← Chapters

ရေထဲသို့ ပြုတ်ကျခြင်း

Vol. 47 Ch. 687

ရေထဲသို့ ပြုတ်ကျခြင်း

Vol. 47 Ch. 687

ရှောင်းကျဲယွိလည်း စူးချင်း လက်ညှိုးညွှန်ရာသို့ လိုက်ကြည့်လိုက်သည်။ အပြာနုရောင်ဝတ်စုံဝတ်ထားသည့် မိန်းမပျိုလေးတစ်ဦးက ယပ်တောင်ကိုင်ကာ လိပ်ပြာဖမ်းနေသည်ကို သူ တွေ့လိုက်ရသည်။

မိန်းမပျိုလေးက အလွန်လှပပြီး နူးညံ့သိမ်မွေ့ပုံရသည်။ သူမက မျက်နှာဝိုင်းဝိုင်း၊ တောက်ပသော အနက်ရောင်မျက်လုံးလေးများနှင့် ချစ်စရာပန်းရောင်နှုတ်ခမ်းတို့ကို ပိုင်ဆိုင်သူ ဖြစ်သည်။ သူမ၏ ပုံစံက ရိုးရှင်းပြီး သူမ ပြုံးလိုက်လျှင် အပြစ်ကင်းစင်ပုံရသောကြောင့် ရှောင်းလန်ရှင်းနှင့်လည်း ခပ်ဆင်ဆင်တူနေသည်။

ရှောင်းကျဲယွိက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“အင်း ဒီမိန်းမပျိုလေးက တာ့နျိုနဲ့ အတော်လေး လိုက်ဖက်တယ်၊ သူ(မ)က ဘယ်သူ့ရဲ့သမီးလဲ?"

ရှောင်းကျဲယွိလည်း သဘောကျနေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက မိန်းမစိုးတစ်ယောက်ကို ခေါ်ကာ မေးမြန်းလိုက်သည်။

"အဲဒါက ဘယ်သူ့အိမ်တော်က မိန်းမပျိုလေးလဲ"

"ဒါက လက်ထောက်အမတ်မင်းဝူရဲ့ အကြီးဆုံးသမီး ဝူဝမ်ရုံပါ"

မိန်းမစိုးက စူးချင်း၏မေးခွန်းကို ကြားလိုက်သည်နှင့် ကမန်းကတန်း ပြန်လျှောက်တင်လိုက်သည်။ သူ့၏တာဝန်က ယနေ့ရောက်လာသည့် မိန်းမပျိုလေးများအားလုံး၏ အကြောင်းကို စုံစမ်းထားရန် ဖြစ်သည်။ ထို့အတွက် သူ အများကြီး ကြိုးစားအားထုတ်ခဲ့ရသည်။

“အမ်း”

စူးချင်းက အသံတိမ်တိမ်ဖြင့် အသိအမှတ်ပြု တုံ့ပြန်လိုက်ပြီး ထပ်အမိန့်ပေးလိုက်သည်။

“အဲ့မိန်းမပျိုလေးရဲ့ ပင်ကိုယ်စရိုက်၊ ဝါသနာနဲ့ စေ့စပ်ထားလား ဆိုတာတွေ အပါအဝင် တခြားအကြောင်းအရာတွေ အားလုံးကို စုံစမ်းပေးရမယ်”

လီတာ့နျိုအတွက် လက်ထပ်ထိမ်းမြားရန် စီစဉ်မပေးမီ ဤအမျိုးသမီးငယ်၌ စေ့စပ်ကြောင်းလမ်းထားခြင်း ရှိ မရှိ သိရရန် လိုအပ်နေသေးသည်။ ဧကရာဇ်ပင်လျှင် ချစ်ကြိုက်နေသည့် စုံတွဲများကို မခွဲခိုင်းသင့်ပေ။

“အမိန့်တော်အတိုင်းပါ မယ်မယ်”

