← Chapters

သူတို့ရဲ့ကိုယ်ပိုင် ကစားကွက်ကနေ အမြတ်ထုတ်ပြီး အနိုင်ယူလိုက်ကြတာပေါ့ ( အပိုင်း ၂)

Vol. 47 Ch. 684

သူတို့ရဲ့ကိုယ်ပိုင် ကစားကွက်ကနေ အမြတ်ထုတ်ပြီး အနိုင်ယူလိုက်ကြတာပေါ့ ( အပိုင်း ၂)

Vol. 47 Ch. 684

စူးချင်းက ရှောင်းကျဲယွိ၏မျက်လုံးများကို လှမ်းကြည့်လိုက်ပြီး အပြုံးဖြင့် ကျေကျေနပ်နပ် တုံ့ပြန်လိုက်သည်။

“အဲ့ဒါ အကောင်းဆုံးပဲ”

“ပေါက်ကွဲမှုကြောင့် ဧကရာဇ်မင်းမြတ်နဲ့ ဧကရီမယ်မယ်တို့ ဒဏ်ရာရသွားပြီ၊ နန်းတော်ကို မြန်မြန် ပြန်ကြမယ်”

သိပ်မကြာမီမှာပင် သက်တော်စောင့်များအားလုံး ပရမ်းပတာ ဖြစ်ကုန်ကြပြီး ဧကရာဇ်မင်းမြတ်၏ရထားလုံးကို ကာကွယ်ကာ နန်းတော်ဆီသို့ အပြေးအလွှား ပြန်သွားကြသည်။ လမ်းတစ်လျှောက်တွင်လည်း သူတို့က သတိဖြင့် စောင့်ကြပ်နေကြပြီး မည်သူကိုမှ ချဉ်းကပ်ခွင့်မပြုတော့ပေ။ အချိန်အနည်းငယ်အတွင်းမှာပင် ထိုပေါက်ကွဲမှုသတင်း ပျံ့နှံ့သွားသည်။ ဧကရာဇ်၊ ဧကရီနှင့် မဟာပညာရှိ၏မိသားစုဝင်များအားလုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရသွားကြောင်း ပြောနေကြသည့် ကောလဟာလများလည်း ထွက်ပေါ်လာသည်။

နောက်တစ်နေ့မနက် နန်းတွင်းညီလာခံတွင်လည်း ရှောင်းကျဲယွိတစ်ယောက် တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ မှူးမတ်များအားလုံးက ရှောင်းကျဲယွိ၏ အခြေအနေကို စိုးရိမ်နေပြီး ချင်ဖုန်းကို မေးမြန်းကြရာ ချင်ဖုန်းက ခေါင်းတယမ်းယမ်းဖြင့် သက်ပြင်းချနေလေသည်။

“ဧကရာဇ်မင်းမြတ်က ကုသမှုခံယူနေတုန်းပဲ၊ အားလုံး သတိအပြည့်နဲ့ စောင့်ကြပ်ပြီး ဧကရာဇ်မင်းမြတ် ပြန်ကောင်းလာဖို့ စောင့်ရတော့မှာပဲ”

ထိုစကားက ပေါက်ကွဲမှုကြောင့် ရှောင်းကျဲယွိ ဒဏ်ရာရသွားခဲ့ကြောင်း သွယ်ဝိုက်အတည်ပြုချက်ဟု ဆိုနိုင်ပေသည်။ တော်ဝင်ရုံးတော်မှ တာဝန်ရှိသူများက ထိုအကြောင်းကို ရင်တထိတ်ထိတ် ဆွေးနွေးနေခဲ့ကြပြီး အလွန်စိတ်မသက်မသာ ဖြစ်နေကြသည်။ သူတို့ အိမ်ပြန်သွားချိန်တွင်ပင် သူတို့အားလုံးက လေးညှို့ကို ကြောက်လန့်နေသည့် ငှက်များသဖွယ် ဂနာမငြိမ်ဖြစ်နေကြသည်။

ဧကရာဇ်မင်းမြတ်က ညီလာခံမတက်သည်မှာ သုံးရက်ဆက်တိုက် ရှိပြီ ဖြစ်သောကြောင့် မှူးမတ်များအားလုံး ပိုစိုးရိမ်နေကြရပြန်သည်။

ဧကရာဇ်မင်းမြတ်နဲ့ ဧကရာဇ်မယ်မယ်တို့ ဒီတောင်ကိုမှ ကျော်ဖြတ်နိုင်ပါ့ဦးမလား?

