ ဖြစ်သည်။ အကယ်၍ အမှန်တကယ်ပင် စကြဝဠာကပ်ဘေးကြီး ဆိုက်ရောက်ရန် နှစ်ပေါင်းတစ်သောင်းသာ လိုတော့ပါက သူတို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရတော့မည် ဖြစ်သည်။
“အကြီးအကဲပေ... ဒါက အမှန်ဖြစ်ဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိတယ်လို့ ခင်ဗျားထင်လဲ။”
ပေထျန်းလုက ခဏခန့် စဉ်းစားပြီးနောက် “တကယ်လို့ ဒီသတင်းစကားက ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုဆီက လာတာဆိုရင်တော့ ဒါက အမှန်ဖြစ်ဖို့ ဖြစ်နိုင်ခြေ အရမ်းများပါတယ်။”
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုသည် အတိတ်နှင့် အနာဂတ်ကို တွက်ချက်နိုင်ကြောင်း သိထားကြသော်လည်း ခုနက အသံပိုင်ရှင် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ဟုတ်မဟုတ် ကိုမူ သူတို့ အတည်မပြုနိုင်သေးပေ။
ပေထျန်းလုက ဆက်လက်၍
ဒါပေမဲ့ နောက်တစ်ချက်ကတော့... တကယ်လို့ သူသာ မဟုတ်ဘူးဆိုရင် အခြားတစ်ဖက်က လူအနေနှင့် အခုလိုမျိုး စကြဝဠာကပ်ဘေးကြီး ဆိုက်ရောက်တော့မယ်ဆိုတဲ့ ကောလာဟလမျိုး ဖြန့်ဖို့ မလိုအပ်ဘူး မဟုတ်လား။”
ခုနက သတင်းစကားသည် စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုကဲ့သို့ ကောလာဟလမျိုး ဖြန့်ဝေဝံ့ပါက ဧကရာဇ်အဆင့်ရှိသူတစ်ဦးသည် အတည်ပြုရန်အတွက် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုကို ဧကန်မုချ ရှာဖွေလိမ့်မည် ဖြစ်သည်။
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ တွက်ချက်နိုင်စွမ်းနှင့်ဆိုလျှင် ကောလာဟလဖြန့်သူကို သူမ ဧကန်မုချ ရှာတွေ့နိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကောလာဟလဖြန့်သူသည် လူတိုင်း၏ ပစ်မှတ်ဖြစ်လာမည်ဖြစ်ပြီး စကြဝဠာတစ်ခုလုံးကလည်း ထိုသူကို လက်ခံလိမ့်မည် မဟုတ်ပေ။ မိမိခြေထောက်ကို ကျောက်တုံးနှင့် ပြန်ထုသကဲ့သို့ အလုပ်မျိုးကို မည်သူမှ လုပ်လိမ့်မည်မဟုတ်ဟု ပေထျန်းလုက ယုံကြည်သည်။
ခဏခန့် စဉ်းစားပြီးနောက် ပေထျန်းလု စဉ်းစားပုံ အဓိပ္ပာယ်ရှိသည်ဟု လုချန်း ခံစားလိုက်ရသည်။ ထျန်းဟုန် ဧကရီကိုယ်တိုင်ကပင် ထိုအသံသည် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ အသံဖြစ်သည်ဟု ယုံကြည်နေသဖြင့် သူတို့အနေနှင့်လည်း ထိုသတင်းစကားကို အမှန်ဟု မှတ်ယူသင့်ပေသည်။
သို့သော် စကြဝဠာကပ်ဘေးကြီးကို သူတို့ မည်သို့ တိုက်ခိုက်ကြမည်နည်း။
စကြဝဠာကပ်ဘေးကြီးကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ပြောရလျှင် အေးစက်ပြီး ခန့်ညားသော ပုံရိပ်တစ်ခု လုချန်း၏ စိတ်ထဲတွင် ဖျတ်ကနဲ ပေါ်လာလေသည်။ ယွမ်ချင်းရှုသည် ယခင်ခေတ်က စကြဝဠာကပ်ဘေးမှ ရှင်းရှင်းလင်းလင်း လွတ်မြောက်လာသူအဖြစ် သူသိသည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ ထို့ကြောင့် သူမတွင် အတွေ့အကြုံ ရှိရမည်။ ယွမ်ချင်းရှုနှင့် ကောင်းကောင်း စကားပြောရမည့် အချိန်ရောက်လာပုံရ၏။
စကြဝဠာကပ်ဘေးအကြောင်း ပြောရလျှင် အခြားအရာတစ်ခုကိုလည်း လုချန်း သတိရသွားပြန်သည်။ သူ၏ အရင်ဘဝ မှတ်ဉာဏ်အချို့သည် ဘဝသံသရာ ကျောက်တုံးအတွင်း၌ ချိပ်ပိတ်ခံထားရဆဲ ဖြစ်ပြီး ၎င်းကို အစောကတည်းက မဖွင့်ထုတ်ခဲ့ဖြစ်ပေ။
အကယ်၍ ဘဝသံသရာ ကျောက်တုံးကို သူ အပြည့်အဝ ဖွင့်နိုင်ပါက အတွင်း၌ ချိပ်ပိတ်ထားသော မှတ်ဉာဏ်များမှတစ်ဆင့် ကပ်ဘေးမှ လွတ်မြောက်မည့် နည်းလမ်းကို သူ ရှာတွေ့နိုင်ပေမည်။
သူသည်လည်း ရှေးဟောင်းခေတ် စကြဝဠာကပ်ဘေးမှ လွတ်မြောက်လာနိုင်သူတစ်ဦး ဖြစ်နိုင်သည်ဟု ယွမ်ချင်းရှုက ယုံကြည်နေသဖြင့် သူ၏အရင် ဘဝသည်လည်း ရှေးဟောင်းခေတ်တွင် တည်ရှိခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် မှတ်ဉာဏ်များကို မဖွင့်မီ ချီယွဲ့နိုင်ငံနှင့် ချင်းယွမ်နိုင်ငံတို့ကို ဦးစွာသိမ်းပိုက်ရန် လုချန်းက စဉ်စားလိုက်သည်။ နိုင်ငံနှစ်ခုလုံး၏ ကံစွမ်းအားကို ပေါင်းစည်းခြင်းဖြင့် သူ၏အင်အား ပိုကောင်းလာမည်ဖြစ်ပြီး ယင်းက ဘဝသံသရာ ကျောက်တုံးကို ဖွင့်ထုတ်ရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။
ထိုအချက်ကို တွေးမိရင်း လုချန်းက ပေထျန်းလုအား
“စကြဝဠာကပ်ဘေးကြီးက နီးကပ်လာနေပြီဖြစ်လို့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုတွေ စောစောစီးစီး လုပ်ထားသင့်တယ်။”
နှစ်ပေါင်းတစ်သောင်းဟူသည် သာမန်ကျင့်ကြံသူများအတွက် ကြာရှည်လှသော အချိန်ဖြစ်နိုင်သော်လည်း ဧကရာဇ်အဆင့်ရှိသူတစ်ဦးအတွက်မူ အတော်လေး တိုတောင်းလှ၏။ ဤနှစ်ပေါင်းတစ်သောင်းအတွင်း၌ ကပ်ဘေးမှ လွတ်မြောက်မည့် နည်းလမ်းကို သူ ရှာတွေ့နိုင်ပါ့မလား လုချန်း မသေချာနိုင်ပေ။ လုချန်း၏ စကားထဲမှ ဆိုလိုရင်းကို ပေထျန်းလုလည်း နားလည်သွားပြီး
“ချီယွဲ့နိုင်ငံရဲ့ နယ်ပယ်သခင်တွေအားလုံးက မင်းကြီးအပေါ် သစ္စာစောင့်သိကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ကျုပ်တို့နိုင်ငံရဲ့ ကံစွမ်းအားကို ရှနိုင်ငံထဲ ဘယ်အချိန်မဆို ပေါင်းထည့်နိုင်ပါတယ်။”
လုချန်းက
“ကောင်းပြီ... ဒီလထဲမှာပဲ ပေါင်းစည်းတာကို အပြီးသတ်လိုက်ရအောင်။”
“ဟုတ်ကဲ့ပါ မင်းကြီး”
“ကျုပ်ကို ခွင့်ပြုပါဦး”
ထိုသို့ပြောပြီးနောက် နိုင်ငံများ ပေါင်းစည်းခြင်း အခမ်းအနားအတွက် ပြင်ဆင်ရန် ပေထျန်းလု လှည့်ထွက်သွားလေတော့သည်။
……..
