နန်းစွန့်ခြင်း
Vol. 47 Ch. 694
ယွင်အာက မြက်ခင်းပြင်များကို နှစ်သက်နေပြီး မည်သို့ပင်ဖြစ်စေ မြို့တော်သို့ မပြန်ချင်တော့ပေ။ ယွင်အာသာမက ကျစ်စုန့်ကလည်း မပြန်ချင်ပေ။ သူတို့နှစ်ယောက်က ဆောင်းရာသီရောက်မှ မြို့တော်သို့ ပြန်ရန် တောင်းဆိုနေကြသည်။
ရှောင်းလန်ရှင်းကလည်း သူမ၏အစ်ကိုကြီးနှင့် ယောင်းမကို ဝိုင်းတောင်းပန်ပေးခဲ့သည်။
“သူတို့ နေချင်ရင် နေခဲ့ခိုင်းလိုက်ပါ။ ကျွန်မတို့ အချိန်အများကြီး အတူနေနိုင်တာပေါ့၊ ဒီတစ်ခါ ခွဲပြီးရင် ဘယ်တော့မှ ပြန်ဆုံရမလဲဆိုတာ မသေချာဘူးလေ”
ရှောင်းကျဲယွိနှင့် စူးချင်းတို့က ရှောင်းလန်ရှင်း၏ ဝမ်းနည်းနေသည့် အမူအရာကြောင့် မငြင်းရက်ဘဲ သဘောတူလိုက်ကြသည်။ သူတို့ မြို့တော်သို့ ပြန်ရောက်ချိန်တွင် ကျစ်ချီက တိုင်းပြည်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ကြောင်း သိလိုက်ရသည်။ သူက သူ့အတွေးများကို အပြည့်အဝ အသုံးချကာ တိုင်းပြည်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်မည့် မူဝါဒသစ်တချို့ ထုတ်ပြန်နိုင်ခဲ့သည်။ တော်ဝင်ရုံးတော်ရှိ မှူးမတ်များကလည်း ကျစ်ချီ၏ငယ်ရွယ်မှုကို အခွင့်အရေးယူကာ သူ့ကို ဆန့်ကျင်ခြင်းမျိုး မရှိကြပေ။ သူတို့က ငယ်ရွယ်သည့်မင်းသားလေးနှင့် အလွန် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။ တစ်လအတွင်းမှာပင် ကျစ်ချီက ဧကရာဇ်မင်းမြတ်ဖြစ်လာရန် အဆင်သင့် ဖြစ်သွားခဲ့သည်။
ရှောင်းကျဲယွိကတော့ သူ့သားတော် တစ်ယောက်တည်း ရပ်တည်နိုင်သည်ကို နားလည်သွားပြီး အလွန်ပျော်ရွှင်နေသည်။ သူက ကျစ်ချီ အသက်ဆယ့်လေးနှစ် ပြည့်ပြီး အရွယ်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းကာ ထီးနန်းကို အမွေလွှဲပေးရန် စတင်ပြင်ဆင်တော့သည်။ သူကတော့ ဘာကိုမှ ဂရုမစိုက်တော့ဘဲ အငြိမ်းစားဧကရာဇ် ဖြစ်လာပြီး စူးချင်းနှင့်အတူ အလယ်ပိုင်းလွင်ပြင်၏ တောင်တန်းများနှင့် မြစ်များတစ်လျှောက် ခရီးထွက်ရန် အစီအစဥ်ဆွဲထားပြီး ဖြစ်သည်။ နောက်ဆုံးတွင် မြေဩဇာကောင်းသော မြေပြန့်ကျယ်ကြီးကို ရှာဖွေပြီး အေးအေးချမ်းချမ်း စိုက်ပျိုးကာ လုပ်ကိုင်စားသောက်နိုင်ပေလိမ့်မည်။