တိုင်းပြည်တစ်ပြည်က အုပ်စိုးရှင် မရှိဘဲ တစ်ရက်ပင် မရပ်တည်နိုင်ဟု သူတို့ ယူဆထားသောကြောင့် အတွေးများနေကြပြန်သည်။

အိမ်ရှေ့စံမင်းကို နန်းတင်ပေးသင့်လား?

ချန်ချင်းနန်းဆောင်ကို လုံခြုံရေး တိုးမြှင့်ထားပြီး လုံးဝ ကာကွယ်ပိတ်ဆို့ ထားသောကြောင့် မည်သူမျှ မချဉ်းကပ်နိုင်ကြပေ။ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများပင် ထိုနေရာသို့ ဝင်ခွင့်မရှိဘဲ ဧကရာဇ်၊ ဧကရီနှင့် သက်တော်စောင့်များသာ ထိုနန်းဆောင်၌ ရှိနေခဲ့သည်။

ဤအချိန်တွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့က ချန်ချင်းနန်းဆောင်၏ခန်းမတွင် ထိုင်နေကြပြီး လျှို့ဝှက်အထောက်တော်ထံမှ အစီရင်ခံစာကို နားထောင်နေကြသည်။ ရှောင်းကျဲယွိ၏ အမူအရာက အေးစက်တင်းမာနေပြီး စူးချင်း၏ မျက်နှာက မုန်တိုင်းမလာခင် ငြိမ်သက်နေသည့် ကောင်းကင်ကြီးကဲ့သို့ မှုန်မှိုင်းနေသည်။ သူမက သူမ၏ လက်ချောင်းလေးများဖြင့် စားပွဲခုံကို ခေါက်နေသောကြောင့် ‘တတောက်တောက်’ မြည်သံများ ထွက်နေသည်။

"အဲ့အိမ်တွေမှာ ရှိတဲ့ လူတိုင်းကို သေသေချာချာ စောင့်ကြည့်ထား"

လျှို့ဝှက်အထောက်တော်၏ အစီရင်ခံစာကို နားထောင်ပြီးနောက်တွင် ရှောင်းကျဲယွိက သံသယဖြစ်ဖွယ်လူ သုံးဦးရှိကြောင်း အတည်ပြုနိုင်သွားသည်။ ထို့ကြောင့် သူက ၎င်းတို့ကို အနီးကပ် စောင့်ကြည့်ထားရန် ထပ်အမိန့်ပေးလိုက်သည်။

မြို့တော်ကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ထွက်ပေါက်ကိုသာ ဖွင့်ပေးထားရာ ဝင်ရောက်ခွင့် မပြုသေးပေ။ တစ်မြို့လုံးကို ရှာဖွေရန် နောက်ထပ်တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး တော်ဝင်မြို့တော်၏ လက်နက်တိုက်နှင့် ခဲယမ်းမီးကျောက်ဂိုဒေါင်ကို စောင့်ကြပ်ရန်လည်း လူများ ထပ်မံစေလွှတ်ထားခဲ့သည်။ ထိုနေရာများ၏ လုံခြုံရေးက တင်းကျပ်လွန်းလှပြီး ကြွက်တကောင်ပင် ဝင်လာနိုင်မည် မဟုတ်ပေ။

ဤသို့ တင်းမာနေသည့် အခြေအနေများကြောင့် အမှောင်ထဲမှ စောင့်ဆိုင်းနေသည့် ကြွက်တစ်ကောင်ကတော့ ထပ်မစောင့်နိုင်တော့ဘဲ အပြင်ထွက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

......။.......။.....

ကြီးကြပ်စစ်ဆေးရေးမှူး၏အိမ်တော်.....