ဗဟိုကြယ်နယ်မြေ။
ထျန်းကျိရဲတိုက်။
အဆင့်မြင့်ကြယ်နယ်မြေအချို့ထက်ပင် ကျယ်ဝန်းသော မူလတိုက်ကြီးတစ်ခုပေါ်တွင် ထျန်းကျိရဲတိုက် တည်ရှိ၏။ ထျန်းကျိရဲတိုက် အဆောက်အဦးသည် ကီလိုမီတာ သန်းပေါင်းများစွာ မြင့်မားပြီး ဗဟိုကြယ်နယ်မြေ၏ အပြင်ဘက်မှ ကြည့်လျှင် မူလတိုက်ကြီးပေါ်ရှိ မြင့်မားလှသော တောင်ကြီးတစ်လုံးနှင့် တူနေသည်။
ထိုအချိန်တွင် ကြီးကျယ်ခမ်းနားသော နတ်လှေတစ်စီးသည် ထျန်းကျိရဲတိုက်၏ အမြင့်ဆုံးအလွှာသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာနေလေသည်။ ထျန်းကျိရဲတိုက်နှင့် ကပ်လိုက်ပြီးလျှင် ခရမ်းရောင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသမီးတစ်ဦး နတ်လှေပေါ်မှ ဆင်းလာ၏။ ထိုအမျိုးသမီး ဆင်းလိုက်သည်နှင့် အစေခံမလေးတစ်ဦး သူမထံသို့ ရောက်လာသည်။
“သူတော်စင်မ... ရှန်ယွဲ့နိုင်ငံက မင်းသားလုယွမ်ကျန်းက တွေ့ခွင့်တောင်းနေပါတယ်။”
ထိုအရာကို ကြားလျှင်
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက
“သူ့ကို တက်လာခိုင်းလိုက်ပါ။”
သူမ၏ စကားအဆုံးတွင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထျန်းကျိရဲတိုက်၏ ထိပ်ဆုံးအထပ်တွင် ပေါ်လာ၏။
“သူတော်စင်မကို ဂါရဝပြုပါတယ်”
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ခပ်အေးအေးပင်
“ရှင်လည်း ခန့်မှန်းမိနေပြီးသားပဲကို ဘာလို့ ကျွန်မဆီကို လာသေးတာလဲ။”
သူမ၏ စကားကြောင့် လုယွမ်ကျန်း ခဏခန့် ကြောင်အသွားသည်။ သူ ဘာကြောင့် ရောက်လာမှန်း ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက သိနေပုံရ၏။
လုယွမ်ကျန်းက
“သူ ဒီလိုမျိုး တကယ်လုပ်လိမ့်မယ်လို့ ကျွန်တော် မယုံနိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော်တို့ရဲ့ ဖခင် ဧကရာဇ်ပဲလေ။”
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ခပ်အေးအေးလေသံဖြင့်
“သူက ရှင့်ကို တစ်ခါ သတ်ခဲ့ပြီးပြီပဲ။ ရှင့်တို့ရဲ့ အသက်တွေကို သူ ဂရုစိုက်နေသေးတယ်လို့ ထင်နေတုန်းလား။”
“သူ ဂရုစိုက်တဲ့ တစ်ခုတည်းသော အရာက စကြဝဠာကပ်ဘေးကနေ ဘယ်လိုလွတ်မြောက်မလဲ ဆိုတာပဲ။”
အခန်း (၁၃၅၈)
ချီယွဲ့နိုင်ငံနှင့် တရားဝင် ပေါင်းစည်းခြင်း
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ပြောလိုက်သည့် စကားများကို ကြားလျှင် လုယွမ်ကျန်း အချိန်အတော်ကြာအောင် တိတ်ဆိတ်သွား၏။ သူ၏ စိတ်ထဲတွင်လည်း လေးလေးနက်နက် တွက်ဆနေသည်။
အစပိုင်းတွင် ဖခင်က ဆက်ခံသူကို ရွေးချယ်ရန်အတွက် သူတို့ကို ကမ္ဘာအသီးသီးသို့ လေ့ကျင့်ရန် စေလွှတ်ခဲ့ခြင်းဟု သူ တကယ် ယုံကြည်ခဲ့သည်။ စမ်းသပ်မှုအတွင်းမှာ အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်းသာ နိုးထမလာခဲ့ပါက ယခုအချိန်ထိ သူ ဘာမှ သိနိုင်ဦးမည် မဟုတ်ပေ။
သူ တွက်ချက်ထားသည့် အနာဂတ်တွင် ဖခင်က သူ၏ သားသမီးအားလုံးကို သတ်ပစ်ကာ တစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်မည်ကို တွေးမိတိုင်း သူ ထိတ်လန့်နေသည်။ သူ သူတော်စင်အဆင့်သို့ ရောက်ရှိနေတာကတော့ အစောကတည်းက ဖြစ်သည်။
ကံကောင်းထောက်မစွာပင် သူသည် ကောင်းကင်လျှို့ဝှက်ချက်မှ သူ၏ အဆင့်ကို ဖုံးကွယ်ရန် လျှို့ဝှက်နည်းစနစ်အချို့ကို သင်ယူခဲ့သည်။ ထို့ကြောင့် သူ သူတော်စင်အဆင့်သို့ ရောက်ရှိနေတာကို ရှန်ဝူဧကရာဇ်က သွေးမျိုးဆက်စွမ်းအားမှတစ်ဆင့် ခံစားသိရှိနိုင်ခြင်း မရှိပေ။
ထိုသို့မဟုတ်ပါက ရှန်ဝူဧကရာဇ်က သူ့ကို ကိုယ်ပွားအဖြစ် အသုံးပြုပြီးဖြစ်ပေလိမ့်မည်။ သူတစ်ဦးတည်းသာမက သူ၏ ညီအစ်ကိုများထဲမှ မည်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ယခုတော့ ဘာလုပ်ရမည်မှန်းကို မသိတော့ပဲ လုယွမ်ကျန်း ဇဝေဇဝါ ဖြစ်နေရတော့သည်။
ထိုအခိုက်အတန့်တွင် သူ တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ သူက ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုကို တည့်တည့်စိုက်ကြည့်ကာ