မိန်းမစိုးက အမိန့်ကို နာခံပြီး ဦးညွှတ်နှုတ်ဆက်ကာ စုံစမ်းရန် ပြန်ထွက်ခွာသွားသည်။

အရာရှိများ၏ ဇနီးသည်များကလည်း စူးချင်းကို အလွန်အမင်း ကျေးဇူးတင်နေခဲ့ကြသည်။ ဧကရီကြောင့် သူမတို့၏ခင်ပွန်းသည်များ မောင်းမမိဿံ ထပ်မယူရဲသည်အတွက် သူမတို့၏ဘဝကလည်း ပိုအဆင်ပြေလာသည်။ ထို့ကြောင့် အိမ်တော်သခင်မများက စူးချင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်လိုကြပြီး ဧကရီအား ဂါရဝပြုရန် ရောက်လာကြသည်။ သူမတို့၏ အဆက်မပြတ် လာရောက်လည်ပတ်မှုကြောင့် စူးချင်းတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။ သို့သော်လည်း ၏ အပြုအမူကို ထိန်းသိမ်းထားရပြီး ဟန်ဆောင်ပန်ဆောင် ပြုံးပြနေရသည်။

သူမက ဧကရီဖြစ်ရခြင်းအပေါ် ပို၍ပင် စိတ်ညစ်လာသည်။

လယ်ယာလုပ်ငန်းမှာ ဒီလိုမျိုး စည်းကမ်းတွေ ဘယ်လိုမှ မရှိနိုင်ဘူးလေ။

သိပ်မကြာခင်မှာပင် မိန်းမစိုး ပြန်ရောက်လာပြီး သတင်းပို့လာခဲ့သည်။

“ဧကရီမယ်မယ်ကို လျှောက်တင်ပါတယ်၊ သခင်မလေးဝူက အသက်နှစ်ဆယ်ရှိပါပြီ၊ ငယ်ငယ်ကတည်းက ကြိုတင်ထိမ်းမြားပေးထားတဲ့ စေ့စပ်မှုတစ်ခု ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ထပ်ပွဲမတိုင်မီ ခင်ပွန်းလောင်းက မြင်းပေါ်က ကျပြီး သေဆုံးသွားခဲ့ပါတယ်၊ အခု ဘယ်သူကမှ သခင်မလေးဝူကို ကြောင်းလမ်းမှု မလုပ်ရဲကြတော့ပါဘူး”

ရှေးခေတ်တွင် ဤကိစ္စမျိုးကို "ခင်ပွန်းသည်အတွက် ကံဆိုးမှု ယူဆောင်လာသည့် ခက်ခဲသောကံကြမ္မာ" ဟု သတ်မှတ်ကြသည်။ မြင့်မြတ်သောမိသားစုများတွင် ဤကိစ္စက တားမြစ်ချက်တစ်ခု ဖြစ်သည်။ သူတို့အဆိုအရ ထိုမိန်းခလေးမျိုးက ဒုတိယဇနီးသာ ဖြစ်နိုင်ပြီး သာမန်မိသားစုမှ လူနှင့်သာ အိမ်ထောင်ပြုရပေလိမ့်မည်။ ကောင်းမွန်သည့်မိသားစုများက ထိုမိန်းကလေးမျိုးကို မ‌ရွေးချယ်ကြတော့ပေ။

ရှောင်းကျဲယွိနှင့် စူးချင်းတို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အကြည့်ချင်း ဖလှယ်နေမိကြသည်။ သူတို့ထံတွင် ထိုအယူအဆမျိုး မရှိကြသော်လည်း လီတာ့နျိုက သူတို့နှင့် အတွေးတူမည်ဟု တထစ်ချ မပြောနိုင်ပေ။ သူတို့ လီတာ့နျိုကိ မေးမြန်းရဦးမည် ဖြစ်သည်။ သူတို့၏ စေတနာက တစ်ပါးသူအား ဒုက္ခရောက်စေမည်ကိုတော့ သူတို့နှစ်ယောက်လုံး မဖြစ်စေချင်ကြပေ။

ကောင်းသောရည်ရွယ်ချက်ဖြင့် မကောင်းမှုများကို မပြုလုပ်နိုင်ကြပေ။

ထို့ကြောင့် နှစ်ယောက်သား ပိုသင့်တော်သည့် မိန်းကလေး ရှိ မရှိ ကြည့်ရန် ဆုံးဖြတ်လိုက်ကြပြီး ဝူဝမ်ရုံကို ခဏ ဘေးဖယ်ထားလိုက်ကြသည်။

ပန်းရှုစားပွဲပြီးသွားသည်အထိ စူးချင်း နှင့် ရှောင်းကျဲယွိတို့ သင့်လျော်မည့် မိန်းခလေးကို မရွေးချယ်နိုင်သေးဘဲ နှစ်ယောက်သား စတင်စိုးရိမ်ပူပန်လာကြသည်။

"ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ပါတယ်၊ ဆားအရာရှိလီ အရိုအသေပေးဖို့ ရောက်လာပါတယ်"