မှောင်ရီပျိုးစအချိန်တွင် စစ်မက်ရေးရာအမတ်ဖြစ်သည့် ကျန်းပိုင်ရှန့်က ကြီးကြပ်စစ်ဆေးရေးမှူး၏အိမ်တော်သို့ ဝင်ရောက်သွားခဲ့ပြီး ယခုအချိန်ထိ ပြင်ထွက်မလာသေးပေ။

သန်းခေါင်ယံအချိန်သို့ ရောက်ချိန်လာသည်နှင့်အမျှ ကြီးကြပ်စစ်ဆေးရေးမှူး၏အိမ်တော်အတွင် လူတစ်စု စုရုံးမိလာကြသည်။ ထိုအဖွဲ့က လျှို့ဝှက်လမ်းကြောင်းတစ်ခုကို ဖွင့်ပြီး တိတ်တဆိတ် ခိုးထွက်သွားကြသည်။

ထိုလျှို့ဝှက်လမ်းကြောင်းထဲတွင် ဖောက်ခွဲရေးပစ္စည်းများနှင့် လက်ပစ်ဗုံးများ ရှိနေသည်။ ထိုလူများက ဤလက်နက်နှစ်မျိုးကို သယ်ဆောင်ပြီး အနောက်ဘက်မြို့စွန်၌ ပြန်ထွက်ပေါ်လာသည်။ ထိုအဖွဲ့၌ လူ ၃၀၀ ခန့် ရှိပြီး လူတဦးစီက လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများကို ကိုင်ဆောင်ထားကြသည်။ သူတို့က အနောက်မြို့တံခါးကို ဖောက်ခွဲပြီး မြို့ပြင်မှ အဖွဲ့ကိုကို ကြိုဆိုရန် စီစဉ်နေကြသည်။

"ဒါက နည်းနည်း အန္တရာယ်များလွန်းတဲ့ ကိစ္စမဟုတ်ဘူးလား"

ကျန်းပိုင်ရှန့်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာကိုလည်း မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသည်။ သူက မှောင်မိုက်နေသော တောအုပ်ကို လှမ်းကြည့်လိုက်ပြီး စိတ်မသက်မသာဖြစ်နေပုံဖြင့် တော်ဝင်ကြီးကြပ်စစ်ဆေးရေးမှူး ကျန့်စုန်ကို တိုးတိုးလေး လှမ်းမေးလိုက်သည်။

“ဧကရာဇ်နဲ့ ဧကရီက ဒီလောက်လွယ်လွယ်နဲ့ ဒဏ်ရာရတာ ဖြစ်နိုင်ပါမလား?”

“သူတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လက်ပစ်ဗုံးကိုတော့ မခုခံနိုင်ပါဘူး။ စိတ်ပူမနေနဲ့၊ ငါ နန်းတော်မှာ ထည့်ထားတဲ့ သူလျှိုတွေဆီကနေ သတင်း ရထားပြီးပြီ။ ဒီနေ့ ချန်ချင်းနန်းဆောင်မှာ ငိုနေတဲ့အသံတွေ ကြားနေရတယ်တဲ့၊ သူတို့နှစ်ယောက် သေတောင် သေနေလောက်ပြီ"

ကျန့်စုန်ကလည်း အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူကတော့ ဤအခြေအနေကို အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်နေသည်။ လက်ရှိတွင် တော်ဝင်ရုံးတော်ကို မည်သူမျှ တာဝန်ခံခြင်း မရှိသလို မြို့တွင်းရှိ စစ်သည်များအတွက်လည်း ခေါင်းဆောင် မရှိတော့ပေ။ ယခု မလှုပ်ရှားလျှင် မည်သည့်အချိန်တွင်မှ မလှုပ်ရှားနိုင်တော့ဟု သူ တွေးထားခဲ့သည်။

"ဒီနေ့ အားလုံး အဆင်ပြေချောမွေ့ဖို့ မျှော်လင့်နေမိတယ်"

ကျန်းပိုင်ရှန့်က တိုးညှင်းသောအသံဖြင့် ရေရွတ်လိုက်ပြန်သည်။ ကျန့်စုန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို အထင်သေး အမြင်သေး စိုက်ကြည့်နေသည်။