“သူတော်စင်မ... ကျွန်တော် မမှားဘူးဆိုရင် ကျွန်တော် ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်နိုင်စွမ်း နိုးထလာတာက ထျန်းကျိရဲတိုက်ရဲ့ အကူအညီကြောင့်ပဲလား။”
လုယွမ်ကျန်းသည် လူမိုက်တစ်ဦး မဟုတ်ပေ။ သူသည် အနာဂါတ်ခန့်မှန်း တွက်ချက်ခြင်း လမ်းစဉ်ကို လိုက်စားခဲ့သူ မဟုတ်ရာ ထိုကဲ့သို့သော စွမ်းရည်က အဘယ်ကြောင့် ရုတ်တရက် နိုးထလာရသနည်း။
ပြန်စဉ်းစားကြည့်လျှင် ဤတွက်ချက်ခြင်း နည်းစနစ်သာ နိုးထမလာခဲ့ပါက သူ၏ ကျင့်စဉ်ကို ဖုံးကွယ်ထားမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ယခု သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဖခင်က ဝင်ရောက်ပြီး ပို၍ပင် အစွမ်းထက်လာလိမ့်မည်ဖြစ်သည်။
တွက်ချက်ခြင်း နည်းစနစ်များကို မသင်ယူဖူးသော လူတစ်ဦးအတွက် ထိုစွမ်းရည် ရုတ်တရက် နိုးထလာခြင်းက ထျန်းကျိရဲတိုက်နှင့် များစွာ ဆက်စပ်နိုင်သည်။ ထိုစွမ်းရည်က ဖခင်၏ အစီအစဉ်များကို နှောင့်ယှက်နိုင်ခဲ့သည်။
ထို့ပြင် ထျန်းကျိရဲတိုက်နှင့် ဖခင်ကြားရှိ ပဋိပက္ခများကို ဆက်စပ်ကြည့်လျှင် ဤအရာအားလုံးမှာ ထျန်းကျိရဲတိုက်၏ စီစဉ်မှုဖြစ်သည်ဟု သူ မတွေးပဲ မနေနိုင်တော့ပေ။
ထို့ပြင် ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်နိုင်စွမ်းကလည်း ထျန်းကျိရဲတိုက် ပါဝင်ပတ်သက်နေသည်ဟု လုယွမ်ကျန်း သံသယဖြစ်ရသည့် အချက်တစ်ချက် ဖြစ်သည်။ သူ သူတော်စင်အဆင့်သို့ ရောက်ရှိနေပြောင်း သွေးမျိုးဆက်စွမ်းအားမှတစ်ဆင့် သူ၏ ဖခင် မသိနိုင်အောင် သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ကောင်းကင်လျှို့ဝှက်ချက်ကို အပြည့်အဝ ဖုံးကွယ်နိုင်လိမ့်မည်ဟု လုယွမ်ကျန်း မယုံကြည်ပေ။ ထျန်းကျိရဲတိုက်မှ တစ်စုံတစ်ယောက်က ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် သူ့ကို ကူညီပေးခဲ့ခြင်း ဖြစ်နိုင်ခြေ များလှသည်။
“ရှင်က အရမ်းဉာဏ်ကောင်းတာပဲ။ ဟုတ်ပါတယ်... ဒါတွေအားလုံးက ထျန်းကျိရဲတိုက်နဲ့ ဆက်စပ်နေတာပါ”
ဟု ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
“တကယ်လို့ ထျန်းကျိရဲတိုက်ရဲ့ ကြားဝင်မှုသာ မရှိခဲ့ရင် ရှင်ဟာ အခုလောက်ဆိုရင် ရှင့်ဖခင်ရဲ့ ဝိညာဉ် ကူးပြောင်းတာကို ခံလိုက်ရလောက်ပါပြီ။”
လုယွမ်ကျန်းက ချက်ချင်း ထပ်မေးလိုက်သည်။
“ထျန်းကျိရဲတိုက်က ကျွန်တော့်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ဒီအကျပ်အတည်းကနေ အပြည့်အဝ လွတ်မြောက်အောင်လည်း ကူညီပေးနိုင်မှာ မဟုတ်လား။”
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက လုယွမ်ကျန်းကို ကျောခိုင်းလိုက်ပြီးနောက် ထျန်းကျိရဲတိုက်အတွင်းရှိ မြင့်မားသော စင်မြင့်တစ်ခုပေါ်သို့ လျှောက်သွားကာ
“ထျန်းကျိရဲတိုက်က ရှန်ဝူဧကရာဇ်နဲ့ တိုက်ရိုက်ပဋိပက္ခ မဖြစ်ချင်ဘူး။”
လုယွမ်ကျန်း ကြောင်အသွား၏။ ထျန်းကျိရဲတိုက်သည် သူ၏ အနာဂတ်ကို ကြားဝင်နှောင့်ယှက်ခဲ့ပြီးမှ ယခုအခါ ရှန်ဝူဧကရာဇ်နှင့် တိုက်ရိုက် မရင်မဆိုင်လိုဟု ဆိုနေပေသည်။
ရှန်ဝူဧကရာဇ်၏ အစီအစဉ်ကို ဖျက်ဆီးလိုက်ခြင်းဖြင့် ထျန်းကျိရဲတိုက်သည် သူ့ကို အပြစ်ပြုမိပြီးသား ဖြစ်သည်။ ထိုအရာကို ရှန်ဝူဧကရာဇ်သာ သိသွားပါလျှင် သူနှင့် တိုက်ရိုက်ပဋိပက္ခက ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။
ထျန်းကျိရဲတိုက်က ဤအခြေအနေမှ ရုန်းထွက်ရန် ကြိုးပမ်းနေခြင်းမှာ အလွန်ပင် ပညာမဲ့ဆန်လှပေသည်။ သူတို့ လုပ်ဆောင်ခဲ့သမျှကို ရှန်ဝူဧကရာဇ်က ဘယ်သောအခါမျှ ရှာမတွေ့နိုင်ဟု တကယ်ပဲ ထင်နေကြသလားဟုလည်း လုယွမ်ကျန်း တွေးလိုက်မိသည်။
ထိုစဉ်ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက
“အပြောင်းအလဲအသစ်တစ်ခု ပေါ်လာပြီ။ ရှင်သာ ရှန်ယွဲ့နိုင်ငံကနေ ထွက်သွားမယ်ဆိုရင် ရှင့်ရဲ့ အသက်က ဘေးကင်းပါလိမ့်မယ်”
ထိုစကားများကို ကြားရလျှင် လုယွမ်ကျန်းက ဆွံ့အသွား၏။
ရှန်ယွဲ့နိုင်ငံမှ ထွက်သွားရုံဖြင့် အကျပ်အတည်းမှ လွတ်မြောက်မယ်....