သို့သော် သူ့သားတော် ဧကရာဇ်ဖြစ်လာရန် လိုအပ်ချက်တစ်ခုမှာ မိသားစုတစ်ခု တည်ထောင်ရန်ဖြစ်သည်။ ဤသည်မှာ ရှေးဘိုးဘွားများ၏ စည်းမျဉ်းဟောင်းဖြစ်ပြီး ဧကရာဇ်ရွေးချယ်ရေးလုပ်ငန်းစဉ်အတွက် ကနဦးလိုအပ်ချက် ဖြစ်သည်။
တော်ဝင်မိသားစုက အရည်အချင်းရှိသည့် မိန်းမပျိုလေး ရွေးချယ်နေကြောင်း ကြားလိုက်ရချိန်တွင် ဝန်ကြီးများအားလုံး ဝမ်းသာလွန်းလို့ ငိုပင်နေချင်နေကြသည်။ နောက်ဆုံးတွင် သူတို့လည်း တော်ဝင်မိသားစု၏ ဆွေမျိုးများ ဖြစ်လာရန် အခွင့်အရေးရလာပြီ ဖြစ်သည်။ သူတို့က သူမ၏သမီးပျိုလေးများကို လှပစွာ ၀တ်စားဆင်ယင်စေပြီး နာမည်ကြီး ပန်းချီဆရာများကို ပန်းချီဆွဲရန် ဖိတ်ခေါ်ခဲ့သည်။ ဧကရာဇ်မင်းမြတ်နှင့် ဧကရီတို့ထဲမှ ရွေးချယ်ခံရရန် အခွင့်အရေးအတွက် သူတို့အားလုံး ဧကရာဇ်မင်းမြတ်နှင့် ဧကရီတို့၏အာရုံကို ဖမ်းစားနိုင်စေရန် အစွမ်းကြန် ကြိုးစားနေကြသည်။
သိပ်မကြာခင်မှာပင် ရန်ရှင်းနန်းတော်ခန်းမ၏ စားပွဲပေါ်သို့ ပုံတူကားချပ် ဒါဇင်ပေါင်းများစွာ ရောက်ရှိလာသည်။ ရှောင်းကျဲယွိနှင့် စူးချင်းတို့က ထိုပန်းချီကားချပ်များကို သေသေချာချာ ကြည့်ကာ ကိုယ်တိုင်ရွေးချယ်နေခဲ့ကြသည်။ မိန်းခလေးများအနေဖြင့် သန့်ရှင်းသောနောက်ခံ၊ အကျင့်သီလ၊ လှပမှု၊ ဂုဏ်သတင်း စသည်ဖြင့် ပြည့်စုံရမည် ဖြစ်သည်။ ဤသည်မှာ မိဖုရားကြီး ဖြစ်လာမည့် တိုင်းပြည်၏မိခင် ဧကရီဘွဲ့အပ်နှင်းရန်အတွက် ရွေးချယ်မှုဖြစ်သည်။ သာမန် မောင်းမမိဿံများ ရွေးချယ်မျိုးနှင့် ကွာခြားသောကြောင့် အထူးသတိထားရပေသည်။
နှစ်ယောက်သား အကြမ်းဖျင်း ရွေးချယ်ပြီးနောက် ကျစ်ချီကို ရန်ရှင်းနန်းတော်ခန်းမသို့ ဆင့်ခေါ်ကာ သူ သဘောကျသည့် မိန်းကလေးများကို ရွေးချယ်ရန် ပုံတူများ ကြည့်ရှုခိုင်းလိုက်သည်။ ထို့နောက် နေ့ကောင်းတစ်ရက် ရွေးချယ်သတ်မှတ်ကာ ထိုမိန်းကလေးများကို နန်းတော်အတွင်းသို့ ဝင်ရောက်စေပြီး အပြီးသတ် ရွေးချယ်ခိုင်းမည် ဖြစ်သည်။
ဤလုပ်ငန်းစဉ်က အတော်လေး လေးနက်သည်။ ရွေးချယ်ခံရသည့် မိန်းကလေးများက နန်းတော်၏ စည်းမျဉ်းစည်းကမ်းများကို အရင်လေ့လာရမည်ဖြစ်ပြီး တရားဝင်ရွေးချယ်မှု မစခင် ကောင်းကောင်းလေ့ကျင့်ကြရပေလိမ့်မည်။