စူးချင်းနှင့် ရှောင်းကျဲယွိတို့ ဘာလုပ်ရမှန်းမသိ အကြံအိုက်နေချိန်တွင် လီတာ့နျို ရောက်ရှိလာခဲ့သည်။ သူ ရောက်လာချိန်က အမှန်တကယ် အံ့ဩဖွယ် တိုက်ဆိုင်လွန်းလှသည်။ သုံးနှစ်ကြာပြီးနောက် လီတာ့နျိုလည်း အများကြီး တွေ့ကြုံခဲ့ရကာ ပိုရင့်ကျက်လာခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် သူ့၏အေးဆေးတည်ငြိမ်မှုကို ဖော်ပြနေသည့် သူ့မျက်ဝန်းများက သူ့ကိုယ်သူ ယုံကြည်အပြည့်ဖြင့် ငြိမ်သက်နေလေသည်။

"တာ့နျို၊ မင်း ကံကောင်းတယ်၊ ဒီနေ့ နန်းတော်မှာ ပန်းတစ်ရာပွဲတော် ကျင်းပနေတယ်ကွ၊ အတူတူ သောက်ကြမယ်”

လီတာ့နျိုကို မြင်လိုက်ရသည့်အတွက် ရှောင်းကျဲယွိက အလွန်ပျော်ရွှင်နေသည်။

သူတို့က တာ့နျိုအတွက် ဇနီးကောင်းတစ်ယောက် ရွေးချယ်ချင်လို့ ဒီပန်းတစ်ရာပွဲတော်ကို ကျင်းပနေတာလေ။ သူ တာ့နျိုကို ဒီနေ့လာဖို့ စာတစ်စောင် ပို့ထားခဲ့ပေမယ့် နေ့လယ်အထိ လူရိပ်လူယောင် မတွေ့ခဲ့ရဘူးလေ။ သူ တာ့နျို မလာတော့ဘူးလို့တောင် ထင်ထားခဲ့တာ။

“ဒီလက်အောက်ငယ်သားက ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်”

လီတာ့နျိုကလည်း ယဉ်ကျေးတတ်နေပြီ ဖြစ်သည်။ သူလည်း တရားဝင်အရာရှိဖြစ်လာသည်မှာ သုံးနှစ်ကြာခဲ့ပြီ ဖြစ်သောကြောင့် ရှောင်းကျဲယွိအပေါ် ရိုသေလေးစားတတ်ရန် သင်ယူခဲ့ပြီး ဖြစ်သည်။

"မင်းက ဘာလို့ အဲ့လောက်ယဉ်ကျေးနေရတာလဲ"

ရှောင်းကျဲယွိကတော့ အလွန်စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

သူ ဧကရာဇ်ဖြစ်နေရတာ ပိုပိုပြီး ငြီးငွေ့လာပြီ။ ထောင်ဟွားဝူမှာက ပိုလွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းကင်းနဲ့ နေရတာက ပိုကောင်းတယ်။

လီတာ့နျိုက သူ့ခေါင်းကို မော့လိုက်ပြီး ဒွိဟဖြစ်နေသော အကြည့်များဖြင့် ရှောင်းကျဲယွိကို ပြန်ကြည့်နေသည်။

သူလည်း အရင်လို ရွှေ့ရှန့်လို့ အားရပါရ ခေါ်ချင်နေခဲ့တာပါ၊ သူတို့က ညီအစ်ကိုကောင်းတွေ ဖြစ်ခဲ့ကြပြီး ဘာကိုမှ ထိန်းထားစရာ မလိုပဲ စကားပြောနိုင်တယ်။ တစ်ယောက်ပုခုံးကို တစ်ယောက် ဖက်ပြီး စိတ်ကျေနပ်တဲ့အထိ အတူတူ သောက်နိုင်ခဲ့ကြတယ်။

"ကူညီကြပါဦး၊ လူတစ်ယောက် ရေထဲကျသွားပြီ"