ဒီလောက်တောင် ရိုးရှင်းလို့လား......
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ပြောလိုက်သည့် အပြောင်းအလဲအသစ်ဆိုတာက အဘယ်အရာနည်း။
ခဏခန့် စဉ်းစားသော်လည်း အပြောင်းအလဲအသစ် ဘယ်အရာဖြစ်သည်ကို လုယွမ်ကျန်း နားမလည်ခဲ့ပေ။ ထို့ကြောင့် ဆက်လက် မတွေးတောတော့ရန် ဆုံးဖြတ်လိုက်သည်။
ရှန်ယွဲ့နိုင်ငံမှ ထွက်သွားလျှင် ဘေးကင်းမည်ဟု ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ဆိုသဖြင့် ရှန်ယွဲ့နိုင်ငံသို့ ဘယ်သောအခါမှ ပြန်မသွားတော့ရန်လည်း သူ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ထျန်းကျိရဲတိုက်ကသာ ကောင်းကင်လျှို့ဝှက်ချက် ဖုံးကွယ်ပေးမည်ဆိုလျှင် ဖခင်က သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
လုယွမ်ကျန်းက ကျေးဇူးတင်စကား အမြန်ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူတော်စင်မ... ထျန်းကျိရဲတိုက်ရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ ဆပ်လို့ ကုန်မှာ မဟုတ်ပါဘူး။ နောင်တစ်ချိန်မှာ ထျန်းကျိရဲတိုက်အတွက် ကျွန်တော် လုပ်ပေးနိုင်တာရှိရင် ဧကန်မုချ ကူညီပါ့မယ်။”
လုယွမ်ကျန်း၏ စကားများမှာ ယဉ်ကျေးမှုအရ ပြောဆိုခြင်းသာ ဖြစ်သည်။ ထျန်းကျိရဲတိုက်၏ အင်အားနှင့်ဆိုလျှင် သူကဲ့သို့ သာမန်သူတော်စင်အဆင့်ရှိသူ တစ်ဦး၏ အကူအညီကို ဘယ်သောအခါမှ လိုအပ်မည်မဟုတ်ကြောင်း သူ ကောင်းကောင်း သိသည်။ အကယ်၍ သူသာ ရှန်ဝူဧကရာဇ်၏ သား မဟုတ်ပါလျှင် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုနှင့် တွေ့ဆုံရန်ပင် သူ အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက အေးစက်စွာဖြင့်
“တခြား ကိစ္စမရှိရင် ရှင် သွားလို့ရပါပြီ။”
“ဒါဆို ကျွန်တော် သွားပါဦးမယ်”
ဟု ဆိုကာ လုယွမ်ကျန်းက တစ်ဖန် ဂါရဝပြုလိုက်သည်။
စကားအဆုံးတွင်ပင် လုယွမ်ကျန်း၏ ခန္ဓာကိုယ် ထိုနေရာ၌ပင် ပျောက်ကွယ်သွား တော့သည်။
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုသည် အဝေးကို မျှော်ကြည့်ရင်း စင်မြင့်ပေါ်တွင် ရပ်နေရင်း သူမဘာသာ တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။
“ဒီနယ်ရုပ်က ဒီလောက် မြန်မြန် အသုံးမဝင်ဖြစ်သွားမယ်လို့ မထင်ထားမိဘူး။ အဲ့ဒီ အပြောင်းအလဲအကြောင်းကိုသာ အရင်က သိခဲ့ရင် ဒီနယ်ရုပ်အတွက် ဒီလောက် ဒုက္ခခံခဲ့မှာ မဟုတ်ဘူး။”
ထိုအချိန်မှာပင် အစေခံမလေးတစ်ဦး ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ နောက်တွင် ပေါ်လာ၏။
“သူတော်စင်မ... ရဲတိုက်သခင်က ရှင် ပြန်ရောက်တာနဲ့ ချက်ချင်း လာတွေ့ဖို့ ပြောခိုင်းလိုက်ပါတယ်။”
အစေခံမလေး စကားပြောပြီးသည်နှင့် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ ခန္ဓာကိုယ်သည် အလင်းတန်းများအဖြစ် ပြောင်းသွားပြီး စင်မြင့်ပေါ်မှ လွင့်ပျံ့သွား တော့သည်။
……….