စူးချင်းကတော့ ထိုလုပ်ငန်းစဥ်ကို အလွန် ဒုက္ခများပြီး အချိန်ကြာလွန်းသည်ဟု ခံစားနေရသည်။ သူမက ရွေးချယ်ပွဲကို ရိုးရိုးရှင်းရှင်း လုပ်ရန် တွေးထားပြီး စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ သီဆိုကခုန်မှု စသည့် ပြိုင်ပွဲများ ကျင်းပရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆိုလျှင် မိန်းကလေးများအားလုံး နန်းတော်ထဲသို့ ဝင်ရောက်နိုင်ပြီး အရည်အချင်းရှိသူတိုင်းက သူမတို့၏ အရည်အချင်းကို ပြသခွင့်ရနိုင်ပေလိမ့်မည်။ ကျစ်ချီအနေဖြင့်လည်း ပင်ကိုယ်စွမ်းရည်ပြသမည့် မိန်းကလေးများ အားလုံးကို မြင်တွေ့နိုင်ပြီး ထိုမိန်းခလေးများထဲမှ တစ်ယောက်ယောက်ကို သူ နှစ်သက်လျှင် ထိုမိန်းခလေးအား ဧကရီအလောင်းအလျာအဖြစ် တိုက်ရိုက်ရွေးချယ်နိုင်ပေလိမ့်မည်။ ထို့နောက်မှသာ တစ်ဦးတည်း လေ့ကျင့်သင်ကြားပေးလျှင် ပြီးပြည့်စုံသော ဧကရီတစ်ပါး ဖြစ်လာနိုင်ပေသည်။
ရှောင်းကျဲယွိကလည်း ထိုနည်းလမ်းက သင့်တော်သည်ဟု တွေးနေခဲ့သည်။ ထိုအရာက တော်ဝင်မိသားစုနှင့် ဝန်ကြီးများကြားမှ ဆက်ဆံရေးကို ပိုနီးကပ်လာစေနိုင်သည်။ စူးချင်း၏ အစီအစဥ်က တော်ဝင်မောင်းမများ ရွေးချယ်သည့် အစီအစဥ်ထက် ပိုကောင်းသည်ဟု သူ သတ်မှတ်သည်။ ပုံမှန်အစီအစဥ်အတိုင်းဆိုလျှင် အရာရှိအိမတော်များမှ မိန်းမပျို အယောက်နှစ်ဆယ်မှ သုံးဆယ်လောက် ရွေးချယ်ခံရပြီး နန်းတော်ထဲသို့ ဝင်ကြရပေလိမ့်မည်။ သူမတို့ လေ့ကျင့်သင်ကြားပြီးနောက် အပြီးသတ် ရွေးချယ်ပွဲတွင် ဧကရီအဖြစ် ရွေးကောက်ခြင်းမခံရပါက ကျန်မိန်းမပျိုများအားလုံး နန်းတွင်းအစေခံများအဖြစ် နန်းတော်၌သာ နေထိုင်ရမည်ဖြစ်ပြီး သူမတို့၏အိမ်ထောင်ရေးကို နှောင့်နှေးစေမည် ဖြစ်သည်။
စူးချင်းက ကျစ်ချီ၏အမြင်ကိုလည်း လေးစားပေးခဲ့ပြီး သူမနှင့် ရှောင်းကျဲယွိတို့၏ အတွေးများကို ပြောပြလိုက်သည်။ ကျစ်ချီ၏မျက်နှာက ချက်ချင်း နီရဲလာပြီး သူ့ခေါင်းကို ငုံ့သွားသည်။ သူ ဘာတွေးနေသည်ကို မသိနိုင်သောကြောင့် စူးချင်းက သူ့ကို ထပ်မေးလိုက်သည်။
"ကျစ်ချီ၊ သားတော်က သူတို့ကို မကြိုက်ဘူးလား"
စူးချင်းက သူမ၏သားတော် ပုံတူထဲမှ မိန်းခလေးများကို စိတ်မဝင်စားဘူးဟု ထင်တာ ထပ်မေးလိုက်သည်။
အဲ့လိုဆိုရင်တော့ တော်တော်ဒုက္ခများပြီပဲ။
"ခမည်းတော်ဧကရာဇ်၊ မယ်တော်၊ သားတော်မှာ သဘောကျနှစ်သက်ရတဲ့သူ ရှိနေပါပြီ"
ကျစ်ချီက သူ့၏သတ္တိကို စုစည်းပြီး သူ့မိဘများကို ကြည့်ကာ ပြန်ပြောလိုက်သည်။ စူးချင်းကတော့ သက်ပြင်းချနေတော့သည်။