ဒီလူက လောဘကြီးသလောက် ကြောက်စိတ်ကလည်း များလွန်းတယ်။ တကယ်ကို အသုံးမဝင်တဲ့ အမှိုက်ပဲ။

သူတို့ စကားပြောပြီးစအချိန်တွင် သူတို့၏ပတ်ဝန်းကျင်၌ မီးတောက်များ ထွက်ပေါ်လာပြီး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်လာသည်။ အခြားတစ်ဖွဲ့၏ ရှေ့ဆုံး၌ ရပ်နေသူသည့် ကျန်းကျင့်လင်းကိုလည်း သူတို့ မြင်လိုက်ကြရသည်။

"မြှားတွေ ပစ်"

ကျန်းကျင့်လင်း၏အမိန့်သံဆုံးသွားသည်နှင့် မြှားထောင်ပေါင်းများစွာ တဖွဲဖွဲ ဝဲပြန်လာသည်။ တခဏချင်းမှာပင် အနက်ရောင်ဝတ်လူ ၃၀၀ ထဲမှ ထက်ဝက်ကျော် လဲကျသေဆုံးသွားရသည်။

“လက်ပစ်ဗုံးနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို သုံးကြ”

ကျန့်စုန်က ကျယ်ကျယ်လောင်လောင် အော်ဟစ်အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် လေထဲ၌ မွှေးရနံ့တစ်ခု ပျံ့လွင့်လာပြီး သူတို့ လက်ပစ်ဗုံးများ မပစ်နိုင်ခင်မှာပင် သူတို့၏ အမြင်အာရုံများ မည်းမှောင်လာကာ အားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

"ဧကရီမယ်မယ်ရဲ့ဆေးက အရမ်းထိရောက်တယ်"

ကျန်းကျင့်လင်းက သတိလစ်နေသည့် အနက်ရောင်ဝတ်အမျိုးသားများကို ကြည့်ရင်း အပြုံးဖြင့် ရေရွတ်လိုက်သည်။ သူက သူ့လူများကို အမိန့်ပေးလိုက်ပြီး ဖောက်ခွဲရေးပစ္စည်းများနှင့် လက်ပစ်ဗုံးများကို သိမ်းယူစေသည်။

ထို့နောက်တွင် ကျန်းကျင့်လင်က သူ့စစ်သည်များ စုဆောင်းလာသည့် ဖောက်ခွဲရေးပစ္စည်းများနှင့် လက်ပစ်ဗုံးများကို ကြည့်ရှုစစ်ဆေးလိုက်သည်။ ထိုအရာများပေါ်တွင် 'ထန်' ဟူသော စကားလုံး ရေးထိုးထားပြီး ဤလူများက အစောင့်အကြပ် အလွန်အကျွံ ချထားသည့် လက်နက်တိုက်မှ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်ပစ်ဗုံးများကို ခိုးယူနိုင်သည်အထိ အစွမ်းထက်သူများ ဖြစ်နေသည်။

သူတို့သာ အောင်မြင်သွားလို့ကတော့ တာ့ထန်အင်ပါယာ ဖျက်ဆီးခံလိုက်ရမှာ သေချာတယ်။

ကံကောင်းထောက်မလို့ ဧကရာဇ်မင်းမြတ်နဲ့ ဧကရီမယ်မယ်တို့က ပြတ်ပြတ်သားသား ဖြေရှင်းနိုင်ခဲ့ကြတယ်။ အဲ့လိုမှာ မဟုတ်ရင် ဒီလက်သီးပုန်းထိုးနေတဲ့ကောင်ကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။

ကျန်းကျင့်လင်း အနက်ရောင်ဝတ်လူများအား ဖမ်းဆီးနေချိန်တွင် တစ်ဖက်တွင်လည်း ကျုံးယုံက သူ့စစ်သည်များကို ဦးဆောင်ကာ အနောက်ဘက် မြို့တံခါးတွင် လျှို့ဝှက်စောင့်ဆိုင်းနေလေသည်။ ပေါက်ကွဲမှုတခုအပြီးတွင် မြို့တံခါး ပွင့်သွားပြီး မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော အဖွဲ့က ပေါက်ကွဲသံနှင့်အတူ မြို့တံခါး ပွင့်သွားသည်ကို တွေ့သွားကြသည်။ သူတို့က မြို့ထဲမှ အဖွဲ့ အောင်မြင်သွားပြီဟု ယူဆလိုက်ကြသည်။