ချီယွဲ့နိုင်ငံ။
ဧကရာဇ်ကြယ်။
ယနေ့သည် ချီယွဲ့နိုင်ငံက ရှနိုင်ငံအတွင်းသို့ ပေါင်းစည်းသည့် နေ့ဖြစ်သည်။ ချီယွဲ့နိုင်ငံအတွင်းရှိ အဓိကကြယ်နယ်မြေများမှ နယ်ပယ်သခင်အားလုံးသည် ပေါင်းစည်းခြင်း အခမ်းအနား စတင်ရန်အတွက် နန်းတော်ခန်းမ၌ စောစောစီးစီး စုရုံးရောက်ရှိနေကြသည်။
ရှနိုင်ငံနှင့် ပေါင်းစည်းခြင်းအပေါ် ချီယွဲ့နိုင်ငံအတွင်းရှိ မည်သည့်အဖွဲ့အစည်းကမှ ကန့်ကွက်မှု မရှိခဲ့ပေ။ နိုင်ငံကို တည်ထောင်ခဲ့သည့် အကြီးအကဲများပင်လျှင် ရှနိုင်ငံဧကရာဇ်ထံ သစ္စာခံရန် ရွေးချယ်ခဲ့ကြရာ ဤဧကရာဇ်လောင်းများက မည်သည့်ပြဿနာကို ဖန်တီးနိုင်မည်နည်း။
နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် ပေထျန်းလုသည် သစ်သားလင်ဗန်းတစ်ခုကို ကိုင်ဆောင်ကာ ခန်းမအလယ်ရှိ ကျယ်ပြန့်သော လမ်းပေါ်တွင် ရပ်နေသည်။ လင်ဗန်းအတွင်း၌ တော်ဝင်တံဆိပ်တုံးနှင့် အာဏာကို ကိုယ်စားပြုသော ဓားတစ်စင်း ရှိနေသည်။
ထိုအခိုက်အတန့်တွင်
“ကောင်းကင်ဧကရာဇ် ကြွမြန်းလာပါပြီ”
ဟူသော အသံတစ်သံ ကောင်းကင်မှ ဟိန်းထွက်လာသည်။
ထိုအသံကို ကြားလျှင် ခန်းမထဲရှိ လူတိုင်း ဒူးထောက်လိုက်ကြသည်။
ထို့နောက် လုချန်းသည် လမ်း၏ အခြားတစ်ဖက်မှ ပေထျန်းလုထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
“ကောင်းကင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
ဟူသော လူအများ၏ အော်ဟစ်သံများ ခန်းမအတွင်း ဟိန်းထွက်သွား၏။
လုချန်း ပေထျန်းလုထံသို့ ရောက်သောအခါ ပေထျန်းလုက ချက်ချင်းပင် ဒူးထောက်လိုက်သည်။
“ကျုပ် ပေထျန်းလု... ချီယွဲ့နိုင်ငံကို တည်ထောင်သူအနေနဲ့ ကျုပ်ရဲ့ သစ္စာဆိုမှုကို ကောင်းကင်ဘုံလမ်းစဉ်က သက်သေပြုပါစေ။ ကျုပ်ရဲ့ ထီးနန်းကို စွန့်လွှတ်ပြီး ရှနိုင်ငံဧကရာဇ်ထံ ဆန္ဒအလျောက် သစ္စာခံပါတယ်။ ဒီအချိန်ကစပြီး ကျုပ်ဟာ ရှနိုင်ငံဧကရာဇ်ရဲ့ ဓားတစ်စင်း ဖြစ်ပါလိမ့်မယ်။ ဓားညွှန်ရာအရပ်က အတားအဆီးအားလုံးကို ကျုပ် ဖယ်ရှားပါ့မယ်။ သစ္စာဖောက်ခဲ့ရင် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခံယူပါ့မယ်။”
ပေထျန်းလု၏ လင်ဗန်းပေါ်မှ တော်ဝင်တံဆိပ်တုံးနှင့် ဓားကို လုချန်းက ယူလိုက်ပြီး
“ခင်ဗျားရဲ့ သစ္စာခံမှုကို လက်ခံတယ်”
ဟု ကြေညာလိုက်လေသည်။
လုချန်း ထိုသို့ပြောလိုက်သည်နှင့် အဆုံးအစမရှိသော ကံစွမ်းအားများ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို သူ ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် ခန်းမအတွင်းရှိ လူများလည်း သူတို့၏ ကံစွမ်းအားများ လျင်မြန်စွာ လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။ သို့သော် မကြာမီမှာပင် ကံစွမ်းအား အသစ်များက ရောက်ရှိနေသူတိုင်းကို လွှမ်းခြုံသွားလေသည်။
ထိုကံစွမ်းအားများ ရောက်ရှိလာခြင်းကြောင့် ခန်းမအတွင်းရှိ ဧကရာဇ်လောင်းအချို့လည်း အသိဉာဏ်ပွင့်လင်းမှု နယ်ပယ်သို့ ရောက်ရှိသွားကြသည်။ အချို့သော သူတော်စင်အဆင့်ရှိသူများသည် ဧကရာဇ်လောင်းအဆင့်သို့ပင် တိုးတက်သွားကြလေသည်။
လူတိုင်းမှာ ခဏခန့် အလွန် ဝမ်းသာသွားကြသည်။ ရှနိုင်ငံနှင့် ပေါင်းစည်းပြီး သစ္စာခံမှုကို ပြောင်းလဲလိုက်ရုံမျှဖြင့် ဤမျှကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ သူတို့၏ ပင်ကိုယ်ပါရမီနှင့်ဆိုလျှင် လူအများစုသည် တစ်သက်လုံး ထိုကဲ့သို့သော အောင်မြင်မှုမျိုး ရရှိနိုင်မည် မဟုတ်သော်လည်း ရှနိုင်ငံ၏ ကံစွမ်းအား စီးဝင်လာမှုက လူတိုင်းကို ချက်ချင်းပင် မျှော်လင့်ချက် ပေးလိုက်ပေသည်။
ခန်းမတစ်ခုလုံး အော်ဟစ်သံများ တစ်ဖန် ဖုံးလွှမ်းသွားသည်။
“ကျွန်တော်တို့ ကောင်းကင်ဧကရာဇ်အတွက် အသက်ပေးပြီး သစ္စာစောင့်သိပါ့မယ်”
လုချန်းက လှည့်၍ ရောက်ရှိနေသူတိုင်းကို ကြည့်လိုက်ပြီးနောက်
“ထကြပါ”
“ကျေးဇူးတင်ပါတယ် ကောင်းကင်ဧကရာဇ်”
ထိုအခိုက်အတန့်တွင် အဆင့်တက်မည့် အရိပ်အယောင်ကို လုချန်း ခံစားလိုက်ရသည်။ သူက လူအများအား
“နောက်သုံးလနေရင် ကျွန်တော်တို့ ချင်းယွမ်နိုင်ငံကို ချီတက်ကြမယ်”
ဟု ချက်ချင်း ကြေညာလိုက်သည်။
“ဓားညွှန်ရာအရပ်မှာ အနိုင်မရတာ မရှိစေရ......”
ဟု လူအများက တစ်ညီတစ်ညွတ်တည်း ပြန်လည် အော်ဟစ်လိုက်ကြသည်။
…………..
အခန်း (၁၃၅၉)
အဆင့်တက်ခြင်း
ချီယွဲ့နိုင်ငံကို ရှနိုင်ငံအတွင်းသို့ ပေါင်းစည်းသည့် ခမ်းနားသော အခမ်းအနားအပြီးတွင် လုချန်း၏ ပင်မခန္ဓာသည် ထူးဆန်းသော အခြေအနေတစ်ခုထဲသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။
……..