ဒီရှေးခေတ်က ကလေးတွေက ရင့်ကျက်တာ စောလွန်းတယ်။
ခေတ်သစ်မှာ ဆယ့်လေးနှစ်ဆိုတာ ကလေးပဲ ရှိသေးတယ်၊ ဒီရှေးခေတ်မှာတော့ သဘောကျရမယ့်သူတွေတောင် ရှိနေပြီ။
“ကောင်းပြီလေ၊ ကျစ်ချီမှာ သဘောကျရတဲ့လူ ရှိနေပြီဆိုရင်လည်း ခမည်းတော်နဲ့ မယ်တော်တို့ကို ပြောပြပေါ့၊ မယ်တော် သားအတွက် လက်ထပ်ခွင့်တောင်းဖို့ ကူညီပေးမယ်"
စူးချင်းက ချက်ချင်း ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်။
ဒါက သူမတို့အတွက် ဒုက္ခတွေ အများကြီးနည်းသွားစေလိမ့်မယ်။ သူမတို့က အာဏာကို ခိုင်မာစေဖို့ အိမ်ထောင်ရေးနဲ့ မဟာမိတ်ဖွဲ့စရာ မလိုဘူး။ အဲ့လိုဆိုမှတော့ သူမရဲ့သားလေးက သဘောကျတဲ့ မိန်းကလေးကို လက်ထပ်ခွင့်ပေးလိုက်ရုံပါပဲ။
"အဲ့.... အဲ့ဒါက ကျန်းရှစ်လင်ပါ"
ကျစ်ချီက သူ့ဝမ်းကွဲ၏အမည်ကို ရှက်ကိုးရှက်ကန်း ပြောပြနေသည်။ စူးချင်းက နှုတ်ဆိတ်သွားသော်လည်း ရှောင်းကျဲယွိကတော့ အလွန်ပျော်ရွှင်သွားသည်။
“ရှစ်လင်က စာပေပညာ ထူးချွန်သလို သိုင်းပညာလည်း ကျွမ်းကျင်တယ်၊ သူတို့ မျိုးဆက်မှာတော့ ရှစ်လင်က ထက်မြက်ပြီး စိတ်ထားကောင်းမွန်တဲ့ မိန်းခလေးတစ်ယောက်ပဲ၊ ရှစ်လင်က ဉာဏ်ကောင်းတဲ့အပြင် လှလည်း လှတော့ ဧကရီနေရာအတွက် အကောင်းဆုံး အရွေးချယ်ခံဖြစ်လာနိုင်တယ်"
စူးချင်းက သူ့ကို စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
“သူတို့က ဆွေမျိုးရင်းချာတွေလေ၊ အိမ်ထောင်ပြုလို့ မဖြစ်ဘူး"
"ဘာလို့ မဖြစ်ရမှာလဲ? အများစုက ဒီလိုအိမ်ထောင်ရေးမျိုးကို စီစဉ်ပေးကြတာလေ”
ရှောင်းကျဲယွိက စူးချင်းကို အထူးအဆန်းသဖွယ် ပြန်ကြည့်နေသည်။
ဝမ်းကွဲတွေ အိမ်ထောင်ပြုတာက သာမန်ကိစ္စလေ၊ ပြောကြတာတော့ ဆွေမျိုးအချင်းချင်း အိမ်ထောင်ပြုလိုက်ရင် တစ်ဦးနဲ့တစ်ဦး ပိုရင်းနှီးလာပြီး အဲ့တာကို ကောင်းချီးတစ်ခုအဖြစ်တောင် သတ်မှတ်ကြသေးတယ်။
ကျစ်ချီက သူ့မိခင်၏ကန့်ကွက်သံကို ကြားသွားပြီး အလွန်စိုးရိမ်ပူပန်နေရှာသည်။
သူ့နှလုံးသားထဲမှာ သူ့ဝမ်းကွဲညီမတော်ကလွဲလို့ တခြားဘယ်သူ့အတွက်မှ နေရာမရှိတော့ဘူး။ ဝမ်းကွဲညီမတော်ကို လက်ထပ်ခွင့်မရရင် သူ အသက်ကြီးလာတဲ့အထိ တစ်ယောက်တည်းပဲ နေချင်တော့တယ်။ ဒါပေမယ့် မယ်တော်က ဘာကြောင့် ကန့်ကွက်နေရတာလဲ? သူ နားမလည်နိုင်ဘူး။ မယ်တော်ကလည်း ရှစ်လင်ကို အရမ်းချစ်တာ မဟုတ်ဘူးလား?