"သတ်ကြ၊ ခွေးဧကရာဇ်ကို အမိဖမ်း၊ ဧကရာဇ်မင်းမြတ်အတွက် လက်စားချေရမယ်"

ခေါင်းဆောင် တပ်မှူးက အော်ဟစ်လိုက်ပြီး စစ်သူကြီးများက မြင်းများကို စီးကာ မြို့ထဲသို့ ပြေးဝင်လာကြသည်။ သို့သော် သူတို့ မြို့တံခါးသို့ ရောက်သွားချိန်တွင် သူတို့ထက် နှစ်ဆခန့်အင်အားပိုများသော တပ်ဖွဲ့ကြီးတစ်ခု အတွင်းမှ ထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။ မြို့ရိုးပေါ်မှ မီးတုတ်များ၏မီးတောက်များကလည်း တဟုန်ထိုး တောက်ပလာသည်။ ထိုအချိန်တွင် သူတို့က ရန်သူ၏ ပစ်ခတ်နိုင်မှုအကွာအဝေးအတွင်းသို့ လုံးလုံးလျားလျား ဝင်ရောက်သွားမိပြီ ဖြစ်သည်။

"သတ်ကြ၊ ဘယ်သူကိုမှ အသက်ရှင်လျက် မကျန်ခဲ့စေနဲ့"

ကျုံးယုံက မြင်းပေါ်တွင် ခန့်ခန့်ထည်ထည် ထိုင်နေပြီး အကျယ်ကြီး အော်ဟစ်အမိန်းပေးနေသည်။ သူ့လက်ထဲမှ သံတူကြီးများက လေတိုးသံနှင့်အတူ ကခုန်နေပြီး သံတူကြီး ‌‌‌ရွေ့လျားရာ လမ်းတလျောက် ဦးနှောက်များ နေရာအနှံ့ ပြန့်ကျဲနေသည်။ ရန်သူ့စစ်တပ်က ချက်ချင်း ဝရုန်းသုန်းကား ဖြစ်သွားပြီး မကြာမီတွင် ထက်ဝက်ကျော်ခန့် သေဆုံးခဲ့သည်။

ကျုံးယုံက ရန်သူတပ်မှူးဆီသို့ ပြေးသွားပြီး ထိုလူကို သွေးအန်သည်အထိ သူ့၏သံတူကြီးများဖြင့် အကြိမ်ကြိမ် ရိုက်နှက်နေသည်။ နောက်ဆုံးတွင် တစ်ဖက်တပ်မှူးက မြင်းပေါ်မှ ပြုတ်ကျသွားပြီး ရှောင်းမိသားစုစစ်သည်များက သူ့ကို ဖမ်းဆီး တုတ်နှောင်လိုက်ကြသည်။

အခြားရန်သူတပ်သားများကလည်း သူတို့၏တပ်မှူးကို အဖမ်းခံလိုက်ရသည်ကို မြင်သွားပြီး ထိတ်လန့်တကြား အရှုံးပေးကာ ထွက်ပြေးကြတော့သည်။

“သူတို့ လုံးဝ မလွတ်သွားစေနဲ့”

ကျုံးယုံက အော်ဟစ်အမိန့်ပေးလိုက်ပြန်သည်။

ထိုတိုက်ပွဲတွင် ရန်သူများကို ရှင်းရှင်းလင်းလင်း သုတ်သင်နိုင်ခဲ့ပြီး ပြီးပြည့်စုံသော အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။

ကျန့်စုန်နှင့် ကျန်းပိုင်ရှန့် ပြန်နိုးလာချိန်တွင် သူတို့ အဖမ်းခံထားရမှန်း သိလိုက်ကြရသည်။ ဧကရာဇ်က ပလ္လင်ထက်တွင် ထိုင်နေပြီး သူတို့ကို အေးစက်စက် စိုက်ကြည့်နေသည်။ နှစ်ယောက်သား ချက်ခြင်း စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး သူတို့ ကျရှုံးသွားမှန်း နားလည်လိုက်ရကြသည်။

အားလုံး ပြီးသွားပြီ၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှု အားလုံးက အလဟသ ဖြစ်သွားခဲ့ပြီ။

"ကျန့်စုန်၊ မင်း ဝူးခို့က လူလား၊ တုန်းယင်ပြည်ထောင်နဲ့ ဘယ်လို ပတ်သက်လဲ?"