ထိုအခိုက်အတန့်တွင်။
ထျန်းချန်ကမ္ဘာ၌ ။
နန်းတော်ရှိ ကျင့်စဉ်ခန်းမအတွင်း၌ လမ်းစဉ်အငွေ့အသက်များ လှည့်ပတ်နေသည်။
လုချန်း၏ ပတ်ပန်းကျင်တွင် ရေတွက်၍ မရနိုင်သော အပင်များ ပေါက်ရောက်လာပြီး ခဏချင်းမှာပင် ကျင့်စဉ်ခန်းမတစ်ခုလုံးသည် ပန်းပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထို့နောက် ချက်ချင်းပင် သု့အတွင်းရှိ ကိုယ်တွင်းကမ္ဘာသည် ရူးသွပ်စွာ ကျယ်ပြန့်လာပြီး စိတ်ဝိညာဉ်ပင်လယ်သည်လည်း လျင်မြန်စွာ ကျယ်ပြန့်လာသည်ကို လုချန်း ခံစားလိုက်ရသည်။
သူ အဆင့်တက်တော့မည်ဟု လုချန်း သိလိုက်၏။ ထို့ကြောင့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားလိုက်ပြီး မိမိအတွင်း၌ အရှိန်အဟုန်ဖြင့် တက်လာနေသော စိတ်ဝိညာဉ်စွမ်းအားများကို ငြိမ်သက်အောင် ပြုလုပ်လိုက်သည်။
အချိန်မည်မျှ ကြာသွားသည် မသိ သူ၏ ခန္ဓာကိုယ်မှ လမ်းစဉ် အငွေ့အသက်များ လျင်မြန်စွာ တိုးလာသည်ကို ခံစားလိုက်ရသည်။ နောက်တစ်ခဏ၌ အစိမ်းရောင် စွမ်းအားတန်းကြီးသည် အလင်းတိုင်ကြီးအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ ဦးခေါင်းထက်မှတစ်ဆင့် ကောင်းကင်ယံသို့ တည့်တည့် တိုးဝင်သွားသည်။
ထိုအစိမ်းရောင်စွမ်းအားသည် ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ယံသို့ ရောက်ရှိသွားလျှင် ချက်ချင်းပင် ပျံ့နှံ့သွားပြီး ထျန်းချန်ကမ္ဘာတစ်ခုလုံးကို သက်စောင့်စွမ်းအားများဖြင့် လွှမ်းခြုံသွားစေသည်။
ခဏတာအတွင်းမှာပင် ထျန်းချန်ကမ္ဘာရှိ ကျင့်ကြံသူအားလုံးသည် ဤစွမ်းအား၏ သက်ရောက်မှုကို ခံရပြီး ပို၍ တက်ကြွလန်းဆန်းလာကြသည်။
သေအံ့ဆဲဆဲ ဖြစ်နေသော လူအချို့ပင် လုချန်း အဆင့်တက်စဉ် ထွက်ပေါ်လာသည့် သက်စောင့်စွမ်းအားများကို စုပ်ယူပြီးနောက် ချက်ချင်း သတိပြန်လည်လာကြသည်။
ထျန်းချန်ကမ္ဘာရှိ ကမ္ဘာ့သစ်ပင်ကြီးသည်လည်း လေထုထဲရှိ သက်စောင့်စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူလိုက်သည်။ ကမ္ဘာ့သစ်ပင်ကြီးအတွင်းသို့ သက်စောင့်စွမ်းအားများ ပိုမိုစီးဝင်လာသည်နှင့်အမျှ ထျန်းချန်ကမ္ဘာ၏ ဆွဲငင်အားသည်လည်း ပို၍ကြီးမားလာလေသည်။
မကြာမီတွင် ထျန်းချန်ကမ္ဘာနှင့် အလင်းနှစ်အနည်းငယ် အကွာအဝေးတွင် ရှိနေသော လေရန်ကမ္ဘာသည်လည်း ထျန်းချန်ကမ္ဘာ၏ ကြီးမားသော ဆွဲငင်အားကြောင့် အနီးသို့ ဆွဲငင်ခံလိုက်ရသည်။
အဆင့်တက်ရသည့် ပီတိထဲတွင် နစ်မြောနေရင်း လေရန်ကမ္ဘာ ချဉ်းကပ်လာသည်ကို လုချန်း၏ ပင်မခန္ဓာက ချက်ချင်း ခံစားလိုက်ရသည်။ ထို့ကြောင့် အခြေအနေကို စစ်ဆေးရန် သူ၏ ဧကရာဇ်လောင်း ကိုယ်ပွားကို ထျန်းချန်ကမ္ဘာအပြင်ဘက်သို့ အမြန် စေလွှတ်လိုက်သည်။
လေရန်ကမ္ဘာသည် ထျန်းချန်ကမ္ဘာဆီသို့ အလွန်မြန်သော အရှိန်ဖြင့် ဦးတည်လာနေသည်ကို မြင်လျှင် လုချန်း အနည်းငယ် မျက်ခုံးတွန့်သွားသော်လည်း အရင်က ကျိယန်ကမ္ဘာအကြောင်းကို ချက်ချင်း သတိရသွားသည်။
ယခု ထျန်းချန်ကမ္ဘာသည် ကျိယန်ကမ္ဘာနှင့် ပေါင်းစည်းခဲ့ခြင်းကြောင့် ဤမျှ ကျယ်ပြောသော နယ်မြေကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အကယ်၍ ထျန်းချန်ကမ္ဘာက အခြားကမ္ဘာတစ်ခုနှင့် ထပ်မံ ပေါင်းစည်းပါက ၎င်း၏ နယ်မြေ ပိုမိုကျယ်ဝန်းလာမည်ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအားများသည်လည်း ပို၍ ပြည့်စုံလာပေလိမ့်မည်။
သို့သော် ကမ္ဘာနှစ်ခု ပေါင်းစည်းခြင်းကို သတိထား၍ ပြုလုပ်ရန် လိုအပ်ဆဲ ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာနှစ်ခု စတင် တိုက်မိမည့်နေရာတွင် လူအမြောက်အမြား ထိခိုက်သေဆုံးမှုများ ရှိလာနိုင်သည်။
လုချန်းသည် ရက်စက်တတ်သူ တစ်ဦးမဟုတ်ပေ။ သူတို့အားလုံးသည် ရှနိုင်ငံ၏ ပြည်သူများ ဖြစ်ကြသည်။ သာမန်လူများ ကမ္ဘာပေါင်းစည်းမှုကြောင့် အသက်ဆုံးရှုံးရမည့်အဖြစ်ကို သူ မမြင်လိုပေ။
လုချန်း၏ ပင်မခန္ဓာသည် ကျင့်စဉ်ခန်းမမှ ချက်ချင်း ထွက်ခွာလာပြီး ကောင်းကင်ယံသို့ တက်လာခဲ့သည်။ သူသည် ကမ္ဘာ့သစ်ပင်ကြီးရှိရာဘက်သို့ ကြည့်ကာ