လီတာ့နျိုနှင့် ရှောင်းကျဲယွိတို့ စကားပြောနေစဉ် အော်ဟစ်အကူအညီတောင်းသံတစ်ခု ကြားလိုက်ရသည်။ မိန်းကလေး အများအပြားက ရေကန်နားတွင် စုဝေးနေပြီး အကူအညီ တောင်းနေကြသည်။ ရေကန်ထဲတွင်လည်း မိန်းကလေးတစ်ယောက် အသည်းအသန် ရုန်းကန်နေပြီး သူမ၏ပါးစပ်ထဲသို့ ရေအနည်းငယ် ဝင်သွားပုံရသည်။ သူမ တဖြည်းဖြည်း ရေအောက်သို့ နစ်မြုပ်သွားပြီး သူမ၏ရှည်လျားသော အနက်ရောင်ဆံပင်များနှင့် ကြာပန်းတစ်ပွင့်ပုံပါသော ယပ်တောင်ကတော့ ရေမျက်နှာပြင်ပေါ်၌ ပေါလောမျောနေလေသည်။

လီတာ့နျိုက ဘာမှ မတွေးဘဲ မိန်းခလေးကို ကယ်တင်ရန် ရေကန်ထဲသို့ ခုန်ဆင်းသွားသည်။ သက်တော်စောင့်တချို့ကလည်း သူမကို ကယ်တင်ရန် ရေထဲသို့ ခုန်ဆင်းသွားကြသည်။ သို့သော်လည်း လီတာ့နျိုက ရှေ့တစ်လှမ်း ပိုမြန်သွားခဲ့ပြီး မိန်းခလေးကို ကမ်းပေါ်သို့ ဆွဲတင်လာသည်။

စူးချင်းကလည်း သူမကို ကုသပေးရန် ရောက်လာပြီး မိန်းခလေး၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တော့ ခဏတာမျှ အံ့အားသင့်သွားရသည်။

ဒါ ဝူမိသားစုရဲ့ မိန်းမပျိုလေး မဟုတ်လား။

ဝူဝမ်ရုံ?

ဒီလို တိုက်ဆိုင်မှုမျိုး ရှိတယ်တဲ့လား?

တာ့နျို့က ဝူဝမ်ရုံကို ကယ်တင်ခဲ့မှတော့ တာ့နျိုကို သူမနဲ့ပဲ မိတ်ဆက်ပေးလိုက်တော့မယ်။ ဒီရှေးခေတ်မှာက ယောက်ျားနဲ့ မိန်းမ မထိတွေ့သင့်ဘူးလို့ ပြောကြတယ်။ တာ့နျိုက လူကို ကယ်တင်ဖို့ စိတ်အားထက်သန်လွန်းပြီး ဒါကို ဂရုစိုက်ခဲ့ပုံ မရဘူး။ သူက ကောင်မလေးကို ရေထဲကနေ သယ်လာခဲ့တယ်။ လူတိုင်း ကြည့်နေကြပြီး ဝူဝမ်ရုံက သူမရဲ့ အပြစ်ကင်းစင်မှုကို ဆုံးရှုံးသွားပြီလို့တောင် ယူဆနေကြလောက်ပြီ၊ သူမကို ကယ်တင်ပေးခဲ့တဲ့သူနဲ့ပဲ လက်ထပ်သင့်တယ်။ ဒီတစ်သက်မှာ တခြားသူနဲ့ လက်ထပ်ဖို့ မေ့ထားလိုက်တော့ ဆိုတာမျိုးပါပဲ။

စူးချင်းက ဝူဝမ်ရုံ ပြန်သတိရလာစေရန် ကုသပေးလိုက်သည်။ သို့သော် ထိုကောင်မလေးထံတွင် အင်အားများ ကျန်နေသေးပုံရပြီး သူမ ပြန်သတိရလာသည်နှင့် မဆိုင်းမတွ ထပြေးကာ ရေကန်ထဲသို့ ခုန်ဆင်းရန် ပြင်နေခဲ့သည်။ သူမ၏အပြစ်ကင်းစင်မှု ဆုံးရှုံးသွားသောကြောင့် သူမ အသက်ရှင်ရန် မလိုအပ်တော့ဘူးဟု ယူဆနေပုံရသည်။

"မင်း ဘာတွေ လုပ်နေတာလဲ?"