စူးချင်းကလည်း သူမ၏သားလေး ကျန်းရှစ်လင်ကို အမှန်တကယ် သဘောကျနေကြောင်း နားလည်နိုင်သည်။
သူမကိုယ်တိုင်းလည်း လိမ္မာပါးနပ်ပြီး လှပတဲ့ မိန်းကလေးကို အရမ်းသဘောကျနှစ်သက်တာပေါ့။ အဲ့ကလေးမလေးက လွမ်ဟုန်လိုမျိုး စိတ်လိုက်မာန် ပြုမူတက်သူ မဟုတ်ဘူး။ ကလေးမလေးက နူးညံ့သိမ်မွေ့ပြီး အေးဆေးတည်ငြိမ်တယ်။ ယဉ်ကျေးသိမ်မွေ့တဲ့အပြင် ပညာတတ်ဆန်ဆန် အမူအရာလေးတွေလည်း ရှိနေတော့ အရမ်းချစ်စရာကောင်းတယ်။
ဒါပေမယ့်…
စူးချင်းတစ်ယောက် ကူကယ်ရာမဲ့ ရေရွတ်လိုက်ပြန်သည်။
“ဆွေမျိုးသားချင်းနဲ့ အိမ်ထောင်ပြုရင် ပုံပျက်တဲ့ ကလေးတွေ မွေးဖွားလာဖို့ အလားအလာ ပိုများတယ်”
“မယ်တော်၊ မယ်တော်လိုမျိုး အံ့ဖွယ်သမားတော်တစ်ယောက် ရှိနေတာကို သားတော်တို့က အဲ့အတွက် စိတ်ပူရာ လိုသေးလို့လား?”
ကျစ်ချီ သူ၏ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် ရှက်ရွံ့မှုကို တောင့်ခံကာ သူ့မယ်တော်ကို အရဲစွန့်ပြီး ထပ်မေးလိုက်သည်။
“အဲ့လိုဆိုရင်တောင် ရှစ်လင်က အသက်ဆယ့်နှစ်နှစ်ပဲရှိသေးတာလေ။ ကလေးငယ်လေးကို ဘယ်လိုလက်ထပ်ခိုင်းရမှာလဲ"
စူးချင်းက သူမ၏သားကို စိုက်ကြည့်နေပြန်သည်။
“ဟုတ်ပြီ၊ မင်း အရင် နန်းတက်လိုက်၊ မင်း အသက်နှစ်ဆယ်ပြည့်ပြီး ရင့်ကျက်လာတဲ့အထိ ရှစ်လင်ကို စွဲစွဲမြဲမြဲ ချစ်နေတုန်းဆိုရင် မယ်တော် မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
သူ့မယ်တော်က သူ့ကို ပြတ်ပြတ်သားသား မငြင်းဘဲ သူ့ကို လှည့်စားရန် လမ်းတစ်ခု ဖွင့်ပေးခဲ့ကြောင်း နားလည်နေသည့် ကျစ်ချီက အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။ သို့တိုင်အောင် သူက ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောဆိုနေဆဲပင်။
“မယ်တော်ရဲ့ ကြင်နာမှုအတွက် သားတော် ကျေးဇူးတင်ပါတယ်”
နောက်တစ်နေ့တွင် နန်းတော်မှ ကြေငြာချက်တစ်ခု ထွက်လာပြန်သည်။ ကျစ်ချီထံတွင် သူ သဘောကျနေသည့် မိန်းကလေးတစ်ယောက်ရှိနေပြီ ဖြစ်သောကြောင့် သူ အသက်နှစ်ဆယ်မှ လက်ထပ်မည်ဟု တရားဝင်ကြေညာခဲ့သည်။ သူ အရင်နန်းတက်ထားပြီး နောက်ပိုင်းမှ မိသားစုတစ်ခု စတင်မည် ဖြစ်သည်။