ရှောင်းကျဲယွိက ကျန့်စုန်ကို ကြည့်ကာ အေးစက်စက် လှမ်းမေးလိုက်သည်။ ကျန့်စုန်က ခေါင်းမော့ပြီး သူ့မျက်လုံးကို ခဏတာ မှိတ်ချလိုက်သည်။ ရှောင်းကျဲယွိက သူ့ကို အလျင်စလို ဖိအားမပေးဘဲ အေးစက်စက်သာ စိုက်ကြည့်နေခဲ့သည်။

ကျန့်စုန်က ပြီးခဲ့သည့်နှစ်မှ အမှတ်အများဆုံးပါရမီရှင် စာပေသမား ဖြစ်သည်။ သူ၏ အသိပညာနှင့် ဗဟုသုတက ပထမတန်းစားဖြစ်ပြီး အလွန်ထူးချွန်သောကြောင့် ရှောင်းကျဲယွိက သူ့ကို အလွန်တန်ဖိုးထားဆက်ဆံခဲ့သည်။ တော်ဝင်ရုံးတော်တွင် အရည်အချင်းရှိသူများ အရေးတကြီး လိုအပ်နေသောကြောင့် ရှောင်းကျဲယွိက ခြွင်းချက်တစ်ခု ပြုလုပ်ကာ သူ့ကို ကြီးကြပ်ရေးမှူးရာထူး ခန့်အပ်ခဲ့သည်။

သူက တုန်းယင်ပြည်ထောင်၏ တတိယမင်းသား ဖြစ်နေမည်ဟုတော့ မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ သူက ယခင်မင်းဆက်ကတည်းက သူလျှိုအဖြစ် မြို့တော်သို့ စိမ့်ဝင်ကာ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့်နှစ် ရှောင်းကျဲယွိနှင့် စူးချင်းတို့ အရှေ့ပင်လယ်မှ ကျွန်းကို ဖျက်ဆီးခဲ့ချိန်မှသာ သူက စာမေးပွဲ ဝင်ဖြေပြီး တော်ဝင်ရုံးတော်အတွင်းသို့ စိမ့်ဝင်လာခြင်း ဖြစ်သည်။ လူငယ်လေးက သူ့တိုင်းပြည်ကို ပြန်လည်ထူထောင်ရန် ထိပ်တန်းပညာရှင်အဖြစ် အစွမ်းပြခဲ့ခြင်းပင်။

“ဟုတ်တယ်၊ ငါက ဝူးခို့ရဲ့ တတိယမင်းသားပဲ။ မင်းက ငါ့တိုင်းပြည်ကို ဖျက်ဆီးပြီး ငါ့အဖေနဲ့ အစ်ကိုကို သတ်တဲ့ လူသတ်သမားပဲ။ ငါ မင်းကို လက်စားမချေရင် ငါ့မျက်နှာကိုတောင် ငါ ပြန်မကြည့်ရဲလောက်အောင် အရှက်ရနေ့လိမ့်မယ်။ ဒီနေ့ ငါ မင်းလက်ထဲကို ကျသွားပြီဆိုမှတော့ မင်း ကြိုက်သလို ငါ့ကို ညှဉ်းပန်းနှိပ်စက်နိုင်တယ်"

ကျန့်စုန်က သေခြင်းတရားကို မကြောက်ဘဲ အလွန်အမင်း မခံမရပ်နိုင်ဖြစ်နေဆဲပင်။ ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ရင်း သူ့၏တောင်းဆိုမှုကို လက်ခံလိုက်သဉ်။

"မင်းရဲ့ အရိုးတွေက အရမ်းမာတယ်ပေါ့လေ။ ကောင်းပြီ၊ ဒါဆို ကျန်းက မင်းကို အချက်တစ်ထောင် မွှန်းစေပြီးမှ ကွပ်မျက်ခိုင်း ပေးမယ်”