စူးချင်းက ဝူဝမ်ရုံ၏ လက်ကို ဖမ်းဆွဲကာ သူမကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“မင်းကို ကယ်တင်ဖို့ ငါ တော်တော် ဒုက္ခရောက်ခဲ့တယ်၊ မင်းက ဘာကိစ္စ သေမင်းကို ရင်ဆိုင်ချင်နေရတာတုန်း"

“မယ်မယ်၊ ကျွန်တော်မျိုးမမှာ အသက်ဆက် ရှင်ဖို့ မျက်နှာ မရှိတော့ပါဘူး”

ဝူဝမ်ရုံက မျက်ရည်များ ကျလာပြီး ငိုကြွေးနေလေသည်။ သူမ၏အဝတ်အစားများက ရေစိုနေပြီး သူမ၏ခန္ဓာကိုယ်အကွေ့အကောက်များကို တစ်ချက်ကြည့်ဖြင့် မြင်နေရသည်။ ဝူဝမ်ရုံက လူတိုင်း သူမကို စိုက်ကြည့်နေသလို ခံစားနေရပြီး သူမ၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အုပ်ထားသည်။ သူမက ပုန်းအောင်းရန် မြေပြင်ပေါ်၌ အက်ကွဲကြောင်းများ ရှိနေစေချင်ပြီး သူမ အသက်မရှင်ချင်‌လောက်အောင် ရှက်ရွံ့နေသည်။

မူလတည်းက စိတ်မရှည်တတ်သည့် စူးချင်းကလည်း ဒေါသထွက်နေပြန်သည်။

ဒီရှေးခေတ်လူတွေက ရှေးရိုးစွဲအယူတွေကို အရမ်းကျင့်သားရနေကြပြီ။

ဝူဝမ်ရုံ၏အဝတ်အစားများက သူမ၏ ရေများ ရွှဲနစ်နေသော ခန္ဓာကိုယ်တွင် တွယ်ကပ်နေသည်။ လီတာ့နျို သူမကို ကယ်တင်ပေးစဥ်က မိန်းကလေး၏ အင်္ကျီလက်မောင်းကို အမှတ်တမဲ့ ဆွဲဖြဲမိခဲ့ပုံရကာ သူမ၏ နှင်းဖြူရောင်လက်မောင်းသားများကိုလည်း အတိုင်းသားမြင်နေရသည်။ ဝူဝမ်ရုံ မည်မျှစိတ်ဖိစီးနေမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။

စူးချင်းက ဝူဝမ်ရုံအတွက် အဝတ်အစားများ ယူလာပေးရန် အမိန့်ပေးဖို့ မိန်းမစိုးများကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် လီတာ့နျိုက သူ့၏အပေါ်ဝတ်ရုံကို ချွတ်ပြီး ဝူဝမ်ရုံကို ဖုံးအုပ်ပေးလိုက်သည်။ သူလည်း သူ့ကိုယ်သူ အပြစ်တင်နေပုံရပြီး သနားစရာ မိန်းခလေးကို တောင်းပန်ပုံဖြင့် လှမ်းကြည့်နေသည်။

ထိုအကြည့်က စူးချင်းကို စိတ်လှုပ်ရှား သွားစေခဲ့သည်။

တာ့နျို ဘာလုပ်မှာလဲ? မရည်ရွယ်ပဲ စိုက်ပျိုးမိခဲ့တဲ့ မိုးမခပင်က အရိပ်ပေးနိုင်တော့မှာလား? ဒီ မရည်ရွယ်ဘဲ ဖြစ်လာတဲ့ ဖြစ်ရပ်က မမျှော်လင့်ဘဲ အောင်မြင်မှုရသွားစေနိုင်တယ်။

ဝူဝမ်ရုံ အလွန်အမင်း ငိုနေသည်ကို မြင်လိုက်ချိန်တွင် လီတာ့နျိုက သူ့အမှားအတွက် ပေးဆပ်ရန် ဆုံးဖြတ်လိုက်သည်။ သူက ဝူဝမ်ရုံ ရှေ့၌ ထိုင်ချလိုက်ပြီး စိတ်ရင်းမှန်ဖြင့် တောင်းဆို လိုက်သည်။

“မိန်းခလေး မင်း စိတ်မရှိဘူးဆိုရင် ငါ မနက်ဖြန်မှ မင်းရဲ့အိမ်ကို လာရောက် တောင်းရမ်းဖို့ အောင်သွယ်တော် လွှတ်လိုက်ပါ့မယ်"

“သူ(မ)က ခင်ပွန်းသည်ကို ကျိန်စာတိုက်နိုင်တဲ့ ဂြိုလ်ဆိုးမပဲ၊ ငါ့အစ်ကိုက သူ့(မ)ကြောင့် သေသွားရတာ”