သူတို့၏သမီးလေးများ နန်းတော်သို့ ဝင်ရောက်ပြီး တိုင်းပြည်၏မိခင် ဖြစ်လာမည့်အချိန်ကို စောင့်မျှော်နေသော အရာရှိများလည်း ထိတ်လန့်သွားကြရပြန်သည်။ သူတို့၏ မျှော်လင့်ချက်များက ရက်ရက်စက်စက် ချုပ်ငြိမ်းသွားရသည်။ အားလုံးက ကျစ်ချီ သဘောကျသည့် မိန်းကလေးကို ခန့်မှန်းနေကြပြီး အကယ်၍ ထိုမိန်းခလေးက သူတို့၏သမီးဖြစ်ပါက သူမ အသက်နှစ်ဆယ်အထိ မပြောနှင့် တဘဝလုံးကုန်ဆုံးသည်အထိ စောင့်ခိုင်းနိုင်ပေသည်။
ထိုမိန်းကလေးက သူတို့၏သမီး ဟုတ် မဟုတ် သိချင်နေသော တချို့ဝန်ကြီးများက ယန်ရှင်းနန်းတော်ခန်းမ၏ မိန်းမစိုးများကို လာဘ်ထိုးရန်ပင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။ သို့သော် နန်းတော်ရှိ မိန်းမစိုးများက သူတို့၏ပါးစပ်များကို တင်းတင်းကျပ်ကျပ် ပိတ်ထားကြသည်။
ဘယ်သူက တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ပြောရဲကြမှာတုန်း။ သူတို့လည်း အသက်ရှင်ချင်သေးတယ်လေ။
ကောင်းချီးမင်္ဂလာပြည့်ဝသည့် နေ့ကောင်းရက်မြတ်တစ်ခု၌ ကျစ်ချီအတွက် နန်းတက်ပွဲ ကျင်းပခဲ့ကြသည်။ သူ နန်းတက်ပြီး တလောကလုံးအား ပိုင်ဆိုင်နိုင်ခဲ့သည့်အပေါ် ဂုဏ်ပြုသောအားဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့သည်။ တိုင်းပြည်အသီးသီးမှ သံတမန်များ ရောက်လာပြီး ဧကရာဇ်အသစ်၏ နန်းတက်ခြင်းကို ဂုဏ်ပြုကာ လက်ဆောင်များ ပေးပို့ခဲ့ကြသည်။
တာ့ထန်အင်ပါယာ၏ အိမ်နီးချင်းတိုင်းပြည်ငယ်လေးများကတော့ သူတို့၏အကြီးအကဲဖြစ်သည့် ရှောင်းကျဲယွိ အဘယ်ကြောင့် သူ့သားကို ရာဇပလ္လင် အပ်နှင်းခဲ့ကြောင်း သိချင်နေကြသည်။
တာ့ထန်အင်ပါယာရဲ့ဧကရာဇ်မင်းမြတ်က အရွယ်ကောင်းပဲ ရှိသေးတယ်လေ။ ပုံမှန်ဆိုရင် ဧကရာဇ်တွေက သူတို့ ကွယ်လွန်သွားပြီးမှသာ သူတို့ရဲ့ သားတော်တွေဆီကို အာဏာအပ်နှင်းခဲ့ကြတာပေါ့။ ဒါက ဘာသဘောလဲ?