ထိုအရာက အရက်စက်ဆုံး အကြမ်းကြုတ်ဆုံး ကွပ်မျက်မှုပုံစံဖြစ်ပြီး အလွန်ဆိုးရွားသော လူဆိုးများအတွက် သီးသန့် ရည်ရွယ်ထားသော နည်းလမ်းဖြစ်သည်။ သို့သော် ဝူးခို့မှ အယုတ်တမာလေးအတွက်မူ ယင်းက ရက်စက်သည်ဟု မယူဆနိုင်သေးပေ။ သူတို့က လူသားဖြစ်ရန်ပင် မထိုက်တန်ဘဲ သူတို့လုပ်ခဲ့သည့်အရာများက ဤသည်ထက် အဆတစ်ထောင် ညှင်းပန်းနှိပ်စက်ရန် သင့်တော်နေသေးသည်။

ကျန့်စုန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ့ထံတွင် ခုနကကဲ့သို့ စိန်ခေါ်မှုများ မရှိတော့ပေ။ ကွပ်မျက်ရေးစစ်သည်များ သူ့ကို ဆွဲခေါ်သွားချိန်တွင် သူ့ခြေထောက်များ အားနည်းလာပြီး တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

“မင်း… ငါက မင်းသားတစ်ပါးနော်။ မင်း ငါ့ကို ဒီလိုမျိုး နှိပ်စက်လို့ မရဘူး"

"အိုး? ဟုတ်လား? ဒါဆိုလည်း သူ့အတွက် ကောင်းကင်မီးအိမ် အရင်ထွန်းပြီးမှ အချက်တစ်ထောင်မွှန်းလိုက်ကြ"

ရှောင်းကျဲယွိက ကျန့်စုန်ကို အေးစက်စက် ကြည့်နေရင်း အမိန့်ထပ်ပေးလိုက်သည်။

သူတို့ရဲ့ အကွက်အတိုင်း သူတို့ကို အနိုင်ယူဖို့ ကြိုးစားခဲ့မိလို့ပေါ့၊ အဲ့လိုမှ မဟုတ်ရင် ဒီသစ္စာဖောက်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ သူက ဒါကို သူ့ရဲ့မင်းသားအဆင့်နဲ့ မထိုက်တန်ဘူးလို့ တွေးနေမှတော့ နောက်ထပ်တစ်ခု ထပ်ထည့်ပေးလိုက်ကြတာပေါ့....

(t/n: ဒီမှာ ကောင်းကင်မီးအိမ်ထွန်းပေးတယ်ဆိုတာကလေ အရှင်လတ်လတ် အရေခွံခွာပြီး အဲ့အရေခွံနဲ့ မီးအိမ်လုပ်တာပါ၊ အရှေ့မှာ ရှောင်းကျဲယွိ ဝမ်ယွိလင်ရဲ့သားအကြီးဆုံးကို လုပ်ဖူးပါတယ်။ နောက်တစ်ခု ကြီးကြပ်စစ်ဆေးရေးမှူးဆိုတာက ဌာနအသီးသီးက အရာရှိတွေ အဂတိလိုက်စားမှု ရှိ မရှိ၊ တာဝန်ကျေပွန်မှု ရှိမရှိ လျှို့ဝှက်စုံစမ်းဖို့၊ စည်းကမ်းဖောက်ဖျက်တဲ့ အရာရှိတွေကို ရာထူးကနေ ထုတ်ပယ်ဖို့နဲ့ အပြစ်ပေးဖို့ ဧကရာဇ်ဆီကို တင်ပြရတဲ့ သူမျိုးပါ၊ သူတို့က ဧကရာဇ် မှားနေရင်တောင် ညီလာခံမှာ ဝေဖန်ပိုင်ခွင့် ရှိပါတယ်၊ ပြောမယ်ဆိုရင် ဧကရာဇ်အပါအဝင် လူတိုင်း ထင်ရာမဆိုင်းအောင် စောင့်ကြည့်စုံစမ်းစစ်ဆေးရတဲ့သူတွေပါ)

All Chapters