လီတာ့နျိုက ဝူဝမ်ရုံအား လက်ထပ်လိုကြောင်း ကြားလိုက်ရချိန်တွင် လူအုပ်ထဲမှ တစုံတစ်ဦး ခုန်ထွက်လာပြီး သူမကို အော်ဟစ်ဆဲဆိုရန် မစောင့်နိုင်ပုံဖြင့် အော်ပြောလိုက်သည်။ လီတာ့နျိုက မျက်မှောင်ကြုတ်ကာ တစ်ချက် လှမ်းကြည့်လိုက်သည်။ ချောမောလှပသော မိန်းကလေးတစ်ဦးကို သူ တွေ့လိုက်ရပြီး သူမက မျက်မှောင်ကြုတ်ထားကာ ရေစိုနေသည့် ဝူဝမ်ရုံကို ရက်စက်ကြမ်းကြုတ်သော အကြည့်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူမ၏မျက်လုံးများက မြေခွေးမျက်လုံးများနှင့် ဆင်တူလှသည်။

ဝူဝမ်ရုံကလည်း ထိုမိန်းခလေးကို မြင်သွားပြီး သူမ၏မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖျော့သွားသည်။ သူမက သူမ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး မျက်ရည်များ စီးကျလာပြန်သည်။ 'ဂြိုလ်ဆိုးမ' ဟူသော စကားလုံးကို သူမ အပေါ်တွင် စွဲထင်နေပြီး ဤတစ်သက်တာတွင် ဖယ်ရှား၍ မရနိုင်တော့ပုံပေါ်နေလေသည်။

လီတာ့နျိုက ထိုမိန်းကလေး အကြင်အနာ ကင်းမဲ့သည်ဟု ခံစားနေရသည်။ ရေနစ်ထားသည့် မိန်းခလေးတစ်ယောက်အား လူအများရှေ့၌ ဤသို့ ပြောဆိုနေခြင်းက သူ့အမြင်တွင် ရက်စက်ခြင်းသာ ဖြစ်သည်။ ထိုအပြင် ဝူဝမ်ရုံ၏ ညှိုးငယ်သော အသွင်အပြင်ကို မြင်လိုက်ရချိန်၌ သူ့နှလုံးသားက ချက်ချင်း ပျော့ပျောင်းသွားသည်။ သူက ခိုင်မာပြတ်သောလေသံဖြင့် ထပ်ပြောလိုက်သည်။

"ငါ မကြောက်ဘူး။ ငါ့ကံကြမ္မာက ပိုတောင် ကြမ်းတမ်းသေးတယ်"

“ရှင်…”

ပန်းရောင်ဝတ်စုံဝတ်ထားသော မိန်းကလေးက ကြီးကြပ်စစ်ဆေးရေးမှူးရန်၏သမီး ဖြစ်သည်။ လီတာ့နျိုက ဝူဝမ်ရုံကို လက်ထပ်ရန် အခိုင်အမာ ဆုံးဖြတ်လိုက်သည်ကို နားလည်သွားချိန်တွင် သူမ၏မျက်နှာက ဒေါသကြောင့် နီရဲလာပြန်သည်။

သူမက ဝူဝမ်ရုံကို မကျေမနပ် စိုက်ကြည့်ရင်း လက်ညှိုးထိုးကာ စွပ်စွဲလာပြန်သည်။

"ဝူဝမ်ရုံ၊ နင်က ယောက်ျားတွေကို သွေးဆောင်ဖို့ တမင်တကာ ရေထဲ ခုန်ဆင်းလိုက်တာပေါ‌လေ။ ဘယ်မိန်းမကောင်းကမှ နှစ်ခါ လက်ထပ်လေ့မရှိဘူး။ နင် တစ်ယောက်ယောက်နဲ့ လက်ထပ်ရဲရင် လောကကြီးတစ်ခုလုံးက နင့်ကို လှောင်ပြောင်ကြ လိမ့်မယ်။ ငါသာ နင့်နေရာမှဆိုရင် ငါ ကမ္ဘာပေါ်မှာ မနေရဲတော့ဘဲ ပိုးဖြူတစ်စနဲ့ ငါ့ကိုယ်ငါ ချည်နှောင်မိမှာ သေချာတယ်"

ထိုစကားက စူးချင်း၏ အမူအရာကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။

ဒီမိန်းကလေးက ဝူဝမ်ရုံကို သူမဘာသာ သတ်သေဖို့ တွန်းပို့နေတာလား?

"ဘယ်လောက်တောင် ကြမ်းတမ်းလိုက်တဲ့ ပါးစပ်လဲ? ခုနက ဒီမိန်းခလေး ရေထဲကျသွားတဲ့အချိန် မင်း ဘယ်မှာ ရှိနေခဲ့တာလဲ?”

All Chapters