ဧကရာဇ်ဟောင်း ရှောင်းကျဲယွိကတော့ စူးချင်း၏ လက်ကို ဆုပ်ကိုင်ပြီး မြို့ရိုးပေါ်သို့ အတူတက်သွားကြသည်။ သူက ကျယ်ပြောလှသော နေရာများကို ညွှန်ပြပြီး သူမကို ကတိပေးနေခဲ့သည်။
“ချင်းအာ၊ မင်း လယ်လုပ်ရတာကို သဘောကျတယ်မလား? အခု မင်းရဲ့ခင်ပွန်းက လှပတဲ့ လယ်ယာမြေကြီးတစ်ခု ဖြစ်လာတဲ့အထိ မင်းနဲ့အတူတူ စိုက်ပျိုးပေးမယ်”
“အင်း”
စူးချင်းက ရှောင်းကျဲယွိ၏ ပခုံးပေါ်သို့ ခေါင်းမှီထားပြီး ကောင်းကင်ကြီးအား တစ်ဝက်လုံးနီးပါး နီရဲစေသည့် နေဝင်ဆည်းဆာရှုခင်းကို လှမ်းကြည့်နေသည်။ သူမ၏ ပုံမှန်အေးစက်စက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။
နောက်ဆုံးတော့ သူမ ဘာကိုမှ အာရုံစိုက်စရာမလိုဘဲ စိုက်ပျိုးရေးကိုပဲ ဇောက်ချလုပ်ကိုင်နိုင်တော့မယ်။
.......။.......။.......
ဆောင်းဦးရာသီ၏ ရိတ်သိမ်းချိန်တစ်ခု ရောက်လာခဲ့ပြန်သည်။ သာမန်အဝတ်အစားများ ဝတ်ဆင်ထားသည့် စုံတွဲက သီးနှံများ ရိတ်သိမ်းရန် စံအိမ်တော်ကြီးဆီသို့ ရောက်လာကြပြန်သည်။ သူတို့နှစ်ယောက်က မည်သူ ပိုမြန်မြန် အလုပ်လုပ်နိုင်သည်ကို ပြိုင်ဆိုင်နေကြသေးသသည်။ သူတို့က လေးလံသော ဝန်ထုပ်ဝန်ပိုးများနှင့် သတ်ဖြတ်မှုများကို စွန့်ပစ်ကာ ချွေးသံတရွဲရွဲဖြင့် မနားမနေ အလုပ် လုပ်နေကြသည်။ သို့သော်လည်း သူတို့ တစ်ခါမှ မခံစားရသည့် ပေါ့ပါးလန်းဆန်းမှုကို ခံစားကြရသည်။
တစ်ဖက်တွင်မူ ဆောင်းရာသီရောက်လာသော်လည်း ယွင်အာနှင့် ကျစ်စုန့်တို့ ပြန်ရောက်မလာကြသေးပေ။ စူးချင်းက ရှောင်းလန်ရှင်း သူမ စိုက်ထားသည့် ကောက်နှံများ စားနိုင်စေရန် ယခုနှစ် ရိတ်သိမ်းထားသော စပါးနှင့် ပြောင်းများကို တာ့ထန်သို့ သယ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။
ရှောင်းလန်ရှင်းက သူမ၏အစ်ကိုကြီးနှင့် ယောင်းမကို ထပ်တွေ့ရသည့်အတွက် အလွန်ဝမ်းသာနေသည်။ သူမ၏အစ်ကိုကြီးက မည်သည့်အတွက်ကြောင့် သူမ၏တူတော်ကို စောစောစီးစီး ထီးနန်းအပ်ခဲ့မှန်း သူမ နားမလည်နိုင်သော်လည်း သူမ၏အစ်ကိုနှင့် ယောင်းမတို့ ချည်သားအဝတ်အစားများ ၀တ်ဆင်ကာ ပေါ့ပေါ့ပါးပါး ပျော်ရွှင်နေသည်ကို မြင်လိုက်ရသည့်အတွက် ထိုအရာ ပိုကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
“အစ်ကိုကြီး၊ ယောင်းမ၊ ညီမမှာ အစ်ကိုကြီးတို့နဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ရှိတယ်"