“လေရန်ကမ္ဘာကို တတ်နိုင်သမျှ ညင်သာစွာ ဝါးမြိုလိုက်ပါ”
လုချန်း၏ စကားကို ကြားလျှင် ကမ္ဘာ့သစ်ပင်ကြီးသည် ပျော်ရွှင်တက်ကြွနေသော ခံစားချက်ကို ချက်ချင်း ပြန်လည် ဖော်ပြလိုက်သည်။
ကမ္ဘာ့သစ်ပင်ကြီး၏ ပျော်ရွှင်မှုကို ခံစားမိလျှင် လုချန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော စွမ်းအားတစ်ခုသည် လေရန်ကမ္ဘာကို ထိန်းချုပ်လိုက်ပြီး ၎င်း၏ အရှိန်ကို လျော့ကျသွားစေသည်။
လေရန်ကမ္ဘာ ထျန်းချန်ကမ္ဘာထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို မြင်လျှင် ကမ္ဘာနှစ်ခုလုံးရှိ ပြည်သူများ အထူးသဖြင့် ကမ္ဘာ၏ အစွန်းပိုင်းတွင် နေထိုင်သူများ ထိတ်လန့်သွားကြသည်။
သို့သော် မကြာမီမှာပင် ကောင်းကင်ယံရှိ လုချန်းကို သူတို့ တွေ့လိုက်ကြသည်။ ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေသည်ကို မြင်တော့မှ ပြည်သူများ စိတ်အေးသွားကြသည်။
လေရန်ကမ္ဘာ၏ အရှိန် လုံးဝ လျော့ကျသွားလျှင် လုချန်းက သူ၏စွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး လေရန်ကမ္ဘာကို ထျန်းချန်ကမ္ဘာနှင့် ပေါင်းစည်းစေလိုက်သည်။
ထို့နောက် လုချန်း နောက်ထပ်တစ်ကြိမ် လှုပ်ရှားလိုက်ပြန်သည်။ သူသည် ထျန်းချန်ကမ္ဘာနှင့် လေရန်ကမ္ဘာ တိုက်မိမည့်နေရာရှိ မြေပြင်များကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်ပြီး ထိုမြေပြင်နှစ်ခုကို သူ၏ နိယာမ ပုံရိပ်ဖြင့် အာကာသထဲတွင် ထိန်းထားပေးလိုက်သည်။
ကမ္ဘာနှစ်ခု တိုက်မိသောအခါ ထိုမြေပြင်နှစ်ခုပေါ်ရှိ ပြည်သူများ မည်သည့်ထိခိုက်မှုကိုမှ မခံစားခဲ့ရပေ။
ကမ္ဘာနှစ်ခု ပေါင်းစည်းသွားသည်နှင့်အမျှ ထျန်းချန်ကမ္ဘာ၏ နယ်မြေလည်း တစ်ဆခန့် ထပ်မံ ကျယ်ပြန့်လာသည်။ ပေါင်းစည်းမှု ပြီးဆုံးသည်ကို မြင်လျှင် အစောပိုင်းက ဖြတ်တောက်ထားသော မြေပြင်များကို ထျန်းချန်ကမ္ဘာပေါ်သို့ ပြန်လည် ချထားပေးလိုက်သည်။
မြေပြင်များကို ပြန်လည်ချထားစဉ်အတွင်း ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုအရှိန်အချို့ ရှိခဲ့သော်လည်း အသက်ဆုံးရှုံးမှု မရှိခဲ့ပဲ ဟောင်းနွမ်းနေသော အိမ်အချို့သာ ပြိုကျသွားသည်။ သို့သော် ဒါက ပျက်စီးဆုံးရှုံးမှု အနည်းဆုံး အခြေအနေ ဖြစ်သည်။ ပြိုကျသွားသော အိမ်များအတွက်မူ ရှနိုင်ငံက လျော်ကြေးပေးမည်ဖြစ်ပြီး ထိခိုက်ခံရသူများကို ပိုကောင်းသော အိမ်များ ဆောက်လုပ်ရန် ကူညီပေးမည် ဖြစ်သည်။
ကမ္ဘာနှစ်ခု ပေါင်းစည်းပြီးနောက် လုချန်း၏ ပင်မခန္ဓာသည် သူ၏အဆင့်နယ်ပယ်ကို တည်ငြိမ်စေရန် ကျင့်စဉ်ခန်းမသို့ ပြန်သွားခဲ့သည်။
……..
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ပတ် ကြာသွား၏။ လုချန်း၏ ဧကရာဇ် အဆင့်သုံး နယ်ပယ်သည်လည်း နောက်ဆုံးတွင် တည်ငြိမ်သွားပြီး လုချန်း၏ ပင်မခန္ဓာသည် ကျင့်စဉ်ခန်းမထဲမှ ထွက်လာကာ အပြင်ဘက်ရှိ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်သည်။
ကျင့်စဉ်ခန်းမထဲမှ လုချန်း ထွက်လာသည်နှင့် သူ၏ အိပ်ဆောင်အပြင်ဘက်တွင် ဟိုဟိုဒီဒီ လျှောက်နေသော လှပသည့် အမျိုးသမီးတစ်ဦးကို သူ တွေ့လိုက်ရသည်။ သူမသည် တစ်စုံတစ်ခုကို စိုးရိမ်နေပုံရသည်။
လျှိုချင်းချိုသည် အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ ဝတ်စုံမှတဆင့် သူမ၏ ဖြူဝင်းသော အသားအရေအား ဝိုးတဝါး မြင်နေရပြီး အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။
လျှိုချင်းချို၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေပြီး လုချန်းနှင့် စကားပြောရန် စိတ်အားထက်သန်နေပုံရသည်။
လုချန်းက တံခါးအပြင်သို့ ထွက်လာပြီး “ချင်းချို... ဘာကိစ္စရှိလို့လဲ”
ဟု ပြုံးလျက် မေးလိုက်သည်။
မိမိကို လာရှာနေသူသည် လျှိုချင်းချိုလား၊ လျှိုချင်းယွမ်လားဆိုတာကို လုချန်း မသေချာပေ။ ယခု နောက်ပိုင်း လျှိုချင်းယွမ်သည် ပုန်းကွယ်မနေတော့ပေ။ သူမ သူ့ကို သတိရသည့်အခါတိုင်း လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ချက်ချင်း ရယူပြီး သူနှင့် ရင်းနှီးစွာ နေလေ့ရှိသည်။
တစ်ခါတစ်ရံတွင် လုချန်းနှင့် လျှိုချင်းချိုတို့ ပျော်ရွှင်နေစဉ်မှာပင် လျှိုချင်းယွမ်က တိတ်တဆိတ် အစားထိုး ဝင်ရောက်လာတတ်ပေသည်။ ဤအချက်က လုချန်းအတွက် ထိုနှစ်ဦးကို ခွဲခြားရန် ခက်ခဲစေသည်။
အစကတော့ လုချန်း သူတို့ကို အလွယ်တကူ ခွဲခြားနိုင်သည်။ ထိုအချိန်တုန်းက လျှိုချင်းယွမ်သည် ခံစားချက်များကို မရင်းနှီးသေးသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေတတ်သည်။
သို့သော် အခုအချိန်တွင် လျှိုချင်းယွမ်သည်လည်း အတွေ့အကြုံ ကြွယ်ဝနေပြီ ဖြစ်သည်။ ထို့ပြင် သူမသည် လျှိုချင်းချို၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး မှတ်ဉာဏ်များကိုလည်း ဝေမျှထားသဖြင့် သူတို့ကို ခွဲခြားရန် တကယ်ပင် ခက်ခဲလှသည်။
သို့သော်... လုချန်းကတော့ ဒါကို ဂရုမစိုက်တော့ပေ။
လျှိုချင်းချိုဖြစ်စေ၊ လျှိုချင်းယွမ်ဖြစ်စေ သူတို့နှစ်ဦးလုံးသည် သူ၏ အမျိုးသမီးများဖြစ်ကြရာ သူ အလိုရှိသလို ဆက်ဆံမည် ဖြစ်သည်။
လုချန်း ထွက်လာသည်ကို မြင်လျှင် လျှိုချင်းချို အနည်းငယ် ကြောင်အသွားပြီး သူမ၏ မျက်နှာလည်း နီမြန်းသွားသည်။
လုချန်းက ခပ်ဖွဖွပြုံးလိုက်ပြီး လျှိုချင်းချို၏ ခါးကို ညင်သာစွာ ဖက်လိုက်သည်။
“ဘာကိစ္စရှိလို့လဲ ကိုယ့်ချစ်သူ”
လျှိုချင်းချိုက အသာအယာ ချောင်းဟန့်လိုက်ပြီး
“ စကြဝဠာကပ်ဘေးကြီး ဆိုက်ရောက်တော့မယ်ဆိုတာ ရှင်သိလား။”
ထိုအရာကို ကြားလျှင်
“မင်းက ကပ်ဘေးကြီးအကြောင်းကို ဘယ်လိုလုပ် သိတာလဲ”
ဟု လုချန်းကလည်း ဇဝေဇဝါဖြစ်စွာ ပြန်မေးလိုက်သည်။
လျှိုချင်းယွမ်က လျှိုချင်းချိုကို ပြောပြထားခြင်း ဖြစ်ရမည်။ ထိုသို့မဟုတ်ပါက မိမိရှေ့ရှိ လူသည် လျှိုချင်းယွမ်သာ ဖြစ်ရမည်ဟု လုချန်း မကြာမီ သဘောပေါက်သွားသည်။
လျှိုချင်းချိုက ဆက်လက် ဟန်မဆောင်တော့ပဲ
“ချင်းယွမ် ကျွန်မကို ပြောပြတာပါ”
ဟု တိုက်ရိုက် တုံ့ပြန်လိုက်သည်။
ငြိမ်သက်သော မျှော်စင်ထဲတွင် အကျဉ်းချခံထားရပြီးနောက် လုချန်းထံသို့ လာတွေ့ရန် နှစ်ပေါင်းတစ်သောင်းအထိ စောင့်ဆိုင်းဖို့ လျှိုချင်းယွမ် အစက တွေးထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် လုချန်းသည် ဧကရာဇ် ဖြစ်နေပြီဖြစ်ရာ ဧကရာဇ်အဆင့်ရှိသူတစ်ဦးအတွက် နှစ်ပေါင်းတစ်သောင်းက ဘာမှမဟုတ်ပေ။
သို့သော် ငြိမ်သက်သော မျှော်စင်ထဲသို့ သူမ ဝင်လိုက်သည်နှင့် မျှော်စင်ကို စောင့်ကြပ်နေသော ဝါစဉ်ကြီးသူထံမှ စကြဝဠာကပ်ဘေးကြီး ဆိုက်ရောက်တော့မည်ဖြစ်ကြောင်း သူမ ကြားခဲ့ရသည်။
သူမ၏ သူတော်စင်မ အဆင့်အတန်းမှ ဖယ်ရှားခဲ့ရသော်လည်း သူမကို ငယ်စဉ်ကတည်းက အသက်ကယ် ဧကရီက ပြုစုစောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။ သူမအပေါ် ထားသော အသက်ကယ် ဧကရီ၏ ချစ်ခြင်းမေတ္တာ ကြီးမားကြောင်း ယန်ယန် နန်းတော်တစ်ခုလုံး သိထားသည်။ ထို့ကြောင့် ငြိမ်သက်သော မျှော်စင်ထဲသို့ ရောက်သွားသော်လည်း မျှော်စင်စောင့် ဝါစဉ်ကြီးသူများနှင့် တပည့်များက သူမအပေါ် ယဉ်ကျေးဖာ်ရွေစွာ ဆက်ဆံကြဆဲ ဖြစ်သည်။
ထိုအချက်ကြောင့်ပင် စကြဝဠာကပ်ဘေးကြီးအကြောင်းကို ဝါစဉ်ကြီးသူထံမှ လျှိုချင်းယွမ် သိခဲ့ရခြင်း ဖြစ်သည်။
ဤသတင်းသည် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုထံမှ လာခြင်းဖြစ်ကြောင်း သိလိုက်လျှင် လျှိုချင်းယွမ် စိုးရိမ်ပူပန်လာသည်။
စကြဝဠာကပ်ဘေးကြီး ဆိုက်ရောက်ရန် နှစ်ပေါင်းတစ်သောင်းသာ လိုတော့သဖြင့် သူမသည်လည်း ငြိမ်သက်သော မျှော်စင်ထဲတွင် နှစ်ပေါင်းတစ်သောင်းကြာ အကျဉ်းချခံထားရပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူမ သေဆုံးသည်အထိ လုချန်းကို တစ်ဖန် ပြန်မတွေ့ရတော့မည် မဟုတ်ပေ။
သို့သော် ထိုကိစ္စက သူမ၏ အကြီးဆုံး စိုးရိမ်မှု မဟုတ်သေးပေ။
သူမ၏ အကြီးမားဆုံး စိုးရိမ်မှုမှာ လုချန်း ကပ်ဘေးကြီးမှ လွတ်မြောက်နိုင်ပါ့မလား ဆိုသည်ပင် ဖြစ်သည်။